သပ်သပ် ပေးရမယ်
Vol. 3 Ch. 45
ဂျင်မ်၌။
ရှန်ချနိးချန်း ပြုံးလျက်
“လင်းချွမ် ရှင့်ရဲ့စိတ်ကူးနိုင်စွမ်းကို အံ့ဩလို့ပါ။ ကိုယ်တိုင် လုပ်ခဲ့ဖူးသလို တကယ် ကြောက်စရာပဲ”
လင်းချွမ် လင်ယမ်းပြ၍
“ရဲမေရှန်ရဲ့ စာရေးဆရာကို ယုံသင့်ပါတယ်။ ဖန်ပဲကို”
ရှန်ချန်းချန်း လန့်ဖျပ်၍
“ကျွန်မ ဘယ်တုန်းက ရှင့်ဖန် ဖြစ်သွားတာလဲ”
“ကျွန်တော့်စာအုပ်တွေအကုန် subscribe လုပ်ထားတယ်လေ။ အဲ့တာ ဖန်မဟုတ်လို့ ဘာလဲ”
လင်းချွမ် ရယ်မော၍ ပြောလိုက်၏။
ရှန်ချန်းချန်းလည်း နေရခက်စွာ ရယ်မော၍
“အဲ့လိုဆိုရင်တော့ ဟုတ်ပါတယ်။ ရှင့်စာအုပ်ရော၊ ရှင်ရောက အရမ်းကျွမ်းကျင်လွန်းတယ်”
လင်းချွမ် ထိုသို့ အသိအမှတ်ပြုစကားမျိုး ကြားရသည်မှာ အလွန်ရှားပါးပါသည်။
သူ ပြန်ပြုံးပြလိုက်၏။
လင်းချွမ်၏ ကောက်ချက်ချမှုကြောင့် ဟူတာချန်းနှင့် ရှန်ချန်းချန်းတို့ လုပ်ငန်းစကြလေသည်။
ချက်ချင်း မှုခင်းအဖွဲ့ကို ဆက်သွယ်ကာ (၅) လွှာ၌ ပတ်စိပ်တိုက်ရှာကြ၏။
ထို (၅) လွှာမှာ ဟန်လီကုမ္ပဏီ၏ စတိုခန်းပင်။
ကော်ရစ်တာအဆုံး၌ သန့်စင်ခန်းရှိပြီး ထိုဘေးမှ အခန်းငယ်လေးထဲတွင် အသစ်ဖွင့်ထားသော်လည်း အားလုံး သုံးပြီးသည့် ဓာတုဆေးဘူးများကို ရှာတွေ့သွား၏။
ထိုတင်မက မကြာမီ ဟန်လီကုမ္ပဏီ၏ စတိုမန်နေဂျာ ချက်ချင်း ရောက်လာပြီး စတိုခန်းကိုလည်း ဖွင့်ပေးလေသည်။
ထိုအချိန်တွင်။
ကောက်ချက်မှာ လင်းချွမ်ချထားသောကြောင့် အခန်းထဲ သူ အရှေ့ဆုံးမှဝင်၍ လှည့်လည်ကြည့်ရှုနေသည်။
ပြတင်းပေါက် (၂) ခုပွင့်နေပြီး ထူးခြားသောအနံ့ဟူ၍ မရှိဘဲ ဖုန်များလည်း ပြောင်ရှင်းနေသည်။ သေချာ သန့်စင်ထားပုံရ၏။
စက္ကူပုံးများ၏ အောက်ခြေတွင်တော့ အနည်းငယ် စိုနေလေသည်။
လင်းချွမ် စက္ကူပုံးများ တစ်ခုပြီးတစ်ခု ဖယ်၍ ရှာကြည့်၏။
စိတ်ထဲ၌ အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦး တိုက်ခိုက်ခံရသောအခါတွက် မည်သို့ ထွက်ပြေးရှောင်တိမ်းရန် ကြိုးစားမည်အား တွေးနေသည်။
နောက်ဆုံးတော့ သူ အဖြေရှာတွေ့သွားပုံဖြင့် ပြုံးလိုက်၏။
ထိုအခင်းနေရာထဲ ကိုယ်တိုင် ရောက်သွားသလို ခံစားရလေသည်။
ပုံးအစွန်းတစ်ခုတွင် အဖြေတွေ့သွား၏။
“ဘာဖြစ်တာလဲ”
ရှန်ချန်းချန်း မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
လင်းချွမ် ပြန်မဖြေဘဲ တံခါးအပြင်ထွက်၍ လော့ခ်အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
တံခါးသော့မှာ B အဆင့် အကောင်းစားဖြစ်ပြီး ပျက်စီးနေပုံ မပေါ်ပါ။
ထို့နောက် လင်းချွမ် သက်ပြင်းချကာ ရှန်ချန်းချန်းအား ကြည့်၍
“ဒီနေရာက ပထမဆုံးအခင်းနေရာပဲ”
ရှန်ချန်းချန်းတို့အားလုံး အလွန် လန့်ဖျပ်သွားကြသည်။
ဒီနေရာလား။
ထို့နောက် စတိုခန်းမန်နေဂျာအား ချက်ချင်း ဖမ်းလိုက်ကြတော့သည်။
ရှန်ချန်းချန်းက
“ရှင် ဘယ်လိုလုပ် သေချာသိနေတာလဲ”
လင်းချွမ်ပြုံး၍ ပြတင်းပေါက်များကို လက်ညှိုးထိုးပြကာ
“ရဲမေရှန် ဒီနေရာမှာ ရေငွေ့မပျံအောင် စက္ကူပုံးတွေနဲ့ ပစ္စည်းထည့်ထားတာ။ ဒါပေမဲ့ မတ်လရဲ့ စိုစွတ်တဲ့ အချိန်မှာ ပြတင်းပေါက်တွေ ဖွင့်ထားတယ်လေ။ အဲ့တာက ဓာတုပစ္စည်းအနံ့တွေ မြန်မြန်ပျောက်အောင်လို့ သံသယရှိတာပဲ”
ရှန်ချန်းချန်း ခေါင်းငြိမ့်၍ ခပ်လေးလေးဖြင့်
“ဒီကောက်ချက်က ဖြစ်နိုင်တာပဲ”
လင်းချွမ် ဆက်ရှင်းပြ၏။
“ဒါက စတိုခန်းဆိုပေမဲ့ ကြမ်းပြင်တွေက အရမ်းသန့်နေတယ်။ စက္ကူပုံးတွေကျတော့ ခပ်စိုစို ဖြစ်နေတယ်။ ဒါ တစ်ယောက်ယောက်က သေချာ သုတ်သင်ထားလို့ပဲ။ နောက်ပြီး ဒီစက္ကူပုံးကို တွေ့လိုက်တာ”
ချိုင့်ဝင်နေသော စက္ကူပုံးကို ပြလိုက်သည်။ ထိုချိုင့်ရာမှာ အလေးတုံးဖြင့် တိုက်မိထားသလို ဖြစ်၏။
အားလုံး အသက်ရှူရန်မေ့ပြီး ထိတ်လန့်သွားကြ၏။
စက္ကူပုံးထဲ၌ အလေးတုံးအပိုင်းအစ တစ်ခုခုတွေ့ပြီး ထိုအရာနှင့် နစ်နာသူ DNA တို့ တိုက်ဆိုင်လျှင် ပထမဆုံးအခင်းနေရာဟု သေချာသွားလေပြီ။ ထိုအခါ အမှုဖြေရှင်းပြီးရန် လက်တစ်ကမ်းအလိုသာ ရှိတော့၏။
လင်းချွမ်၏ တံခါးသော့ စစ်ဆေးမှုအရ တံခါးပျက်ခြင်း၊ အတင်းဝင်ရောက်ထားခြင်း အရိပ်အယောင်လည်း မတွေ့ရ၍ စတိုခန်းသော့ ကိုင်ဆောင်သူ မန်နေဂျာမှာ လူသတ်သမား ဖြစ်နိုင်လေသည်။
အသက် (၅၀) ဝန်းကျင် ဦးလေးကြီးမှာ ဒူးများ ခွေကျသွားပြီး အမြန်တောင်းပန်၏။
“သော့ကိုင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒုသူဌေးလီမှာလည်း သော့အပို ရှိပါတယ်”
ဟူတာချန်းမှာ ဝမ်းမြောက်စွာဖြင့် သက်သေများယူ၍ စခန်းသို့ပြန်သွားပြီး စစ်ဆေးမှုများ ပြုလုပ်လေသည်။
ထင်သည့်အတိုင်း နစ်နာသူ၏ DNA နှင့် ကိုက်ညီ၏။
ထိုအခါ သံသယရှိသူများ ထွက်ပေါ်လာတော့သည်။ စတိုခန်းမန်နေဂျာနှင့် ဟန်လီကုမ္ပဏီ၏ ဒုသူဌေးလီတို့ ဖြစ်ကြ၏။
အမှုကို များစွာ နားလည်ဖြေရှင်းပြီးဖြစ်၍ ဆက်လက် လုပ်ဆောင်ရန် မခက်ခဲတော့ချေ။
ဤသို့ဖြင့် သက်သေများဖြင့် တိုက်ဆိုင် စစ်ဆေးကြည့်သောအခါ နောက်ဆုံး ဒုသူဌေးလီမှ ဝန်ခံလာတော့၏။
အမှု ဖြေရှင်းပြီးလေပြီ။
…
ညနေစောင်းလာသောအခါ အနောက်ပိုင်း ကောင်းကင်တစ်ခွင်တွင် ငါးအကြေးခွံကဲ့သို့ တိမ်တိုက်များ နီရဲတောက်ပနေ၏။ ထိုအလင်းရောင်မှာ အန်လင်းမြို့တစ်ခုလုံးကို ညီမျှစွာ ဖြာကျနေလေသည်။
ရဲစခန်းအပြင်ဘက်၌ မီဒီယာများစွာ စောင့်နေကြ၏။
“ရဲမှူးဟူ ဒီလိုမျိုး အမှုကို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်နိုင်တဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ”
“အပြင်က ထက်မြက်တဲ့ စုံထောက်တစ်ယောက် ငှါးလိုက်တယ်လို့ သတင်းထွက်နေတာရော အမှန်ပဲလားဗျ”
“အဲ့စုံထောက်က အရင်တစ်ခါ လောင်းကစားတိုက်ဖျက်ရေး ကမ်ပိန်းရဲ့ အနိုင်ရရှိသူနဲ့ အတူတူပဲလား”
“…”
လင်းချွမ်မှာ အရင်တစ်ခါကမ်ပိန်းကြောင့် အလွန် အာရုံစိုက်ခံရပြီး ဖြစ်၏။
ထို့ကြောင့် ယခုသတင်းများ ထွက်နေသောအခါ သူ့ကိုပင် သတိရကြလေသည်။
…
ပြစ်မှုစုံစမ်းရေးရုံးခန်း။
ဟူတာချန်းအပြုံးမှာ နားရွက်တက်ချိတ်တော့မလို ဖြစ်နေသည်။
သူကိုယ်တိုင် လင်းချွမ်အတွက် လုံကျင်းလက်ဖက်ရည် ဖျော်တိုက်ရင်း ရယ်မော၍
“ရဲဘော်လင်း ဒီတစ်ခါအမှုအတွက်တော့ အကြွေးအကြီးကြီး တင်သွားပြီဗျာ။ မဟုတ်ရင် ဘယ်လောက်တောင် အချိန်တွေ ကြာနေလိုက်ဦးမလဲ”
လင်းချွမ် လက်ဖက်ရည် ယူသောက်၍
“ရဲမှုူးဟူ အဲ့တာဆို ကျွန်တော့်စာအုပ်တွေ subscribe လုပ်ပေးမလား”
“ဟင်”
ဟူတာချန်းမှာ ဝတ္ထုများ ဖတ်လေ့မရှိသောကြောင့် ထိုအသုံးအနှုန်းအား နားမလည်ပေ။
“အခု စာအုပ်အသစ် ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ လိုမျိုး အရင်စာအုပ်တွေကိုပါ subscribe လုပ်ခိုင်းနေတာ”
ရှန်ချန်းချန်းမှ ပြုံး၍ ဝင်ရှင်းပြ၏။
ထိုအမှုဖြေရှင်းပြီးနောက် ရှန်ချန်းချန်း ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်၍ မျက်နှာလေး လန်းဆန်းနေသည်။
“စာအုပ်အကုန်လား ရပါတယ်”
ဟူတာချန်း ချက်ချင်း ဖုန်းထုတ်၍ ရှန်ချန်းချန်း အကူအညီဖြင့် လုပ်ဆောင်လိုက်သည်။
ထို့နောက် လင်းချွမ်အားကြည့်ကာ
“ရဲဘော်လင်း မနက်ဖြန် အချိန်ရလား မသိဘူး”
လင်းချွမ် အံ့ဩသွားပြီး
“ဘာကိစ္စရှိလို့လဲဗျ”
“ရဲဘော်လင်းရယ် အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တို့ အမှုတစ်ခုပဲ ရှင်းရသေးတာ။ နောက်ထပ် ၂ မှုတောင် ကျန်သေးတယ်။ အထက်ကလည်း အရမ်းဖိအားပေးနေပြီ။ ပြည်သူတွေကလည်း အမှုမှန်ကို စောင့်နေကြတာ”
“ရဲမှူးဟူ အဲ့တာက…”
လင်းချွမ် ပြောရခက်နေ၏။
“ဘာများ အဆင်မပြေလို့လဲ ရဲဘော်လင်း”
ဟူတာချန်း ခပ်တိုးတိုး ကပ်မေးလိုက်သည်။
လင်းချွမ် ခဏစဉ်းစားပြီးမှ
“အဲ့တာဆိုရင်တော့ သက်သက်ထပ်ပေးရမှာနော်”
ငါက စာရေးဆရာလေ။ ရဲကိစ္စတွေကို နေ့တိုင်း ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။
ငါလည်း ပိုက်ဆံလိုတယ်။