← Chapters

ဒီအလုပ်က မဆိုးပါဘူး

Vol. 2 Ch. 25

ဒီအလုပ်က မဆိုးပါဘူး

Vol. 2 Ch. 25

“ဘာဖြစ်နေလို့လဲ”

လင်းချွမ် မျက်မှောင်ကြုတ်သွား၏။

ဖုန်းတစ်ဖက်မှ ဝမ်လည်း စိတ်လှုပ်ရှားစွာဖြင့်

“ချွမ် မြန်မြန်သာ ဝင်ကြည့်စမ်းပါ။ မင်း ကာစီနိုမှာ အရည်အချင်းပြထားတာတွေ အကုန် နာမည်ကြီးနေပြီ။ အဲ့တာ သိပြီးပြီလား”

“လန့်လိုက်တာ”

လင်းချွမ် ရယ်မော၍

“အဲ့တာကာစီနို မဟုတ်ပါဘူး။ အန်လင်းရဲစခန်းကနေ လောင်းကစားဆန့်ကျင်ရေး ကမ်ပိန်းအတွက် ခေါ်လို့ပါ”

“သိတယ်လေ။ ရဲမေရှန်တောင် တွေ့သေးတယ်။ နှစ်ယောက်သား လိုက်ဖက်သားပဲ”

ဝမ် ရယ်မော၍

“ချီချီကနေ ဆက်ပေးစေချင်လား”

လင်းချွမ် ချက်ချင်း ငြင်းလေသည်။

“အစ်ကိုဝမ်ရယ် လျှောက်မပြောပါနဲ့။ တကယ် ကြောက်လို့ပါ”

“ချွမ် သတ္တိမနည်းစမ်းပါနဲ့။ ရဲရင့်တဲ့သူအတွက်ပဲ အခွင့်အရေးကရမှာ”

“မဟုတ်သေးဘူး မဟုတ်သေးဘူး”

လင်းချွမ် အတင်းငြင်းနေ၏။

“ကျွန်တော် အခု ပိုက်ဆံပဲ အေးဆေး ရှာချင်တယ်ဗျာ”

အခြေခံလိုအပ်ချက်တွေတောင် ပြည့်အောင် မဝယ်နိုင်သေးဘဲ ရည်းစားထားဖို့ မစဉ်းစားအားပါဘူး။

မိန်းမတွေနဲ့က စာလည်း ကောင်းကောင်း ရေးနိုင်တော့မှာ မဟုတ်ဘူး။

ဟင်… ဝတ္ထုတွေကို စနစ်ရေးပေးနေတာပဲ။

ဒါပေမဲ့လည်း မဟုတ်သေးဘူး။

ရှန်ချန်းချန်းနှင့် ချစ်ကြိုက်ရန် တွေးကြည့်ရုံဖြင့် ကြက်သီးများ ထလာ၏။

လင်းချွမ် စိုးရိမ်သည်မှာ လမ်းတွင် ရှန်ချန်းချန်းနှင့် လမ်းလျှောက်နေရင်း ရုတ်တရက် ရဲမေစိတ်ပြောင်းကာ လက်ထိပ်များထုတ်၍ သူ့ကို စစ်ဆေးရေးအခန်းသို့ ခေါ်သွားမည်အား ဖြစ်၏။

ထိုသို့သာဆိုလျှင် ပြဿနာရှိပါသည်။

ထို့ကြောင့် ဖြစ်နိုင်ချေနှင့်ပင် သူကျောချမ်းလာ၏။

နေပါဦး။ ရဲမေရှန်က ဒါကို တွေးမိမှာတောင် မဟုတ်လောက်ဘူး။ ငါက မအောင်မြင်တဲ့ စာရေးဆရာတစ်ယောက်လေ။ ဘာတွေ စိတ်ပူနေတာလဲ။

“မင်းကတော့ တစ်ကိုယ်တည်းဖြစ်ဖို့ မွေးဖွားလာတာပဲ”

ဝမ်မှ ဆို၏။

လင်းချွမ်လည်း ဘာမှမတွေးတော့ဘဲ ရယ်မော၍ အက်ပ်ကို ဖွင့်ကြည့်လိုက်သည်။

အမှန်ပင် လင်းချွမ်မှာ လောင်းကစားနတ်ဘုရားသဖွယ် အလွန်နာမည်ကြီးနေ၏။

ထို့အပြင် အခြားကိုယ်ပိုင်ချန်နယ်များမှလည်း တုံ့ပြန်မှုများဖြင့် ပြန်တင်ကြသည်။

‘ကြောက်စရာပဲ ကြောက်စရာပဲ။ ဝတ္ထုရေးဆရာက လောင်းကစားဘုရင်တဲ့’

‘သူ့ကိုမအောင်မြင်တဲ့ စာရေးဆရာလို့ထင်နေပြီးမှ လောင်းကစားဘုရင်ဖြစ်မှန်း တွေ့လိုက်ရတာပဲ’

‘လုံးဝ မထင်ထားဘူး။ အရင်လောင်းကစားဘုရင်က စာရေးဆရာလုပ်ပြီး အသက်မွေးနေတယ်တဲ့’

ထိုခေါင်းစဉ်များစွာဖြင့် အုန်းအုန်းကျွက်ကျွက် ဖြစ်နေ၏။

လူလိမ်ဝတ္ထုကို subscribe လုပ်သူများလည်း တရိပ်ရိပ် တိုးတက်လာသည်။

“ဒီအတိုင်းဆို ဒီညပဲ (၁၀၀၀) ပြည့်သွားလောက်တယ်”

လင်းချွမ်ပြုံး၍ ရေရွတ်လိုက်မိ၏။

ညနေစောင်း နေဝင်ချိန်တွင် ကောင်းကင်တစ်ခြမ်း နီရဲ၍ ညအရိပ်အယောင် သန်းနေသည်။ တောက်ပသော ကြယ်လေးများနှင့် အန်လင်းမြို့မှ နီယွန်မီးရောင်များမှာလည်း အပြိုင်လင်းလက်နေကြသည်။

လမ်းမီးတိုင်များ တစ်ခုပြီးတစ်ခု လင်းလာပြီး အေးမြသော လေညင်းများ တိုက်ခတ်၍ လင်းချွမ်အခန်းထဲအထိ တိုးဝင်လာသည်။

စနစ်ကို ဖွင့်ကြည့်လိုက်၏။

[လက်ရှိစာအုပ် : လူလိမ်]

[အခြေအနေ : ထုတ်ဝေပြီး]

[အောင်မြင်မှုစံနှုန်း : ၁၀၀၀/၁၀၀၀]

လင်းချွမ် သက်ပြင်းချလိုက်မိသည်။

ထို့နောက် ရင်းနှီးနေသောအသံတစ်ခု ကြားရ၏။

[စိတ်အားထက်သန်မှုအပြည့်၊ စိတ်ဝင်စားမှုအပြည့်]

[ဘဝအသစ်၊ အတွေ့အကြုံအသစ်]

[လူလိမ်ဝတ္ထုဖြင့် ၁၀၀၀ subscription ရသည့်အတွက် ဂုဏ်ယူပါသည်။ နောက်ထပ် အတွေ့အကြုံ ရယူပါ]

[ဘဝအသစ်မှ အတွေ့အကြုံအသစ်ကို ချက်ချင်း စမည်လား]

ထိုစဉ် လင်းချွမ် ပြတင်းဘေးတွင်ရပ်ကာ လတ်ဆတ်သော လေများအား ရှူရှိုက်၍ ပျော်ရွှင်နေ၏။

“အလုပ်အသစ်၊ ဘဝအသစ် စပြီပဲ”

“စနစ်ရေ စမယ်”

“အလုပ်အကိုင်အတွေ့အကြုံအသစ် စမယ်”

လင်းချွမ် ပြောလိုက်သည်နှင့် ချက်ချင်း လောကအစစ်နှင့် ပုံရိပ်ယောင်လောကတို့ ရောထွေးလာသည်။

ပြတင်းပေါက်အပြင်ဘက်မှ ညနေခင်းလေပြေများ လင်းချွမ်ပါးကို ရိုက်ခတ်သွား၏။

ပုံရိပ်ယောင်လောကတွင်။

ညအမှောင်ထုကြားတွင် မြူခိုးထူထူများ ပိတ်နေပြီး ကြက်သီးထဖွယ်ခံစားချက်ကို ခံစားနေမိသည်။

ထိုစဉ် စနစ်၏ ချိုလွင်သောအသံ ပေါ်လာသည်။

[အတွေ့အကြုံတိုင်းက အမှတ်တရကောင်း ဖြစ်မှာပါ။]

[စနစ်မှ ထိုအတွေ့အကြုံများကို ဝတ္ထုအဖြစ် ပြောင်းလဲပေးပါမည်။]

[ယခုတစ်ခါရရှိမည့်အတွေ့အကြုံမှာ… လုပ်ကြံသူ]

“…”

လင်းချွမ် မခံစားနိုင်တော့ဘဲ ကျိန်ဆဲလိုက်မိသည်။

လုပ်ကြံသူတဲ့လား။

စနစ်ရေ အဲ့တာနဲ့များ အလုပ်အကိုင် အတွေ့အကြုံ အသစ်တွေ ပေးမယ်တဲ့လား။

တရားခံဘဝအတွေ့အကြုံစနစ်လို့သာ ပြောလိုက်ပါတော့။

သူခိုး၊ လူလိမ်၊ အခုတော့ လုပ်ကြံသူတဲ့။ ပြောပါဦး။ အဲ့တာတွေနဲ့ အသက်ဆက်ရှင်လို့ ရလို့လား။

ငါ့ကို ထောင်ထဲအရောက်ပို့နေတာမလား။

[ပိုင်ရှင်အနေဖြင့် ယခုအလုပ်အကိုင်ကို ဆက်လက် လုပ်ဆောင်မည်လား]

စနစ်လည်း လင်းချွမ်၏နောင်တကို သတိထားမိပုံဖြင့် ရုတ်တရက်ထမေးလေသည်။

လင်းချွမ် သက်ပြင်းချ၍

“ဒါကို ဆက်မလုပ်ရင် တခြားအလုပ်ရမှာလား”

[မရပါ]

[ပိုင်ရှင် ငြင်းပယ်လျှင် ‘လုပ်ကြံသူ’ အတွေ့အကြုံ မရရှိဘဲ အရင်စာအုပ်များဖြင့် အမှတ် (၁၀,၀၀၀) ရရန် ကြိုးစားရမည်။]

လင်းချွမ် ဒေါသထွက်ကာ သွေးတက်ချင်လာ၏။

ဒီအမှတ်ကို ဘယ်လိုလုပ် ထပ်ရမှာလဲ။

လင်းချွမ် တခြားအတွေးတွေးမိကာ ထပ်မေးလိုက်သည်။

“စနစ် ဒီအလုပ်နဲ့ဆိုရင် နောက်ထပ်အတွေ့အကြုံရဖို့ အမှတ်ဘယ်လောက် ရရမှာလဲ”

[(၃၀၀၀) ပါ။]

[အတွေ့အကြုံ ဆက်လက်ယူမည်လား]

လင်းချွမ် သက်ပြင်းရှည်ကြီး ချလိုက်သည်။

ကောင်းပြီလေ။ လုပ်ကြံသူ လုပ်ကြည့်ပြီး ပညာယူတာပေါ့။

“အတွေ့အကြုံ ဆက်ယူမယ်”

လင်းချွမ် ဆုံးဖြတ်ချက် သေချာချလိုက်သည်။

[ဂုဏ်ယူပါသည်။ လုပ်ကြံသူအတွေ့အကြုံမှ တိုက်ခိုက်စွမ်းရည်၊ အဝေးပစ်သေနတ်စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်သည့်စွမ်းရည်များ ရရှိပါမည်]

[ပုံရိပ်ယောင်လောကဖြင့် ကမ္ဘာအသစ် ဖန်တီးပေးပါမည်။]

ဒီလိုအရည်အချင်းတွေ ရမယ်ဆိုရင်တော့ လုပ်ကြံသူ အတွေ့အကြုံက မဆိုးဘူးပဲ။

မကြာမီ။

လင်းချွမ် အသိစိတ်မှာ ပုံရိပ်ယောင်လောကထဲ လုံးဝ ကူးပြောင်းသွား၏။

သူ့ပတ်ဝန်းကျင်ကို သေချာမမြင်ရမီတည်းက လင်းချွမ် သွေးညှီနံ့များ တထောင်းထောင်းရ၍ ချက်ချင်း အစာအိမ်ထဲမှ ပျို့တက်လာသည်။

လင်းချွမ် နှာခေါင်းပိတ်ကာ မျက်မှောင်ကြုတ်၍ ဘေးဘီအား အာရုံစိုက်ကြည့်လိုက်သည်။

အိမ်ကြီးတစ်ခု၏ ခန်းမတစ်နေရာဖြစ်ပြီး ကြမ်းပြင်၌ ဖန်ကွံစများနှင့် အနီရောင်အရည်များ ပြည့်နှက်နေ၏။

သွေးလား ဝိုင်နီများလားတော့ မခွဲခြားနိုင်တော့ချေ။

သို့သော် လင်းချွမ်ရှေ့ (၃) မီတာခန့်အကွာမှ အလောင်း (၂) ခုကြောင့် အလွန်လန့်သွားသည်။

ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ ဝတ်လစ်စလစ်နှင့် မလှုပ်မယှက် လဲနေကြသည်။

ရင်ဘက်များ၌ ဓားမြှောင်စိုက်နေပြီး သွေးများစိမ့်ကျနေသောကြောင့် ရင်ဘက်တစ်ခုလုံး နီရဲနေကြ၏။

လင်းချွမ် အသက်ကို ဝအောင်ရှူကာ စိတ်ထိန်းနေရသည်။

ဒီလို သွေးထွက်သံယိုတွေ လာပြနေတာလား။

All Chapters