ချွမ် ပြဿနာတက်ပြီ
Vol. 2 Ch. 24
‘ခုနက ရဲမေပြောတာ စာရေးဆရာတဲ့လား။ အခုပဲ သွားဖတ်ပြီး သင်ဦးမှ’
‘ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှာ လူလိမ်ဆိုပြီး ရှာကြည့်လိုက်’
‘တကယ်ကြောက်စရာပဲ။ ဘာပဲဖြစ်ဖြစ် အပြင်မှာ ကြည့်ရတာက ဝတ္ထုထက် ပိုစိတ်လှုပ်ရှားစရာ ကောင်းတယ်’
‘အခုထိ နားမလည်နိုင်တာက သူ ကဒ်တွေ ဘယ်လို လဲလိုက်တာလဲ’
‘ငါလည်း သိချင်တယ်’
‘တင်ဆက်သူကို မြန်မြန် မေးခိုင်းလိုက်ပါဦး’
‘…’
ပရိသတ်တွေအနေနဲ့ ရှင် ဒီပွဲနှစ်ခုလုံး ကဒ်တွေကို ကျွမ်းကျွမ်းကျင်ကျင် လဲလိုက်လဲဆိုတာ အရမ်း သိချင်နေကြပါတယ်။ ဒါပေမဲ့ အခုဗီဒီယိုတွေမှာတော့ ဘာမှထူးခြားတာ မတွေ့လိုက်ကြဘူးတဲ့။ အဲ့တာလေး ရှင်းပြနိုင်ပေးမလားရှင့်”
“ရပါတယ်”
လင်းချွမ် ခေါင်းငြိမ့်ပြ၍ ပြုံးနေ၏။
“အားလုံးပဲ မင်္ဂလာပါ။ ပထမပွဲကတော့ အစတည်းက Spade A ကို ထိန်းချုပ်ထားခဲ့တယ်။ အကိုင်ကဒ် Diamond 5 ကို တမင်ပြပြီး ပြန်ချတဲ့အချိန်မှာ လဲလိုက်ပြီ။ နောက်တစ်ပွဲမှာလည်း ဒီနည်းပဲ သုံးခဲ့တာ”
“ဒီနည်းလမ်းကို ကောင်းကင်နှင့် မြေပြင်လို့ ခေါ်တယ်။ ဝတ္ထုထဲမှာတော့ ပိုပြီး အသေးစိတ် ရေးထားပါတယ်။ ကျွန်တော် ပြောချင်တာကတော့ လောင်းကစားဆိုတာ ဆိုးတဲ့ကိစ္စပါပဲ။ စားပွဲမှာထိုင်လိုက်တာနဲ့ စရှုံးနေပြီ”
…
လောင်းကစားဆန့်ကျင်ရေးကမ်ပိန်းမှာ ချောမွေ့စွာ ပြီးဆုံးသွားပြီး ကောင်းသော တုံ့ပြန်ချက်များစွာ ရခဲ့၏။
နာရီဝက်ခန့်ကြာသောအခါ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည်။
ရှန်ချန်းချန်းနှင့် လင်းချွမ်တို့ ခန်းမထဲမှထွက်လာပြီး ကော်ရစ်တာကို ဖြတ်လာကြသည်။
“မဆိုးပါဘူး လင်းချွမ်”
ရှန်ချန်းချန်း မျက်ခုံးလေးပင့်၍ ချီးကျူးလိုက်၏။
လင်းချွမ်လည်း ပြုံးကာ
“ရဲမေရှန်က အဓိကပါ။ အဲ့တာကြောင့် လူကြည့်များကြတာ”
ရှန်ချန်းချန်း ရယ်မောနေပြီးနောက် လင်းချွမ်ဝတ္ထု၏ လူထောက်ခံမှုကို သတိရသွားပြီး
“ဒီလောက် ကြော်ငြာထားရင်တော့ ရှင့်အကောင့် သေချာပေါက် အောင်မြင်မှာပါ ဟုတ်တယ်မလား”
လင်းချွမ် ခဏစဉ်းစား၍
“မပြောတတ်ပါဘူးဗျာ။ ဒါပေမဲ့ ငတ်တော့ မငတ်လောက်တော့ဘူး ထင်တာပဲ”
အချို့မှာ ရုပ်ရှင်သာကြည့်ပြီး ဝတ္ထုဖတ်ရခြင်းကို သဘောမကျချေ။
ထို့ကြောင့် အတိအကျ မဆိုနိုင်ပေ။
“ဟိဟိ”
ရှန်ချန်းချန်း ရယ်မောလျက်
“ရှင့် ထူးခြားတဲ့အရည်အချင်းနဲ့ဆိုရင် ငတ်နိုင်လို့လား”
လင်းချွမ်မှ
“ဒီနည်းလမ်းကို ရှင်သန်ဖို့အတွက်တော့ မသုံးချင်ပါဘူး။ ကျွန်တော် အဲ့လိုလုပ်ရင်လည်း ရဲမေရှန် ပြောင်းလဲသွားပြီး လာဖမ်းမှာမလား”
“ပြောင်းလဲတယ်လား။ ဘာပြောင်းတာလဲ”
ရှန်ချန်းချန်း မှင်တက်၍ နားမလည်နိုင်ဖြစ်နေ၏။
“အာ… အာထရာမန်းလိုပြောင်းသွားပြီး တရားမျှတမှု အတွက် မိစ္ဆာတွေကို နှိမ်နင်းသလိုမျိုး ပြောတာပါ”
လင်းချွမ် အလန့်တကြား ရှင်းပြလေ၏။
ဟူး!
ကြောက်စရာနဂါးကြီးအဖြစ် ပြောင်းလဲသွားသည်ဟု ပြောမိမလို ဖြစ်သွား၏။
မကြာမီ ရဲစခန်းဧည့်ခန်းသို့ ရောက်လာသည်။
လီဖျင်မှကိုယ်တိုင် လက်ဖက်ရည် ငှဲ့ပေးကာ ပြုံး၍
“ရဲဘော်လင်းချွမ် ဒီလောင်းကစားတိုက်ဖျက်ရေး ကမ်ပိန်းကတော့ တကယ် အောင်မြင်သွားပြီ။ မင်းကလည်း အရမ်းအရေးကြီးတဲ့နေရာကနေ ပါဝင်ခဲ့ပါတယ်”
လင်းချွမ် ထိုင်ခုံတွင်ဝင်ထိုင်၍
“ရဲမှူးလီက ချီးကျူးလွန်းနေပါပြီ။ ဒါ ပြည်သူ တစ်ယောက်အနေနဲ့ လုပ်ရမယ့်ကိစ္စပါ”
“နောက်လည်း အန်လင်းရဲစခန်းကို မကြာခဏ လာလည်လေ”
လီဖျင်ပြုံး၍ ပြောလိုက်၏။
လင်းချွမ်လည်း လက်ဖက်ရည်ခွက်ကို လှမ်းယူကာ တစ်ငုံသောက်ပြီးနောက် ရှန်ချန်းချန်းကို ကြည့်၍
“ရဲမှူးလီရယ် ရဲမေရှန်ကနေ လာဖမ်းတာမျိုး ဖြစ်နေပါဦးမယ်”
“စာရေးဆရာကြီးကလည်း”
ရှန်ချန်းချန်း နှုတ်ခမ်းလေးစူ၍
“ရှင်သာ စည်းကမ်းမဖောက်ရင် ဘယ်လိုလုပ် ဖမ်းမှာလဲ”
လီဖျင် အားရပါးရ ရယ်မောကာ
“ရဲဘော်လင်းချွမ်ရယ် ရဲမေရှန်က တော်ပါတယ်။ ရှေ့က ခေါ်ခံရတာကလည်း စစ်ဆေးရုံပါ။ ပြောချင်တာက ရဲဘော်လင်းချွမ်အနေနဲ့ နောက်လည်း လောင်းကစား ဆန့်ကျင်ရေးအတွက် လာကူညီပေးပါဦး”
လင်းချွမ်ပြုံးကာ
“ထပ်ရှိလည်းပြောပါ။ တက်တက်ကြွကြွ ပါဝင်ပါ့မယ်”
ယွမ် (၃၀၀၀) လေ။
အယ်… ပိုက်ဆံဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။ လောင်းကစား ကင်းစင်တဲ့ ပတ်ဝန်းကျင်ရဖို့ပဲ မျှော်လင့်ပါတယ်။
နေ့တိုင်းခေါ်ရင်တောင် လာပေးနိုင်ပါတယ်။
လင်းချွမ် တစ်ယောက်တည်း တွေးနေမိ၏။
သူပြန်သောအခါ လီဖျင်ကိုယ်တိုင် အပြင်အထိ လိုက်ပို့ပြီး ပုခုံးကိုပုတ်၍
“ရဲဘော်လင်းချွမ် ဥပဒေကို ထိန်းသိမ်းနော်”
လင်းချွမ် နေရခက်နေ၏။
ရဲမှူးလီ ဘာဖြစ်နေတာလဲ။
ဝတ္ထုလေး (၂) ပုဒ်ရေးတာကို ဘာမှမထူးဆန်းပါဘူး။
“ရဲမှူးလီက အရမ်းစိုးရိမ်နေတာပါ။ ကျွန်တော် ဥပဒေကို လေးစားပါတယ်”
လင်းချွမ် ပြုံး၍ပြောလိုက်၏။
လီဖျင် ခေါင်းငြိမ့်ပြကာ
“ကောင်းတယ် ကောင်းတယ်”
ဟူး!
လင်းချွမ် သက်ပြင်းချလိုက်မိ၏။
ထို့နောက် ဘတ်စ်ကား (၁၃) စီး၍ အိမ်ပြန်ခဲ့လေ၏။
တောက်ပသော နေရောင်ခြည်အောက်တွင် ဘတ်စ်ကားကြီး ဖြတ်လျက် တဖြည်းဖြည်း ပျော်ရွှင်ခြင်းရပ်ကွက်မှတ်တိုင်သို့ ရောက်လာသည်။
လင်းချွမ် လေလေးချွန်၍ ငှါးထားသည့်အခန်းလေးသို့ ပြန်လာသည်။
ထိုစဉ် စနစ်အခြေအနေကို ဖွင့်ကြည့်လိုက်၏။
[လက်ရှိစာအုပ် : လူလိမ်]
[အခြေအနေ : ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း : ၅၁၃/၁၀၀၀]
“လူတွေအများကြီး တိုးလာတာပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုက မဆိုးပါဘူး”
လင်းချွမ် ကျေနပ်သွား၏။
နာရီပိုင်းအတွင်း (၄၀၀) ကျော် တိုးတက်သွားလေသည်။
ထိုအခြေအနေမှာ မြန်လာသည်ဟု ဆိုနိုင်သည်။
မကြာမီ (၁၀၀၀) ပြည့်သွားပြီး ကျော်သွားနိုင်ပါသည်။
နောက်ဆုံး (၃၀၀၀) အထိရရှိပါက နောက်ထပ်အတွေ့အကြုံ ကူးပြောင်းနိုင်လေပြီ။
“နှစ်တွေအများကြီး စာရေးခဲ့ပြီးမှ အခုရလဒ်ကောင်းကို တွေ့ရတော့မှာပဲ”
သူ ပျော်နေရင်းမှ ရုတ်တရက် သက်ပြင်းချကာ စာဖတ်သူ တုံ့ပြန်မှုများအား သွားဖတ်လေ၏။
ထိုစဉ် သူပထမဆုံးတွေ့ရသည့် စာကြောင့် မျက်နှာပျက်သွား၍။
‘ရဲအရာရှိတို့ ဒီစာရေးဆရာက သူ့အတွေ့အကြုံကို ရေးထားတာပါ။ သေချာပေါက် ပြစ်မှုမှတ်တမ်းပဲ”
ကျေးဇူးပဲ။
လင်းချွမ်မှာ ထိုအခြေအနေကြောင့် ရဲစခန်းသို့ ရောက်ခဲ့ပြီး ဖြစ်ပါသည်။
သူ တခြားစာများ ဆက်၍ဖတ်၏။
‘တကယ့်အစစ်အတိုင်းပဲ။ ကိုယ်ရေးအကျဉ်းလို့တောင် ထင်ရတယ်’
‘…’
‘ရဲအရာရှိတွေ သူ့နောက်ကြောင်းကို စုံစမ်းသင့်တယ်နော်’
‘ဒါ ဖတ်ခဲ့သမျှထဲမှာ ယုတ္ထိအရှိဆုံး လူလိမ်ဝတ္ထုပဲ’
‘ဆယ်စုနှစ်တစ်ခုမှ မသင်ထားရင် ဒီလိုရေးဖို့ မလွယ်ဘူး’
‘စာရေးဆရာကို အရှင်ဖမ်းပါ’
“…”
လင်းချွမ်ဖတ်ရင်း အလွန် မျက်နှာပျက်နေ၏။
“ဆက်မဖတ်တော့တာ ကောင်းမယ်”
ဒင် ဒင် ဒင်!
ထိုစဉ် ဖုန်းမြည်သံ ကြားရ၏။
“ချွမ် ပြဿနာတက်ပြီ”
သူ ဖုန်းကိုင်လိုက်သည်နှင့် ဝမ်၏ အလောတကြီးအသံ ထွက်လာ၏။
“ဘာဖြစ်လို့လဲ”
လင်းချွမ် နားမလည်နိုင် ဖြစ်နေသည်။
ဝမ်က ချက်ချင်းပင်
“ချွမ် ကွေ့ရှောင် တိုက်ရိုက်ထုတ်လွှင့်ခြင်းအက်ပ်ကို အမြန်ဖွင့်ကြည့်လိုက်”