← Chapters

အတွင်းသတင်း

Vol. 2 Ch. 19

အတွင်းသတင်း

Vol. 2 Ch. 19

မှတ်တမ်းအခန်းထဲတွင်။

လီဖျင်တစ်ယောက် လင်းချွမ်ထံမှ ပွဲတိုင်း ရှုံးနိမ့်ခဲ့သော ချန်မင့်ကိုကြည့်၍ ရယ်မောကာ

“ရဲဘော် လင်းချွမ် အန်လင်းမြို့ရဲ့ လောင်းကစား တိုက်ဖျက်ရေးအစီအစဉ်မှာ ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ်နော်”

“ဒါ ကျွန်တော့်တာဝန်ပါပဲ”

လင်းချွမ် တည်ကြည်စွာဖြင့်

“ဒါနဲ့ ကျွန်တော် အကူအညီတစ်ခုလောက် တောင်းလို့ ရမလားဟင်”

“ပြောပါ”

“ဒီကမ်ပိန်းဗီဒီယိုမှာ ပါတဲ့အခါလေ ကျွန်တော့်ကို ဒီအတိုင်း လောင်းကစားဆန့်ကျင်ရေး တက်ကြွသူတင် မဟုတ်ဘဲ စာရေးဆရာဆိုပြီး အောက်မှာပါ ‘လူလိမ်’ ဝတ္ထုကိုလင့်ခ်ချပေးရင် ပိုပြီး ထိ​ရောက်မလားလို့ပါ”

လင်းချွမ် သေချာရှင်းပြ၏။

“ကောင်းတာပေါ့”

လီဖျင် ပြုံး၍ ခေါင်းငြိမ့်ပြလေသည်။

“မင်းစာအုပ်က တကယ် အသုံးဝင်မှာပါ”

“ဟုတ်ကဲ့။ ကျွန်တော်လည်း အဲ့လို ရည်ရွယ်တာပါပဲ”

သူ အသံကိုမြှင့်၍ ဩဇာရှိရှိ ပြောလိုက်သည်။

[လက်ရှိစာအုပ်: ‘လူလိမ်’]

[အခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း : ၁၀၄/၁၀၀၀]

အောင်မြင်မှုနှုန်း အလွန်နိမ့်နေသေး၍ စာဖတ်သူ များလာစေရန် ဆွဲဆောင်ရပေမည်။

ထို့ကြောင့် ယခု ကမ်ပိန်းမှာ ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်လာနိုင်၏။

ထို့အပြင် ယွမ် (၃၀၀၀) လည်း ရဦးမည်။

ခဲတစ်လုံးဖြင့် ငှက် (၂) ကောင် ပစ်ခြင်း ဖြစ်၏။

လင်းချွမ် ဖဲချပ်အနောက်၌ နံပါတ်အချို့ ရေးသားကာ လီဖျင့်ကို ပေးလိုက်သည်။

“ဒါက ဘာလဲ”

လီဖျင် နားမလည်နိုင်သလို ကြည့်နေ၏။

မော့စ်ကုဒ်လား။

လင်းချွမ်ပြုံးလျက်

“ဒါ ကျွန်တော့် ဘဏ်အကောင့်ပါ။ ကမ်ပိန်းပါဝင်ခကို တန်းလွှဲလို့ရအောင်”

လီဖျင်နှင့် ရှန်ချန်းချန်းတို့ အချင်းချင်းကြည့်၍ ပြုံးလိုက်မိသည်။

“ရပါတယ်”

ဤသို့ဖြင့် ကမ်ပိန်းအတွက် ရိုက်ကူးရန်ရက်ကို သန်ဘက်ခါညတွင် စီစဉ်လိုက်သည်။

မှတ်တမ်းယူခြင်း ချောမွေ့စွာ ပြီးဆုံးသွား၏။

လင်းချွမ် စခန်းအပြင် ထွက်လာ​သောအခါ အတော်လေး မှောင်နေလေပြီ။

အနောက်ဘက်ကောင်းကင်၌ ငါးအကြေးခွံကဲ့သို့ တိမ်တိုက်များမှာ ရွှေရောင်ဟပ်လျက် အိပ်မက်ဆန်ဆန် လှပနေသည်။

ငှက်ကလေးများလည်း အသိုက်အမြုံဆီ ပျံသန်းနေကြပြီး သူတို့၏ အသံတစာစာနှင့် လမ်းမပေါ်မှ ကားသံများ ရောထွေးနေသည်မှာ တဖြည်းဖြည်း တိတ်ဆိတ်သွား၏။

ရဲစခန်းဝင်ပေါက်၌။

လင်းချွမ် သက်ပြင်းချကာ ရပ်နေစဉ် လူတစ်ယောက် ရောက်လာသည်။

အစ်ကိုဝမ် ဖြစ်၏။

ဝမ် လင်းချွမ်ကိုတွေ့သည်နှင့် ဝမ်းသာအားရ ပြေးဖက်လေသည်။

“လင်းချွမ် ထွက်လာပြီပဲ။ မထွက်ရသေးရင် ငါက…”

“ငါက ဘာဖြစ်လဲ”

လင်းချွမ် ပြုံး၍မေးလိုက်၏။

ဝမ် ရယ်မောကာ သူ့နားအနားကပ်၍

“ချီချီနဲ့ တိုင်ပင်မလို့ပါ”

လင်းချွမ် မှင်တက်နေ၏။

“…”

ညီလေးက တရားခံဖြစ်တော့မှာကို ချစ်ကြည်နူးနိုင်သေးလား။

ဝမ် ရယ်လျက်

“ချီချီ့သူငယ်ချင်းက မင်းကိုဖမ်းသွားတဲ့ ကျေးဇူးနဲ့ ငါ ချီချီနဲ့ အကြာကြီး အတူတူရှိနေလိုက်ရတယ်။ ငါပြောချင်တာ သိတယ်မလား”

လင်းချွမ် ဆက်မပြောတော့ဘဲ လှည့်ထွက်လာသည်။

ဝမ်က

“လင်းချွမ်ကလည်း စတာပါကွာ။ ရဲမေရှန် မင်းအမှုအကြောင်း အကုန် ချီချီ့ကို တောက်လျှောက် ပြောပြနေတာ။ အဲ့တာကြောင့် ငါတို့ စိတ်မပူတာပေါ့။ ငါတို့အားလုံးကို ထမင်းလိုက်ကျွေးမယ်လို့လည်း ပြောထားသေးတယ်”

“တွေ့တာမှ နေ့တစ်ပိုင်းရှိသေးတာကို နာမည်တွေ ဘာတွေ တပ်ခေါ်လို့ပါလား”

လင်းချွမ် အံ့ဩစွာ ပြောလိုက်သည်။

“မင်းက မချစ်ဖူးမှန်း သိသာလိုက်တာ။ ချီချီနဲ့ ငါက အလုပ်နယ်ပယ်တူတယ်လေ။ စောစောတည်းကတောင် တွေ့ရမှာ”

“ဘယ်သူက မချစ်ဖူးလို့လဲ”

လင်းချွမ် ပြန်ပက်လေသည်။

“အများကြီး ချစ်ဖူးတာပေါ့”

“ဘယ်လောက်မို့လို့လဲ”

နူးညံ့သာယာသောအသံလေးတစ်ခု လင်းချွမ်နားထဲ တိုးဝင်လာသည်။

လင်းချွမ် လက် (၂) ဖက်လုံးထောင်က

“တစ်ဖက်တည်းနဲ့ ရေလို့တော့ မရဘူး။ ဟမ်… ရဲမေရှန် ဘယ်လိုလုပ် ရောက်နေတာလဲ”

“ကျွန်မဘက်က တောင်းပန်တဲ့အနေနဲ့ ညစာ လိုက်ကျွေးဖို့ပေါ့”

ရှန်ချန်းချန်း၏ လခြမ်းကွေးမျက်ဝန်းများပေါ်၌ မျက်တောင်ရှည်များ ကော့ညွတ်နေသည်။

“ဒါနဲ့ သိချင်သွားလို့ပါ။ ရှင် အတိအကျ ဘယ်နှစ်ယောက်နဲ့ ဒိတ်ဖူးတာလဲ”

လင်းချွမ် နေရခက်စွာဖြင့် လက်များကို အနောက်သို့ ဖွက်လိုက်ပြီး

“အာ ရဲမေရှန်ကလည်း ဒါက မှတ်တမ်းယူတဲ့ထဲ မပါဘူးလေ”

ဘေးမှ ဝမ်သည် ရယ်မော၍

“ရဲမေရှန်ရယ် လင်းချွမ် တစ်ခါမှ မဒိတ်ဖူးပါဘူး။ အမြဲ အိမ်ထဲမှာပဲ စာအုပ်ရေးနေတာ။ တွေ့ဖူးတဲ့ မိန်းကလေးတောင် သိပ်မရှိတာ။ ဘယ်လိုလုပ် ရည်းစားရမလဲ”

“သိသာပါတယ်”

ရှန်ချန်းချန်းပါ ရယ်မောလိုက်၏။

ယခုအချိန်တွင် ရဲမေရှန်မှာ နေ့လယ်က တွေ့သကဲ့သို့ ဂါဝန်အဖြူလေးနှင့် လှနေသည်။

ရဲယူနီဖောင်းနှင့် အရှိန်အဝါ အလွန်ကွာခြား၏။

နူးညံ့၍ ချစ်စရာကောင်းလှသည်။

ထိုစဉ် မာစီဒီးကားတစ်စီး သူတို့ (၃) ဦးရှေ့ ထိုးစိုက်လာသည်။ မောင်းလာသူမှာ ဝမ်၏ကြင်ဖက်တွေ့ဆုံပွဲမှ မိန်းကလေး ဖြစ်လေ၏။

“တက်ကြ”

ရွှယ်ချီချီ ကားလက်ကိုင်ကို ကိုင်ထားရင်း နေကာမျက်မှန်နှင့် အလွန် လန်းဆန်းတက်ကြွနေသည်။

ရှန်ချန်းချန်းမှာ ရှေ့ခန်းတွင် ဝင်ထိုင်လိုက်သည်။

လင်းချွမ် ဝမ့်ကို ခပ်တိုးတိုး လှမ်းမေး၏။

“အဲ့ဒီရွှယ်ချီချီက ကျွန်တော်တို့လို ဟုတ်ရဲ့လား”

“ဟုတ်တယ်လေ။ သူ့စာအုပ်က မိန်းကလေး အဓိက ဇာတ်ကောင်နဲ့ အခွင့်အရေးတွေအကြောင်းဆိုတော့ တော်တော်လေး ရောင်းရတယ်”

ရှန်ချန်းချန်း စာရေးဆရာများအား အထင်ကြီးနေခြင်းကို ထိုအခါမှ နားလည်သွားတော့သည်။

“မိန်းမလုပ်စာ ထိုင်စားတော့မယ်ပေါ့လေ”

လင်းချွမ် နောက်လိုက်သည်။

“အဟမ်း ငါ့မှာလည်း စာအုပ်ကောင်းတွေ ရှိတာပဲကို။ သူ့လုပ်စာ ထိုင်စားတာမှ မဟုတ်တာ”

“လေးစားပါတယ်”

လင်းချွမ် လက်မလေးထောင်ပြလိုက်သည်။

…

ရှန်ချန်းချန်းမှာ ဂီတစားသောက်ဆိုင်၌ booking တင်ထားလေသည်။

စားသောက်ဆိုင်ထဲတွင် အပြာရောင်မီးများ တဖျတ်ဖျတ်ဖြင့် နံရံမှ ပန်းချီများအား ပိုအသက်ဝင်စေသည်။

ရှေးဟောင်းဂီတစက်ကြီးမှလည်း စိတ်ကူးယဉ်ဆန်သည့် သီချင်းများ ဖွင့်ထားကာ အလွန် နွေးထွေးငြိမ့်ညောင်းနေသည်။

(၄) ယောက်သား ပြတင်းပေါက်ဘေးခုံ၌ ထိုင်လိုက်ကြသည်။

ရွှယ်ချီချီမှ စကားစလေသည်။

“လင်းချွမ် ရှင် ဘယ်လိုလုပ် သံသယရှိသူအဖြစ် အဖမ်းခံရတာလဲ”

လင်းချွမ် နေရခက်စွာဖြင့်

“ရဲမေရှန်ပဲ ရှင်းပြပါလိမ့်မယ်”

ရှန်ချန်းချန်းပြုံးလျက် ပန်းသွေးရောင် နှုတ်ခမ်းများ ပွင့်ဟလာသည်။

“ဖမ်းခံရတာ မဟုတ်ပါဘူး။ ဆင့်ခေါ်တာမျိုးပေါ့။ သူ့ကို ဆင့်ခေါ်ရတဲ့အကြောင်းကတော့ သူရေးတဲ့ စာအုပ်တွေနဲ့ပတ်သက်ပြီး စစ်ဆေးစရာတွေ ရှိနေလို့ပါ”

“စာအုပ်တွေလား”

စာရေးဆရာမဖြစ်သော ရွှယ်ချီချီလည်း စိတ်ဝင်စားသွား၏။

ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍ အစအဆုံး ရှင်းပြလိုက်လေသည်။

“လင်းချွမ် ရှင်က တကယ်ကို အံ့ဩစရာတွေ ပြည့်နေတာပဲ”

လင်းချွမ်အား လက်မလေး ထောင်ပြလိုက်၏။

လင်းချွမ် လက်ယမ်း၍

“မဟုတ်ပါဘူး။ အထင်လွဲရုံပါ”

ရွှယ်ချီချီ တက်ကြွစွာဖြင့်

“ဒါပေမဲ့ ရှင့်စာအုပ်က ဟန်တန်တို့ ဟုန်မိန်တို့နဲ့ တူနေတယ်နော်။ သူတို့က နာမည်ကြီးတွေကို အရောင်းထိခိုက်မယ်ထင်တယ်”

“အင်းပေါ့”

လင်းချွမ် ခေါင်းငြိမ့်ထောက်ခံမိသည်။

“တကယ်တော့လေ အတွင်းသတင်းတွေ ရှိတယ်သိလား”

ရွှယ်ချီချီမှ ပြောလိုက်သည်။

“ဘာသတင်းလဲ”

အားလုံး စိတ်ဝင်စားသွားကြ၏။

ရွှယ်ချီချီမှာ ဗုံးကျဲခါနီး တိတ်ဆိတ်နေ၏။

“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကနေ လတ်တလော ထုတ်ဝေတဲ့ထဲက ‘သူရဲကောင်းပြိုင်ပွဲ’ ဆိုပြီး လုပ်မယ်တဲ့။ အဲ့အတွက် ဆုကတော့ မသိသေးဘူး။ ‘သူရဲကောင်းပြိုင်ပွဲ’ ဆိုပေမဲ့ သူရဲကောင်း (၂) ယောက် အတွက် အဓိကပွဲပဲ။ ဟန်တန်နဲ့ ဟုန်မိန်ပေါ့။ ဒီရက်ပိုင်းထဲတော့ တရားဝင် ကြေညာမယ်ထင်တယ်။ လင်းချွမ် ရှင်လည်း ပြင်ဆင်ထားသင့်တယ်”

All Chapters