လင်းချွမ် ရှင်က ကြောက်စရာပဲ
Vol. 2 Ch. 27
နောက်တစ်နေ့ အပြင်လောက၌။
နွေဦး၏ နေ့လယ်ခင်းနေရောင်ခြည်မှာ နွေးထွေး၍ တောက်ပနေပြီး ရွက်လွှင့်ခြင်းစာအုပ်တိုက်၏ ဖန်မျက်နှာပြင်များပေါ်သို့ ကျရောက်ကာ ငွေမှုန်များကဲ့သို့ တလက်လက် ထနေသည်။
ရုံးထဲ၌။
တည်းဖြတ်သူယုယွီတစ်ယောက် ပါးတစ်ဖက်ကို လက်ဖြင့်ထောက်လျက် ခေါင်းမှာ အနည်းငယ် စောင်းနေပြီး မျက်လုံးများမှ ပင်ပန်းနွမ်းနယ်နေပုံ ပြသော်လည်း ကွန်ပျူတာထဲမှ ပြွတ်သိပ်နေသော စာများကို ဖတ်နေ၏။
ထို့နောက် ကော်ဖီတစ်ငုံသောက်ကာ ခါးသက်သက် ခံစားချက်မျိုး ရလိုက်သည်။
“အား ရူးတော့မှာပဲ”
“ဒီလိုစာရေးဆရာကို ဘယ်လိုလုပ် ပျိုးထောင်ရမှာလဲ”
သူ စိတ်ပျက်လက်ပျက် ရေရွတ်မိ၏။
“အခုထိ ခက်ခဲနေတုန်းလား”
ထိုစဉ် သူ့လုပ်ဖော်ကိုင်ဖက် လီရွှယ် ရောက်လာပြီး ပြုံးကာ မေးလိုက်သည်။
“ခက်ခဲတယ်လား”
ယုယွီ အားတင်း၍ ပြုံးလျက်
“ရုန်းကန်နေရတယ်ဆို ပိုမှန်မှာပေါ့”
လီရွှယ်မှာ ရွက်လွှင့်ခြင်းဝက်ဆိုဒ်၏ တည်းဖြတ်သူပင် ဖြစ်ပြီး ယုယွီနှင့် ရင်းနှီးပါသည်။
သူ ရယ်မောလျက်
“ရှင်က အမြဲ စိတ်ညစ်နေတာပဲ။ အခုမှ မတ်လလေ။ နှစ်တောင် မကုန်သေးတာကို တည်းဖြတ်သူ အရည်အချင်းလည်း မစစ်သေးပါဘူး”
ယုယွီ နှုတ်ခမ်းလေးစူလျက်
“လွန်ခဲ့တဲ့ (၂) နှစ်တည်းက ပျိုးထောင်လာတဲ့ စာရေးဆရာက အနားယူသွားပြီ။ အခု လက်အောက်မှာရှိတဲ့သူတွေကလည်း (၁၀,၀၀၀) subscription ရဖို့တောင် အနိုင်နိုင်။ ဒီနှစ်တော့ သွားပြီထင်ပါတယ်”
လီရွှယ်ပြုံး၍ အကြံပေးလေ၏။
“ကျွန်မ အကြံတစ်ခုလောက် ပေးရမလား”
“ဘယ်လိုလဲ”
ယုယွီ မျက်တောင်လေး တဖျတ်ဖျတ်ခတ်၍ မျှော်လင့်တကြီး ကြည့်နေသည်။
“ရှင့်အလှနဲ့ စနစ်ဆွဲရမှာပေါ့”
လီရွှယ် ဘေးမှမှန်ကိုဆွဲ၍ ယုယွီရှေ့ ပြလိုက်သည်။
မှန်ထဲတွင် မက်မွန်သီးလုံးလေးကဲ့သို့ လှပနူးညံ့သော မျက်နှာ၊ တောက်ပသော မျက်ဝန်းများ၊ ဖြူဖွေးနေသည့် သွားများ၊ မျက်ဝန်းအောက်မှ မှည့်နက်လေးတို့မှာ သူ့အလှကို ပို၍ ပံ့ပိုးပေးနေ၏။
မျက်တောင်ရှည်ကော့ကော့လေးများမှာလည်း သနားကြင်နာဖွယ် ပေါ်လေသည်။
ထို့ကြောင့် ထိုရုပ်ရည်ကို အလွယ်တကူ အားကိုးနိုင်ပြီး အရမ်းကြိုးစားနေရန် မလိုပါ။
“ကျွန်မထက် လှတဲ့သူတွေမှ အများကြီးပါ။ နောက်ပြီး စာရေးတာက ဆွဲဆောင်တာမှ မဟုတ်တာ။ အဲ့လိုနည်းလမ်းတွေ မလိုပါဘူး”
ယုယွီ ခပ်အေးအေးပြော၍ မှန်ကို ပြန်ချထားလိုက်၏။
“ယုယွီရယ် ရှင်က တကယ်အတာပဲ”
လီရွှယ် ယုယွီပါးလေးကို အသာဆွဲ၍
“ဒီခေတ်ကြီးထဲမှာ အဲ့လို ထူးဆန်းတဲ့နည်းတွေ သုံးမှ။ မဟုတ်ရင် အလုပ်မဖြစ်ဘူး။ ဒီမနက်က ဗီဒီယိုတစ်ခုတောင် တွေ့သေးတယ်။ လောင်းကစားဘုရင်က စာရေးဆရာ ဖြစ်နေတာတဲ့”
“လောင်းကစားဘုရင်လား”
ယုယွီ အံ့ဩလျက် မျက်မှောင်ကြုတ်နေ၏။
လီရွှယ် ခေါင်းငြိမ့်ပြ၍ ရယ်မောကာ
“ဟုတ်တယ်။ ခေါင်းစဉ်တောင် မှတ်မိသေးတယ်။ ‘လောင်းကစားဘုရင်ဟောင်းက ယခု ဝတ္ထုရေးတဲ့အလုပ်ကို လုပ်နေ’ တဲ့။ အစကတော့ အရမ်း ဂရုမစိုက်မိပါဘူး။ နောက်မှ ထူးဆန်းမှန်း သိတာ”
ယုယွီ အတူလိုက်ရယ်မောမိ၏။
သို့သော် လင်းချွမ်လည်း ‘လူလိမ်’ ဟူသော စာအုပ် ရေးဖူးသည်အား သတိရသွားသည်။
“လူလိမ်တွေက ဘယ်လိုအခြေအနေရှိလဲ”
လီရွှယ်က
“ကောင်းပါတယ်။ ဟန်တန်ကိုကြည့်လေ။ သူ့ ‘လိမ်လည်ခြင်းဘုရင်’ က (၆၆,၀၀၀) subscription နဲ့ သူရဲကောင်းပြိုင်ပွဲမှာ ထိပ်ဆုံးပဲ”
ယုယွီ အချိန်ကိုတစ်ချက် လှမ်းကြည့်လိုက်၏။
နေ့လယ် (၁၁:၅၆)။
“ရှင့်ရဲ့ (၁၀,၀၀၀) subscription နဲ့ ဟုန်မိန်လည်း မဆိုးပါဘူး။ ခဏနေ (၁၂) နာရီကျရင် ရလဒ်တို ထုတ်ပေးတော့မှာ။ ဟုန်မိန်က မီသွားတာလည်း ဖြစ်နိုင်တာပဲ”
ယုယွီ ပြုံး၍ ပြောလိုက်သည်။
ဟုန်မိန်မှာ လီရွှယ့်စာရေးဆရာ ဖြစ်၏။
လက်ရှိတွင်တော့ “နံပါတ် (၁) ဓားအင်မော်တယ်” က (၆၂,၀၀၀) ဖြင့် ဟန်တန့်ကို အမီလိုက်နေသည်။
လီရွှယ်ပြုံးလျက်
“သူတို့တွေက သိပ်မကွာပါဘူး။ အဆုံးသတ်မှပဲ ကြည့်ရမှာပေါ့”
ယုယွီကတော့ အားကျစွာ ငေးကြည့်နေမိ၏။
ယခုပွဲမှာ ယွမ် (၅၀,၀၀၀) အထိ ဆုချမည်ဖြစ်ပြီး အခြားခံစားခွင့်များလည်း ပါသေးသည်။
ထို့ကြောင့် ယုယွီ အားကျသည်မှာလည်း မဆန်းချေ။
နေ့လယ် (၁၂) နာရီ။
ယုယွီနှင့် လီရွှယ်တို့ စိတ်ဝင်တစားဖြင့် အဖြေကို ဖွင့်ကြည့်လိုက်သည်။
[အဆင့်တစ်ဓားအင်မော်တယ် (ဟုန်မိန်) - အောင်မြင်မှုစံနှုန်း : ၈၃,၀၀၀]
[လိမ်လည်ခြင်းဘုရင် (ဟန်တန်) - အောင်မြင်မှုစံနှုန်း : ၇၃,၀၀၀]
လီရွှယ် ရင်ခုန်သံတဒိန်းဒိန်းဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
“ဟုန်မိန်က ဟန်တန်ကို ကျော်သွားတာလား”
သို့သော် ယုယွီ အသံမထွက်ဘဲ မျက်နှာပြင်ကိုသာ ဆက်၍စိုက်ကြည့်နေ၏။
“ယုယွီ ဘာလို့ဘာမှ…”
လီရွှယ် တစ်ခုခုမေးရန် ပြင်လိုက်စဉ် သူလည်း ကွန်ပျူတာမျက်နှာပြင်အား လိုက်ကြည့်မိပြီး အလွန် လန့်ဖျပ်သွားသည်။
“အမလေး”
[လူလိမ် (မစ္စတာလင်း) - အောင်မြင်မှုစံနှုန်း : ၃၁၆,၀၀၀]
လူလိမ်ဝတ္ထုမှာ ထိပ်ဆုံးရောက်နေ၏။
အဆင့် (၁)။
ယုယွီ အံ့ဩစွာငေးကြည့်ရင်း ရေရွတ်မိသည်။
“ဘယ်… ဘယ်လိုလုပ် အဆင့်တစ် ရောက်သွားတာလဲ”
ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့်လားဟု အစမှ ပြန်ဝင်ကြည့်ပြန်သည်။
သို့သော် စာရင်းမှာ မပြောင်းလဲသွားပေ။
အဆင့် (၁) : လူလိမ် (မစ္စတာလင်း)
အဆင့် (၂) : နံပါတ်တစ်အင်မော်တယ်ဓား (ဟုန်မိန်)
အဆင့် (၃) : လိမ်လည်ခြင်းဘုရင် (ဟန်တန်)
လီရွှယ်ကိုယ်တိုင်လည်း အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ပေ။
“မစ္စတာလင်း… က ဘယ်သူလဲဟင်”
ယုယွီ ပြန်မဖြေဘဲ သူ့အကောင့်အား ဖွင့်ပြလိုက်၏။
[စာအုပ် : လူလိမ်]
[အခြေအနေ : ထုတ်ဝေပြီး]
[စာလုံးရေ : ၁.၀၂၆ သန်း]
[အပိုင်းအရေအတွက် : ၅၀၀]
[ဝယ်ယူနိုင်သောအပိုင်းများ : ၄၀၀]
[ကြိုက်နှစ်သက်မှုများ : ၁၀၃,၂၀၀]
[ဝယ်ယူနိုင်သောအပိုင်း subscription: ၁,၂၁၅,၂၆၀]
[ပျမ်းမျှ subscription: ၃၀၁၈.၁၅]
ဘာ။
ယုယွီ ပင်ပန်းနွမ်းနယ်မှုများ လုံးဝပျောက်ကွယ်၍ ပြုံးရွှင်ဝင်းပသွားကာ လင်းချွမ်ထံ ချက်ချင်း စာပို့လိုက်သည်။
ဘေးမှ လီရွှယ်ကတော့ ယုယွီ လင်းချွမ်ထံ စာပို့နေသည်ကိုကြည့်ပြီး မျက်မှောင်ကြုတ်၍
“ယုယွီ လင်းချွမ်က ရှင့်လူလား”
ယုယွီတစ်ယောက် နွေဦးနေရောင်ခြည်ကဲ့သို့ တောက်ပစွာ ပြုံးပြလေသည်။
ထိုအချိန်တွင် လင်းချွမ်မှာ အိပ်ရာထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
သူ မနေ့ညက လုပ်ကြံသူအဖြစ် နေထိုင်ခဲ့ရသည့် အတွက် အားအင်များစွာ ကုန်ခန်းသွားလေသည်။
ခြေထောက်များ တုန်ရီကာ နံရံကိုမနည်း မီိထားရသည်။
နေ့လယ် (၂) နာရီခန့်၌ အားအနည်းငယ်ပြည့်ကာ နောက်ဆုံးတော့ နိုးလာလေသည်။
လင်းချွမ် အိပ်ရာဘေးမှ ဖုန်းကိုလှမ်းယူ၍ ပျင်းရိပျင်းတွဲဖြင့် စာများအား ဖတ်ကြည့်သည်။
ပထမတစ်ခုမှာ ရဲစခန်းမှ ပေးသည့် ယွမ် (၃၀၀၀) ရောက်ရှိကြောင်းစာ ဖြစ်ပြီး နောက်တစ်ခုမှာ အိမ်ချက်ထမင်းဝန်ဆောင်မှုမှ ဖြစ်သည်။ ‘အစ်ကိုကြီး ဗိုက်ဆာနေပြီလား။ ညီမလေး လာချက်ပေးမယ်လေ’
“တကယ်ပါပဲ ဘာတွေမှန်းမသိဘူး”
ထို့နောက် အခြားစာများကို ဆက်ကြည့်ရာ ထူးခြားသော စာအား တွေ့ရလေသည်။
ယုယွီထံမှ ဖြစ်၏။
“လင်းချွမ် ရှင်တကယ် ကြောက်စရာပဲ”
“…”