ငါ တကယ်တော်တာပဲ
Vol. 2 Ch. 26
ပုံရိပ်ယောင်လောက၌။
အိမ်ကြီး၏ အပြင်ဘက်တွင် တံခါးမကြီး ပွင့်နေပြီး မှောင်မိုက်နေသော ညအချိန်နှင့် ထူထဲလှသော မြူခိုးများအား တွေ့ရသည်။ ဖြူဖွေးနေသည့် လရောင်မှာတော့ မြေပြင်ပေါ် ဖြာကျနေပြီး ကြီးမားသောရဲတိုက်ကြီးမှာ ကြက်သီးထဖွယ် ခံစားချက်မျိုး ပေးနေသည်။
လင်းချွမ် ကျောချမ်းလျက် လက်ဖဝါး၌ ချွေးစေးများ ရွှဲကာ တစ်ကိုယ်လုံး တုန်ရီနေသည်။
ရင်ခုန်သံမှာလည်း တဒိန်းဒိန်း ခုန်ပေါက်နေပြီး ဒရမ်တီးသံကဲ့သို့ပင်။
သူ ထိုအခြေအနေအတွက် စိတ်ကို ပြင်ဆင်ထားခဲ့သော်လည်း တကယ့်မှုခင်းအခြေအနေနှင့် တွေ့ရသောအခါ တုန်လှုပ်မိလေသည်။
သို့သော် လင်းချွမ်တစ်ယောက် ထိုသို့ စိတ်ခံစားချက်များအား ကျော်ဖြတ်သင့်ကြောင်း နားလည်ပါသည်။
ယခုအတွေ့အကြုံကို မအောင်မြင်ပါက အရည်အချင်းများလည်း ရနိုင်မည် မဟုတ်ပေ။
ထိုအခါ ဝတ္ထုများ သေချာပေါက် ချောင်ထိုးခံရတော့မည်။
အောင်မြင်မှုစံနှုန်းလည်း မပြည့်မီဘဲ နောက်ထပ် အတွေ့အကြုံ မရရှိနိုင်ဘဲ ဖြစ်နိုင်သည်။
လင်းချွမ် ရင်ခုန်သံမြန်နေသည့်ကြားမှ ပတ်ဝန်းကျင် အခြေအနေအား အမြန် လှည့်ကြည့်လိုက်သည်။
“နည်းလမ်းရှာမှ ဖြစ်မယ်”
လင်းချွမ် သူ့ရှေ့မှ လူနှစ်ယောက်ကို လှမ်းကြည့်မိ၏။
ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်။
အမျိုးသားမှာ သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အရေပြားများ တွန့်လျက် ဇရာကို ပြနေသည်။
အမျိုးသမီးမှာတော့ ငယ်ရွယ်ပုံပေါ်ကာ ချောမောသော မျက်နှာ၊ တင်းရင်းကြည်လင်သော အသားအရည်၊ သေးသွယ်သော ခန္ဓာကိုယ်နှင့် အလွန် ကျက်သရေရှိလှ၏။
သို့သော် လင်းချွမ် ထိုအလှကို စိတ်မဝင်စားပါ။
“ဒါက ဇိမ်ခံအိမ်တော်ကြီးပဲ။ ဒီနှစ်ယောက်ကလည်း တော်တော် ထူးခြားတာ ဖြစ်ရမယ်”
“ငါ့ကို တွေ့သွားရင် အဖမ်းခံရပြီး ပြေးမရ ဖြစ်သွားမှာ”
“ဥပဒေအရတော့ မလုပ်သင့်ဘူး”
“ဒါပေမဲ့ ဒါက ပုံရိပ်ယောင်လောကပဲလေ။ ဒီအလုပ်အတွက် အတွေ့အကြုံ ရချင်ရုံပဲ။ နောက်ပြီး စာအုပ်ရောင်းရဖို့လည်း လိုတာပေါ့”
လင်းချွမ် ချက်ချင်း လုပ်ကြံသူတစ်ဦးအဖြစ် ခံယူကာ သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သည်။
လက်တွေ့တွင် တစ်ဦးနှင့်တစ်ဦး ထိခိုက်ရန် မစွမ်းဆောင်နိုင်သော်လည်း ယခု ပုံရိပ်ယောင် ဖြစ်နေသောကြောင့် သေနတ်ပစ်ခြင်း၊ တိုက်ခိုက်ခြင်း စသဖြင့် ပါဝင်သည်။
ပညာတတ်လူငယ်လေးဖြစ်သော လင်းချွမ်မှာ သူ့ပညာများ၊ စိတ်ဓာတ်နှင့် ဥပဒေများ ခဏဘေးချ၍ အမှုကို ရှင်းလင်းနေရသည်။
လင်းချွမ် သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း အမှိုက်ပုံကြီးကဲ့သို့ မြင်လာသည်။
အဝတ်နှင့် ဖိနပ်များ ကြမ်းပြင်အနှံ့ ပျံ့ကျဲ၍ ဝိုင်ပုလင်းအကွဲများလည်း ကြမ်းပြင်၌ ပြည့်နေသည်။
လင်းချွမ်ခန္ဓာကိုယ်ပင် အနီရောင်အရည်အချို့ စွန်းသွား၏။
ကံကောင်းစွာဖြင့် အားလုံး တိုက်ခိုက်ခံထားရသောကြောင့် ခက်ခဲမှု အနည်းငယ် လျော့ပါသည်။ နောက်ထပ် (၄) ယောက်မြောက်လူ ပေါ်လာခြင်းလည်း မရှိသေးချေ။
“ပထမဆုံး ဒီနှစ်ယောက်ကို ရှင်းတာပေါ့”
“အားနာပါတယ်။ ပုံရိပ်ယောင်လောကမို့လို့သာ လုပ်နေရတာ။ အပြင်မှာတော့ တွေးတောင် မတွေးဖူးပါဘူး”
လင်းချွမ် ကြောက်ကြောက်လန့်လန့်နှင့်ပင် ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်။
ထို့နောက် အသက်ကို ဝအောင်ရှူ၍ စိတ်ထိန်းကာ လက်ဗွေရာ မကျန်စေရန် လက်အိတ်များ ဝတ်ဆင်လိုက်၏။
ထိုနှစ်ဦးမှာ အဓိကသက်သေများ ဖြစ်ပေမည်။
ထို့ကြောင့် ပထမဆုံး သူတို့ကို ကိုင်တွယ်ရမည် ဖြစ်၏။
လုပ်ကြံသူတစ်ဦးအနေဖြင့် သေနတ်ပစ်ခြင်း၊ တိုက်ခိုက်ခြင်းများ၌ ကျွမ်းကျင်နေရုံဖြင့် မလုံလောက်ပေ။
ကျွမ်းကျင်လုပ်ကြံသူမှာ နောက်ဆက်တွဲ သက်သေများကို ရှင်းလင်းရန်ပါ သင်ယူရ၏။
ထိုအချက်မှာ အခက်ခဲဆုံး ဖြစ်ပါသည်။
မဟုတ်လျှင် လုပ်ကြံမှုပြီးဆုံးပြီးနောက် တစ်ဖက်မှ သက်သေရကာ ချက်ချင်း အဖမ်းခံရနိုင်သည်။
လင်းချွမ် ထိုနှစ်ဦးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်။
“ဒီနှစ်ယောက်ကို ငါတစ်ယောက်တည်း ရှင်းဖို့က တော်တော် ခက်တယ်။ လွှင့်ပစ်ဖို့၊ မြေမြှုပ်ဖို့၊ တစ်စစီ လုပ်ပစ်ဖို့တွေလည်း မလွယ်ဘူး။ နည်းလမ်းရှာမှ ဖြသ်မယ်”
မြန်မြန်လေး။
လင်းချွမ်စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာပြီး အခင်းနေရာကို သုံးသပ်လိုက်၏။
“ဒီလိုပဲ လုပ်ကြတာပေါ့”
လင်းချွမ် စိတ်ဆုံးဖြတ်ကာ ချက်ချင်း လှုပ်ရှားတော့သည်။
ပထမဆုံး အလောင်းများပေါ်မှ အနီရောင်အရည်များ သုတ်၍ အခန်းတစ်ခုထဲ ရွှေ့လိုက်သည်။ ထို့နောက် အမျိုးသမီး၏ လက်သည်းဖြင့် အမျိုးသား ခန္ဓာကိုယ်အနှံ့ ကုတ်ခြစ်စေ၏။ အမျိုးသားမှ အမျိုးသမီး၏ဆံပင်ကို ဆွဲထားပုံဖြစ်စေရန် အမျိုးသမီးဆံချည်မျှင်အချို့ သူ့လက်ထဲ ထည့်ပေးထားလိုက်သည်။ အထင်လွဲမှားစေရန် ဖြစ်၏။
ပြီးနောက်။
လင်းချွမ် ဒဏ်ရာများကို အထူးနည်းလမ်းဖြင့် ဖြေရှင်းရ၏။
ပြီးလျှင် တစ်ခန်းလုံး ပွပလဲနေသော အဝတ်များကို ပြန်ဝတ်ပေးလေသည်။
အမျိုးသမီးအဝတ်များကို လွှင့်ပစ်လိုက်၏။
ယခုမြင်ကွင်းမှာ အမျိုးသမီးမှ အတင်းအဓမ္မပြုလုပ်ခံရ၍ ပြန်တိုက်ခိုက်ပုံ ဖြစ်သွားသည်။
“ဟူး”
“နောက်ဆုံးတော့ ပြီးသွားပြီ”
လင်းချွမ် သက်ပြင်းချ၍ ခပ်တိုးတိုး ရေရွတ်လိုက်၏။
ထို့နောက်။
ကျကွဲထားသော ဝိုင်ခွက်အပိုင်းအစများကို ရှင်းလင်း၍ အနီရောင်အရည်များ သုတ်လိုက်၏။
ထိုအပိုင်းမှာတော့ အခက်ဆုံးပင်။
အနီရောင်အရည်များမှာ သန့်ရှင်းရေးပြုလုပ်ရန် မလွယ်ပေ။
တကယ့်မှုခင်စစ်ဆေးရေးများ၌ ဓာတုပစ္စည်းတစ်ခု ဖျန်း၍ ဓာတ်ပြုစေသောအခါ ချက်ချင်း သက်သေများပေါ်၍ အစပြန်ဖြစ်သွားနိုင်သည်။
“ရေလည်း သုံးမရဘူး။ ရေနဲ့က မပြောင်ဘူး။ ရေအများကြီး တစ်ခါတည်းသုံးလိုက်ရင်လည်း ပိုပြီး သက်သေကျန်လိမ့်မယ်”
လင်းချွမ် ရင်ခုန်သံတဒိန်းဒိန်း မြည်လာသည်။
သူ ဖြစ်နိုင်ခြေများကို အမြန်စဉ်းစားနေ၏။
ဒီလိုကိစ္စမျိုးက ဓာတုပစ္စည်းတစ်ခုခု လိုတယ်။
တစ်ဖက်က ဓာတ်ပြုစစ်ဆေးနိုင်တယ်ဆိုတာ ဟီမိုဂလိုဘင်ထဲက သံဓာတ်ကို ဓာတ်တိုးပြီး ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပြိုကွဲခြင်း ဖြစ်လာတယ်။ အဲ့ကနေမှ အပြာသို့ စိမ်းပြာရောင် အလင်းထွက်လာတယ်။
ဓာတုပစ္စည်းတစ်ခုခုသုံးပြီး အနီရောင်အရည်ထဲက DNA ကို ဖျက်ဆီးနိုင်ရင် သံဓာတ်ကို သွားထိလည်း အလကားပဲ။
ပြောနေတာ ကြာပါတယ်။
သူ ချက်ချင်း အိမ်ကြီးထဲ အမြန်ပြေး၍ စတိုခန်းကို ရှာတွေ့သောအခါ ပစ္စည်းများ သေချာရှာလေ၏။ မကြာမီ ထိုဓာတ်ပစ္စည်းရလာသောအခါ ကြမ်းပြင်အနှံ့ သေချာဖျန်း၍ အနီရောင်အရည်များအား ရှင်းလင်းလိုက်သည်။
ထို့နောက် အဝတ်ခြောက်ဖြင့် ပြန်သုတ်၍ လေမှုတ်စက်ဖြင့်ပါ အခြောက်ခံလေသည်။
မဟုတ်လျှင် ရေကွက်များ၊ သက်သေများ ထပ်ကျန်နိုင်၏။
နောက်ဆုံးအဆင့်။
သန့်ရှင်းရေးပြုလုပ်ထားသော ပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို အိတ်အမည်းကြီးတစ်ခုထဲ ပေါင်းထည့်ကာ ခရီးဆောင်အိတ်ကြီးဆွဲ၍ အိမ်ထဲမှ ထွက်လာခဲ့တော့သည်။
မပြန်မီ လင်းချွမ် ပြတင်းပေါက်များကို တမင်ဖွင့်ထားခဲ့သေး၏။
အခန်းထဲမှ ဆေးနံ့များ မြန်မြန် လွင့်ပျယ်သွားစေရန် ဖြစ်ပါသည်။
အစအဆုံး ရှင်းလင်းရန် သူ့အတွက် (၁၅) မိနစ်သာ ကြာလိုက်၏။
လင်းချွမ် အခင်းနေရာမှ ထွက်လာပြီးမှ ရင်ထဲပေါ့ကာ သက်ပြင်းချနိုင်တော့သည်။
“ငါ အရမ်းတော်တာပဲ။ တကယ့် လုပ်ကြံသူနဲ့တောင် တူတယ်”
လင်းချွမ် သူ့ကိုယ်သူ ချီးမွမ်းလိုက်သည်။
သို့သော် မြူခိုးများကြား ဖြတ်သန်းလျှောက်လှမ်းရင်း အနည်းငယ်တော့ ကြောက်နေမိသည်။
ထိုအလုပ်မှာ ကြိုးတန်းပေါ် လမ်းလျှောက်ရသကဲ့သို့ အချိန်မရွေး ဒုက္ခရောက်သွားနိုင်သည်။
“မဖြစ်ဘူး။ မဖြစ်ပါဘူး။ ဘဝအစစ်မှာတော့ ဥပဒေအတိုင်းပဲ နေတာပေါ့”
လင်းချွမ် ခေါင်းယမ်း၍ ရေရွတ်နေ၏။
ပုံရိပ်ယောင်လောက၏ ပြာလဲ့လဲ့ လရောင်နှင့် တလက်လက်တောက်နေသော ကြယ်လေးများမှာ ညကောင်းကင်အနှံ့ ပြန့်ကျဲ၍ အမှောင်ထုကို ဖြိုခွင်းပေးနေသည်။
လင်းချွမ်၍ အလုပ်အတွေ့အကြုံအသစ်လည်း ဆက်လက် ဖြစ်တည်နေ၏။