← Chapters

ပြန်လို့မရသေးဘူး

Vol. 2 Ch. 17

ပြန်လို့မရသေးဘူး

Vol. 2 Ch. 17

စားပွဲရှေ့မှ (၃) ဦးစလုံး လန့်ဖျပ်သွားကြသည်။

လင်းချွမ်၏ လှုပ်ရှားမှုမှာ လုံးဝ မထင်မှတ်ထားသော ကိစ္စဖြစ်၏။

ခုနလေးတင် သံသယရှိသူဖြစ်နေရာမှ လောင်းကစားကို ဆန့်ကျင်နေလေသည်။

ဘာတွေလဲ။

စစ်ဆေးရေးအခန်းထဲ၌ အနေအထားမှာ အလွန် ထူးဆန်းနေ၏။

လီဖျင် မယုံသင်္ကာဖြင့်

“မင်းရဲ့ သံသယပြစ်မှုမှ မရှင်းရသေးတာ။ လောင်းကစား ဆန့်ကျင်ဖို့ ရည်ရွယ်တယ်ဆိုတာရော ဘယ်လို သက်သေပြမှာလဲ”

သူ့အသံမှာ အရင်ထက်တော့ အနည်းငယ် ပျော့နေလေပြီ။

ရှန်ချန်းချန်းလည်း မျက်မှောင်ကြုတ်၍ သူ့ခုခံစကားကို နားစွင့်နေ၏။

လင်းချွမ် ခဏစဉ်းစားပြီးနောက်

“ရဲမှူး ကျွန်တော့်ဝတ္ထုရဲ့အစပိုင်းကို ဖတ်ကြည့်ပါ။ အဲ့မှာတည်းက ရှင်းရှင်းလင်းလင်း ရေးပြခဲ့ပါတယ်”

(၃) ယောက်သား ဝတ္ထုကို ချက်ချင်း ရှာကြည့်၏။

‘ငါဟာ လူလိမ်တစ်ယောက်။ လောင်းကစားဝိုင်းမှာ ကောင်းကင်နဲ့ မြေပြင်ကို ပြောင်းလဲနိုင်သူ။ ညတစ်ညရဲ့ ကံကြမ္မာကို ဖန်တီးနိုင်သူ။

တစ်နေ့မှာ မိန်းမဟာ ကလေးနဲ့အတူ ထွက်သွားခဲ့တယ်။ လောင်းကစားဝိုင်းမှာ စထိုင်လိုက်တာနဲ့ ဘဝဟာ ဆုံးရှုံးပြီးနေပြီ။ လောင်းကစားပွဲ (၁၀) ခုမှာ (၉) ခုက အလိမ်အညာတွေ ပါတယ်။ (၁၀) ပွဲမှာ (၁၀) ပွဲက ရှုံးနိုင်တယ်။ လောင်းကစား မလုပ်ခြင်းကသာ အောင်နိုင်သူ အစစ်ပဲ’

ရှန်ချန်းချန်း ခဏစဉ်းစား၍ လင်းချွမ်ကို ကြည့်ကာ

“အဖွင့်မှာတော့ တကယ် လောင်းကစားမလုပ်ဖို့ ပြောထားတာပဲ”

လင်းချွမ် ခေါင်းငြိမ့်ပြ၍

“နောက်ပိုင်းကို ဆက်ပြီးဖတ်ကြည့်ပါဦး”

ထိုအခါ ဝတ္ထုကို အာရုံပြန်စိုက်လိုက်ကြ၏။

‘ငါ့မျိုးရိုးက လင်း။ အခုတော့ နာမည်မရှိဘူးဆိုတော့ မစ္စတာလင်းပဲ ဆိုပါတော့။ ငါ့အဖေဟာ လောင်းကစားသမားတစ်ယောက်။ ငါ့အသက် (၇) နှစ်မှာ သူ လမ်းဘေးတင် လုပ်ကြံခံရပြီး ငါ့ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့တယ်။ အမှန်တော့ ငါ လမ်းကြားထဲမှာ ပုန်းနေခဲ့လို့ ဖြစ်စဉ်အားလုံးကို တွေ့လိုက်ပါတယ်’

လင်းချွမ်မှ နောက်ခံစကားပြောသူပုံစံဖြင့် ကိုယ်တိုင် ဝင်ပြောတော့သည်။

“မစ္စတာလင်းရဲ့အဖေ လမ်းဘေးမှာ သေရတာ လောင်းကစားကြောင့်ပဲ။ အဲ့တာ လောင်းကစားရဲ့ အန္တရာယ်ကို ပြတာပါ။ မစ္စတာလင်းရဲ့ ဆရာလည်း လောင်းကစားက ရန်ကြွေးကို မှတ်ထားလို့ အဆုံးသတ် မလှဘဲ ဖြစ်ခဲ့တယ်။ မစ္စတာလင်းရဲ့ အချစ်ဦးကတော့ ကာစီနိုတင် သေနတ်နဲ့ အပစ်ခံခဲ့ရတာ။ နောက်ပိုင်း မစ္စတာလင်းက လိမ်နည်းတွေတတ်ပြီး ပိုက်ဆံရှာနိုင်လာပေမဲ့ ရန်သူတွေကြောင့် နေ့တိုင်း ကြောက်လန့်နေခဲ့ရတယ်။ သူ့မိန်းမလည်း ဒီဘဝကို သည်းမခံနိုင်လို့ သားလေးကို ခေါ်ပြီး အဝေးကို ထွက်သွားတာ။ ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။ အဲ့လိုနဲ့ နောက်ဆုံး သူလည်း ရဲစခန်းမှာ သွားဝန်ခံလိုက်တော့ ထောင် (၁၈) နှစ် ကျသွားတယ်။ ထွက်လာတော့ လောင်းကစား ဆန့်ကျင်ရေးပရဟိတတွေမှာ ဝင်ပါပေးတော့တာပဲ”

“ဝတ္ထုကို ဒီအတိုင်း ဖတ်ရင်တော့ မစ္စတာလင်းရဲ့ ဘဝအတက်အကျပဲလို့ ထင်ရပေမဲ့ သေချာစဉ်းစားရင် လောင်းကစားသမား တစ်ယောက်ရဲ့ ဘဝပဲလေ။ သူ့အဖေ သေဆုံးမှုကနေစပြီး သူ လူလိမ်လောကကို ရောက်လာတယ်။ ပန်ဒိုရာသေတ္တာလေး ဖွင့်သလို အစကတော့ စိတ်လှုပ်ရှားရပေမဲ့ နောက်ဆုံးမှာ မဖွင့်ခဲ့သင့်မှန်း သဘောပေါက်သွားတယ်”

လင်းချွမ် ရိုးသားအေးဆေးစွာ ပြောပြနေ၏။

“ဟင်း”

လီဖျင် သက်ပြင်းချလိုက်မိသည်။

သူ နှစ်ပေါင်းများစွာအတွင်း အမှုပေါင်းများစွာ ကိုင်ခဲ့ဖူးပြီး ဘဝပျက်ခဲ့သော လောင်းကစားသမား များစွာအား တွေ့ခဲ့ဖူးပါသည်။

ရှန်ချန်းချန်း လင်းချွမ်အား ငေးကြည့်ရင်း ချောမောသော ရုပ်ရည်၌ နုပျိုမှုကြောင့် လတ်ဆတ်ပြီး စိတ်ထားမှာတော့ အလွန်ရင့်ကျက်ကြောင်း တွေ့နေရသည်။

ချန်မင်ကသာ ရုတ်တရက် မေးခွန်းထုတ်လေသည်။

“မင်းဝတ္ထုထဲမှာ လိမ်နည်းသင်ပေးတာတွေ အများကြီး ပါနေတယ်။ အဲ့တာရော ဘယ်လိုရှင်းမှာလဲ”

လင်းချွမ် သက်ပြင်းချလိုက်၏။

အစပိုင်းတွင် သူ အရမ်း စိတ်လှုပ်ရှားခဲ့မိပါသည်။

ထို့နောက် တဖြည်းဖြည်းမှ စိတ်ငြိမ်လာပြီး အဖြေများ ထွက်လာခြင်း ဖြစ်၏။

ငါ အပြစ်လုပ်ထားတာမှ မဟုတ်တာ။ ဘာကြောက်စရာ ရှိလဲ။

ထို့နောက် ချန်မင်အား တည်ငြိမ်စွာ ကြည့်၍

“ဒါက လိမ်နည်းသင်ပေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖော်ပြတာတော့ ဟုတ်ပါတယ်”

(၃) ယောက်စလုံး မှင်တက်သွားကြ၏။

လင်းချွမ်မှဆက်၍

“သေနတ်ကို ရဲသားတွေဟာ အမှန်တရားကို ထိန်းသိမ်းဖို့ သုံးတယ်။ တစ်ဖက်မှာ တရားခံတွေကတော့ ပြစ်မှုကျူးလွန်ဖို့ သုံးကြတယ်။ အခုလို လိမ်နည်းတွေ ဖော်ပြတာကလည်း သာမာန်လူတွေဆိုရင် ကြည့်ပြီး ဪ ဒါရှောင်ရမယ် ဆိုပြီးတွေးမှာပေမဲ့ မကောင်းတဲ့သူတွေကတော့ မဟုတ်တာသင်ပြီး အသုံးချချင်တာပေါ့။ နောက်ဆုံး သူတို့ရဲ့ ဥပဒေချိုးဖောက်မှုက ကျွန်တော့်ဝတ္ထုကြောင့် မဟုတ်ဘဲ သူတို့ရဲ့ မတော်လောဘကြောင့်ပဲ”

အေးစက်နေသော စစ်ဆေးခန်းငယ်လေးမှာ လင်းချွမ်၏ မိန့်ခွန်းပြောရာ စင်မြင့်ဖြစ်လာသည်။

သို့သော် သူ ထိုအခြေအနေမျိုး လိုချင်ခဲ့သည် မဟုတ်ပါ။ ထိုအခန်းထဲမှ အမြန်ဆုံး ထွက်သွားချင်စိတ်သာ ရှိပါသည်။

သူ့အတွက် ပြန်အမှတ်မရချင်သော အိပ်မက်ဆိုးသာ ဖြစ်၏။

ရှန်ချန်းချန်း မျက်လုံးအရောင်များတောက်၍ လင်းချွမ်အား ငေးကြည့်နေမိသည်။

သူ ဆွဲဆောင်ခံလိုက်ရလေပြီ။

အထူးသဖြင့် သေနတ်နှင့် ဥပမာပေးခြင်းသည် ရင်ထဲ အလွန်ထိ၏။

ဒီလိုအတွေးမျိုးရှိတဲ့ စာရေးဆရာရဲ့ ဝတ္ထုတွေက မအောင်မြင်ဘူးတဲ့လား။

သူ နားမလည်နိုင် ဖြစ်နေ၏။

လီဖျင့်အသံလည်း အလွန်ပျော့ပျောင်းလျက်

“လင်းချွမ် မင်းအမှုက တကယ် ထူးခြားတယ်။ အဲ့တော့ ဆုံးဖြတ်ချက်နောက်ဆုံး မချခင် တခြားပညာရှင်တွေနဲ့ ထပ်ဆွေးနွေးရလိမ့်ဦးမယ်”

ဤသို့ဖြင့် စစ်ဆေးမှု ပြီးဆုံးသွားပြီး ရှန်ချန်းချန်းတို့လည်း အခန်းပြင် ထွက်သွားကာ ဆွေးနွေးမှုများ ဆက်လုပ်ကြ၏။

သူဌေးကျန်း၏ လိမ်လည်ပုံဗီဒီယိုကိုပါ ပြန်ကြည့်ကာ သုံးသပ်နေရသည်။

တစ်နာရီခန့် ကြာသောအခါ။

ရှန်ချန်းချန်း သံတံခါးကြီးအားတွန်း၍ ဝင်ရောက်လာ၏။ အမူအရာမှာတော့ အရင်လို မတင်းမာတော့ဘဲ နူးညံ့ချိုသာနေသောကြောင့် လင်းချွမ် စိတ်အေးသွားမိသည်။

ထို့နောက် သာယာအေးမြသောအသံလေး ထွက်ပေါ်လာ၏။

“လင်းချွမ် ကျွန်မတို့ သေချာဂရုတစိုက် ဆွေးနွေးပြီးတဲ့နောက်မှာ ရှင့်ဝတ္ထု ‘လူလိမ်’ က လောင်းကစားဆန့်ကျင်ရေးစံနမူနာအဖြစ် သုံးနိုင်တာကြောင့် သံသယရှိသူအဖြစ်ကနေ လွတ်သွားပါပြီ”

ထို့နောက် ရှန်ချန်းချန်းမှ တွေ့ရခဲသော တောက်ပသည့်အပြုံးလေးအား ဖော်ပြ၏။

ဟူး!

လင်းချွမ်လည်း ထိုအခါမှ ရင်ထဲမှအလုံး ကျသွားတော့သည်။

သူ့အတွက် အလွန်ခက်ခဲသော အခိုက်အတန့်ဖြစ်ခဲ့၏။ မတော်လျှင် သံသယရှိသူ တရားခံအဖြစ် နာမည်တပ်ခံရတော့မည်။

ရှန်ချန်းချန်း ရယ်မောလျက် ထပ်ပြောပြန်၏။

“လင်းချွမ် ရှင့်ဝတ္ထုက သိပ်ကောင်းတာပဲ”

“တကယ်လား”

လင်းချွမ် ပြုံးဖြီးသွားမိသည်။

“ဒါပေါ့။ ခုနက စစ်ဆေးရေးအဖွဲ့က အားလုံးလည်း ကောင်းတယ်လို့ ပြောကြတယ်”

လင်းချွမ် သူ့ကိုငေးကြည့်၍

“ဒါဆို ကျွန်တော့်ကို subscribe လုပ်ပေးမယ်မလား”

“ဟင်”

“ဒါကပဲ ကျွန်တော့်အတွက် အင်အားလေ”

လင်းချွမ် လက်နှစ်ဖက်ကို မြှောက်၍ ရှေ့တွင်စုကာ အရိုအသေပေးသလို ပြောလိုက်သည်။

ထို့နောက် စနစ်၏အခြေအနေအား ကြည့်လိုက်၏။

[လက်ရှိစာအုပ် : ‘လူလ်ိမ်’]

[အခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း : ၁၀၃/၁၀၀၀]

အောင်မြင်မှုနှုန်းမှာ အလွန်နည်းနေသေးသည်။

ဟင်…

ဒီအတိုင်းဆို မလွယ်ဘူးပဲ။

တစ်ဖက်တွင် ရှန်ချန်းချန်းမှ ချက်ချင်း ဖုန်းထုတ်၍ subscribe လုပ်ပေးလိုက်သည်။

[အောင်မြင်မှုစံနှုန်း : ၁၀၄/၁၀၀၀]

“ကျေးဇူးတင်ပါတယ် ရဲမေရှန်။ ကျွန်တော် အခု ပြန်လိုက်ဦးမယ်နော်”

လင်းချွမ် ဦးညွှတ်ကာ လှည့်ပြန်ရန် ပြင်လိုက်သည်။

ထိုစဉ် ရှန်ချန်းချန်း လက်ဆန့်လာပြီး တားလေ၏။

“ရှင် ပြန်လို့ မရသေးဘူး”

All Chapters