မည်သို့သော ပါရမီရှင် စာဖတ်သူ
Vol. 1 Ch. 14
သစ်နီကော်ဖီဆိုင်။
ရှန်ချန်းချန်းတစ်ယောက် ရဲယူနီဖောင်း ဝတ်ဆင်ထားပြီး နူးညံ့သော မျက်နှာလေးတွင် ခက်ထန်သည့်အမူအရာ ဖြစ်နေ၏။
အနေအထားမှာလည်း အလွန်ထူးဆန်းနေသည်။
“ရဲမေရှန် အထင်လွဲစရာတစ်ခုခု ရှိနေလို့လား”
လင်းချွမ် ပါးစပ်အဟောင်းသားဖြင့် နားမလည်နိုင်စွာ ကြည့်နေမိ၏။
ကျွန်တော်က ဥပဒေဘောင်ထဲက လူပါ။ ဘယ်တုန်းက ပြစ်မှု ကျူးလွန်လို့လဲ။
ခုနက ဖဲရိုက်တာလည်း ခွင့်ပြုချက်တောင်းပြီး သေချာမှ ဆော့တာလေ။
နောက်ပြီး။
အပျော်ပဲကို။
ဝမ်ကလည်း ဝင်၍
“ဟုတ်ပါတယ် ရဲမေရှန်ရယ်။ ဘာအထင်လွဲစရာ ရှိလို့လဲ”
“ချန်းချန်း ဘာဖြစ်နေတာလဲ”
ရွှယ်ချီချီ လန့်ဖျပ်၍ လှမ်းမေးလေသည်။
သူ စာရေးဆရာမတစ်ဦးဖြစ်သော်လည်း ထိုသို့ ကြင်ဖက်တွေ့ဆုံပွဲမျိုး သွားလေ့မရှိပေ။ ယခုတော့ အဖော်ခေါ်လာသော ရှန်ချန်းချန်း ဘာဖြစ်နေသနည်း။
ကြင်ဖက်လာတွေ့သူအား ဖမ်းဆီးရန် ပြင်နေလေသည်။
လင်းချွမ်က ဒီလောက်ကြည့်ကောင်းပြီး အေးဆေးမယ့်ပုံ ပေါ်နေတာ။ ပြစ်မှုကျူးလွန်မယ့်ပုံ မရှိပါဘူး။
ရှန်ချန်းချန်း သူ့သူငယ်ချင်းကို ကြည့်၍
“ဒီမှာ ရှင်းပြဖို့ သိပ်အဆင်မပြေဘူး။ ဘာပဲဖြစ်ဖြစ် လင်းချွမ်က တရားမဝင် ပြစ်မှုတွေအတွက် သံသယရှိသူပဲ။ သူ့ကို စခန်းမှာ စုံစမ်းစစ်ဆေးပြီးရင် အားလုံး ရှင်းပြပါမယ်”
ထို့နောက်။
ရှန်ချန်းချန်း လင်းချွမ်ဘက်လှည့်ကြည့်၍
“လင်းချွမ် ကျွန်မနဲ့ စခန်းကို လိုက်ခဲ့ပေးပါ”
လင်းချွမ် မျက်နှာငယ်ဖြင့် လက်ကောက်ဝတ်များအား ရှေ့သို့ ထိုးပေးလိုက်သည်။
သူ့ပုံစံမှာ လူချောလေးတစ်ဦးမှ အထင်လွဲခံရ၍ စိတ်အလွန်ညစ်နေပုံ ပေါက်သည်။
“လက်ထိပ်ခတ်စရာ မလိုပါဘူး”
လင်းချွမ်ကဲ့သို့လူကို လက်တစ်ဖက်တည်းဖြင့်ပင် ဖမ်းခေါ်နိုင်ပါသည်။
စာရေးဆရာ၊ စာဂျပိုးများမှာ အလွန်အားနည်းတတ်ကြသည်။
လင်းချွမ် မျက်နှာပျက်၍
“ကျွန်တော့်ကို ခေါင်းဆောင်းလေး အုပ်ပေးလို့ ရမလား”
ရှန်ချန်းချန်း အံ့ဩသွား၏။
“…”
လင်းချွမ် ဘေးပတ်ဝန်းကျင်ကိုကြည့်ရန် အရိပ်ပြလိုက်၏။
ထိုအခါမှ ရှန်ချန်းချန်း ဝေ့ဝဲကြည့်လိုက်သောအခါ ကော်ဖီဆိုင်ထဲမှအားလုံး သူတို့ကို ထူးဆန်းသလို ဝိုင်းကြည့်နေလေသည်။
“ခေါင်းဆောင်းနဲ့မှ ပြစ်မှုသံသယရှိသူဆိုပြီး ပိုသိသာမှာ”
ရှန်ချန်းချန်း ပြန်ပက်၏။
“အာ…”
လင်းချွမ် ပြန်စဉ်းစားကြည့်သောအခါ သူပြောတာ မှန်နေသည်။
ဝမ်လည်း ထိတ်လန့်စွာ လှမ်းကြည့်နေရင်း လင်းချွမ်တစ်ယောက် ရဲကားထဲ ပါသွားတော့သည်။
မိတ်ဆွေကြီးကို ကြင်ဖက်တွေ့ရန် ခေါ်လာရင်း တစ်ဖက်မိန်းကလေး၏ သူငယ်ချင်းထံ အဖမ်းခံလိုက်ရသည်။
ရှုပ်လိုက်တာ။
…
ရဲကားပေါ် ဒုတိယအကြိမ် ရောက်ရှိခဲ့ပြန်ပြီ။
အရင်ကား၊ အရင်နေရာ၊ အရင်လူနှင့်ပင် ဖြစ်ပြီး လင်းချွမ်စိတ်မှာလည်း အရင်တစ်ခါကဲ့သို့ပင် နားမလည်နိုင် ဖြစ်နေဆဲပင်။
“ဒီရက်ပိုင်း အဝတ်လျှော်အပ်ဖို့ စာလည်း မရောက်ဘူး။ အပြင်တောင် မထွက်တာကို။ ဘာအမှား လုပ်မိလို့လဲ”
လင်းချွမ် စိတ်ထဲတွင် အလွန်ရှုပ်ထွေးမူးနောက်နေ၏။
အရင်ရက်များက လုပ်ရပ်များကိုလည်း အစအဆုံး ပြန်တွေးမိ၏။
သူ လူလိမ်ဘဝအတွေ့အကြုံ ရခဲ့သော်လည်း လျှို့ဝှက်ချက်ကြီးဖြစ်၍ မည်သူမျှ မသိပေ။
စာအုပ်ရောင်းခြင်း၌လည်း မထုတ်ဝေမီ လုံခြုံရေး သတ်မှတ်ချက် စစ်ဆေးခြင်းများကို အောင်မြင်ပြီး ဖြစ်၏။
ထိုကိစ္စများမှလွဲ၍ တခြားဘာမှ မလုပ်မိပေ။
ရုတ်တရက် သူ တစ်ခုသတိရသွားသည်။
သူ အိမ်ရှင်မိန်းကလေးအား ဝက်ဘ်ဆိုဒ်တစ်ခု ပေးမိသောကြောင့် သတင်းအချက်အလက် ဥပဒေနှင့်ငြိသွားသည်လား။
ဟင်း မဟုတ်လောက်ဘူးမလား။
အဲ့တာ ထည့်တွက်စရာ လိုလို့လား။
မဟုတ်သေးပါဘူး။ သူငယ်ချင်း အချင်းချင်း မျှဝေတာ ပုံမှန်ပဲလေ။
အဲ့တာဆို ဘာဖြစ်နိုင်မလဲ။
လင်းချွမ် နောက်ဆုံးအချိန်အထိ အဖြေရှာမတွေ့ပေ။
ရှန်ချန်းချန်းမှာ ရဲကား အရှိန်အသင့်အတင့်ဖြင့် ဆူညံနေသော လမ်းများစွာကို ဖြတ်ကာ နောက်ဆုံး အန်လင်းရဲစခန်းသို့ ရောက်လာ၏။
ထိုအချိန်တွင် ရဲစခန်းထဲ၌ လူပေါင်းစုံ ရှိနေလေသည်။
အကျဉ်းခန်းထဲ၌ ထိန်းသိမ်းခံရသော လောင်းကစားသမားများ၊ ဖြေရှင်းရန် လိုက်လာသော မိသားစုဆွေမျိုးများ၊ မြေအောက် လောင်းကစားဝိုင်း အကြောင်း သတင်းယူရန် သတင်းထောက်များ စသဖြင့် ဖြစ်သည်။
လင်းချွမ် သတင်းထောက်များ၏ ကင်မရာများကို အတင်းရှောင်ရှားလိုက်၏။
လူထုရှေ့ ရောက်သွား၍တော့ မဖြစ်ပေ။
ဒီကိစ္စမှာ ဂုဏ်ယူစရာလည်း မဟုတ်။
အေးစက်နေသော နံရံများကြားမှ စစ်ဆေးခန်းတွင်။
လင်းချွမ်မှာ ထိုင်ခုံတွင် ထိုင်နေရင်း အပ်များအပေါ် ထိုင်မိသလို၊ ပုရွက်ဆိတ်များ တက်နေသလို ခံစားနေရပြန်သည်။
ရှန်ချန်းချန်းလည်း နူးညံ့ချိုသာသော မိန်းကလေး အဖြစ်မှ ပြင်းထန်ရက်စက်သည့် အမျိုးသမီးအသွင် ပြောင်းလဲနေလေပြီ။
လင်းချွမ်ကတော့ ထိုသို့ မြန်ဆန်လှသော အခြေအနေ ပြောင်းလဲနိုင်မှုကို အံ့ဩနေမိ၏။
“နာမည်ပြော”
“လင်းချွမ်”
“အသက်”
“(၂၄) နှစ်”
“အလုပ်အကိုင်”
“စာရေးဆရာ”
ရှန်ချန်းချန်းမှာ လုပ်ငန်းစဉ်အတိုင်း မေး၍ စာရင်းကို မြန်ဆန်စွာ ဖြည့်နေသည်။
ထို့နောက် လင်းချွမ်အား မျက်လုံးလှန်ကြည့်၍
“လင်းချွမ် ရှင့်ကိုမေးမယ်။ ရှင် ဘာပြစ်မှု ကျူးလွန်ခဲ့လဲ”
လင်းချွမ် မျက်နှာငယ်ဖြင့်
“မသိပါဘူး”
သိရင် ဝန်ခံမှာပေါ့လို့။
ရှန်ချန်းချန်းမှာ အမူအရာကင်းမဲ့စွာဖြင့် ရေခဲမင်းသမီးကဲ့သို့ ဖြစ်နေသည်။
“ရှင် ဝတ္ထုအသစ် ထုတ်ထားသေးလား”
သူ ရင်တစ်ချက် ထိတ်သွား၏။
“ဟုတ်ကဲ့”
“ဘယ်ဝက်ဘ်ဆိုဒ်မှာလဲ”
“ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်ပါ”
“နာမည်ကရော”
“လူလိမ်”
ရှန်ချန်းချန်း ချက်ချင်း သက်သေများကို ရွတ်ပြတော့၏။
“ရွက်လွှင့််ခြင်းဝက်ဘ်ဆိုဒ်မှာ ကလောင်အမည် ဆရာလင်းနဲ့ လူလိမ်ဆိုတဲ့ ဝတ္ထုကို စာလုံးရေ (၁.၀၂၆) သန်းနဲ့ ရေးသားခဲ့ပြီး တည်းဖြတ်သူ ယုယွီကတစ်ဆင့် စာအုပ်အမှတ် BC324802 ဆိုပြီး ထုတ်ဝေခဲ့တယ်။ မှန်လား”
လင်းချွမ် ခေါင်းငြိမ့်ပြ၏။
“မှန်ပါတယ်”
ရှန်ချန်းချန်းမှဆက်၍
“ဒီဝတ္ထုက ရှင်ကိုယ်တိုင် ရေးတာလား။ တခြား ရေးသူ ပါသေးလား”
“ကျွန်တော်ကိုယ်တိုင်ပါ”
လင်းချွမ် အမှန်အတိုင်း ဖြေလိုက်၏။
ထို့နောက် နားမလည်နိုင်သောစိတ်များ ပိုပြင်းထန်လာသည်။
ရိုးရိုးသားသား စာအုပ်ထုတ်တာ ပြစ်မှုလား။
ရှန်ချန်းချန်း သက်ပြင်းချလျက်
“လင်းချွမ် ရှင့်ကို ပြစ်မှုကျူးလွန်စေရန် သင်ကြားပေးမှုနဲ့ သံသယ ရှိတယ်”
“ဟင်”
လင်းချွမ် လန့်ဖျပ်ကာ လုံးဝ မှင်တက်နေ၏။
ပြစ်မှုကျူးလွန်အောင် သင်ပေးတယ်လား။
“ရဲမေရှန် ကျွန်တော် ဘာနည်းလမ်းတွေ သင်ပေးမိလို့လဲ ပြောပြပေးပါလား”
လင်းချွမ် မနေနိုင်တော့ဘဲ မေးလိုက်သည်။
“လိမ်နည်းတွေပေါ့”
သူ မျက်မှောင်ကြုတ်ကာ
“စာအုပ်ထဲမှာ လိမ်နည်းတွေ အသေးစိတ် ရေးထားတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲ့တာနဲ့ပဲ သင်ပေးတယ်လို့တော့ မဟုတ်ဘူးလေ”
ရှန်ချန်းချန်း ခဏစဉ်းစား၍
“အဲ့တာဆိုရင်တော့ ကိစ္စမရှိပေမဲ့ ရှင့်ဝတ္ထုထဲမှာ လိမ်နည်းတွေ၊ လောင်းကစားလုပ်နည်းတွေ ရေးပြီး အကျိုးအမြတ်ရရင်တော့ ကိစ္စရှိတယ်”
အမှန်ပင် ထိုကဲ့သို့ သင်ကြား၍ အကျိုးအမြတ် ယူရာမှ အဖမ်းခံထားရသူများ ရှိပါသည်။
“…”
လင်းချွမ် စွံ့အနေမိ၏။
ဘယ်လို ပါရမီရှင်က ဝတ္ထုထဲကနေ လိုက်သင်လိုက်တာလဲ။
လင်းချွမ် သေချာစဉ်းစားပြီးနောက် စတင်ခုခံတော့သည်။
“ရဲမေရှန် လိမ်နည်းဆိုတာလေ ဆယ်စုနှစ်ချီပြီး လေ့ကျင့်သင်ကြားပေးရင်တောင် ကျွမ်းကျင်ဖို့ မလွယ်ပါဘူးဗျာ။ ကျွန်တော့်ဝတ္ထုက အခုမှ ထွက်တာလေ။ (၄၈) နာရီတောင် မပြည့်သေးဘူး။ ဘယ်လိုလုပ် ကျွမ်းကျွမ်းကျင်ကျင် လိုက်လုပ်နိုင်မှာလဲ”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်သွားပြီး
“ရှင်က လူလိမ်တွေအကြောင်း တော်တော်သိနေတာပဲ။ ရှင်ရော အဲ့လိုပဲလား”
“…”
လင်းချွမ်အမြင်များ မှောင်မိုက်သွား၏။
သွားပြီ။ ပြောရင်း ပိုရှုပ်နေလေပြီ။
“ကျွန်မမေးနေတာကို ဖြေပါ”
ရှန်ချန်းချန်း ထပ်မေးလိုက်သည်။
လင်းချွမ် ခေါင်းအတင်းယမ်းကာ
“မဟုတ်ပါဘူး။ ကျွန်တော် လောင်းကစားလည်း မလုပ်ဖူးဘူး။ ကာစီနိုလည်း တစ်ခါမှ မရောက်ဖူးဘူး”
“ဒါဆို ဘာလို့ လိမ်နည်းတွေ သေချာသိပြီး အသေးစိတ် ရေးပြထားရတာလဲ”
လင်းချွမ် လေးနက်စွာဖြင့်
“ပရော်ဖက်ရှင်နယ်စာရေးဆရာတစ်ယောက် အနေနဲ့ အလုပ်အကိုင်တစ်ခုအကြောင်း ရေးတော့မယ်ဆိုရင် သေချာလေ့လာရှာဖွေပြီး ဖတ်ကြည့်ရတာပေါ့”
ကိုယ်တိုင် အတွေ့အကြုံ ယူခဲ့သည်ဟုတော့ မဖြေနိုင်ပေ။