← Chapters

အမှောင်ညကို လျှပ်စီးဖြင့် ထိုးဖောက်ခြင်း

Vol. 1 Ch. 11

အမှောင်ညကို လျှပ်စီးဖြင့် ထိုးဖောက်ခြင်း

Vol. 1 Ch. 11

အခန်းထဲ၌။

သူဌေးကျန်း လိုက်ကာကိုဆွဲ၍ တံခါးလည်း လော့ခ်ချလိုက်သည်။ သူ့သမီး မတွေ့ရမှာသေချာမှ အံဆွဲထဲမှ ဖဲချပ်များ ထုတ်လိုက်တော့၏။

“လောဘကြီးလို့ မဖြစ်ဘူး။ ကဒ်ချိုးတာကနေ စလိုက်တာပေါ့”

သူ လင်းချွမ်၏ ဝတ္ထုကိုဖတ်ပြီးနောက် မနေနိုင်တော့ဘဲ စမ်းသပ်ကြည့်ချင်လာသည်။

လောင်းကစားတစ်ယောက်အနေဖြင့် ထိုသို့ လိမ်လည်နည်းများကို မည်သို့ ခံနိုင်ရည် ရှိမည်နည်း။

ဖြောင်း ဖျတ် ဖျတ်!

သူ ကဒ်ချိုးခြင်းနှင့် မွှေခြင်းများကို အသည်းအသန် ကြိုးစားလေ့ကျင့်နေသည်။

ခဏအကြာတွင်။

အခန်းကျယ်ကြီးတစ်ခုလုံး ဖဲချပ်များ ပွပလဲနေတော့၏။

သို့သော် အတွေ့အကြုံတကယ် ရပါသည်။

ကဒ်များကို ထပ်ရင်း ထောင့်ချိုးနေရာအား အမြန် မြင်နေရသည်။

(၇) ခေါက်၊ (၈) ခေါက်မျှအပြီး၌ ပထမဆုံး (၁၂) ချပ်အား အတော်မှတ်မိသွားလေပြီ။ သို့သော် ကျွမ်းကျင်အဆင့်နှင့် ယှဉ်လျှင်တော့ အလွန် မသေမသပ်နိုင်၏။ အရှိန်လည်း နှေးနေသေးသောကြောင့် ချက်ချင်းမိသွားနိုင်ပါသည်။

သို့ရာတွင် ထိုအခြေအနေနှင့်ပင် သူဌေးကျန်းမှာ အပျော်လွန်၍ ရယ်မောနေမိသည်။

“ဆရာလင်းကတော့ တကယ်ပဲ။ ဒါ ကျွမ်းသွားတာနဲ့ လောင်းကစားလောကကို သိမ်းပိုက်နိုင်ပြီ ဟားဟားဟား”

…

သူ သတိမထားမိမီပင် လောကကြီးမှာ မှောင်မိုက်နေလေပြီ။

နေဝင်ချိန် ရွှေဝါရောင်အလင်းတန်းများမှာ မြို့ငယ်လေးပေါ် ကျရောက်နေပြီး နွေးထွေးနူးညံ့မှုကို ခံစားရသည်။

လင်းချွမ် အပျင်းဆန့်လိုက်ပြီး ပြတင်းပေါက်အနားသို့ ထလာကာ လတ်ဆတ်သောလေကို ရှူရှိုက်လိုက်သည်။ ထို့နောက် ချောမောသော မျက်နှာလေးမှာ ပြုံးရွှင်သွားလေ၏။

ထိုအချိန်တွင် အရာအားလုံးမှာ လှပနေတော့သည်။

မာနကျန်း၏ ရတနာသေတ္ထာများကြောင့် ဖြစ်နိုင်ပါသည်။

အောင်မြင်မှုတန်ဖိုးလည်း သေချာပေါက် တိုးတက်နေလေပြီ။

[အလုပ် : လူလိမ်]

[အခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုတန်ဖိုး : ၅၀/၁၀၀၀]

“ဒီလောက်တိုးတက်တာ မဆိုးပါဘူး။ နောက်မှ စောင့်ကြည့်ပြီး ပိုရလာမှာပေါ့”

လင်းချွမ် ရယ်မောနေမိ၏။

စာအုပ်အသစ် ထွက်ပြီးစတွင် တုံ့ပြန်မှုများ ကောင်းလေသည်။

ဒင်းဒေါင် ဒင်းဒေါင်။

လင်းချွမ်ဖုန်းမှ အသံထွက်လာ၏။

“အစ်ကိုဝမ် ဘာကိစ္စများလဲ”

လင်းချွမ် ရယ်မော၍ ဖုန်းဖြေလေသည်။

အစ်ကိုဝမ်မှာ လင်းချွမ်၏ မိတ်ဆွေဟောင်းဖြစ်ပြီး နှစ်ဦးလုံး အလုပ်ဝင်ချိန်တူခဲ့သည်။ ယခုအခါ အစ်ကိုဝမ်မှာ နာမည်ကြီးဝတ္ထုရေးထားပြီး ပေါက်ရန် မျှော်လင့်နေ၏။

လင်းချွမ်ကတော့ စနောက်၍ ပြောနေ၏။ အစ်ကိုဝမ် ပါးစပ်ဟလိုက်သည်နှင့် အောင်မြင်မှုရနံ့များ ရနေသကဲ့သို့ပင်။

“ငါ့စာအုပ် တုံ့ပြန်မှု (၆၀၀၀) ရသွားတာ ဘယ်လိုသိသွားတာလဲ”

“…”

လင်းချွမ်မျက်နှာပျက်သွား၏။

လာကြွားနေပြန်ပြီ။

တုံ့ပြန်မှု (၆၀၀၀) မှာ အလွန်အောင်မြင်ခြင်း ဖြစ်၏။

“အစ်ကိုလင်း ဘာလို့ ဘာမှပြန်မပြောတာလဲ။ လိုင်းမကောင်းလို့လား”

ဝမ်မှ ရယ်မော၍ ပြောလိုက်သည်။

လင်းချွမ် မကျေမနပ်ဖြင့်

“အင်တာနက်လိုင်းကနေတစ်ဆင့်တောင် ဘဝင်မြင့်တဲ့အနံ့တွေ ရနေလို့ပါ”

ဝမ် အော်ဟစ်ရယ်မော၍

“ဒီအတိုင်း ပျော်စရာကိစ္စကို ကိုယ့်မိတ်ဆွေနဲ့ မျှဝေတာပါ။ မင်းရော ဘယ်လိုလဲ”

“အင်း သာမာန်ပါပဲ”

လင်းချွမ် သက်ပြင်းချကာ

“ဒီနေ့တော့ ရတနာသေတ္တာ (၂) ခု ရထားတယ်”

“ငါ အမြဲ ပြောခဲ့ပါတယ်…”

ဝမ်မှာ ရုတ်တရက် ရပ်သွားပြီးမှ အံ့ဩသွားပြီး

“ခုနက ဘာပြောလိုက်တာ ရတနာသေတ္တာ (၂) ခုလား”

“နည်းနည်းလေးပါ”

လင်းချွမ်မှာ ပျော်ရွှင်မှုကို ဖုံးကွယ်၍ ပြောလိုက်သည်။

အစ်ကိုဝမ်မှာ သူ့ကို အမြဲလာကြွားနေသော်လည်း ဒီတစ်ခါတော့ သူလည်း ပြန်ထိုးနှက်ရန် အခွင့်အရေး ရလေပြီ။

ဝမ် အချိန်အတော်ကြာအောင် ငြိမ်နေပြီးမှ ရယ်မော၍

“ကောင်းသားပဲ။ သူခိုးဘဝက မဆိုးဘူးထင်တယ်”

“အဲ့စာအုပ်က ပြီးသွားပြီ။ အခု အသစ်ထုတ်ထားတာ”

ဝမ် ပိုအံ့ဩလျက်

“မင်းက စာအုပ်အသစ် ထုတ်တာလား”

“အင်း”

လင်းချွမ် ခပ်အေးအေး ပြန်ဖြေ၏။

တစ်ဖက်တွင် ဝမ်တစ်ယောက် ဖုန်းပြောနေရင်း လင်းချွမ်စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

“လင်း မင်း တကယ်ကြီး လူလိမ်တွေအကြောင်း ရေးထားတာလား”

“ပြဿနာရှိလို့လား”

လင်းချွမ် ရယ်မော၍ ပြန်ဖြေလေသည်။

“မင်း အမှန်အတိုင်းပြော။ မင်း ယုံးဂိုဏ်းကလား လူလိမ်ဂိုဏ်းကလား”

ရှေးယခင်က ယုံးဂိုဏ်းမှာ သူခိုးအဖွဲ့ဖြစ်၏။

လူလိမ်ဂိုဏ်းမှာတော့ နာမည်အတိုင်း လိမ်လည်ခြင်း ဖြစ်လေသည်။

လူလိမ်ဂိုဏ်း၌ ခေါင်းဆောင် (၈) ဦးရှိပြီး လင်းချွမ် ထိုထဲမှတစ်ယောက်၏ အတွေ့အကြုံမျိုး ရရှိခဲ့ခြင်း ဖြစ်၏။

လင်းချွမ် ရယ်မော၍

“အဲ့လိုကြီးတွေ ထပ်မေးနေရင် ရဲစခန်းက ထပ်ရောက်လာတော့မယ်”

“ထပ်ပြီးတော့လား”

ဝမ် လန့်ဖျပ်၍

“မင်း အဖမ်းခံရဖူးတာလား”

လင်းချွမ် ပြောနေရင်း ရှန်ချန်းချန်းတို့ ရောက်လာစဉ် အချိန်ကို ပြန်သတိရသွား၏။

ဝမ် ရယ်မောလျက်

“လင်း မင်းက ပြဿနာပဲ။ အဲ့တာကို လူလိမ်အကြောင်း ရေးရဲသေးတာလား။ အမှောင်ခန်းထဲ အပိတ်ခံထားရမှာ မကြောက်ဘူးလား”

“အဲ့လိုလား”

လင်းချွမ် ရုတ်တရက် လန့်သွားသည်။

“ငါ့သူငယ်ချင်းက ဥပဒေအကန့်အသတ်ကို သွားစမ်းသပ်နေတာပဲ”

လင်းချွမ် ခဏစဉ်းစားပြီးနောက်

“မဟုတ်သေးပါဘူး။ သူများတွေ ရုပ်ရှင်တောင် ရိုက်ကြသေးတာကို။ စာလေးရေးရုံနဲ့ အဖမ်းမခံရလောက်ပါဘူး”

“ငါလည်း အတိအကျတော့ မပြောတတ်ဘူးပေါ့”

ဝမ် ခဏငြိမ်နေပြီးမှ

“ဒါပေမဲ့ ငါ သတင်းဆိုးပြောပြစရာ ရှိတယ်”

လင်းချွမ် မှင်တက်လျက်

“အစ်ကိုဝမ် ဘာဖြစ်လို့လဲ”

ဝမ် ရယ်မော၍

“ငါ့ကို ဘာထင်နေတာလဲ။ သတင်းဆိုးက မင်းအတွက်ကွ”

“ပြောကြည့်လေ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ စောင့်နေ၏။

“မင်းတော့ ဒုက္ခရောက်ပြီ။ မင်းစာအုပ်အသစ် ထုတ်တဲ့အချိန်က တခြားနာမည်ကြီး ဆရာ (၂) ယောက်ရဲ့စာအုပ်တွေလည်း ထွက်ထားတယ်”

ဝမ် တကယ်စိုးရိမ်နေပုံဖြင့် အသံက လေးနေသည်။

လင်းချွမ်လည်း မျက်မှောင်ကြုတ်လျက် သက်ပြင်းချမိ၏။

သူပြောတာ မှန်ပါသည်။ ထိုသို့အပြိုင်ရှိနေလျှင် သူ့စာအုပ် ရှေ့မရောက်နိုင်တော့ပေ။

“ဟန်တန်နဲ့ ဟုန်မိန်။ သူတို့နှစ်ယောက်ကလည်း အပြိုင်လေ။ အဲ့တာကြောင့် တစ်ပြိုင်တည်း ထုတ်ကြတာ”

ဝမ် သေချာရှင်းပြနေ၏။

“နာမည်ကြီးဆရာတွေ တိုက်ခိုက်ရင်း ကြားက မြက်ပင်တွေ ထိခိုက်ရတာပဲ”

လင်းချွမ် ပြုံး၍ ဆို၏။

“ဪ ဟုတ်သားပဲ။ မင်း လုံးဝမကြားချင်လောက်မယ့် ပိုဆိုးတဲ့သတင်း ရှိသေးတယ်”

ဝမ်မှ ဆက်ပြောသည်။

“အစ်ကိုဝမ် ထပ်ကြွားဦးမလို့လား”

လင်းချွမ် ပေါ်တင်သာ ပြောလိုက်သည်။

“ကြည့်ပါဦး။ ငါ့ကိုများ ပြောဆိုနေတာ။ ငါက အပျော်ကူးစက်စေချင်လို့ပါ”

ဝမ် ရယ်မော၍ အကြောင်းအရာကို ဆက်ပြောလေသည်။

“ငါ ခုနလေးတင် ဟန်တန့်စာအုပ်ကို ဖျတ်ခနဲ ကြည့်လိုက်တာ။ သူ ဘာအကြောင်း ရေးထားတယ် ထင်လဲ”

“ဘာမို့လို့လဲ”

“စာအုပ်နာမည်က ‘လိမ်လည်ခြင်းဘုရင်’ တဲ့”

ဝမ် ဘုံးကျဲချလိုက်သကဲ့သို့ပင်။

“ဘာ”

လင်းချွမ် မျက်လုံးပြူး၍ အသက်ရှူရန် မေ့သွား၏။

တကယ်ဆိုးတာပဲ။

“မင်း ယုံကြည်ချက်မရှိရင် အကြောင်းအရာ ပြောင်းပြီး အသစ်ရေးထားတော့”

ဝမ်မှ နှစ်သိမ့်သလိုပြော၏။

လင်းချွမ် ပြတင်းပေါက် အပြင်ဘက်ရှိ နေဝင်ချိန်ကို လှမ်းကြည့်ကာ ပြုံးသွားပြီး

“အမှောင်ညကို လျှပ်စီးမိုးကြိုးနဲ့ ဖြိုခွင်းလို့ ရပါတယ်”

“မင်း ဘာရှုပ်မလို့လဲ”

လင်းချွမ် ရယ်မောကာ

“ကျွန်တော့်ကို ဖမ်းဖူးတဲ့ ရဲမေကပြောတယ်။ ကျွန်တော့်နောက်ဆုံး စာအုပ်က အရမ်းကောင်းလို့ စာရေးသူကောင်း ဖြစ်လာမှာတဲ့။ ကိုယ်တိုင်လည်း အဲ့လိုပဲ ထင်တယ်”

All Chapters