ဘယ်သူက ဘုရင်လဲ
Vol. 2 Ch. 21
မတ်လ (၁၅) ရက်၊ သောကြာနေ့။
အရုဏ်ဦးအလင်းရောင်များ ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး နွေဦးလေညင်းလေးများ လင်းချွမ် နှာခေါင်းနားတွင် ရစ်ဝဲနေကြသည်။
လင်းချွမ် ဒီနေ့ စောစောနိုးနေ၏။
သူ့တည်းဖြတ်သူယုယွီထံမှ စာရောက်လာ၍ ဖြစ်သည်။
‘သူရဲကောင်းပြိုင်ပွဲ စတင်ပြီဖြစ်တဲ့အတွက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။ မတ်လရဲ့ ရွက်လွှင့်ခြင်း ဝတ္ထုပြိုင်ပွဲချန်ပီယံက သင်ဖြစ်သွားနိုင်ပါတယ်’
“ထင်တဲ့အတိုင်း တကယ်စပြီပဲ”
လင်းချွမ် လင့်ခ်ထဲ ဝင်ကြည့်လိုက်သောအခါ
ပွဲစည်းမျဉ်း : မတ်လ (၁) ရက်နေ့နောက်ပိုင်း ထွက်ရှိသော စာအုပ်အသစ်များအားလုံး ပါဝင်ခွင့် ရှိသည်။
အဆင့်များကို စာအုပ်၏ အောင်မြင်မှုစံနှုန်းအပေါ် အခြေခံပါမည်။
ပွဲကြာချိန် : မတ်လ (၁၅) ရက်မှ မတ်လ (၂၀) ရက်အထိ။
ဆုများ : ပထမဆု ငွေသား ယွမ် (၅၀,၀၀၀)၊ ဝက်ဘ်ဆိုဒ် ထောက်ခံချက်များ…
လင်းချွမ် အောက်သို့ ဆက်၍ ဖတ်ကြည့်၏။
အဆင့် ၁ - လိမ်လည်ခြင်း (ဟန်တန်)
အဆင့် ၂ - အဆင့်တစ်ဓားအင်မော်တယ် (ဟုန်မိန်)
အဆင့် ၃ - မြို့ပြစစ်သားဘုရင် (မိန်းမထက် တိုင်းပြည်ကို ချစ်သူ)
…
အဆင့် ၂၉၆ : လူလိမ် (မစ္စတာလင်း)
ထိုပြိုင်ပွဲမှာ လင်းချွမ်နှင့် လုံးဝ မသက်ဆိုင်နေပေ။
“ဆိုးလိုက်တာ”
လင်းချွမ် ခေါင်းကုတ်၍ ရယ်မောနေမိ၏။
ယနေ့ သူ အန်လင်းရဲစခန်း၌ လောင်းကစား ဆန့်ကျင်ရေးဗီဒီယိုရိုက်ရန် ပြောထားသောကြောင့် ပြင်ဆင်နေသည်။ ထိုစဉ် သူဌေးကျန်းကို ရုတ်တရက် သတိရသွား၏။
“စာဖတ်သူအဖွဲ့က တခြားသူတွေလည်း စာအုပ်ဖတ်ပြီး ဒီလိုမလုပ်အောင် ပြောထားဦးမှပဲ”
“အာ… အခုတစ်လော လုပ်ကိုင်စားရတာ ပင်ပန်းလိုက်တာ”
“စာရေးတဲ့သူကနေ သူ့စာဖတ်သူတွေ အပြစ်မကျူးလွန်အောင်ပါ လိုက်ပြောနေရတယ်။ တကယ်ပါပဲ”
သို့သော် သူ့လုပ်ရပ်များမှာတော့ ရိုးသားသည်။
သူ ချက်ချင်း ဖုန်းဖွင့်၍ လောင်းကစား ဆန့်ကျင်ရေး ကမ်ပိန်းကြော်ငြာ တိုက်ရိုက် ထုတ်လွှင့်မှုအတွက် လင့်ခ်များ ပို့ထားလိုက်၏။
‘အစ်ကိုတို့ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို သေချာပေါက် လာကြည့်ကြနော်။ မသိချင်ယောင် မဆောင်ပါနဲ့’
ထိုအခါ စက္ကန့် (၃၀) ပင် မကြာဘဲ စာဖတ်သူများ ရောက်လာကြ၏။
[စာရေးဆရာကြီး ဒီရက်ပိုင်း ပျောက်တယ်နော်။ အထဲရောက်နေပြန်တာလား။]
[အခုမှ လွတ်လာတာလား ဆရာ]
[တစ်ခုလောက် ပြောချင်လို့။ ဒီလင့်ခ်တွေက ဘာအတွက်လဲဟင်]
[ကျွန်တော်လည်း နားမလည်ဘူး။ လိမ်လည်နည်း သင်ပေးမလို့လား။]
[ဆရာ လက်ထိပ်ကြီးနဲ့ စာရိုက်ရခက်နေရင် အီမိုဂျီပဲ ပို့လိုက်ပါ။]
လင်းချွမ် ထရယ်မိတော့သည်။
ထိုအဖွဲ့မှာ အလွန်နောက်ပြောင်တတ်လေသည်။
သူ စာပြန်လိုက်၏။
“ကျွန်တော် ဒီတစ်ခါထပ်ရောက်တာက ပြန်မထွက်နိုင်တော့မလို့ပဲ”
အားလုံး ပွက်လောရိုက်ကုန်သည်။
[သိသားပဲ။ ဆရာ တကယ် ရောက်သွားတာကိုး။]
[ဆရာ့မှာ အကြောင်းရှိမယ်လို့ ထင်နေတယ်။]
[ဘုရားသခင် ငါသဘောကျတဲ့ စာရေးဆရာက သံသယရှိသူလူချောလေးပဲ။ လေးစားပါတယ်။]
[မာနကျန်းဆိုတဲ့တစ်ယောက်ရော အထဲရောက်သွားတာလား။ အခုတစ်လော မတွေ့တော့ဘူးနော်။]
[သူ ဟိုနေ့ကတော့ လိမ်လည်နည်းတွေ လေ့ကျင့်ပြီး ကိစ္စရှင်းမယ်လို့ ပြောသွားတယ်မလား။]
လင်းချွမ် ရယ်မောလျက်
“ကျွန်တော်နဲ့ အထဲမှာ တွေ့ခဲ့ပါတယ်။ မနက်ဖြန်လောက်အထိ မလွတ်လောက်သေးဘူး။ မဟုတ်တာတွေ လေ့လာပြီး ဒီလိုနေရတာ တန်လို့လား”
အခြားစာဖတ်သူများ ဟိုဟိုဒီဒီ ဝိုင်းမေးကြပြန်သည်။
လင်းချွမ်မှ
“ဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုသာ လာကြည့်ပါ။ အားလုံး သိချင်နေတာတွေ ပါလိမ့်မယ်။ ဪ ပြီးတော အပန်းမကြီးရင် ဒီလင့်ခ်လေး တခြားသူတွေကိုပါ ပြပေးပါလား”
“ရပါတယ်”
အားလုံး ပြန်ဖြေကြ၏။
ဤသို့ဖြင့် လင်းချွမ် အခန်းပြင် ထွက်လာကာ ဘတ်စ်ကားနံပါတ် (၁၃) ကိုစီး၍ အန်လင်းရဲစခန်းသို့ ရောက်လာသည်။
ကမ်ပိန်းမှာ ရဲစခန်းမှ ကြီးမှူးကျင်းပသောကြောင့် ရဲမှူးလီဖျင်ကိုယ်တိုင် လင်းချွမ်အား ကြိုဆိုနေ၏။
“ရဲဘော်လင်းချွမ် ဒီဘက်ကြွပါ”
လီဖျင် နွေးထွေးစွာဖြင့် ပြောလိုက်သည်။
ဧည့်ကြိုခန်းထဲ၌ အခြားလူအချို့လည်း ရောက်နေပြီး လင်းချွမ် သိသူမှာ နှစ်ဦးသာ ရှိ၏။
ချန်မင်နှင့် ရှန်ချန်းချန်း။
လင်းချွမ်ကိုတွေ့သောအခါ ရှန်ချန်းချန်း ပြုံးပြလိုက်ပြီး
“လိမ်လည်ခြင်းဘုရင်ပါလား။ ကျွန်မတို့ စောင့်နေတာ”
လင်းချွမ် မှင်တက်လျက်
“ရဲမေရှန်က ပြစ်မှုစုံစမ်းရေးဘက်က မဟုတ်ဘူးလား”
“ရဲမေရှန်က ပုံရိပ်ကောင်းလို့ တမင် ခေါ်ထားတာလေ”
လီဖျင်ဝင်ရှင်းပြ၏။
“ပြဿနာမရှိဘူးမလား”
“မရှိပါဘူး”
ဤသို့ဖြင့် နေ့လယ်ပိုင်း၌ တိုက်ရိုက်ထုတ်လွှင့်ခြင်း စတင်တော့သည်။
…
ထိုထုတ်လွှင့်ခြင်းမှာ ကြည့်ရှုသူများစွာထံ ပျံ့နှံ့သွားသည်။
‘လောင်းကစားဘုရင်က ဘယ်သူလဲ။’
အားလုံး စိတ်ဝင်တစား ဝင်ကြည့်ကြ၏။
ရဲယူနီဖောင်းဖြင့် အမျိုးသမီးမှ
“အန်လင်းမြို့ရဲစခန်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘယ်သူက လိမ်လည်ခြင်းဘုရင် အစစ်လဲဆိုတဲ့ပွဲကို တင်ဆက်ပေးမယ့် ရှန်ချန်းချန်းပဲ ဖြစ်ပါတယ်ရှင်”
အားလုံး အံ့ဩနေကြ၏။
‘ငါ နားကြားလွဲတာလား။ ရဲစခန်းကနေ လောင်းကစားပွဲ လုပ်နေတာလား’
‘ဘာကြီးလဲ။ တကယ် ရဲစခန်းလား’
‘မြန်မြန်လေး အတည်ပြုပေးကြပါဦး။ အစစ်လားလို့’
‘မလိုပါဘူး။ ရဲမေရဲ့ နောက်ခံကို ကြည့်လိုက်လေ။ ရဲစခန်းမှာ သေချာနေတာပဲ’
‘ခေါင်းစဉ်က စိတ်ဝင်စားစရာပေမဲ့ ဘယ်သူက ဝင်ပြိုင်ရဲမှာလဲ’
ရှန်ချန်းချန်းမှာ ပြုံးလျက်
“အခုပဲ ပွဲရဲ့စည်းမျဉ်းတွေကို ကြေညာသွားပါမယ်”
“ဒီပွဲအတွက် ပြိုင်ပွဲဝင် (၃၆) ဦး ဝင်ပြိုင်သွားမှာ ဖြစ်ပြီး နောက်ဆုံးတစ်ယောက်ကပဲ ဆုရရှိမှာပါ”
အားလုံး ဆူညံပွက်လောရိုက်သွားကြသည်။
‘စိတ်ဝင်စားစရာပဲ’
‘သူတို့ရည်ရွယ်ချက်ကို နားလည်လာသလိုပဲ’
‘ဘယ်သူတွေပြိုင်မှာလဲ မြန်မြန် ပြပါတော့’
‘ငါ ဒီလောကမှာ ကျင်လည်နေတာ ကြာပြီ။ တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူက အရည်အချင်းရှိလဲ တန်းသိတယ်’
ထို့နောက် ထူးဆန်းသော အသွင်အပြင်အစုံဖြင့် ပြိုင်ပွဲဝင် (၃၆) ဦး ပေါ်လာ၏။
အနောက်တိုင်းဝတ်စုံဝတ်ထားသူများ၊ ဆံပင်အဝါဖြင့် လမ်းသရဲဆန်ဆန် လူငယ်များ၊ ဒဏ်ရာအမာရွတ်များဖြင့် သက်လတ်ပိုင်းလူများ၊ ဆွဲဆောင်မှုရှိသော အမျိုးသမီးချောများ စသဖြင့် ဖြစ်ပြီး လင်းချွမ်နှင့် ချန်မင်လည်း ပါဝင်သည်။
သူဌေးကျန်းပင် ပါသေး၏။
ထိုထဲတွင် တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီတို့ ဝတ်ဆင်ထားသော ခပ်ချောချောကောင်လေး လင်းချွမ်မှာ အားလုံးထဲ၌ ထင်းထွက်နေသည်။
‘နံပါတ် (၉) ကောင်ချောလေးကတော့ ချက်ချင်း ထွက်ရမှာပဲ’
‘ဟုတ်ပါ့။ အရမ်းငယ်နေသေးတယ်။ ကောလိပ်ကျောင်းသားလေး ထင်ပါတယ်’
‘လောင်းကစားသမားတွေရဲ့ မျက်လုံးက ကျားသစ်လို စူးရှနေရမှာ။ သူ့မျက်လုံးတွေက ကြည်လင်တောက်ပနေတာပဲ။ ရိုးလွန်းတယ်’
‘ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေတာများလား’