← Chapters

မဖြစ်နိုင်တာ

Vol. 2 Ch. 20

မဖြစ်နိုင်တာ

Vol. 2 Ch. 20

စားသောက်ဆိုင်တစ်ခုလုံး အပြာရောင်မီးများ လွှမ်းခြုံလျက် ရှိသည်။

လင်းချွမ်ကတော့ မျက်နှာပျက်နေ၏။

သူရဲကောင်း (၂) ဦးရဲ့ တိုက်ပွဲမှာ ငါက မြေစာပင် ဖြစ်တော့မှာပဲ။

တကယ်ပဲ။

ဝမ် လင်းချွမ်ပုခုံးကို ပုတ်လိုက်ပြီး ရယ်မောကာ

“ချီချီရယ် ဟန်တန့်စာအုပ်အသစ်က ‘လိမ်လည်ခြင်းဘုရင်’။ လင်းချွမ်စာအုပ်က ‘လူလိမ်’ လေ”

ရွှယ်ချီချီ ရုတ်တရက် ပါးစပ်အဟောင်းသားလေး ဖြစ်နေပြီးမှ အံ့ဩသွားပုံဖြင့် လင်းချွမ်အား လက်မထောင်ပြကာ

“တကယ့်ခက်တာကို ရေးထားတာပဲ”

ရှန်ချန်းချန်းကတော့ ဘေးတွင်ထိုင်နေရင်း လိမ္မော်ရည်လေး သောက်၍ သေချာလိုက်စဉ်းစားနေသည်။

သူကိုယ်တိုင် စာရေးဆရာ မဟုတ်သော်လည်း လင်းချွမ် ရင်ဆိုင်နေရသော အခက်အခဲများကို အကြမ်းဖျင်း နားလည်ပါသည်။ ထို့နောက် ပြုံး၍ လှမ်းမေးလိုက်၏။

“ထောက်ခံချက်တွေ ရဖို့က တခြားနည်းလမ်း မရှိဘူးလား”

ဝမ် ရယ်မောလျက်

“ရှိတာပေါ့။ အပိုင်းလိုက် ထောက်ခံတာလေ”

ရွှယ်ချီချီလည်း ခေါင်းငြိမ့်၍

“ဘလော့ဂါတွေကို ပိုက်ဆံပေးပြီး ကြော်ငြာခိုင်းတာမျိုးလည်း ရှိတယ်”

လင်းချွမ် ရုတ်တရက် သူ့အိတ်ကပ်ထဲ လက်နှိုက်ကြည့်မိပြီး ဘာမျှမရှိသည်ကို တွေ့ရ၏။

အမလေး။

ကံကြမ္မာက တကယ်ဆိုးတာပဲ။ ကြမ်းတမ်းမှုတွေပဲ ပြည့်နေတယ်။

သူ့လို အရှုံးသမားဘဝငယ်လေးမှာ subscriber (၁၀,၀၀၀) ရှိသူများကို လုံးဝမယှဉ်နိုင်ချေ။

လင်းချွမ်ပြုံး၍ အရှုံးကို လက်ခံသည့်အမူအရာဖြင့်

“subscription (၁၀၀၀) လောက် ရရင်ပဲ ကျေနပ်ပါပြီ”

Subscribe လုပ်သူ (၁၀၀၀) ပြည့်လျှင် သူ နောက်ထပ် အလုပ်အတွေ့အကြုံ ရရှိနိုင်လေပြီ။

ရွေးချယ်စရာများလာပါက အောင်မြင်နိုင်ချေလည်း များနိုင်သည် မဟုတ်လား။

ရှန်ချန်းချန်းမှ နူးညံ့စွာ ပြုံးလျက် အားပေးလေ၏။

“ရှင့်ရဲ့ ဒီဝတ္ထုက (၁၀၀၀) မကအောင် အောင်မြင်မယ်လို့ ခံစားမိနေတယ်”

လင်းချွမ် ကျေးဇူးတင်စွာဖြင့်

“ဒါဆို ရဲမေရှန်ရဲ့ စကားကိုပဲ ယုံလိုက်တော့မယ်”

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှန်ချန်းချန်းအားကြည့်၍ ပြောလိုက်သည်။

အပြာဖျော့ဖျော့ မီးရောင်အောက်တွင် ရှန်ချန်းချန်း၏ လှပသော မျက်နှာလေး၏ အသွင်အပြင်များ ထူးခြားစွာ ပေါ်နေပြီး မျက်ဝန်းများ တောက်လျက် အပြုံးနောက်ကွယ်မှ သွားလေးများ ဖြူဖွေးနေသည်။

“အဟမ်း”

ဝမ် ဝင်၍ ချောင်းဟန့်လိုက်ပြီး လင်းချွမ်ကို ပုတ်၍

“လင်း စားစရာတွေ ရောက်လာပြီ”

လင်းချွမ်လည်း ရယ်ကျဲကျဲ လုပ်နေတော့သည်။

…

တစ်နာရီခန့် ကြာပြီးနောက်။

လင်းချွမ်နှင့် ဝမ်ကျီခန်တို့ မိန်းကလေးများ ကားနှင့် ထွက်သွားသည်ကို ကြည့်ပြီးနောက် အန်လင်းမြစ်ဘေး၌ လေညင်းခံရင်း လမ်းလျှောက်လာကြသည်။

ညမှာ မှောင်မိုက်၍ အန်လင်းမြစ်ကြီးပါ မည်းနက်နေသည်။

မြစ်ကမ်းဘေးမှ မြင့်မားသော အဆောက်အဦကြီးများမှာလည်း မီးရောင်များဖြင့် လင်းလက်၍ ကောင်းကင်မှ ကြယ်များ ကြွေကျနေသကဲ့သို့ပင်။ နူးညံ့သော လေညင်းနှင့် ငွေလရောင်တို့မှာ ရောင်စုံနီယွန်မီးများကြားမှ ဖြတ်သန်းသွားပြီး ရေမျက်နှာပြင်၌ လှိုင်းတလက်လက်ဖြစ်နေ၏။

“အစ်ကိုနဲ့ ရွှယ်ချီချီတို့ တော်တော် အဆင်ပြေနေကြပုံပဲနော်”

လင်းချွမ်ပြုံး၍ ပြောလိုက်သည်။

“ငါ့ရဲ့ ချောမောတဲ့ ရုပ်ရည်ကြောင့် အမှတ်တွေ ရတာနေမှာပေါ့”

ဝမ်ကျီခန် ရယ်မော၍ ပြောလေ၏။

လင်းချွမ် ဝမ့်ကို သေချာကြည့်ကာ ခေါင်းငြိမ့်၍

“ချောမောမှုကြောင့်ကတော့ တကယ်ပဲ။ ကျွန်တော့်နီးနီးလောက် ရှိပါတယ်”

“သွားစမ်း”

ဝမ် သူ့ကို ခပ်ဖွဖွ တွန်းလိုက်ပြီးနောက် မျက်နှာ ပြန်တည်သွားကာ

“ဒါပေမဲ့ တကယ်ပြောတာ။ ငါ ချီချီ့လို မိန်းကလေးမျိုးကို သဘောကျတယ်”

“ရွှယ်ချီချီနဲ့က အလုပ်တူတယ်။ လှတယ်။ သွက်တယ်။ နောက်ပြီး အကောင်းဆုံးကတော့ ချမ်းသာတယ်။ ဘယ်သူက မကြိုက်ဘဲ နေမလဲ”

လင်းချွမ် လက်ချောင်းများအား တစ်ချက်စီ ချိုးပြရင်း ပြောလိုက်သည်။

“မင်းကတော့ ရဲမေမလေးကို ကြွေနေတဲ့ပုံပါ”

ဝမ်ရယ်မော၍ စလေ၏။

“သွားထိလို့ မရတဲ့ ကိစ္စမျိုးပါဗျာ”

လင်းချွမ် ချက်ချင်း ခေါင်းယမ်းပြသည်။

“သေချာကြည့်ရင် ရဲမေရှန်လည်း ကောင်းပါတယ်။ နူးညံ့တယ်။ သာယာတဲ့အသံလေး ရှိတယ်။ မင်း ခုနကတောင် သွားပြီးစိုက်ကြည့်နေတာမလား”

ဝမ်မှ ပြုံး၍ ပြောလိုက်၏။

လင််းချွမ် ခဏစဉ်းစား၍

“အဲ့တာ အစ်ကိုက သူ့ရဲ့ ချိုသာတဲ့အခြမ်းပဲ တွေ့ရတာကိုး။ သူ့အေးစက်ခက်ထန်တဲ့ပုံ မတွေ့ဖူးသေးလို့ အလွယ်တွေးနေတာ”

“ဘယ်လို”

သူ နားမလည်နိုင် ဖြစ်သွားသည်။

လင်းချွမ် နေရခက်စွာဖြင့်

“အဲ့လို နူးညံ့သာယာတဲ့အပိုင်းလေးနဲ့ အရူးလုပ်မခံနဲ့။ ဒီမှာတော့ အချစ်ဦးလို ချိုသာပေမဲ့ စစ်ဆေးရေးအခန်းထဲမှာ အဲ့လိုမဟုတ်ဘူး”

“စစ်ဆေးရေးအခန်းထဲမှာက ဘယ်လိုလဲ”

ဝမ် ထပ်မေးလိုက်၏။

လင်းချွမ် ထိုအချိန်ကို ပြန်တွေးမိကာ

“စစ်ဆေးရေးအခန်းထဲမှာ ရဲမေရှန်က အေးစက်ကြောက်စရာကောင်းလွန်းလို့ အသက်ထွက်တော့မလိုပဲ”

“အဲ့တာ ဒီအတိုင်း စိတ်ကြောင့်ပါ။ ရဲမေရှန်နဲ့ မဆိုင်ပါဘူး”

ဝမ် ရယ်မောကာ ပြောလိုက်၏။

လင်းချွမ်ကတော့ ခေါင်းတယမ်းယမ်းပင်။

ဝမ် သူ့ပုခုံးကို လှမ်းပုတ်၍ အဓိပ္ပာယ်ရှိစွာ ပြုံး၍

“တကယ်ပြောတာ။ မင်း သူ့ကိုတော့ စဉ်းစားသင့်တယ်”

ဟင်…

လင်းချွမ် မျက်လုံးပြူးလျက်

“ကျွန်တော့်ကို ရဲမေရှန်နဲ့ စဉ်းစားခိုင်းတာလား”

“ဟုတ်တယ်လေ”

လင်းချွမ် သူ့ကို မချိုမချဉ်ပြုံးပြ၍

“ကျွန်တော့်ဘက်က တစ်ဖက်သတ်ကြီး စဉ်းစားနေတော့ ဘာထူးမှာလဲ”

ရုပ်ရည်ကိုကြည့်လျှင် ရှန်ချန်းချန်းမှာ မိတ်ကပ်လိမ်းထားသော မည်သည့် မင်းသမီးကိုမဆို ယှဉ်နိုင်သည်။ စိတ်ထားမှာ တစ်ခါတစ်ရံ ချိုသာနူးညံ့၍ တစ်ခါတစ်ရံ အေးစက်မာကြောသောကြောင့် ခံစားချက်စုံသည်။

သို့သော်။

ဟိုကဖြင့် လှည့်တောင်မကြည့်ဘဲ တစ်ယောက်တည်း စဉ်းစားနေတော့ ဘာထူးမှာလဲ။

လင်းချွမ် သူ့ကိုယ်သူ နားလည်ပါသည်။

လုံးဝမအောင်မြင်သေးဘဲ ရုန်းကန်နေရသော စာရေးဆရာ။

ချောမောသော ရုပ်ရည်မှလွဲ၍ တခြား ထူးခြားသည့် အရည်အချင်း မရှိပေ။

သူ ကံကောင်း၍ ရလာသော စနစ်အတွေ့အကြုံများမှာလည်း သူခိုး၊ လူလိမ်တို့ ဖြစ်သည်။

ထို့ကြောင့် သူနှင့်ရှန်ချန်းချန်းတို့မှာ လုံးဝခြားနားသော ဘဝ၌ နေထိုင်နေကြသည်။

စစ်ဆေးရေးအခန်းမှလွဲ၍ မည်သည့်အရာကမျှ သူတို့ကို မဆက်စပ်နိုင်ပါ။

လင်းချွမ် ခေါင်းယမ်း၍ လောင်းကစား ဆန့်ကျင်တိုက်ဖျက်ရေး ကမ်ပိန်းအတွက်သာ စဉ်းစားနေလိုက်သည်။

ဒင် ဒင် ဒင်!

ထိုစဉ် လင်းချွမ်ဖုန်း မြည်လာ၏။

“ဟယ်လို ဘယ်သူလဲမသိဘူး”

တစ်ဖက်ဖုန်းမှာ နံပါတ်စိမ်းဖြစ်၏။

ဖုန်းထဲမှ သာယာချိုအေးသောအသံလေး ထွက်ပေါ်လာသည်။

“လင်းချွမ် ကျွန်မပါ။ ရှန်ချန်းချန်း”

“ရုပ်ရှင်လိုပဲ”

ဝမ် ဘေးမှ ရေရွတ်မိလိုက်ပြီး ပြုံး၍ကြည့်နေသည်။

လင်းချွမ်ကတော့ သူ့ကို ဂရုမစိုက်ဘဲ ဖုန်းကိုသာ ဂရုတစိုက် ဖြေလေသည်။

“ရဲမေရှန် ကျွန်တော် အခု အစ်ကိုဝမ်နဲ့ အန်လင်းမြစ်ဘေးမှာ လမ်းလျှောက်နေတာ။ မကောင်းတာ ဘာမှ မလုပ်ပါဘူး”

ရှန်ချန်းချန်း ချိုလွင်စွာ ရယ်မောလျက်

“လင်းချွမ်ရယ် ရှင်အတွေးလွန်နေပါပြီ။ ကျွန်မ ရှင့်ကို ဖမ်းဖို့ မဟုတ်ပါဘူး”

“တော်သေးတာပေါ့”

လင်းချွမ် ထိုအခါမှ သက်ပြင်းချနိုင်၏။

“ကျွန်မအိမ်လော့ခ်ရဲ့ လက်ဗွေရာစနစ် အလုပ်မလုပ်တော့လို့။ ရှင် လာကြည့်ပေးလို့ ရမလား”

ရှန်ချန်းချန်းမှ မေးလိုက်သည်။

“အခုချိန်ကြီးမှ ဘယ်သော့ပြင်ဆရာမှလည်း မလာနိုင်ဘူးလေ”

လင်းချွမ် ခဏစဉ်းစားကာ

“V မှာ ကျွန်တော့်ကို add လိုက်။ ဘယ်လို ဖွင့်ရမလဲဆိုတာ ဗီဒီယိုနဲ့ ပြမယ်”

“ကောင်းပြီ”

ရှန်ချန်းချန်း ဖုန်းပြန်ချသွား၏။

“ရဲမေရှန်က သော့လာပြင်ပေးဖို့ ခေါ်နေတာကို ဘာလို့ မသွားတာလဲ”

ဝမ်ဘေးမှ နားထောင်ရင်း အားမရဖြစ်နေသည်။

လင်းချွမ်မှ

“ဗီဒီယိုနဲ့ပြလည်း ရနေတာကို။ ဘာလို့ကိုယ်တိုင် သွားရမှာလဲ”

“အာ မင်းတော့ အခွင့်အရေး လွတ်သွားပြီကွာ။ အဲ့တာ မင်းတို့ရဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ရမယ့် အခြေအနေလေ။ စဉ်းစားကြည့်ကွာ ဒီလောက် မိုးချုပ်နေတဲ့အချိန်။ ရဲမေရှန် သူ့အိမ်ထဲ ဝင်မရ ဖြစ်နေတယ်။ အဲ့အချိန် မင်းသာ ပြေးသွားပြီး ကူညီလိုက်ရင် ဘယ်လောက် အားကိုးခံရမလဲ။ ဝတ္ထုတွေထဲမှာ ဒီလိုပဲ ရေးကြတာလေ”

“သိပါတယ်”

လင်းချွမ်ပြုံး၍ ပြန်ဖြေ၏။

“ဒါဆို ဘာလို့ မသွားတာလဲ”

လင်းချွမ် မြစ်ပြင်ကျယ်ကြီးကို ငေးကြည့်၍ ရယ်မောကာ

“ကိုယ့်ဟာကိုယ်တောင် အသက်ရှင်ဖို့ အနိုင်နိုင် လုပ်နေရတာ။ ကြောက်စရာကောင်းတဲ့ ရည်းစားထားတာကို ဘယ်လို လုပ်နိုင်မှာလဲ”

မဖြစ်နိုင်တာ။

All Chapters