ဒီတစ်ခါတော့ အချုပ်ထဲ ထပ်မရောက်လောက်ဘူးမလား
Vol. 2 Ch. 28
လင်းချွမ် ယုယွီ၏စာကိုကြည့်ကာ မှင်တက်လျက် နားမလည်နိုင်သည့်ပုံဖြင့် အီမိုဂျီ ပြန်ပို့လိုက်သည်။
ယုယွီက
“လင်းချွမ် ရှင်အခုမှပဲ စာပြန်တော့တယ်နော်”
လင်းချွမ် မျက်မှောင်ကြုတ်လျက်
“ဘာဖြစ်လို့လဲဗျ”
“လူလိမ်ဝတ္ထုက တကယ် အရည်အသွေး မြင့်တာပဲ”
လင်းချွမ်မှာ အိပ်ရာထဲ၌ အိပ်ချင်မူးတူး ဖြစ်နေခဲ့သော်လည်း ထိုအရည်အသွေးဟူသော စကားလုံးကြောင့် ချက်ချင်း လန်းဆန်းသွား၏။
အရည်အသွေး မြင့်တယ်လား။
ပျမ်းမျှ (၃၀၀၀) subscription ရှိသော ဝတ္ထုများမှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၌ ရှားပါးလှပါသည်။
သို့သော်။
လင်းချွမ်၏ လူလိမ်ဝတ္ထုမှာ တစ်နေ့တည်းဖြင့် အလွန် အံ့ဩမှင်တက်စရာကောင်းလောက်အောင် တိုးတက်ခဲ့၏။
ငွေသားနှင့် တွက်ကြည့်လျှင် ယွမ် (၆၀,၀၀၀) အထိ ရှိလေသည်။
လင်းချွမ် လန့်ဖျပ်၍ အသက်ကို မနည်းရှူနေရ၏။
ထိုဝတ္ထုအောင်မြင်မည်ဟု ခန့်မှန်းမိသော်လည်း ဤမျှချက်ချင်းကြီး မထင်ထားပေ။
နောက်ဆုံးတော့ သူ အဆင့်တက်နိုင်လေပြီ။
“တကယ့် သတင်းကောင်းပဲ”
လင်းချွမ်က
“ဟိုနေ့က ကမ်ပိန်းကြောင့်သာ မဟုတ်ရင် ဒီလောက်ကြီး အောင်မြင်လာမှာ မဟုတ်ဘူး”
ထောက်ခံမယ့်သူမရှိရင် ဝင်တောင်ဖတ်မှာ မဟုတ်ဘူး။
လင်းချွမ်၏ လောင်းကစားဆန့်ကျင်ရေးကမ်ပိန်း ပါဝင်မှုမှာ အလွန်အကျိုးရှိလေသည်။
သို့သော် ဟန်တန်နှင့် ဟုန်မိန်တို့နှင့် ယှဉ်ပြိုင်ရန်တော့ မလွယ်ကူဟု ထင်ထားခဲ့သည်။
ယခုအခါ ကံကောင်းစွာဖြင့် လင်းချွမ် ချိုးဖောက်နိုင်လေပြီ။
“လင်းချွမ် ဒီလိုဖြစ်လာတဲ့အတွက် ပြောစရာ မရှိဘူးလား”
ယုယွီထံမှ စာထပ်ဝင်လာ၏။
သူ့စာထဲတွင် ကျေနပ်သံအပြည့် ဖြစ်နေသည်။
လင်းချွမ်လည်း ပြုံးရွှင်လျက်
“ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အယ်ဒီတာကြီးကို ကျေးဇူးတင်ပါတယ်။ အယ်ဒီတာယုယွီ လက်အောက်မှာ နှစ်ပေါင်းများစွာ စာတွေ ရေးလာပြီးတော့ အမြဲအောက်ဆုံးမှာပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု ကံကောင်းစွာနဲ့ အရည်အသွေးမြင့်တဲ့ ဝတ္ထုကို ရေးနိုင်ခဲ့ပါပြီ…”
ဖုန်းတစ်ဖက်တွင် ယုယွီ ပြုံးဖြီးလျက် လင်းချွမ် စာများကို ဖတ်နေ၏။
“ဟုတ်ပါပြီ။ ကျွန်မကို အဲ့လောက် ကျေးဇူးတင်စရာ မလိုပါဘူး။ နောက်ထပ် သတင်းကောင်း ရှိသေးတယ်”
လင်းချွမ် ရုတ်တရက် မှင်တက်သွားပြီးမှ စာထပ်ရိုက်လိုက်၏။
“နောက်သတင်းကောင်းလား”
“သူရဲကောင်းပြိုင်ပွဲထဲ ဝင်ကြည့်လိုက်”
ဘယ်လို။
လင်းချွမ် အတွေးများသွားသည်။
သူရဲကောင်းပြိုင်ပွဲဆိုတာ ဟန်တန်နဲ့ ဟုန်မိန်တို့ ပွဲပဲ။
“ကောင်းပါပြီ”
လင်းချွမ် ရုတ်တရက် သတိရကာ
“ငါ့စာအုပ်လည်း ပါတယ်ဆိုတော့ ဆုတစ်ခုတော့ ဝင်ပြီထင်တယ်”
သူ အိပ်ရာမှထ၍ ကွန်ပျူတာဖွင့်ကာ စာရင်းကို စစ်ဆေးလိုက်သည်။
ထို့နောက်။
လင်းချွမ်မျက်လုံးများ ပြာဝေသွား၏။
အဆင့် (၁) : လူလိမ် (မစ္စတာလင်း) : ၃၁၆,၀၀၀
အဆင့် (၂) : နံပါတ်တစ်အင်မော်တယ်ဓား (ဟုန်မိန်) : ၈၃,၀၀၀
အဆင့် (၃) : လိမ်လည်ခြင်းဘုရင် (ဟန်တန်) : ၇၃,၀၀၀
သူရဲကောင်းစာရင်း ထိပ်ဆုံး။
ဒါက ဘာကြီးလဲ။
လင်းချွမ် ခံစားချက်များ ရောထွေးနေ၍ မည်သို့ ထုတ်ဖော်ရမည်မသိ ဖြစ်နေသည်။
“ဘယ်လိုလဲ။ သတင်းကောင်းမလား”
ယုယွီ စာထပ်ပို့လာ၏။
“တကယ် မိုက်တာပဲ”
လင်းချွမ် ပြန်ပြောလိုက်သည်။
ယုယွီက ဆက်၍
“နာမည်ကြီးနှစ်ယောက် ပြိုင်နေရာကနေ ရှင်က အကုန် ဖြတ်ရိုက်ချလိုက်ပြီး ထိပ်ဆုံး ရောက်သွားတာပဲ။ အယ်ဒီတာချုပ်ကတောင် ပြောတယ်။ ဒီပွဲမှာ ရှင့်ကို ဘယ်သူမှ ထပ်မကျော်နိုင်တော့ဘူးတဲ့”
လင်းချွမ် ပျော်မြူးစွာဖြင့်
“အဲ့တာဆို ကျွန်တော် ပထမ ဖြစ်နိုင်တယ်ပေါ့”
ယုယွီ ယုံကြည်ချက်အပြည့်ဖြင့်
“ဖြစ်နိုင်တာ မဟုတ်ဘူး။ သေချာတယ် ဖြစ်မှာ”
လင်းချွမ်၏ ဝတ္ထုမှာ အခြားသူများထက်လည်း စာလုံးရေပိုများပြီး နာမည်ကြီးနေသောကြောင့် ယှဉ်နိုင်သူ ရှားသွားလေပြီ။
လင်းချွမ် ပြုံးရွှင်၍ ပျော်နေမှန်း သိသာလှသည်။
ထို့နောက် ဆုကြေးများထဲ ဝင်ကြည့်လိုက်သောအခါ ပထမဆုအတွက် ယွမ် (၅၀,၀၀၀) ဖြစ်ကြောင်း တွေ့ရသည်။ ထို့အပြင် အခြားခံစားခွင့်များလည်း ပါသေး၏။
“ကောင်းလိုက်တာ”
လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။ ဆုလာဘ်များထဲတွင် စာဖတ်သူများစေရန် ပရိုမိုးရှင်းလည်း ပါဝင်သောကြောင့် နောက်ထပ် စာအုပ်ထွက်ပါက အစတည်းက တန်းနိုင်နိုင်သည်။
“ယုယွီ ကျွန်တော် ဒီတစ်လောတောင် စာအုပ်အသစ် ထပ်ထုတ်ဖို့ လုပ်နေတာ”
“စာအုပ်အသစ်လား။ ဟိုတစ်လောကမှ စာလုံး တစ်သန်းနဲ့ စာအုပ် ထွက်ထားတာလေ။ အခု ထပ်ရှိသေးတယ်လား”
ယုယွီ အံ့ဩနေမိ၏။
လင်းချွမ် အမြန်ပြန်ရှင်းပြလေ၏။
“ဟိုးအရင်တည်းက ရေးထားလို့ပါ။ ဟိုတစ်နေ့က ပစ္စည်းတွေရှာရင်း တွေ့တာလေ။ အဲ့တော့ ဟိုဟိုဒီဒီ ပြင်ပြီး ထုတ်လိုက်တော့မလို့”
ယုယွီ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့်
“အဲ့လိုလား။ စာအုပ်အသစ်အတွက်က ကျွန်မ အကြံတစ်ခုလောက် ပေးချင်တယ်”
လင်းချွမ် နားထောင်နေသည်ဆိုသည့်ပုံဖြင့် အီမိုဂျီလေး ပို့လိုက်၏။
“ရှင့် လူလိမ်ဝတ္ထုက မတရားအောင်မြင်နေတာ။ အဲ့တော့ ဟော့ဖြစ်နေတုန်း လူလိမ်နဲ့ ပတ်သက်တာ ဆက်ရေးစေချင်တယ်။ လူလိမ် (၂) ဖြစ်ဖြစ်ပေါ့။ အဲ့တာဆို subscription (၁၀,၀၀၀) အထိ ရောက်သွားနိုင်တယ်နော်”
ယုယွီမှ အကြံပေးလေ၏။
လင်းချွမ် မျက်မှောင်ကြုတ်နေမိ၏။
ရုပ်ရှင်၊ စီးရီးရှည်၊ အန်နီမေးရှင်းနှင့် ဂိမ်းတို့တွင် နောက်ဆက်တွဲများ ထွက်ခြင်းက သေချာပေါက် အောင်မြင်လေ့ရှိသော်လည်း ဝတ္ထုလောကတွင်တော့ မသေချာပေ။
အခြေအနေမှာလည်း ရှုပ်ထွေး၏။
ထို့အပြင် မနေ့ညက လင်းချွမ်ကြုံခဲ့သော ဘဝမှာ လူလိမ် (၂) မဟုတ်ဘဲ လုပ်ကြံသူ ဖြစ်လေသည်။
လင်းချွမ် မတတ်သာသည့်အဆုံး စာပြန်ပို့လိုက်သည်။
“ကျွန်တော် တခြားအလုပ်အကြောင်း ရေးချင်လို့”
“ဘာအလုပ်လဲ”
လင်းချွမ် စကားလုံး (၃) လုံး ပို့လိုက်၏။
“လုပ်ကြံသူ”
“???”
လင်းချွမ် ပြုံးလျက်
“ကျွန်တော့်ကို ယုံပါ ယုယွီရယ်”
ယုယွီ မသင်္ကာစွာဖြင့်
“ရှင့်ဝမ်းကွဲဦးလေး ငယ်ငယ်တုန်းက လုပ်ကြံသူလည်း လုပ်ခဲ့ဖူးတာလား”
ဟင်…
လင်းချွမ် ရုတ်တရက် စွံ့အနေ၏။
“မဟုတ်ပါဘူး။ မလုပ်ဖူးပါဘူး”
ဦးလေးကို လုပ်ကြံသူတော့ လုပ်ခိုင်းလို့ ဘယ်ဖြစ်မလဲ။
“ဒါဆို မိသားစုထဲက တစ်ယောက်ယောက် လုပ်ဖူးတာလား”
ယုယွီ ထပ်မေး၏။
“မဟုတ်တာဗျာ”
လင်းချွမ် မျက်နှာပျက်နေလေပြီ။
“လုပ်ကြံသူဆိုတာ ရှင့်အတွက် နယ်ပယ်လုံးဝ အသစ်ပဲ။ လူလိမ် (၂) လောက် အောင်မြင်မယ်လို့ အာမခံချက် မရှိဘူးလေ”
လင်းချွမ် အမှန်ပင် အာမ,မခံနိုင်ပေ။
စနစ်မှလည်း အာမခံပေးမည် မဟုတ်။
“ယုယွီ ကျွန်တော် ဒါပဲ ထုတ်ချင်တာ။ ယုံပေးပါနော်”
လင်းချွမ် ထပ်တောင်းဆိုပြန်၏။
ယုယွီမှ
“ရှင် ရူးနေပြီပဲ။ ရှင်ကိုယ်တိုင် ချောင်ကို ပြန်ကပ်ချင်နေရင်တော့လည်း ခေါ်မထုတ်တော့ဘူး”
လင်းချွမ် သူ့စာကိုကြည့်ရင်း အေးစက်ခက်ထန်သော ရှန်ချန်းချန်းကိုပင် သတိရသွားသည်။
ဒီတစ်ခါတော့ အချုပ်ထဲ ထပ်မရောက်လောက်တော့ဘူးမလား။