← Chapters

လိမ်လည်ခြင်းဘုရင်

Vol. 2 Ch. 18

လိမ်လည်ခြင်းဘုရင်

Vol. 2 Ch. 18

“ရဲမေရှန် ကျွန်တော့်သံသယတွေ ရှင်းသွားပြီ မဟုတ်ဘူးလား”

လင်းချွမ် ဟိုဟိုဒီဒီကြည့်၍ ရှန်ချန်းချန်းနောက် လိုက်လာ၏။

“ရှင်းသွားပြီဆိုပေမဲ့ ရှင့်မှာ လိမ်နည်းတွေ ရှိနေတယ်ဆိုတော့ နောက်ပိုင်း ထပ်မသုံးရအောင် မှတ်တမ်းတင်ရလိမ့်ဦးမယ်”

ရှန်ချန်းချန်းမှ ရှင်းပြ၏။

လင်းချွမ် ရှုံ့မဲ့သွားကာ

“ကျွန်တော့်ပုံက ဥပဒေချိုးဖောက်ပြီး ပြစ်မှုကျူးလွန်မယ့်ပုံ ပေါက်နေလို့လား”

“အဲ့တာက…”

ရှန်ချန်းချန်း ခေါင်းလေးအနည်းငယ်မော့၍ လင်းချွမ် မျက်နှာအား စိုက်ကြည့်နေသည်။

အရပ် (၁၈၆) စင်တီမီတာရှည်ပြီး သူ့ထက် ခေါင်းတစ်လုံးကျော် မြင့်နေသော ချောမော ခန့်ညားသည့် မျက်နှာလေးမှာ ပြစ်မှုကျူးလွန်မည့်ပုံတော့ မပေါ်ပေ။

“မပေါက်ပါဘူး”

ရှန်ချန်းချန်း ခေါင်းယမ်းပြ၏။

လင်းချွမ် ထိုအခါမှ ပြုံးသွားသည်။

အဲ့တာအားလုံး မင်းကြောင့်ပဲ စနစ်ကောင်။

သူခိုးနဲ့ လူလိမ်လို မဟုတ်တဲ့ အလုပ်အကိုင်တွေပဲ လာပေးနေတယ်။ အဲ့တော့ အဲ့လိုနဲ့ပတ်သက်တာတွေပဲ ရေးရတာပေါ့။

ရှန်ချန်းချန်း ပြုံးရွှင်၍

“ရှင့်အရည်အချင်းတွေက တကယ် ထူးခြားတာဆိုတော့ ရဲစခန်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိရင်ရှိနေမှာ”

လင်းချွမ် သက်ပြင်းချလိုက်မိ၏။

မှတ်တမ်းတင်တယ်ဆိုလည်း တင်ပေါ့။ တရားခံအနေနဲ့ ဆက်ဆံခံရတာထက် ရဲတွေနဲ့ ပူးပေါင်းရတာက ပိုကောင်းပါတယ်။

စစ်ဆေးခန်းနှင့် အချုပ်များမှာ လူတစ်ယောက် နေနေရမည့်နေရာမျိုး မဟုတ်ပေ။

အထူးသဖြင့် ဘေးမှအမျိုးသမီးမှာ တစ်ခါတစ်ရံ အေးစက်၍ တစ်ခါတစ်ရံ ချိုသာနေသည်မှာ ကြောက်စရာကောင်းလှသည်။

“ရှင် စိတ်ထဲမှာ ကျွန်မ မကောင်းကြောင်း ပြောနေတာလား”

ရှန်ချန်းချန်း မျက်ခုံးလေးပင့်၍ ပြောလိုက်၏။

လင်းချွမ် လန့်ဖျပ်ကာ

“ဘာလို့ အဲ့လိုမေးရတာလဲ”

ရှန်ချန်းချန်း ထူးဆန်းသလိုကြည့်၍

“အာရုံလေ။ အခု ရှင့်စိတ်ထဲ ကျိန်ဆဲနေလောက်တယ်။ အထူးသဖြင့် ခဏခဏ လာဖမ်းနေတဲ့ ကျွန်မကိုပေါ့”

“အပြစ်မတင်ပါဘူး”

လင်းချွမ်စကားလုံးမှာ ခံစားချက်နှင့် မကိုက်ညီသော်လည်း ရင်ထဲတွင် နာကျင်နေသည်။

အမြဲ လာလာဖမ်းနေတာတော့ သိတယ်မလား။ အဲ့တာကို ဘယ်လိုလျော်ပေးမှာလဲ။

ညစာဖိတ်ကျွေးတာမျိုးပေါ့။

ရက်တွေဆက်တိုက်ကြီး စစ်ဆေးခံရတော့ ဗိုက်တွေဆာလွန်းလို့ မူးတောင်လဲတော့မယ်။

“ဒီလိုလုပ် ကျွန်မ ဒီနေ့ ညစာလိုက်ကျွေးမယ်လေ”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။

လင်းချွမ် ရုတ်တရက် မှင်တက်၍ ရှန်ချန်းချန်းအား ထူးဆန်းသလို ကြည့်နေသည်။

ရဲမေရှန် အကြားအမြင် ရနေတာလား။

“ရှင်က မကြိုက်လို့လား”

ရှန်ချန်းချန်း မျက်တောင်လေးခတ်၍ ပြန်မေးသည်။

လင်းချွမ် ထိုအခါမှ ခေါင်းတဆတ်ဆတ် ငြိမ့်လျက်

“ကြိုက်တာပေါ့။ အရမ်းကြိုက်တယ်”

ရှန်ချန်းချန်း မျက်ဝန်းများမှာ ကြည်လင်တောက်ပ၍ ပြုံးကာ

“နောက်တစ်ခု ရှိသေးတယ်။ အန်လင်းရဲစခန်းကနေ လောင်းကစားဆန့်ကျင်ရေးကမ်ပိန်းအတွက် ဗီဒီယိုတွေနဲ့ ဖြန့်ဝေဖို့ လူရှာနေတာ”

“ဘယ်လို”

လင်းချွမ် မျက်ခုံးပင့်၍ အံ့ဩသွားသည်။

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြကာ

“အဲ့တာ ရှင် စိတ်ဝင်စားရင် ခဏနေ မှတ်တမ်းယူပြီးတော့ ဝင်စမ်းကြည့်ပါလား။ သေချာပေါက် အရွေးခံရမှာ”

“မကောင်းဘူး ထင်တယ်။ ကာစီနိုသူဌေးတွေဆီကနေ လုပ်ကြံခံနေရဦးမယ်နော်”

လင်းချွမ် ခဏစဉ်းစား၍ ခေါင်းယမ်းလေသည်။

ထိုကဲ့သို့ လောင်းကစားဆန့်ကျင်ရေးနောက်ကွယ်၌ ကြီးမားသောအန္တရာယ်များ ရှိနေ၏။

အချို့ပညာရှင်များဆိုလျှင် အမည်မသိနေရာများမှ အသက်ခြိမ်းခြောက်စာများအထိ ရောက်လာတတ်ပါသည်။

သူ့လုံခြုံရေးမှာတော့ ပထမဦးစားပေး ဖြစ်၏။

ရှန်ချန်းချန်းမှ

“ရှင်က အန်လင်းရဲစခန်းရဲ့ အစွမ်းကို အထင်သေးနေတာပဲ။ ဒီကမ်ပိန်းမှာ ဝင်ပါရင် ယွမ် (၃၀၀၀) ဆုချမယ့်အပြင် လုံခြုံရေးကိုပါ အာမခံပေးထားသေးတယ်။ ဒါပေမဲ့ ရှင် စိတ်မဝင်စားရင်လည်း…”

“ခဏလေး”

လင်းချွမ် လက်မြှောက်၍ စကားဖြတ်ပြောလိုက်သည်။

“ရဲမေရှန် ကျွန်တော် စိတ်ပြောင်းသွားပြီ။ ဒီကမ်ပိန်းမှာ ဝင်ပါမယ်”

ရှန်ချန်းချန်း သူ့ကို မသင်္ကာစွာကြည့်၍

“ရှင်ပဲ ခုနက ဟိုဟာဒီဟာ ကြောက်တယ်ဆို”

“ရဲမေရှန်ကလည်း ရဲမေရှန်ဘက်က အာမခံပါတယ်ဆို ကျွန်တော် စိတ်အေးရပါပြီ”

လင်းချွမ် အမူအရာကို တည်ငြိမ်အောင် ပြောင်း၍

“အဟမ်း ရှင်းရှင်းပြောရရင် ယွမ် (၃၀၀၀) ကို မက်လို့တော့ မဟုတ်ပါဘူး။ လောင်းကစား ကင်းစင်တဲ့ လောကကြီးကို တွေ့ချင်ရုံပဲ။ ဒီကမ်ပိန်းမှာ ကျွန်တော် သေချာပေါက် ပါမယ်”

ရှန်ချန်းချန်း အမူအရာမှာ ပို၍ မယုံသင်္ကာဖြစ်လာ၏။

လင်းချွမ် ရှင်စိတ်ပြောင်းတာကလည်း တကယ် မြန်လွန်းနေတာပဲ။

“ရဲမေရှန် ကျွန်တော့်ကို မှတ်တမ်းခန်းဆီ ခေါ်သွားပေးပါ”

လင်းချွမ် တက်ကြွစွာ ပြောလိုက်၏။

ယွမ် (၃၀၀၀) အတွက်ပဲ။ ဘယ်တတ်နိုင်မလဲ။

“ကျွန်မနောက်ကနေ လိုက်ခဲ့ပါ”

ရှန်ချန်းချန်း ရယ်မော၍ ပြောလိုက်၏။

ထို့နောက် နှစ်ဦးသား မှတ်တမ်းခန်းသို့ ချီတက်သွားတော့သည်။

မှတ်တမ်းခန်းထဲ၌။

ရဲမှူးလီဖျင်နှင့် လောင်းကစားတိုက်ဖျက်ရေးပညာရှင် ချန်မင်တို့ ထိုင်စောင့်နေ၏။

“လင်းချွမ် မင်းရဲ့ လိမ်လည်နိုင်တဲ့အဆင့် အစစ်အမှန်ကို ကြည့်ရမယ်”

လီဖျင်မှ ဒဲ့ဒိုးသာ ပြောလိုက်သည်။

“ကောင်းပါပြီ”

လင်းချွမ် ခေါင်းငြိမ့်ပြ၏။

“ထိုင်ပါဦး”

“ရဲမေရှန်လည်း ထိုင်လေ”

လီဖျင် လက်ပြ၍ ပြောလိုက်သည်။

(၄) ယောက်စလုံး စားပွဲတွင် ထိုင်မိပြီးနောက် ချန်မင်မှ မဖောက်ရသေးသော ဖဲထုပ်အသစ်ကိုယူကာ အကြိမ်ရေ အတော်များများ မွှေပြီးမှ လင်းချွမ်ရှေ့ ချပေးလိုက်သည်။

“ငါ့ကိုယ်ငါ အရင်မိတ်ဆက်ရရင် လောင်းကစားတိုက်ဖျက်ရေးနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ ချန်မင်ပါ။ မင်း ဘယ်လို ဆော့ချင်လဲ”

“ဘယ်လိုဖြစ်ဖြစ် ရပါတယ်”

“ဒါဆို ကျားကျင်ဟွာနည်းနဲ့ ဆော့တာပေါ့”

ချန်မင် ပြုံး၍ ပြောလိုက်သည်။

လင်းချွမ် ဖဲချပ်များကို ကိုင်ကာ ထပ်မမွှေတော့ဘဲ တန်းဝေပေးလေ၏။

သူ့နေရာမှစပြီး ကစားသမား (၄) ယောက်အတွက် တစ်ယောက် (၃) ချပ်စီ ဖြစ်သည်။

“အရည်အချင်းကို ကြည့်ကြတာပေါ့”

လင်းချွမ် ပြုံး၍ ပြောလိုက်၏။

လီဖျင်မှာ ပထမဆုံး ကဒ်ပြရသူဖြစ်ပြီး ဘုရင်မ (၃) ကဒ် ဖြစ်နေသည်။

ရှန်ချန်းချန်းကဒ်များ ဖွင့်လာသောအခါတွင်တော့ ဘုရင် (၃) ကဒ်ဖြစ်၏။

ချန်မင်လည်း မျက်မှောင်ကြုတ်၍ လင်းချွမ်ကို စိုက်ကြည့်ပြီးနောက် ကဒ်များကို လှန်လိုက်သည်။

A (၃) ကဒ်။

အားလုံး ကဒ်တူများ ဖြစ်လေသည်။

ထိုအခါမှ လင်းချွမ် ပြုံးလျက် ကဒ်များအား ပြလိုက်သည်။

၂၊ ၃၊ ၅။

ထို ၂၃၅ မှာ ကစားပွဲတွင် ဂဏန်းအသေးဆုံး ဖြစ်သော်လည်း ထိုကဒ်တူများကို နိုင်ပါသည်။

ထိုအခါ ရှန်ချန်းချန်းနှင့် လီဖျင်တို့ ချန်မင့်ကို ကြည့်မိ၏။ ကဒ်မွှေသူမှာ လင်းချွမ်မဟုတ်။ ချန်မင် ဖြစ်ပါသည်။

ကစားပွဲတစ်လျှောက်လည်း ထူးခြားချက် မတွေ့မိကြပေ။ အားလုံး အခြေအနေကို စိတ်ဝင်စားသွားကြ၏။

ချန်မင်ကတော့ မျက်နှာပျက်လျက်

“မင်း ကဒ်လဲတာ အရမ်းမြန်တော့ တကယ် မသိလိုက်ဘူးပဲ။ ဒါပေမဲ့ နားမလည်တာက ငါမွှေထားတဲ့ကဒ် အစီအစဉ်ကို ဘယ်လိုသိနေတာလဲ”

သူကိုယ်တိုင် လိမ်နည်းများစွာကို တတ်မြောက်သော်လည်း ထိုအခြေအနေကို လိုက်မမီတော့ချေ။

လင်းချွမ်ပြုံးလျက်

“ဆရာ (၅) ခါ မွှေလိုက်တယ်လေ။ ပထမ (၃) ခါက အလယ်ထဲကို ထည့်တယ်။ နောက်ဆုံး (၂) ခါမှာ အပေါ်မှာ ထားတယ်။ ဒါပေမဲ့ တစ်ခါဆွဲရင် ပါလာတဲ့ ကဒ်တွေကို ကျွန်တော့်စိတ်ထဲ မှတ်မိနေတာ”

အားလုံး မှင်တက်သွားကြ၏။

ဖဲချပ် (၅၂) ချပ်၏ အစဉ်လိုက်ကို မှတ်ထားနိုင်သည်လား။

လင်းချွမ်ရဲ့အဆင့်က ဘာလဲ။

“ဆက်ကစားကြမလား”

လင်းချွမ်မှ ချန်မင့်ကို လှမ်းမေးလိုက်သည်။

ချန်မင် သက်ပြင်းချ၍ ဒီနေ့ ပြိုင်ဘက်ကောင်း တွေ့ရပြီဟု အံကြိတ်လျက်

“ဒါပေါ့”

သူ စတွေ့တည်းက ခန့်မှန်းမိသည့်အတိုင်း လင်းချွမ်မှာ လိမ်လည်ခြင်းဘုရင် ဖြစ်လေသည်။

ဤသို့ဖြင့် မည်သို့ပင်ဆက်ဆော့ပါစေ ချန်မင် ရှုံးဆဲပင်။

သူ မျက်နှာ အလွန်ပျက်နေလေပြီ။

ရှန်ချန်းချန်းမှာ လင်းချွမ်ဘေး၌ ထိုင်နေပြီး သူ့ကို ငေးကြည့်ရင်း အရင် သူသိထားသော လင်းချွမ်နှင့် ကွဲပြားနေသည်အား သတိထားမိလာသည်။

အရှိန်အဝါမှာ လုံးဝ ပြောင်းလဲနေသည်။

လင်းချွမ်ပုံစံမှာ ယုံကြည်ချက်အပြည့်ဖြင့် အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်၏။

ပွဲပေါင်းများစွာ ဆက်လက်ဆော့ခဲ့သော်လည်း အားလုံး နိုင်ခဲ့လေသည်။

ထိုအခါမှ လင်းချွမ် လီဖျင်နှင့် ရှန်ချန်းချန်းတို့ကို ကြည့်ကာ ပြုံး၍

“ရဲမှူးတို့ ကျွန်တော် ယွမ် (၃၀၀၀) ယူလို့ရ… အဲ လောင်းကစားတိုက်ဖျက်ရေး ကမ်ပိန်းမှာ ဝင်ပါလို့ ရပြီလားခင်ဗျ”

All Chapters