← Chapters

လောကကြီး ရူးသွပ်ခြင်း

Vol. 2 Ch. 23

လောကကြီး ရူးသွပ်ခြင်း

Vol. 2 Ch. 23

မျက်နှာဒဏ်ရာများနှင့် နံပါတ် (၇) မှာ အလွန်မှင်တက်နေလေ၏။

ပါးစပ်အဟောင်းသားဖြင့် စားပွဲပေါ်ရှိ 10, J, Q, K, A တို့ကို စိုက်ကြည့်ကာ အံ့ဩရှုပ်ထွေးနေ၏။

သူ စကားလုံးဝ မပြောနိုင်ချေ။

ရှုံးသွားလေပြီ။

အခြားကစားသမားများလည်း လင်းချွမ်ကို မယုံသင်္ကာစွာ ကြည့်နေ၏။

ဒီကောင်လေးက တကယ်ပဲ ပြောင်းလဲလိုက်တာလား။

ကံကောင်းတာလား။

ဒါမှမဟုတ်…

တစ်ဖက်မျက်နှာပြင်မှ ကြည့်နေကြသော ရှန်ချန်းချန်းနှင့် အခြားပရိသတ်များလည်း အလွန် ထိတ်လန့်သွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ဗြောင်းဆန်သွားလေသည်။

[ပြောကြဦးလေ မယုံတဲ့သူတွေ]

[ဒါမှ သံသယရှိသူ မစ္စတာလင်းကွ]

[ဒါမျိုးကို ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတာ]

[ဒါ ကြိုရိုက်ထားတာကြီး မဟုတ်လား]

[အကိုင်ကဒ်က သေချာပေါက် Diamond 5 လို့ တွေ့လိုက်တာကို ဘယ်လိုလုပ် Spade A ဖြစ်သွားတာလဲ]

[မဖြစ်နိုင်တာ။ သူ ဖဲခိုးထားတာပဲ]

[သူ့ Spade A က ဘယ်ကထွက်လာတာလဲ]

[Diamond 5 ကရော ဘယ်ရောက်သွားလဲ]

[ကြောက်စရာပဲ]

[အန်လင်းရဲစခန်းကို တိုင်ကြားချင်ပါတယ်။ နံပါတ် (၉) က ဖဲလိမ်ဆော့နေတာပါ။ ကျွန်တော့်မှာ သက်သေ ရှိပါတယ်]

[တိုက်ရိုက်ထုတ်လွှင့်မှု အစွမ်းကတော့ အံ့မခန်းပဲ]

…

ထိုစဉ် ရှန်ချန်းချန်း သက်ပြင်းလေးချ၍ စိတ်ထိန်းကာ ကင်မရာရှေ့ ပေါ်လာပြီး ချိုသာသော အသံလေးဖြသ့်

“ကြည့်ရှုနေတဲ့ ပရိသတ်များရှင့်။ အခုဆိုရင် စားပွဲ (၂) မှာ အနိုင်ရရှိသူ ပေါ်လာပါပြီ။ နံပါတ် (၉) ဖြစ်ပါတယ်”

ရှန်ချန်းချန်း၏ အသံလေးကြောင့် လင်းချွမ် ပြုံးသွား၏။

သူ့လိမ်လည်နည်းရှိနေသရွေ့ အကိုင်ကဒ်ကို ထုတ်ကြည့်စရာပင် မလိုပေ။

သို့သော် သူ ကဒ်မလဲခင် ထိုကဒ်ကို ပရိသတ်များအား တမင်ပြလိုက်ခြင်း ဖြစ်၏။

ရည်ရွယ်ချက်မှာတော့ ထိုအချက်ကြောင့် အားလုံး လန့်ဖျပ်ကာ သူ့ကို အာရုံပိုစိုက်မိရန် ဖြစ်သည်။

ယခုတော့ သူ့အတွေးအတိုင်း အောင်မြင်သွားလေပြီ။

သူ့ကဒ်လဲခြင်းအကြောင်းမှာ အင်တာနက်တစ်ခွင် ပျံ့နှံ့နာမည်ကြီးနေ၏။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုသူများလည်း ပိုများလာသည်။

ထိုစဉ်။

ကြည့်ရှုသူနှုန်း (၁၀၀,၀၀၀) ကျော်သွားပြီး စံချိန်တင်နေ၏။

လင်းချွမ်၏အောင်မြင်မှုလည်း ပိုကြီးလာသည်။

လောင်းကစားဘုရင် ပြိုင်ပွဲ ဆက်လက် ကျင်းပလျက် ရှိ၏။

အခြားဝိုင်းများမှ အနိုင်ရရှိသူများလည်း ထွက်ပေါ်လာလေပြီ။

ထို့နောက် ထို (၆) ဦး တစ်ဝိုင်းထဲ ပြောင်းထိုင်လိုက်၏။

ထိုထဲတွင်။

နံပါတ် (၉) လင်းချွမ်၊ နံပါတ် (၁၃) ချန်မင်၊ နံပါတ် (၂၀) သူဌေးကျန်းတို့မှာ နာမည်ကြီးကြ၏။

အဘယ်ကြောင့်ဆိုသော် ကင်မရာများရှေ့တွင်ပင် မည်သူမျှမသိအောင် ဖဲလိမ်ရိုက်နိုင်ခဲ့၏။

အထူးသဖြင့် လင်းချွမ်မှာ အလွန်မှင်တက်ဖွယ် ဖြစ်သည်။

ကဒ်များ စဝေလေပြီ။

လင်းချွမ်၌ အဖွင့်ကဒ် Diamond A နှင့် အကိုင်ကဒ် Club 5 ဖြစ်၏။

ချန်မင်မှာတော့ Spade K အဖွင့်နှင့် Diamond K ကိုင်ထားသည်။

သူဌေးကျန်းသည် Club 10 ဖွင့်ပြ၍ Spade 10 အား သိမ်းထား၏။

…

လင်းချွမ်မှာ အမြင့်ဆုံး ဖြစ်နေသည်။

ထို့နောက် ကျန်ကစားသမား (၅) ဦးကိုကြည့်၍ ပြုံးကာ ဒိုးပြားများကို အရှေ့သို့ တွန်းလိုက်သည်။

“အကုန် လောင်းမယ်”

‘မစ္စတာလင်းကတော့ အကုန်လောင်းပြန်ပြီ။ အဲ့လောက် ယုံကြည်ချက် ရှိနေတာလား’

‘ဒါမျိုး တွေ့ဖူးနေပါတယ်။ ရုပ်ရှင်ထဲမှာများလား’

‘သူ ကဒ်တွေ ဘယ်လိုပြောင်းလဲ နားမလည်နိုင်သေးဘူး’

‘ဒီစားပွဲမှာ လူလိမ် (၃) ယောက်တောင် ရှိနေတာ။ ဘယ်သူ့ အရည်အချင်းက ပိုသာမလဲ မသိဘူး’

“အကုန်ထည့်မယ်”

ချန်မင် ရယ်မောလျက် ပြောလိုက်သည်။ သူ လူထုအတွင်း လောင်းကစားဆန့်ကျင်ရေး အသိတိုးပွါးရန်သာ ရည်ရွယ်ပါသည်။ အကုန်ထည့်လောင်းခြင်းမှာ ကြည့်ကောင်းရန် ဖြစ်၏။

အနိုင်အရှုံးမှာတော့ ရှေ့တစ်ရက်ကတင် ပွဲပေါင်းများစွာ ယှဉ်ပြိုင်ပြီး၍ လင်းချွမ်ကို မနိုင်မှန်း သိပါသည်။

“ကျွန်တော်ရောပဲ”

သူဌေးကျန်းလည်း ပြုံး၍ ပြောလိုက်သည်။

သူ လင်းချွမ်မှာ လူလိမ်ဝတ္ထုရေးသူ မစ္စတာလင်း ဖြစ်ကြောင်း သိပြီး၍ သူ့ဆရာဆိုလျှင်ပင် မှန်ပါသည်။

ဆရာကို ရှုံးရခြင်းမှာ ရှက်စရာမရှိချေ။

ကျန် (၃) ယောက်လည်း ခဏစဉ်းစား၍ အားလုံး ထည့်လိုက်ကြ၏။

ပွဲမှာ လင်းချွမ်၏ အကုန်လောင်းစနစ်ကြောင့် ပိုရိုးရှင်းလာသည်။

ပရိသတ်များလည်း ယခုပွဲ၌ မည်သူနိုင်မည်အား ဝိုင်းခန့်မှန်းနေ၏။

ထို့နောက် ကျန် (၃) ကဒ်စီ ဝေပြီးသောအခါ အခြေအနေမှာ ပို၍ရှင်းလင်းလာသည်။

သူဌေးကျန်းတွင် 10၊ A သုံးကဒ်နှင့် အကိုင်ကဒ် 10 ဖြစ်သည်။

ချန်မင်မှာ K, Q သုံးကဒ်နှင့် အကိုင်ကဒ် K ဖြစ်၏။

လင်းချွမ်တွင်တော့ A, Diamond 2, 3, 4 တို့ရှိပြီး Club 5 ကို ကိုင်ထားသည်။

ခုနက ထွက်သွားရသော ကစားသမားများ အပါအဝင် ပရိသတ်များအားလုံး ထို (၃) ယောက်ကို အာရုံစိုက် ကြည့်နေ၏။

မည်သူက လောင်းကစားဘုရင် ဖြစ်လာမည်နည်း။

“ကျွန်တော် အရင်ပြမယ်”

သူဌေးကျန်းမှ သူ့အကိုင်ကဒ်ကိုပါ ပွင့်ပြလိုက်သည်။ 10 နှစ်ကဒ်နှင့် A သုံးကဒ် ဖြစ်သည်။

ချန်မင်လည်းပြုံး၍ ကဒ်ကို လှန်လိုက်၏။

K မဟုတ်တော့ဘဲ Q ဖြစ်နေသည်။

Q လေးကဒ်နှင့် K။

ကြည့်ရှုသူများ ပိုစိတ်လှုပ်ရှားသွား၏။

‘နံပါတ် (၂၀) က နိုင်မယ် ထင်နေတာ။ (၁၃) ကမှ တကယ့်ဆရာကြီးပဲ’

‘သူ့ကဒ်လဲသွားပုံက တကယ် ကျွတ်ဆင်ကြီး’

‘(၁၃) ကတော့ ဘုရင်ဖြစ်တော့မယ်’

‘(၉) တော့ သွားပြီ။ Q လေးကဒ်ကို နိုင်စရာမရှိဘူး’

‘ဟုတ်ပါ့ သူ့လက်ထဲမှာလည်း ရှင်းလို့။ ကဒ်လဲစရာလည်း မရှိဘူး။ သူ့ကတော့ လုံးဝပဲ’

‘မဖြစ်နိုင်တာ။ ခင်ဗျားသာ လူလိမ်ဆိုတဲ့ ဝတ္ထုဖတ်ဖူးရင် ဒီလိုအခြေအနေမျိုးက သူ့အတွက် ထမင်းစားရေသောက်ပဲဆိုတာ သိလိမ့်မယ်’

‘မစ္စတာလင်း အမိုက်စားအခြေအနေလေး ဖန်တီးပေးပါဦး’

ကြည့်ရှုသူများ လင်းချွမ်ကို ဝိုင်းကြည့်နေ၏။

လင်းချွမ်ကတော့ တည်ငြိမ်စွာဖြင့် ခပ်အေးအေးပင် ကဒ်ကို လှန်ပြလိုက်သည်။

5။

သို့သော်… Club မဟုတ်ဘဲ Diamond ဖြစ်သည်။

ဝိုး!

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။

‘ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

‘နောက်ဆုံးအချိန်မှ လုပ်ချသွားတာပဲ’

‘တကယ်ကြောက်စရာပဲ။ Diamond 5 က ဘယ်က ရောက်လာပြန်တာလဲ’

‘တစ်ချိန်လုံး ဒီလောက်စိုက်ကြည့်နေတာလေ။ ဘယ်လိုပြောင်းသွားတာလဲ’

‘ဒါ တကယ် တိုက်ရိုက်လွှင့်နေတာလား။ ရုပ်ရှင် မဟုတ်ဘူးလား’

‘ငါ့မျက်လုံးတောင် ငါ မယုံနိုင်ဘူး’

‘ဒါမှ ဆရာလင်းကွ’

‘လောင်းကစားဘုရင်ပဲ’

ထိုစဉ်ကင်မရာရှေ့၌ ရှန်ချန်းချန်း ပေါ်လာပြန်သည်။

မျက်နှာလေးမှာ ဝင်းပ၍ လင်းလက်နေသကဲ့သို့ပင်။

“ကြည့်ရှုနေကြတဲ့ ပရိသတ်များရှင့်။ ပြင်းထန်တဲ့ ပြိုင်ပွဲကြီးအဆုံးမှာတော့ လောင်းကစားဘုရင် ပေါ်ထွက်လာပါပြီ။ သူကတော့ နံပါတ် (၉) ပဲ ဖြစ်ပါတယ်။ အားလုံးတော့ သူ့အကြောင်းကို မသိလောက်ကြသေးဘူးနော်။ နံပါတ် (၉) က အမှန်တော့ အွန်လိုင်းစာရေးဆရာတစ်ယောက်ပါ။ သူ့မှာ တတ်ထားတဲ့ လိမ်လည်နည်းတွေနဲ့ ‘လူလိမ်’ ဆိုတဲ့ ဝတ္ထုကို ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှာ တင်ခဲ့ပါတယ်။ ဒီတော့ စိတ်ဝင်စားတဲ့သူတွေလည်း အောက်မှာပေးထားတဲ့ လင့်ခ်ကတစ်ဆင့် စာအုပ်လေးကို သွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ကဲ ဒါဆိုရင် အဓိက ရည်ရွယ်ချက်လေးကို ပြန်သွားလိုက်ရအောင်နော်…”

ထိုစဉ် မျက်နှာပြင်အောက်နား၌ လင့်ခ်တစ်ခု ပေါ်လာပြီး အားလုံး လန့်ဖျပ်ကုန်၏။

‘အမလေး သူက အွန်လိုင်း ဝတ္ထုရေးဆရာလား’

‘သူ့လိမ်နည်းတွေ ဒီလောက်ကောင်းတာကို စာရေးနေတာလား’

‘ပိုက်ဆံတွေ ဒီလောက်အများကြီး ရနိုင်တဲ့ ကာစီနိုကို ထားခဲ့ပြီး ဝတ္ထုရေးနေတယ်ဆိုတော့ သူ့ကိုယ်ကျင့်တရားက ကြောက်စရာကောင်းလောက်အောင် လေးစားစရာပဲ’

All Chapters