ပညာသင်နိုင်မလား
Vol. 1 Ch. 10
သူဌေးကျန်းလည်း လူလိမ်ဝတ္ထုထဲမှ အညွှန်းများအတိုင်း အံစာတုံးကိုခေါက်၍ အာရုံစိုက်ထားသည်။
ထို့နောက် အံစာခွက်ကို ဖွင့်ကြည့်လိုက်၏။
ဒေါက်!
ထို့နောက် အံစာထပ်ခေါက်၍ ဖွင့်ကြည့်ပြန်သည်။
သူဌေးကျန်းတစ်ယောက်တည်း ရေရွတ်မိလေသည်။
“အံစာတုံးပြန်ကျလာတဲ့အချိန်မှာ အသံက ကျစ်တယ်။ အဲ့လိုဆိုရင် (၁) နဲ့ကျတာ။ ဒါဆို အပေါ်ဘက်က… (၆) ပေါ့”
သူဌေးကျန်း ခွက်ကို ဖွင့်ကြည့်လိုက်၏။
ထိုအခါ အမှန်ပင် နံပါတ် (၆) ဖြစ်လေသည်။
“အမလေး တကယ်ပဲကိုး”
“ဆရာရေးတာ တကယ့်အစစ်ပဲ”
သူဌေးကျန်း မယုံနိုင်စွာဖြင့် မျက်လုံးပြူးနေတော့သည်။
သူ စာအုပ်၏ နောက်ထပ်စာမျက်နှာများကို လှန်ကြည့်လိုက်၏။
“ကောင်လေးက အလကားထင်နေတာ။ တကယ့် လူလိမ်ဆရာကြီးပဲ”
သူဌေးကျန်းမှာ အံစာခွက်လေးကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်ရင်း ခုနက အသက်မဲ့နေသော မျက်ဝန်းများ အရောင်ပြန်လက်လာပြီး မျက်နှာလည်း ဝင်းပနေတော့သည်။
“ကြည့်ရတာ ငါလည်း အံစာတုံးနားထောင်တဲ့နေရာမှာ ပါရမီပါပုံပဲ”
သူဌေးကျန်းတစ်ယောက်တည်း တွေးရင်း ခွက်ထဲမှာ အံစာတုံးအသံများအား နားထောင်နေ၏။
“သူဌေးကျန်း”
ကျန်းရှင်းရှင်း ရုတ်တရက် ပြန်ရောက်လာသည်။
“ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်လို့ ပြောထားတာကို။ ဘာလို့ အံစာတုံးနဲ့ ဆော့နေပြန်တာလဲ။ လောင်းကစား လုပ်ဖို့ တွေးနေတာလား”
“မ… မဟုတ်ပါဘူးကွာ”
သူဌေးကျန်းမှ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေ၏။
“အံစာခေါက်နေပြီးတော့များ မဟုတ်ဘူးတဲ့”
ကျန်းရှင်းရှင်း မကျေမနပ် ပြောလေသည်။
သူဌေးကျန်းလည်း ဖုန်းကို လက်ညှိုးထိုးပြ၍
“ငါ ဝတ္ထုဖတ်နေတာပါ။ အဲ့ထဲမှာ အံစာတုံးခေါက်တာက လက်ကောက်ဝတ်ကို သန်မာစေတယ်တဲ့”
ကျန်းရှင်းရှင်း အံ့ဩစွာဖြင့်
“အံစာတုံးလား။ ဘာဝတ္ထုမို့လို့လဲ”
သူဌေးကျန်း ချက်ချင်း ပြန်ဖြေ၏။
“လူလိမ်လေ”
“အမလေး တော်တော် ကောင်းတာပဲ ဟွန့်”
ကျန်းရှင်းရှင်း နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
“နင်က ဆိုင်မသွားဘဲ ဒီကို ဘာလို့ ပြန်လာတာလဲ”
ကျန်းရှင်းရှင်း သူ့အခန်းထဲ ဝင်သွားပြီး
“တက်ဘလက်ကျန်ခဲ့လို့ ပြန်လာယူတာ”
“တက်ဘလက်က ဘာလုပ်ဖို့လဲ”
“ဗီဒီယိုတွေကြည့်ဖို့ပေါ့”
“အဲ့တာ ဖုန်းနဲ့ကြည့်လို့ မရဘူးလား”
“ဖုန်းမျက်နှာပြင်က အရမ်းသေးတယ်”
“တစ်ချိန်လုံး အဲ့လောက်တောင် ကြည့်နေတာ။ အရေးကြီးလို့လား”
သူဌေးကျန်းအလှည့်ဖြစ်၍ ပြန်ပြောလေသည်။
ကျန်းရှင်းရှင်း နှုတ်ခမ်းလေးစူလျက်
“အရေးကြီးတာပေါ့”
လင်းချွမ်ပေးထားသော ဝက်ဘ်ဆိုဒ်တွင် လူမှုပတ်ဝန်းကျင် ဆက်ဆံရေးနှင့် ပြန်လည်ခုခံရေးသာမက လူသားများ၏ အခက်အခဲ ရင်ဆိုင်ကျော်လွှားပုံ၊ စိတ်ဓာတ်တည်ဆောက်ပုံများပါ ပါလေသည်။
အလွန်အရေးကြီး၏။
ထို့နောက် ကျန်းရှင်းရှင်း တက်ဘလက်ကို ပိုက်ကာ ပြန်ထွက်သွားလေသည်။
သူဌေးကျန်းလည်း စိတ်ဝင်စားမှုအပြည့်ဖြင့် စာအုပ်ကို ဆက်ဖတ်၏။
ဝတ္ထုမှာ ဖတ်လေဖတ်လေ ဆန်းကြယ်လေဖြစ်ပြီး စာရေးသူသည်လည်း လူလိမ်အစစ်ဖြစ်နိုင်သည်။
သူဌေးကျန်း စာရေးသူ၏ မူလစာမျက်နှာထဲ ဝင်ကြည့်လိုက်၏။
စာရေးသူ : ဆရာလင်း။
“ဟင် စာဖတ်သူအဖွဲ့ဆိုပြီး ရှိတာလား”
ဒါဆို…
သူ ချက်ချင်း အဖွဲ့ဝင်လိုက်၏။
…
ဒင်းဒေါင်!
လင်းချွမ် အဖွဲ့စကားပြောခန်းမှ အချက်ပေးသံ မြည်လာ၍ ဝင်ကြည့်လိုက်သည်။
[‘မာနကျန်းမှ အဖွဲ့ဝင်ခွင့် တောင်းဆိုနေပါသည်။ လက်ခံမည်လား။]
လင်းချွမ် သဘောကျစွာဖြင့် လက်ခံလိုက်၏။
“အဖွဲ့ဝင်အသစ် မြန်မြန် ရောက်လာတာပဲ”
ထိုစဉ် အဖွဲ့ထဲ အရင်ရောက်နှင့်ပြီးသူများမှ မိတ်ဆက်ကြလေ၏။
[မာနကျန်း မင်္ဂလာပါ။]
[အစ်ကိုကြီးရော ပညာတွေသင်ဖို့ ရောက်လာတာလား။]
[ဆရာလင်း ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမှာလား။ နည်းနည်းလောက် သင်ပေးပါနော်။]
[ဆရာ့စာကို ဖတ်ပြီးတာတောင် အံစာခေါက်တဲ့အသံ နားမလည်သေးဘူး။]
[ဒီနည်းတွေကို ဘယ်လိုလွယ်အောင် သင်ရမလဲ။]
[ဆရာ့ပြစ်မှုတွေက အစစ်အတိုင်းပဲ။]
[အဲ့တာ ဆရာ့အတ္ထုပတ္တိမလား။]
လင်းချွမ်ရယ်မော၍ အကုန်လိုက်ဖတ်နေသည်။
ထိုစဉ် သူဌေးကျန်းလည်း ဝင်ရေးလေ၏။
[ဆရာလင်းက တကယ် အံ့ဩစရာပဲ။ လေးစားမိပါတယ်။]
[ဆရာလင်း တပည့်မခေါ်ဘူးလား။]
သူဌေးကျန်းစိတ်ထဲတွင် လိမ်လည်နည်းများသာ ပြည့်နှက်နေ၏။
လင်းချွမ် သူ့စာကိုကြည့်၍ ပြုံးမိသွားသည်။
“ကျွန်တော် အဲ့လိုမျိုး တပည့်မမွေးပါဘူး”
အခြားစာဖတ်သူများမှလည်း ဝင်ပြောကြသည်။
[ဆရာက သူ့နည်းပညာတွေအပေါ် အခြေခံရေးတာ။ သင်ချင်ရင် စာအုပ်ကိုသာ သေချာဖတ်။]
[တစ်ခုခု တတ်သွားရင် သူ့ကို ဆုချပေး။]
[ခင်ဗျားပိုက်ဆံတွေနဲ့ သနားစရာ ဝတ္ထုရေးဆရာကို ပေးကမ်းလိုက်ပါ။]
သူဌေးကျန်း လက်ခံမိ၏။
ကျူရှင်လခသဘောဖြစ်ဖြစ် ပေးရမှာပေါ့။
ထို့နောက် ချက်ချင်း အွန်လိုင်းရတနာများ ပို့ကေးလိုက်လေသည်။
…
[မာနကျန်းမှ သင့်ကို ရတနာသေတ္တာ (၂) ခု ပို့ပေးပါသည်။]
လင်းချွမ် လှမ်းကြည့်ရင်း အလွန်သဘောကျနေတော့သည်။
ဒီပမာဏဆို ယွမ် (၂၀၀၀) ပေါ့။
သို့သော် ဝက်ဘ်ဆိုဒ်မှ တစ်ဝက်ဖြတ်၍ လင်းချွမ် ယွမ် (၁၀၀၀) ရလေ၏။
ဒါဆို ငှါးခရပြီကွ။
ထိုသို့ အသိအမှတ်ပြုခံရခြင်းမှာ သူ့အတွက် အကောင်းဆုံး ဖြစ်လေသည်။
…
တစ်ဖက်တွင်။
သူဌေးကျန်း ကျေနပ်စွာဖြင့် ပြုံးရွှင်နေ၏။
ထို့နောက် ဆိုဖာပေါ် ပြန်မှီကာ ခြေထောက်ချိတ်ထိုင်၍ သံစဉ်ညည်းကာ စာအုပ်ဆက်ဖတ်လေသည်။
ငါလည်း ဒီကနေသင်လို့ ရတာပဲ။
ဒါတွေသာ အကုန်တတ်ရင် လွန်ခဲ့တဲ့ (၂) နှစ်အတွင်း ဆုံးရှုံးခဲ့တဲ့ သိန်း (၁၈၀) ကျော်ကို ချက်ချင်း ပြန်ရှာနိုင်ပြီ။
…
တကယ်ပါပဲ။
လင်းချွမ်ကိုယ်တိုင်လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်သည်။
လူလိမ်စာအုပ်မှ အကျိုးအမြတ်များ ရနိုင်သည်။
“ဆရာလင်းက တကယ်တော်တာပဲ”
သူဌေးကျန်းမှာ စာအုပ်ကို အဆက်မပြတ်နိုင် ဖြစ်နေ၏။
“ရှင်းရှင်း ငါ အခန်းထဲ ဝင်တော့မယ်”
ညစာစားပြီးသောအခါ သူ့သမီးမှ လမ်းဆင်းလျှောက်ရန် ခေါ်နေသော်လည်း ဂရုမစိုက်နိုင်ဘဲ အခန်းထဲတန်းဝင်သွားသည်။
ကျန်းရှင်းရှင်းမှာ သူ့အဖေ ဖုန်းကိုကြည့်၍ ပျော်နေသောကြောင့် အံ့ဩလျက်
“အဖေ ဘာဝတ္ထုဖတ်နေလို့ အဲ့လောက် အသည်းအသန် ဖြစ်နေတာလဲ။ ငါလည်း နောက်မှ လင်းချွမ်နဲ့တွေ့ရင် စာအုပ်ကောင်းလေးဘာလေး ညွှန်းခိုင်းဦးမယ်”
ထို့နောက် ခေါင်းယမ်းလျက်
“ထားပါတော့။ သူက အဲ့လောက်လည်း မယုံရဘူး”
သူဌေးကျန်းမှာတော့ အခန်းထဲဝင်သွားပြီးနောက် တံခါးလော့ခ်ချလိုက်တော့၏။