သေနတ်ပစ်တတ်လား
Vol. 2 Ch. 30
“ရဲမေရှန် ပြဿနာရှိလို့လား”
လင်းချွမ် အားတင်း၍ မေးလိုက်သော်လည်း ကျောမလုံပေ။
ထူးဆန်းလှသော ခံစားချက်ကြီး ဖြစ်၏။
သူ ပြစ်မှုကြီးတစ်ခါမှ မကျူးလွန်ဖူးဘဲ အတွေ့အကြုံ ရှိခြင်းသာ ဖြစ်သည်။
သို့သော် ရှန်ချန်းချန်းရှေ့၌ အခင်းသန့်ရှင်းရေးပုံစံမျိုး ပြမိသွား၍ အလွန်ထိတ်လန့်သွားရသည်။
ရှန်ချန်းချန်း ရဲစခန်းသို့ ထပ်ခေါ်သွားမည်လားဟု စိတ်လှုပ်ရှားသွား၏။
သူ စိတ်ရောဂါပင် ဖြစ်နေလေပြီ။
ရှန်ချန်းချန်းမှပြုံး၍
“ရေကို သုတ်မချလိုက်ဘဲ ဘာလို့ တစ်ရှူးနဲ့ စုပ်အောင်လုပ်လဲ သိချင်ရုံပါ”
လင်းချွမ် စိတ်ထိန်း၍ ပြုံးကာ
“ရဲမေရှန်ရယ် စာရေးဆရာတွေအနေနဲ့ ကီးဘုတ်က ကျွန်တော်တို့ရဲ့ ပေါင်မုန့်နဲ့ ထောပတ်ပဲ။ အဲ့တော့ စားပွဲပေါ် ရေမှောက်သွားပြီဆိုရင် ကီးဘုတ်ကို ကာကွယ်ဖို့ တစ်ရှူးနဲ့ပဲ စုပ်လိုက်တာ။ အဲ့တာကြာတော့ အကျင့်ဖြစ်သွားတာပေါ့”
“ဪ အဲ့လို”
ရှန်ချန်းချန်း သဘောပေါက်သွားပုံဖြင့် ခေါင်းတငြိမ့်ငြိမ့် ပြုံးပြ၏။
မထင်မှတ်စွာဖြင့် ရွှယ်ချီချီက
“ဒါပေမဲ့ အခု ရှင့်ရှေ့မှာ ကီးဘုတ်မရှိဘူးလေ”
သွားပြီ။
လင်းချွမ် တစ်ကိုယ်လုံးတောင့်တင်းသွားသော်လည်း သူ့ဉာဏ်ပညာဖြင့် အမြန်ဆုံးစဉ်းစား၍ ပြန်ဖြေလိုက်၏။
“အာ… ရဲမေရှန်က ဘေးမှာ ရှိနေတာလေ။ ရေစက်တွေ သူ့ကို စင်သွားမှာစိုးလို့ပါ”
အစ်ကိုဝမ် ပါးစပ်အဟောင်းသားဖြင့် သူ့ကို လက်မလေးခိုးထောင်ပြ၏။
ရှန်ချန်းချန်းအပြုံးလေး တောက်ပ၍
“ဆရာလင်းရယ် ကျွန်မက အားနည်းတဲ့ မိန်းကလေး မဟုတ်ပါဘူး။ အားလည်းရှိတယ်။ ပညာလည်း ရှိတယ်”
အားလုံး ရယ်မောမိလိုက်ကြသည်။
လင်းချွမ်ကတော့ သက်ပြင်းခိုးချလိုက်၏။
ပြဿနာကြီး ရှင်းသွားလေပြီ။
ထို့နောက် စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်သည်။
“ကဲ ကဲ စားစရာတွေ မှာရအောင်”
ညကောင်းကင်အောက်၌။
ဆူညံနေသော စားသောက်ဆိုင်ထဲတွင် လူတစ်စု နေ့စဉ်ဘဝများအကြောင်းပြော၍ ရယ်မောနေကြ၏။
အချင်းချင်း ရင်းနှီးသည်မှာ မကြာသေးသော်လည်း ခံစားချက်နီးစပ်ကာ ပေါ့ပါးလွတ်လပ်စွာဖြင့် ပြောဆိုနေလေသည်။
သူတို့ စားသောက်ဆိုင်မှ ထွက်လာချိန်၌ ည (၉:၀၆) ဖြစ်ပြီး ညအချိန်အစသာ ရှိသေး၏။
ဝမ်က စ၍ အကြံပြုလေသည်။
“ဒီနားကနေဆို မြစ်ကမ်းနားနဲ့ နီးနေပြီ။ အဲ့မှာ ဆိုင်အသေးလေးတွေ ရှိသေးတယ်။ လမ်းလျှောက်ရင်း ကြည့်ကြမလား”
ရှန်ချန်းချန်းမှပြုံး၍
“သွားမယ်လေ”
လင်းချွမ် ခဏစဉ်းစား၍
“ကျွန်တော်လည်း ငြင်းစရာတော့ မရှိပါဘူး”
သူ့ဝတ္ထုအသစ် ရိုက်နှိပ်ခြင်းလည်း မပြီးသေး၍ တခြားလုပ်စရာမရှိချေ။
လူဆိုသည်မှာ မိတ်ဖွဲ့ရန် လိုအပ်သေး၏။
အထူးသဖြင့် စာရေးဆရာများအတွက် ဖြစ်သည်။
စာရေးဆရာတစ်ဦး၏ နေ့စဉ်ဘဝမှာ အခန်းထဲ တစ်ယောက်တည်းထိုင်၍ ကွန်ပျုတာကိုသာ ကြည့်ပြီး ကီးဘုတ်နှင့် တစ်နေကုန် အလုပ်လုပ်ရပါသည်။
ဤသို့ဖြင့် အချိန်ကြာလာသောအခါ စိတ်ခံစားချက်များ ထိုင်းမှိုင်းလာတတ်၏။
ထို့ကြောင့် အပြင်တွင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ သူငယ်ချင်းဖွဲ့ခြင်းမှာ အရေးကြီးလှသည်။
ဤသို့ဖြင့် (၄) ယောက်သား လမ်းတစ်လျှောက်ဖြတ်၍ အန်လင်းမြစ်ကမ်းနား ရောက်လာသည်။
ရွှယ်ချီချီနှင့် ရှန်ချန်းချန်းတို့ ရှေ့မှလျှောက်သွားပြီး လင်းချွမ်နှင့် ဝမ်က နောက်မှ လိုက်လာသည်။
ဝမ် မျက်မှောင်ကြုတ်ကာ ရယ်မော၍
“ချွမ် မင်း ရဲမေရှန်နဲ့ အခွင့်အရေး ရှိတယ်နော်”
လင်းချွမ် ပြုံး၍
“အစ်ကိုဝမ်ရယ် မဟုတ်တာတွေ လျှောက်တွေးမနေပါနဲ့”
“တကယ်ပြောတာ”
ဝမ် သူ့အနားကပ်၍ ခပ်တိုးတိုးဖြင့်
“စားသောက်ဆိုင်ကိုတောင် မင်းဖိတ်လို့ ထွက်လာတယ်လေ”
“အဲ့တာ အစ်ကိုတို့လည်း ရှိနေလို့ လာတာလေ”
လင်းချွမ် မျက်မှောင်ကြုတ်၍ ပြန်ပြော၏။
ဝမ်ကျီခန် ခေါင်းယမ်းကာ
“မင်းက နားမလည်သေးပဲကိုး။ ဒီည မင်းကို ဒီလောက် ဂရုစိုက်ပြီး ကြည့်နေတာ။ ရေဘယ်လို သုတ်လဲကအစ။ အဲ့တာ တစ်ခုခုမို့လို့ပေါ့”
လင်းချွမ် စိတ်မရှည်စွာဖြင့်
“အစ်ကို အချစ်ရောဂါ ရနေတာများလား”
ဘာမှမဆိုင်တာကို။
ဒီမှာ ဖမ်းခေါ်သွားတော့မလား လန့်နေတာကို။ ကြိုက်တယ်က ထင်သေးတယ်။
လင်းချွမ်ကတော့ ထိုသို့ ကြိုက်နေသည်ဟူသော အတွေးမျိုး အထင်မမှားဖူးချေ။
သူ့တွင် ပိုက်ဆံမရှိ၍ ဖြစ်၏။
ကံကောင်းစွာဖြင့် သူ့ဝတ္ထု အောင်မြင်သွားခြင်းသာ ရှိသည်။
“ခန် ရှင် ပူဖောင်းပစ်တတ်လား”
ရွှယ်ချီချီ ပြုံး၍ လှည့်မေးလိုက်သည်။
ဝမ်မှ ချက်ချင်းပင်
“ချီချီသာ ပူဖောင်းပစ်ချင်ရင် လိုက်ပေးမှာပေါ့”
ရွှယ်ချီချီ ချိုသာစွာပြုံး၍ ခေါင်းတဆတ်ဆတ် ငြိမ့်ပြသည်။
မြစ်ကမ်းဘေးဆိုင်တစ်ခုတွင် အရုပ်များစွာ တန်းစီချထားပြီး ဘေး၌ အရုပ်သေနတ်များ ရှိ၏။ အနောက်ဘက်တွင်တော့ ရောင်စုံပူဖောင်းများ ကပ်ထားလေသည်။
ဝမ်မှ လင်းချွမ်ပုခုံးကိုပုတ်၍
“သေချာကြည့်ပြီး သင်ယူထားနော်”
ထိုသို့ပြော၍ ရွှယ်ချီချီအား ဆိုင်ရှေ့သို့ ခေါ်သွားသည်။
“လူချောလေး တစ်ခါပစ် ယွမ် (၃၀) လေ။ ကျည်တု အခု (၂၀) ပါတယ်။ ကောင်မလေး ကြိုက်တဲ့အရုပ်အတွက် လုပ်ပြလိုက်ပါ”
ထိပ်ပြောင်ပြောင်၊ ဘီယာဗိုက်နှင့် သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်မှ လှမ်းပြောသည်။
“ချီချီ ဘယ်အရုပ် ကြိုက်လဲ”
ရွှယ်ချီချီ ဟိုဟိုဒီဒီကြည့်၍ ဒိုရေမွန်ရုပ်အား လက်ညှိုးထိုးပြလေသည်။
“ခန် ကျွန်မ ဒီအရုပ်လိုချင်တယ်”
ဆိုင်ရှင်မှပြုံးကာ
“ဒါလေးကို အိမ်အပါယူသွားဖို့ဆိုရင် (၁၆) ချက်ပဲ ထိဖို့ လိုတာပါ”
“ရတယ်လေ”
ဝမ်မှ အိုခေဟူသည့် လက်ဟန်လုပ်ပြ၍ သေနတ်ကို ဆွဲယူကာ အာရုံစိုက်ပစ်လိုက်သည်။
ဖောင်း!
လင်းချွမ်၏အမြင်တွင် ဝမ်သေနတ်ပစ်ပုံမှာ ကျွမ်းကျင်သူနှင့် မတူသော်လည်း အပြာရောင် ပူဖောင်းလေးကို ထိသွား၏။
“ခန် ရှင်က မဆိုးဘူးပဲ”
ရွှယ်ချီချီ ဝမ့်ကိုကြည့်၍ ပြုံးနေသည်။
ဝမ်မှလည်း ပီတိဖြာလျက်
“မြှားနတ်မောင်ရဲ့ ပစ်ချက်ကတော့ ကျွန်တော့်ထက် တည့်ပါတယ်ကွာ”
“ဘာလို့လဲ”
ရွှယ်ချီချီ နားမလည်သလို ပြန်မေး၏။
“ဘာလို့ဆို မြှားနတ်မောင်က ရွှေမြှားလေးကို ကျွန်တော့်ဆီ အရင်ပစ်တယ်လေ။ အဲ့တာနဲ့ နောက်ထပ် ခဲမြှားကိုတော့ ချီချီ့ဆီ ပစ်ပါစေလို့ ဆုတောင်းလိုက်တာ”
သူ့အသံမှာ အလွန်လေးနက်နေ၏။
ရွှယ်ချီချီ မျက်နှာလေး နီရဲလျက်
“တော်တော် စကားတတ်တဲ့လူ”
သူ အပျိုပေါက်အရွယ်လေး မဟုတ်တော့သော်လည်း စကားချိုချိုများကိုတော့ သဘောကျပါသည်။
လင်းချွမ်မှာ ဘေးမှကြည့်ရင်း အသည်းယားကာ စိတ်ညစ်နေသည်။
သို့သော်။
ရှန်ချန်းချန်း အဘယ်ကြောင့် ကျေနပ်သလို ပြုံးနေသနည်း။
မိန်းကလေးတိုင်း အဲ့လိုတွေ ကြိုက်ကြတာလား။
မဟုတ်သေးဘူး။ ဒီလိုဖြစ်မယ်။ ကိုယ် သဘောကျတဲ့သူဆီကနေ ကြားရတဲ့ စကားချိုချိုကိုပဲ ကြိုက်တာ။
ဝမ် နောက်ထပ် (၂) ချက် ထပ်ပစ်လေ၏။
ဖောင်း!
ဖောင်း!
သူ့သေနတ်ပစ် အရည်အချင်းသာ စကားပြောသလောက် တော်လျှင် (၁၆) ချက်လုံး ပစ်နိုင်ပြီး ဒိုရေမွန်အရုပ် ရနိုင်သည်။
သို့ရာတွင် သေနတ်ပစ်စွမ်းရည် အနည်းငယ် အားနည်းပါသည်။
(၁၃) ချက်သာ ထိခဲ့၏။
“ချီချီ ထပ်ကြိုးစားရအောင်”
ဝမ် ယှဉ်ပြိုင်လိုစိတ် ပြင်းထန်စွာ ပြောလိုက်သည်။
ရွှယ်ချီချီ ပြုံး၍ ခေါင်းငြိမ့်ပြ၏။
“ကောင်းပြီလေ”
နောက်ထပ် ယွမ် (၃၀)။
ဖောင်း ဖောင်း!
နောက်ဆုံးတစ်ချက်တွင်တော့ ဘောလုံး (၁၆) လုံး အတိအကျ ထိသွားလေသည်။
ရွှယ်ချီချီ လက်တစ်ဖက်တွင် ဝမ်ကိုဖက်လျက် တစ်ဖက်မှ ဒိုရေမွန်ကိုပိုက်ကာ ပျော်ရွှင်ခုန်ပေါက်နေ၏။
အခြားတစ်ဖက်ခြမ်းတွင်တော့။
လေလွင့်ခွေး (၂) ကောင်ကဲ့သို့ အထီးကျန်စွာ ရှိနေကြသည်။
“ဆရာလင်းရော သေနတ်ပစ်တတ်လား”
ရှန်ချန်းချန်းပြုံး၍ မေးလိုက်သည်။
“ပစ်တတ်တယ်… ထင်တာပဲ”
လင်းချွမ် သူ့ကိုကြည့်၍
“ဘာလို့မေးတာလဲဟင်”
“ရှင့်မျက်လုံးတွေက… သေနတ်အရမ်း ပစ်ချင်သလို ကြည့်နေလို့”
ရှန်ချန်းချန်း ရယ်မောကာ ပြောလိုက်သည်။
အမှန်လည်း သူတကယ် စမ်းသပ်ချင်၍ လက်ယားနေ၏။
သူ့လုပ်ကြံသူ အရည်အချင်းထဲတွင် သေနတ်ပစ် စွမ်းရည် ပါဝင်လေသည်။
သို့သော် သူ ရှန်ချန်းချန်းကိုကြည့်၍ နေရခက်နေ၏။ ဒါကရော တရားမဝင်တာ မဟုတ်ဘူးမလား။
လင်းချွမ် အတွေးများဖျောက်ကာ ပြုံး၍
“ဘယ်ယောက်ျားလေးက သေနတ်တွေ့နေတာကို ခံနိုင်ရည် ရှိမှာလဲ”