စာရေးဆရာတွေအကုန် ဒီလိုပဲလား
Vol. 1 Ch. 13
လွန်ခဲ့သော တစ်နာရီက။
အန်လင်းမြို့ ပြည်သူ့လုံခြုံရေးအဖွဲ့မှ မြေအောက်လောင်းကစားအဖွဲ့ကို နှိမ်နင်းနိုင်ခဲ့သော်လည်း လူအချို့ကျန်နေသေး၍ အရေးပေါ် အမိန့်ကြောင့် ရှန်ချန်းချန်း သူငယ်ချင်းနှင့် ကြင်ဖက်တွေ့ရန် လိုက်လာရင်း စခန်းသို့ ပြန်ရောက်သွားလေသည်။
သူ စခန်းထဲရောက်သည်နှင့် ယူနီဖောင်း ချက်ချင်း လဲကာ ရာထူးနှင့် လိုက်ဖက်သွားသည်။
“ချန်းချန်း ဒီထဲမှာ လူလိမ်ရှိနေတယ်။ အဖွဲ့နဲ့ ပူးပေါင်းပေးပါဦး”
“ဟုတ်ကဲ့ပါ”
ရှန်ချန်းချန်း စစ်ဆေးရေးအခန်းထဲသို့ အေးစက်စွာ ဝင်သွားသည်
အခန်းထဲ၌ သူ့အရှေ့တွင် သက်လတ်ပိုင်းလူတစ်ဦး ထိုင်နေပြီး ခပ်ဝဝ၊ မျက်အိတ်ဖောင်းဖောင်းနှင့် ဆံပင်ဖြူများ ကျိုးတိုးကျဲတဲ ဖြစ်နေသည်။
“နာမည် ဘယ်လိုခေါ်လဲ”
သူ့အသံမှာ ရေခဲတမျှ အေးစက်နေ၏။
သူ အပြစ်သားများနှင့် ဆက်ဆံသောအခါ အမြဲ ထိုသို့ပင် ဖြစ်သည်။
“ကျန်းတီ”
“အသက်”
“(၅၄) နှစ်”
“အလုပ်အကိုင်”
“အိမ်ပိုင်ရှင်ဆိုတာက အလုပ်အကိုင်လို့ ပြောလို့ရလား”
ထိုလူမှ သူ့ကိုလှမ်းကြည့်၍ ပြောလိုက်သည်။
သူ လွန်ခဲ့သော (၂) ရက်ကမှ ရဲစခန်းတစ်ခေါက် ရောက်ထား၍ အထာနပ်နေသည်။
ယခုလည်း ထပ်ရောက်လာပြန်၏။
ရှန်ချန်းချန်း မျက်လုံးသာ လှန်ကြည့်လိုက်ပြီး
“လိပ်စာအပြည့်အစုံပြော”
အိမ်ပိုင်ရှင်ကြီးမှ စူပုပ်၍
“ပျော်ရွှင်ခြင်းရပ်ကွက်၊ အဆောက်အဦ (၃)၊ အမှတ် (၃) ဥယျာဉ်အိမ်ရာ၊ အရှေ့ပိုင်းခရိုင်”
ပျော်ရွှင်ခြင်းရပ်ကွက်လား။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်သွား၏။
လင်းချွမ်လည်း ထိုနေရာ၌ နေသည်ကို သူခိုးအမှုဖြင့် ဖမ်းရင်း သိထားလေသည်။
ဒီရပ်ကွက်ထဲမှာ အရည်အချင်းရှိတဲ့သူတွေ ပေါသားပဲ။
ထိုကျန်းတီမှာ လင်းချွမ်အိမ်ပိုင်ရှင် ဦးလေးကျန်းဖြစ်၏။
ရှန်ချန်းချန်း အချက်အလက်များ အားလုံး ချရေးပြီးနောက်
“ရှင်က လူလိမ်လား”
သူ ချက်ချင်းခေါင်းယမ်းကာ
“မဟုတ်ပါဘူး”
ထိုအခါ ရှန်ချန်းချန်း တစ်ဖက်နံရံ၌ အဖမ်းခံရသူများနှင့် လွတ်မြောက်သူများအား ပြလိုက်သည်။
“တကယ် မဟုတ်ပါဘူးဗျာ”
ရှန်ချန်းချန်း အသံမှာ ပိုလေးနက်လာပြီး
“တခြားသူတွေအကုန် ဝန်ခံပြီးပြီ။ ရှင် ဖဲလိမ်ရိုက်ခဲ့တယ်ဆိုတာ။ ဘယ်အချိန်အထိ ဖုံးကွယ်နေဦးမှာလဲ”
ထိုအခါမှ သူဌေးကျန်း မလိမ်ရဲတော့ဘဲ အမှန်အတိုင်း ထုတ်ပြော၏။
“လူလိမ်တော့ မဟုတ်ပါဘူး။ လိမ်နည်း နည်းနည်းပါးပါး တတ်ရုံပါ”
သူပြောတာ မှန်ပါသည်။
ထိုမနက်က ဝတ္ထုထဲမှ နည်းလမ်းများကို လေ့ကျင့်ရင်း စိတ်မထိန်းနိုင်တော့၍ ရှင်းရှင်း အလစ်တွင် လောင်းကစားဝိုင်းဆီ ထွက်လာပြီး နည်းလမ်းသစ်များ သွားစမ်းသပ်ခြင်း ဖြစ်၏။
သူသည် လူသစ်အရည်အချင်းမျှသာ ရှိ၍ ချက်ချင်း အလိမ်ပေါ်ကာ ရဲစခန်းအထိ ရောက်လာတော့သည်။ လက်အဖြတ်မခံရဘဲ ရဲစခန်းမှ မိသွားသည်ကပင် ကံကောင်း၏။
“နည်းနည်း တတ်တယ်လား”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ အံ့ဩသွားမိသည်။
“အင်း”
သူဌေးကျန်း ခေါင်းငြိမ့်ပြ၏။
“ဘယ်သူ သင်ပေးတာလဲ”
ထိုအခါ သူဌေးကျန်း ခေါင်းယမ်း၍
“ဘယ်သူမှ မဟုတ်ပါဘူး။ ဒီအတိုင်း တတ်တာပါ”
“ဘယ်လိုလုပ် ဒီအတိုင်း တတ်မှာလဲ”
သူ စိတ်မရှည်တော့ပေ။
“ဟို… နမူနာတွေကနေပါ”
သူဌေးကျန်း အနည်းငယ် ကြောက်လာ၏။
ရှန်ချန်းချန်းလည်း သူ့အမူအရာများကြောင့် အလွန် အံ့ဩနေမိသည်။ သူ လူလိမ်များစွာ တွေ့ခဲ့ဖူးပြီး ယခုလို (၅၄) နှစ်အရွယ် သင်ယူဆဲ လူလိမ်မှာတော့ ထူးဆန်း၏။
“ဘယ်က နမူနာလဲ။ လေ့ကျင့်နေတာ ဘယ်လောက် ကြာပြီလဲ”
ရှန်ချန်းချန်း မေးခွန်းများ အဆက်မပြတ် မေးနေ၍ သူဌေးကျန်း စဉ်းစားချိန် သိပ်မရပေ။
“တစ်ညတည်းပါ။ ဝတ္ထုထဲမှာ တွေ့တဲ့ နမူနာနဲ့”
သူဌေးကျန်း အမှန်အတိုင်း ပြောပြ၏။
ရှန်ချန်းချန်း ပိုအံ့ဩသွားမိသည်။
တစ်ညတည်းလား။
နောက်ပြီးတော့ ဝတ္ထုကနေတဲ့။
တော်တော်ကောင်းတာပဲ။
ရှန်ချန်းချန်း လင်းချွမ်၏ သူခိုးဝတ္ထုဖတ်စဉ်က စာဖတ်သူများ သော့ပြင်နည်း တတ်သွားကြပြီး ယခုတစ်ခါ ပိုဆိုးနေလေသည်။
လိမ်နည်းပါ တတ်လာတာလား။
အခုတစ်လော စာရေးဆရာတွေက ဘာတွေရေးနေတာလဲ။
ရှန်ချန်းချန်း ပိုစိတ်ဝင်စားလာ၏။
ဒါ ပြစ်မှုကျူးလွန်နည်း သင်ပေးနေတာပဲ။
“ဘယ်ဝတ္ထုလဲ”
သူဌေးကျန်း မတတ်နိုင်ဘဲ အားလုံး ပြောပြရတော့သည်။
“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်က ‘လူလိမ်’ ဆိုတဲ့ ဝတ္ထုပါ”
ရှန်ချန်းချန်း ချက်ချင်း ဖုန်းထုတ်၍ ကြည့်လိုက်သည်။
ထိုအခါ ပထမဆုံးစာရင်း၌ ‘လိမ်လည်ခြင်းဘုရင်’ ဆိုသော စာရေးဆရာဟန်တန်ကို တွေ့ရ၏။ ထို့နောက် သူဌေးကျန်းကို လှမ်းပြပြီး
“ဒီဟာလား”
သူဌေးကျန်း သေချာကြည့်၍ ခေါင်းယမ်းကာ
“မဟုတ်ဘူး”
ဝက်ဘ်ဆိုဒ်ထဲတွင် လူလိမ်အကြောင်း ရေးထားသော စာအုပ်များစွာ ရှိလေသည်။
“စာရေးဆရာနာမည် မှတ်မိလား”
“နာမည်က… လင်းတဲ့”
သူဌေးကျန်း ပြောပြလိုက်၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်သွား၏။
သူ ထိုနာမည်နှင့် မစိမ်းပေ။
နာမည်တူ ရှိနေတာလား။
ရှန်ချန်းချန်း လန့်ဖျပ်လျက် ဖုန်းထဲ၌ ထပ်ရှာကြည့်လေသည်။
ထို့နောက် စာအုပ်တစ်အုပ်ကို ပြလိုက်၏။
“ဒီဟာလား”
သူဌေးကျန်း ကြည့်ကာ မျက်နှာငယ်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
စာရေးဆရာရေ ခင်ဗျားတော့ ဒုက္ခရောက်ပြီ။
စာရေးသူ : ဆရာလင်း။
စာအုပ်များ : “သူခိုး”၊ “လူလိမ်”…
“ကောင်းတယ် လင်းချွမ် ပြစ်မှုကျူးလွန်အောင် သင်ပေးနေတယ်ပေါ့”
ရှန်ချန်းချန်း စိတ်ထဲမှတွေးရင်း ရင်အစုံမှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ထို့နောက်ဘေးမှ ရဲမှူးလီဖျင်က အမိန့်ပေးလေသည်။
“ချန်းချန်း အခုပဲ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို ဆက်သွယ်ပြီး မစ္စတာလင်း အချက်အလက်တွေတောင်း။ ပြီးရင် နယ်မြေ ရဲစခန်းကနေတစ်ဆင့် ဖမ်းမယ်”
ရှန်ချန်းချန်း ခေါင်းယမ်းပြကာ
“မလိုပါဘူး ရဲမှူးလီ။ ကျွန်မ သူ့ကို သိတယ်”
“မင်းနဲ့ သိနေတာလား”
“အရင်တစ်ခါ ခိုးမှုအတွက် ခေါ်ပြီး စစ်ဆေးဖူးတယ်လေ”
ရှန်ချန်းချန်း ပြန်ဖြေလိုက်၏။
“ဒါဆိုရင် အခု မြန်မြန် ဖမ်းလာခဲ့တော့ ချန်းချန်း”
သူ ခေါင်းငြိမ့်ပြလိုက်လေသည်။
ထို့နောက် အန်လင်းရဲစခန်းမှသည် သစ်နီကော်ဖီဆိုင်သို့ ချက်ချင်း ပြေးထွက်လာခဲ့တော့၏။