ချက်ချင်း ဖမ်းတာလား
Vol. 1 Ch. 12
ဖုန်း၏တစ်ဖက်တွင် ဝမ် ရယ်မော၍
“အဲ့တာ ရဲမေမို့လို့ပေါ့။ မဟုတ်ရင် ဘယ်နားလည်မလဲ”
“ဒါပေါ့။ ရဲမေလေ”
လင်းချွမ်လည်း ရယ်မော၍ ပြန်ပြောသည်။
ထို့နောက် သူ့အတွေးထဲ၌ ရှန်ချန်းချန်း ပုံရိပ်အား မြင်ယောင်လာ၏။
နက်မှောင်နေသော ဆံနွယ်များကို အနောက်တွင် စုချည်ထားပြီး ဖြူဝင်းသောအသားအရည်၊ ပြုံးလိုက်လျှင် ချိုင့်ဝင်နေသော ပါးချိုင့်တို့မှာ နူးညံ့သည့်အသွင်ဆောင်သော်လည်း ယူနီဖောင်းနှင့် ပေါင်းစပ်လိုက်သည့်အခါတွင်တော့ ခန့်ညားနေပြန်၏။
သို့သော် လင်းချွမ်အတွက် စစ်ဆေးခန်းထဲမှ ကြက်သီးထဖွယ် အနေအထားကသာ စိုးမိုးနေသည်။
“လင်း ငါ တောင်းဆိုစရာတစ်ခု ရှိတယ်”
ဆောင့်ကြွားကြွား ဝမ့်အသံမှာ ရုတ်တရက် နူးညံ့ပျော့ပျောင်းသွားသည်။
လင်းချွမ် မျက်ခုံးပင့်၍ ပြုံးကာ
“ဘာကိစ္စလဲ”
ဝမ် နေရခက်စွာဖြင့်
“မနက်ဖြန် ငါနဲ့ ကြင်ဖက်တွေ့ဆုံပွဲ လိုက်ခဲ့ပေးပါလား”
“ဘယ်လို”
လင်းချွမ် အံ့ဩကာ ပြန်မေးမိ၏
ဝမ်မှာ သူနှင့် ရွယ်တူမျှသာဖြစ်ပြီး ၂၄-၂၅ ဝန်းကျင် ဖြစ်သည်။
ထိုအရွယ်နှင့် ကြင်ဖက်တွေ့ဆုံပွဲ သွားနေရပြီလား။
ဝမ်မှဆက်၍
“လင်း ဘာတွေအဲ့လောက် အံ့ဩနေတာလဲ။ ငါတို့ အလုပ်က တစ်နေ့တစ်နေ့ စာတွေပဲ ထိုင်ရေးနေရတာလေ။ ဆန့်ကျင်ဘက်လိင်ဆိုလို့ စာရေးဆရာမတွေ၊ စာဖတ်သူမိန်းကလေးတွေ၊ တည်းဖြတ်သူတွေ ဒါပဲ ရှိတယ်။ အဲ့တာတောင် လက် (၅) ချောင်း မကျော်ဘူး”
“အဲ့တာက…”
လင်းချွမ် နှာခေါင်းလေးပွတ်၍ ခဏစဉ်းစားနေ၏။
သူပြောတာ မှန်နေပါသည်။
သူ စာစရေးတည်းက ကြုံရသည့်အနည်းငယ်မှာ တည်းဖြတ်သူ၊ ရဲမေ၊ အိမ်ပိုင်ရှင်သမီး။
နောက်ပြီး သူ တစ်ခါ ပတ်သက်ဖူးသည့် အိမ်ထောင်သည် အမျိုးသမီး။
ထွီ…
သူနှင့် ပတ်သက်စဉ်ကတော့ အိမ်ထောင်သည် မဟုတ်သေးပါ။
ထိုမိန်းကလေးများမှလွဲ၍ ထပ်မရှိပေ။
တည်းဖြတ်သူမှာ အလှမ်းဝေးလွန်းပြီး ရဲမေကို ခဏသာ တွေ့ဖူးသည်။ အိမ်ရှင်မိန်းကလေးမှာ ရုပ်ရှင်ရူးနေပြီး အိမ်ထောင်သည်မှာတော့… ပြန်မဖြစ်နိုင်တော့ချေ။
ပြီးသွားလေပြီ။
တစ်ယောက်တည်းသာ အထီးကျန်နေရ၏။
ဝမ်ပြောသည့်စကားကြောင့် သူ့ကိုယ်သူ မြင်ယောင်လာသည်။
“လင်း ဘာလို့ ပြန်မဖြေတာလဲ”
လင်းချွမ် ထိုအခါမှ သတိပြန်ဝင်လာပြီး
“ဪ ကြင်ဖက်တွေ့တာ ဘာထူးဆန်းလို့လဲ။ ကျွန်တော် မနက်ဖြန် လိုက်ခဲ့မယ်”
ဝမ် သဘောကျသွားသော အသံဖြင့်
“ကောင်းပြီ အဲ့တာဆို ခဏနေ လိပ်စာ ပို့လိုက်မယ်နော်”
ထို့နောက် ဖုန်းချသွားလေ၏။
လင်းချွမ်လည်း ရေနွေးတစ်ခွက် ထည့်သောက်ကာ စိတ်ငြိမ်အောင် ကြိုးစားနေသည်။
အမှောင်ညကို မိုးကြိုးနဲ့ ဖြိုခွင်းမယ်။
အချစ်ရေးက ဘာမှမဟုတ်ပါဘူး။
အဝတ်လျှော်ရန်အတွက်တော့ လူတစ်ယောက် မလိုပါ။ အဝတ်လျှော်စက်မရှိလည်း ကိုယ်တိုင် လက်ဖြင့် လျှော်နိုင်ပါသည်။
သူ့ရည်မှန်းချက်မှာ ရိုးရှင်း၏။
သူ သာမာန်အလုပ် မလုပ်နိုင်ပါ။ ပိုက်ဆံ ရှာနိုင်လျှင် ရပြီ။
ပိုက်ဆံရှိလျှင် စိတ်ပူစရာ ၉၉% အထိ လျော့ကျနိုင်၏။ ထိုမျှဖြင့် မဖြေရှင်းနိုင်လျှင် ရှာဖွေထားသော ပမာဏမလုံလောက်သေး၍ပင်။
လင်းချွမ် အရမ်းမတွေးတော့ဘဲ လိမ်လည်နည်း ရှိနေပါသည်။
…
နောက်တစ်ရက် နေ့လယ်။
အန်လင်းမြို့ သစ်နီကော်ဖီဆိုင် အပြင်ဘက်။
ဝမ်တစ်ယောက် မုတ်ဆိတ်မွေးများ သေချာ ရိတ်ထားပြီး ဆံပင်ကို လူကြီးဆန်ဆန် သပ်ရပ်စွာဖြီးလျက် ကော့ကျော့နေသော အနောက်တိုင်းဝတ်စုံကို ဝတ်ထားသည်။
ဝမ်နှင့် လုံးဝဆန့်ကျင်ဘက် အနေဖြင့် လင်းချွမ်မှာ ရိုးရှင်းလှသော တီရှပ်အဖြူနှင့် စတိုင်ဘောင်းဘီကို ဝတ်ဆင်ထား၍ သန့်ရှင်းတောက်ပနေ၏။
“အစ်ကိုဝမ် ရေမွှေးတွေ စွတ်လာတာလား”
လင်းချွမ် သူ့အနီးမှ မွှေးရနံ့ကြောင့် အံ့ဩစွာ မေးလိုက်မိသည်။
“ဘယ်လိုလဲ။ မင်း ကိုကြီး မွှေးတယ်မလား”
သူ မျက်ခုံးလေးပင့်၍ ပြောလေသည်။
ထိုအခါ လင်းချွမ် နောက်အနည်းငယ် ဆုတ်သွားကာ
“အစ်ကိုဝမ် ကျွန်တော် ယောက်ျားစစ်စစ်ဆိုတာ သိတယ်နော်”
“ဘာတွေ လျှောက်တွေးနေတာလဲ။ ကောင်မလေးတွေ ကြိုက်လောက်တယ်မလား မေးတာ”
လင်းချွမ် ခေါင်းယမ်း၍
“မိန်းမတွေရဲ့စိတ်က သမုဒ္ဒရာကြီးလောက် လျှို့ဝှက်ချက်တွေ များတယ်”
ထို့နောက် နှစ်ယောက်သား ဆိုင်ထဲ ဝင်သွားကြတော့သည်။
ဆိုင်ထဲတွင် ကော်ဖီရနံ့သင်းလျက် jazz သီချင်းငြိမ့်ငြိမ့်လေးကြောင့် နွေးထွေးသာယာသော အနေအထားလေး ဖြစ်နေသည်။
ဝမ် အခန်းအခြေအနေကို ကြည့်ကာ အဝတ်အစားပြင်၍ လင်းချွမ်ကို ပြတင်းပေါက်နားမှစားပွဲဆီ ခေါ်သွား၏။
လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်နေသည့် မိန်းကလေးနှစ်ဦးအား တွေ့ရလေသည်။
“မင်္ဂလာပါ။ ကျွန်တော်က အန်တီဝမ် မိတ်ဆက်ပေးထားတဲ့ ဝမ်ကျီခန်ပါ”
ဝမ် ပြုံး၍ မိတ်ဆက်လိုက်၏။
ထိုအခါ မိန်းကလေးနှစ်ဦး လှည့်ကြည့်လာသည်။ ဆံပင်ရှည်ရှည်ကောက်ကောက်နှင့် တစ်ဦးမှ ပြုံး၍
“မင်္ဂလာပါ။ ကျွန်မက အန်တီဝမ်ပြောထားတဲ့ ရွှယ်ချီချီပါ”
လင်းချွမ်ကတော့ အခြားမိန်းကလေးတစ်ဦးကို အာရုံစိုက်နေမိ၏။
မိန်းကလေးမှာ အဖြူရောင်ဂါဝန်လေးကို ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံနွယ်များက ပုခုံးပေါ် ဝဲကျကာ သူ့ကိုကြည့်၍ ပါးချိုင့်လေးများ ခွက်ကာ ပြုံးနေ၏။
“တိုက်ဆိုင်လိုက်တာ ဆရာလင်းရယ်”
ရွှယ်ချီချီနှင့် ဝမ်ကျီခန်တို့ အချင်းချင်းကြည့်၍
“တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြလိုက်သည်။
လင်းချွမ်လည်း နေရခက်စွာပြုံး၍
“ဟုတ်ပါ့။ တိုက်ဆိုင်လိုက်တာနော် ရဲမေရှန်”
ထို့နောက် အားလုံး နေရာယူ၍ ထိုင်လိုက်ကြသည်။
ဝမ် လင်းချွမ်အား ကပ်၍ ခပ်တိုးတိုး မေးလိုက်၏။
“မင်းတို့ ဘယ်လို သိကြတာလဲ”
“အမှောင်ခန်းထဲ ခေါ်သွားခံရတာပေါ့”
ဝိုး!
အဲ့တော့ ဖမ်းသွားတာ သူပဲ။
ထူးဆန်းလိုက်တဲ့ ကံကြမ္မာ။
လင်းချွမ်လည်း ရှန်ချန်းချန်းအား ထူးဆန်းစွာ လှမ်းကြည့်နေမိသည်။
သူမည်သို့ ထိုမျှ ပြောင်းလဲနိုင်သနည်း။
သို့သော် ဒီနေ့ပွဲ၏ အဓိကဇာတ်လိုက်မှာ သူတို့ မဟုတ်ပေ။
ဝမ်ကျီခန်နှင့် ရွှယ်ချီချီတို့ ဖြစ်၏။
လင်းချွမ် ဘေးမှနားထောင်ရင်း ရွှယ်ချီချီတစ်ယောက် ဝမ်အား လေးစားသဘောကျနေပုံ ရသည်။ သူလည်း စာရေးဆရာမတစ်ဦးပင် ဖြစ်ပြီး နှစ်ဦးသား စကားလက်ဆုံကျနေသည်။
“ဒီအတိုင်းကြီး စကားပြောနေရတာ ပျင်းစရာကြီး။ တစ်ခုခု ဆော့ကြမလား”
ရွှယ်ချီချီမှစ၍ အကြံပေးလေ၏။
ဝမ်ချက်ချင်း ထောက်ခံလိုက်သည်။
“ဘာဆော့ကြမလဲ”
“ချန်းချန်းက ဂိမ်းတွေ သိပ်မသိဘူး။ ဖဲပဲ ရိုက်ကြတာပေါ့”
ရွှယ်ချီချီ ရယ်မော၍ ပြောလိုက်သည်။
“လင်း ဘယ်လိုလဲ”
ဝမ် လင်းချွမ်ကိုကြည့်၍ မေးလိုက်၏။
အရင်က သူတို့အတူ ဆော့လျှင် လင်းချွမ်ကို အမြဲနိုင်လေ့ ရှိပါသည်။ ထို့ကြောင့် သူ အခြေအနေဆိုးမှန်း သိနေ၏။
လင်းချွမ် ရှန်ချန်းချန်းကိုကြည့်၍
“ဖဲရိုက်လို့ရော အဆင်ပြေရဲ့လား”
ရှန်ချန်းချန်း ပြုံးကာ
“ပြေတာပေါ့။ ဘာလို့လဲ ဆရာလင်းရဲ့”
“ဟို အဖမ်းခံရမှာစိုးလို့ပါ”
လင်းချွမ် ရှက်ရွံ့စွာ ပြော၏။
ထိုအခါ ရှန်ချန်းချန်း အားရပါးရ ရယ်မောလျက်
“အပျော်ဆော့တာက ပြစ်မှုမဟုတ်ပါဘူး။ အဲ့လို မဖမ်းပါဘူး”
အားလုံး ရယ်မောမိကြ၏။
ဒင် ဒင် ဒင်!
ရှန်ချန်းချန်းဖုန်းမှ အသံမြည်လာသည်။
ထို့နောက် ချက်ချင်း အားနာစွာဖြင့်
“ချီချီရယ် စခန်းက အရေးပေါ်ခေါ်နေလို့ အခုသွားမှ ဖြစ်မယ်။ ဖဲရိုက်လို့တော့ မရတော့ဘူး”
“ရပါတယ်။ ငါတို့ တခြားဂိမ်းဆော့လိုက်မယ်”
ဤသို့ဖြင့် ရှန်ချန်းချန်း ပျောက်ကွယ်သွားလေ၏။
“ကဲ မြေပိုင်ရှင်ဂိမ်း ဆော့ကြတာပေါ့”
ဝမ်မှ ဖဲချပ်များကို စားပွဲပေါ် တင်လိုက်ပြီး ပြောလေသည်။ ထိုဂိမ်းသည်လည်း ဖဲချပ်များနှင့်သာ ဆော့ရခြင်း ဖြစ်၏။
ဤသို့ဖြင့် လင်းချွမ်မှာ မြေပိုင်ရှင်နေရာယူပြီး ဝမ်နှင့်ရွှယ်ချီချီတို့တစ်ဖွဲ့နေကာ တဖြည်းဖြည်း ပိုရင်းနှီးလာကြသည်။
နာရီဝက်ခန့်အကြာ၌။
ရှန်ချန်းချန်း ပြန်ရောက်လာလေသည်။
“အဲ့လောက် မြန်မြန် ပြီးသွားတာလား”
ရွှယ်ချီချီပြုံး၍ နှုတ်ဆက်လိုက်၏။
လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ရှန်ချန်းချန်းသည် ရဲယူနီဖောင်းနှင့် ဆံပင်ကို သပ်ရပ်စွာ စည်းထားသည့်ပုံ ဖြစ်သည်။
သူ ချက်ချင်း စစ်ဆေးရေးအခန်းအား ပြန်သတိရသွား၏။
တကယ်ပါပဲ။
“ချီချီ တကယ်တော့ ငါ အမှုကိစ္စ မပြီးသေးဘူး”
“အခုလား”
ရှန်ချန်းချန်း လင်းချွမ်အား လှည့်ကြည့်၍
“လင်းချွမ် ရှင့်ကို ပြစ်မှုသံသယရှိတဲ့အတွက် အခုပဲ ရဲစခန်းကို လိုက်ခဲ့ပေးပါ”