လုပ်ကြံသူ ဘေးထွက်ဆိုးကျိုး
Vol. 2 Ch. 29
“ထားပါ။ ဝတ္ထုပဲဆက်ပြီး ထုတ်တာပေါ့”
မနေ့ညက။
သူ လုပ်ကြံသူအတွေ့အကြုံယူခြင်းမှာ (၄) နာရီမျှ ကြာခဲ့သည်။
ထို့နောက် လောကအစစ်သို့ ပြန်ရောက်လာသည်နှင့် စနစ်အချက်ပေးသံများပင် မကြားတော့ဘဲ လင်းချွမ် တန်း၍ အိပ်ပျော်သွားခဲ့၏။
စိတ်ရောလူပါ အလွန်ပင်ပန်းသွားခဲ့သည်။
“စနစ်ရေ”
သူ စိတ်ထဲမှ လှမ်းခေါ်လိုက်၏။
စနစ်မှ ချက်ချင်း တုံ့ပြန်လာလေသည်။
[လုပ်ကြံသူအတွေ့အကြုံ အောင်မြင်သွားသည့်အတွက် ဂုဏ်ယူပါသည်။]
[အောက်ပါ အရည်အချင်းများအား ရရှိပါသည်။ တိုက်ခိုက်စွမ်းရည်၊ သေနတ်ပစ်စွမ်းရည်၊ သက်သေ ရှင်းလင်းခြင်း စွမ်းရည်]
[သင့်အတွေ့အကြုံများကို “ကျွမ်းကျင်လှသော လုပ်ကြံသူ” ဟူ၍ ဝတ္ထုအဖြစ် အလိုအလျောက် ပြောင်းလဲပါမည်။
[ယခု ထုတ်မည်လား]
ရုတ်တရက် စွမ်းရည်နှင့်ပတ်သက်သော ဗဟုသုတများစွာ လင်းချွမ်ဦးနှောက်ထဲ တိုးဝင်လာ၏။ တကယ့် ကျွမ်းကျင်လုပ်ကြံသူ ကဲ့သို့ပင်။
သူ့အကြည့်များမှာ ဓားသွားကဲ့သို့ စူးရှ၍ အမှောင်ထုထဲတွင် သားကောင်ရှာနေသည်နှင့် တူသည်။ သေနတ်ပစ်ခြင်းနှင့် သက်သေ ရှင်းလင်းခြင်းတို့မှာတော့ လက်တွေ့တွင် အသုံးမဝင်ပါ။ သို့သော် တိုက်ခိုက်စွမ်းရည်မှာ ခုခံရေးအတွက် သုံးနိုင်၏။
ယောက်ျားလေးတစ်ယောက် အနေဖြင့်လည်း အန္တရာယ်များ ရှိပါသည်။
“ဝတ္ထုထုတ်မယ်”
လင်းချွမ် အမိန့်ပေးလိုက်သည်နှင့် စတင် လှုပ်ရှားတော့သည်။
[ကျွမ်းကျင်လှသော လုပ်ကြံသူ ဝတ္ထုမှာ စာလုံးရေ (၁.၅) သန်း ပါဝင်ပြီး ရိုက်နှိပ်ပြီးရန် အချိန် (၁၅) နာရီ ကြာမြင့်ပါမည်။ ခေတ္တစောင့်ပါ]
[ရိုက်နှိပ်နေဆဲ…]
[လက်ရှိ : ၁%]
ညမှာ တဖြည်းဖြည်း မှောင်လာ၏။
အန်လင်းမြို့ မိတ်ဆွေဟောင်း တုတ်ထိုးဆိုင်။
လင်းချွမ်တစ်ယောက် အစ်ကိုဝမ်နှင့် ညစာစားရန် စီစဉ်ထားသည်။
ဝမ်မှာ ကြားရက်များ၌ သူ့ကို မကြာခဏ ထမင်းခေါ်ကျွေးလေ့ရှိ၍ နောက်ဆုံး သူ အောင်မြင်လာသောအခါ သေချာပေါက် အပျော်များ ဝေမျှရပေမည်။
ကြွားသည်ဟုပြောလျှင် ပိုမှန်ပါမည်။
ဆိုင်ထဲတွင် လူအများ စည်ကားလျက်ရှိပြီး သစ်သားစားပွဲများတွင် အားလုံးပြည့်နေ၏။ ပိုင်ရှင်မှာ ကိုယ်တိုင် ချက်ပြုတ်နေပြီး သံဒယ်အိုးဖြင့် အလုပ်ရှုပ်နေသည်
မီးရောင်အောက်မှ ဆီရွှဲရွှဲများမှာတော့ အလုပ်ရှုပ်သော ပတ်ဝန်းကျင်ကို ပို၍ အသက်ဝင်စေ၏။
လင်းချွမ် ထောင့်တစ်နေရာမှဝိုင်းတွင် ဝင်ထိုင်နေလိုက်သည်။
မကြာမီ ဝမ် ရောက်လာ၏။
“အစ်ကိုဝမ်”
သူ လင်းချွမ် အနားရောက်သည်နှင့် လမ်းကို အားရပါးရ ဆွဲကိုင်၍ ရယ်မောကာ
“ချွမ် ဒီနေ့ ငါနဲ့ ချီချီတို့ စတွဲတာ ဘယ်လိုလုပ် သိတာလဲ ဟင်”
လင်းချွမ် စွံ့အသွား၏။
တကယ်ပါပဲ။
ထမင်းဖိတ်ကျွေးတာတောင် ကြွားတုန်းပဲ။
ဒါ အဓိပ္ပာယ်ရှိလို့လား။
မရှိဘူးလေ။
လင်းချွမ် ခဏစဉ်းစား၍ ဖုန်းကိုထုတ်ကာ သူရဲကောင်းပြိုင်ပွဲစာရင်းအား ပြလိုက်၏။
ဝမ်မျက်လုံးများ ပြူးထွက်လျက်
“အမလေး မင်း ဘယ်လိုလုပ် အဲ့လောက်တောင်လဲ”
သူ ဒီနေ့တစ်နေကုန် ချီချီ့ကြောင့် ပျော်နေ၍ အခြား သတင်းများ မသိလိုက်ပေ။
“အစ်ကိုက ရည်းစားထားလိုက်ဦးပေါ့။ ကျွန်တော်ကတော့ အောင်မြင်အောင် လုပ်လိုက်ဦးမယ်”
လင်းချွမ် ပြုံးရွှင်ကာ စလေ၏။
ဝမ် အမူအရာပြန်ထိန်းလိုက်ပြီး
“ရပါတယ်။ ချီချီက နားလည်ပေးတယ်”
“မိန်းမတစ်ယောက်က နားလည်တယ်လား”
“ငါလည်း အလုပ်ကြိုးစားပါတယ်နော်။ ငါလည်း စာအုပ်အသစ် ထုတ်မှာ။ subscription (၁၀၀၀၀) ရအောင်လို့”
ဝမ် အားကျမခံ ပြန်ပြော၏။
“အဲ့အခါမှ ထမင်းလိုက်ကျွေးဖို့ မမေ့နဲ့ပေါ့ဗျာ”
“ဒါပေါ့”
ထိုစဉ် သူ လက်တစ်ဖက် မြှောက်လိုက်ပြီး
“ချီချီ ဒီမှာ”
လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ရွှယ်ချီချီမှာ အပြာရောင်ဂါဝန်ရှည်၊ အဖြူရောင် ဒေါက်ဖိနပ်လေးဖြင့် ဆွဲဆောင်မှုရှိစွာ ဆိုင်အပြင်ဘက်တွင် ရပ်နေ၏။
ရွှယ်ချီချီ အတူတူလာမည်ကို ဝမ် ပြောထား၍ လင်းချွမ် သိပါသည်။
သို့သော်…
ရှန်ချန်းချန်းပါ ရောက်လာတာလား။
ဆံနွယ်ရှည်ကို ခပ်မြင့်မြင့်စည်းထားပြီး ဘဲရုပ်တီရှပ်အဖြူ၊ ဂျင်းဘောင်းဘီအပြာနုနှင့် အဖြူရောင်ရှူးဖိနပ်ဘေး ဝတ်ဆင်ထားပုံမှာ ရိုးရှင်း ပေါ့ပါး၍ လူငယ်ဆန်နေ၏။
“ရဲမေရှန်က ဘာလို့လာတာလဲ”
လင်းချွမ် ဝမ့်ကို ခပ်တိုးတိုး လှမ်းမေး၏။
ဝမ် ရယ်မောလျက်
“မင်းအတွက် ငါ ဖိတ်ပေးထားတာလေ”
“ဘာ”
လင်းချွမ် လန့်ဖျပ်၍ စွံ့အနေ၏။
“မင်းက ရဲမေရှန်နဲ့ တွေ့စရာအကြောင်း မရှိဘူးဆိုလို့လေ။ အကြောင်းရှိအောင် ဖိတ်လိုက်တာ”
လင်းချွမ် အံကြိတ်လျက်
“ကျွန်တော် ပြောချင်တာက ရဲမေရှန်နဲ့ ကျွန်တော်က နေထိုင်ရာ ပတ်ဝန်းကျင် မတူလို့ မတွေ့နိုင်ဘူးလို့ ပြောတာလေ။ ဒီလို မတွေ့ရတာမှ မဟုတ်တာ”
“ဘာပဲဖြစ်ဖြစ် အတူတူပဲလေကွာ”
ဝမ်ကျီခန် လက်ယမ်လျက်
“ငါတွေးနေတာ။ အခု ငါနဲ့ ချီချီက အတွဲတွေ ဖြစ်သွားပြီဆိုတော့ မင်းကို ဒီအတိုင်း မကြည့်ရက်ဘူး။ ငါ သူငယ်ချင်းကောင်း ပီသတယ်မလား”
လင်းချွမ် သွေးတက်ချင်လာ၏။
အစ်ကိုဝမ်က ငါ့ပျော်ရွှင်မှုကို ဖျက်ဆီးချင်နေတာပဲ။
ဒီမှာ အကောင့်ထဲတောင် ငွေအကုန် မရောက်လာသေးဘူး။
“ဆရာလင်း ဒီနေ့ ကျွန်မကို ဖိတ်လိုက်တာ ဘာလို့လဲ”
ရှန်ချန်းချန်း ရောက်လာပြီး ပြုံး၍ မေးလိုက်၏။
လင်းချွမ်ကတော့ ရှက်စိတ်ကို ချိုးနှိမ်ကာ အားတင်းပြုံး၍
“ရဲမေရှန်ကျေးဇူးနဲ့ ကမ်ပိန်းမှာ ပါခွင့် ရခဲ့တာလေ။ အဲ့တာကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက် ကျွေးချင်လို့ပါ”
ဝမ်လည်း ချီချီ့ကို လက်ဆွဲ၍ ထိုင်ခုံ၌ ပြန်ထိုင်လိုက်၏။
ရှန်ချန်းချန်း လင်းချွမ်ဘေးတွင် ဝင်ထိုင်ကာ
“ဝတ္ထုအခြေအနေကရော”
“ကံကောင်းလို့ အောင်မြင်သွားပါတယ်”
“ကောင်းတာပေါ့”
ရှန်ချန်းချန်း မျက်ဝန်းများတောက်လျက် ပြောလိုက်သည်။
လင်းချွမ် လက်ဖက်ရည်တစ်ခွက် ယူသောက်ကာ စိတ်ငြိမ်အောင် ထိန်းနေ၏။
“ရဲမေရှန် လင်းချွမ်ကလည်း ရဲမေရှန် အလုပ်အဆင်ပြေရဲ့လား အရမ်း သိချင်နေတာ”
ဝမ်မှ မြှောက်ပေး၏။
ရှန်ချန်းချန်း ရယ်မောလျက်
“ပြစ်မှုစုံစမ်းရေးအဖွဲ့မှာကတော့ အလုပ်များတာပေါ့။ ဒီနေ့တောင် လူသတ်မှုတစ်ခု စုံစမ်းခဲ့ရသေးတယ်”
လူသတ်မှုလား။
လင်းချွမ် ချက်ချင်း မျက်နှာဖြူဖျော့ကာ လက်များ တုန်ရီ၍ လက်ဖက်ရည်များပါ ဖိတ်ကျကုန်သည်။
“ဆရာလင်း ဘာဖြစ်လို့လဲ”
ရှန်ချန်းချန်း လင်းချွမ်အခြေအနေကိုကြည့်၍ မေးလိုက်သည်။
“ဘာ… ဘာမှမဟုတ်ပါဘူး”
လင်းချွမ် အတင်းပြုံး၍ တစ်ရှူးနှင့် လက်ဖက်ရည်များကို လိုက်သုတ်နေသည်။
ရဲမေတစ်ဦးအနေဖြင့် ရှန်ချန်းချန်းမှာ အပြင်လောက၏ ထူးခြားချက်ကို အမြဲသတိထားမိပါသည်။
လင်းချွမ် လက်ဖက်ရည်များ သုတ်သည်ကိုကြည့်ကာ ထူးဆန်းသလို ထင်လိုက်မိ၏။
လင်းချွမ်မှာ တစ်ရှူး (၃) ရွက် ဆွဲထုတ်၍ သူ့အင်္ကျီပေါ်မှ အကွက်များအားဖိထားကာ လက်ဖက်ရည်ခြောက်စေ၏။
ရှန်ချန်းချန်း ဘဝအတွေ့အကြုံအရ သာမာန်လူများမှာ မှောက်ကျသည့်နေရာကို ပွတ်၍သာ သုတ်လေ့ရှိသည်။
သို့သော်။
ထိုသို့ ရေစုပ်စေရန် သန့်ရှင်းနည်းမှာ နေ့စဉ်ဘဝ၌ တွေ့ရခဲ၏။
ထိုအစား သက်သေမကျန်စေရန် တရားခံများ သုံးလေ့ ရှိပါသည်။
“ရဲမေရှန် ဘာလို့ ကျွန်တော့်ကို အဲ့လိုစိုက်ကြည့်နေတာလဲ”
လင်းချွမ် လက်ဖက်ရည်များ သုတ်ပြီးနောက် သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော ရှန်ချန်းချန်းအား မေးလိုက်သည်။ တစ်ခုခု မကောင်းတာ ဖြစ်တော့မလို ရင်ထဲလည်း ထိတ်သွားသည်။
“ရှင့်နည်းလမ်းက ပုံမှန်မဟုတ်လို့ပါ”
ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။
လင်းချွမ်လန့်ကာ မျက်မှောင်ကြုတ်သွားသည်။
ဘာနည်းလမ်းလဲ။
ရုတ်တရက် သူ့လက်ထဲမှ တစ်ရှူးကို မျက်အိမ်လေး ရွှေ့ကြည့်မိရင်း တစ်ကိုယ်လုံး တောင့်တင်းသွား၏။
သူ နားလည်သွားလေပြီ။
ရှန်ချန်းချန်း ဆိုလိုသည်မှာ သူ့ရေသုတ်နည်း ဖြစ်သည်။
သူ မနေ့ညက လုပ်ကြံသူခံစားချက် အရမ်းဝင်ထားသောကြောင့် သန့်ရှင်းရေးလုပ်ရမည့် မြင်ကွင်းတွေ့သောအခါ ထိုအတိုင်း ပြုလုပ်လိုက်မိသည်။
ယခုတော့ လုပ်ကြံသူအတွေ့အကြုံ၏ ဘေးထွက်ဆိုးကျိုးကို ခံစားရလေပြီ။