စာရေးတာအပြင် တခြားအလုပ် ရှိသေးလား
Vol. 3 Ch. 31
“လူချောလေး ဒီမှာ မောင်ရင့်ကောင်မလေးအင်္ကျီမှာ ပါတဲ့ အရုပ်လေးရှိတယ်လေ။ အချက် (၂၀) ပစ်နိုင်ရင် အရုပ်ကို ယူသွားလို့ရပြီ”
ဆိုင်ရှင်မှ စီးပွါးရေးအကွက်မြင်စွာဖြင့် အဝါရောင် ဘဲရုပ်လေးကို ပြလိုက်သည်။
လင်းချွမ် လှမ်းကြည့်လိုက်သောအခါ ရှန်ချန်းချန်းအင်္ကျီမှ အရုပ်နှင့် တစ်ထပ်တည်း တူလေ၏။
“သူဌေး ကျွန်တော်တို့က ဟို မဟုတ်…”
လင်းချွမ် စကားမဆုံးမီပင် ဝမ်မှ လင်းချွမ်လက်ထဲ သေနတ်ထိုးထည့်၍
“ချီချီတောင် ဒိုရေမွန် ရသွားပြီ။ မင်းရော ရဲမေရှန်အတွက် ဘဲရုပ်လေး ရမလား လုပ်ကြည့်ပေါ့”
လင်းချွမ် ရှန်ချန်းချန်းအား လှမ်းကြည့်လိုက်၏။
ယောက်ျားလေးများ သေနတ်မြင်လျှင် မလွန်ဆန်နိုင်သလို ရဲမေရှန်၌လည်း မိန်းကလေး ပီသစွာ ဘဲရုပ်လေးအပေါ် ပျော့ကွက်ရှိသည်။
ထိုစဉ် ရှန်ချန်းချန်းကိုယ်တိုင် သေနတ်လေး လှမ်းယူ၍ ပြုံးကာ
“သူဌေး အချက် (၂၀) ထိရမှာမလား”
“ဟုတ်တာပေါ့”
ဆိုင်ရှင်မှ ရယ်မော၍ ပြန်ပြောသည်။
ရှန်ချန်းချန်း သေနတ်ကို မြှောက်၍ လက်ညှိုးလေး ကွေးလိုက်သည်။
ဖောင်း!
ဖောင်း!
ဖောင်း!
ဆံပင်ခပ်မြင့်မြင့်မှာ သေနတ်တစ်ချက်စီတိုင်းတွင် ခါယမ်းသွား၏။ မျက်ဝန်းလှလှလေးမှာ ပစ်မှတ်ကို အာရုံစိုက်လျက် ကျက်သရေရှိလှသော ပုံရိပ်မှာ ပါးစပ်အဟောင်းသား ဖြစ်စေသည်။
လင်းချွမ် မှင်တက်၍ ကြည့်နေ၏။
ထိုပုံစံမှာ သူ မှတ်မိသည့် ရှန်ချန်းချန်း ဖြစ်သည်။
အေးစက်၍ မာကျောခက်ထန်၏။
တရားခံများနှင့်တွေ့လျှင် ခေါင်းတည့်တည့်ကို ထိုကဲ့သို့ ပစ်ခတ်မည်လား။
သို့သော် ရှန်ချန်းချန်းမှာ သေနတ်အတုကို အကျင့်မရသေး၍ ပစ်မှတ်ကို အနည်းငယ် လွဲသွားပြီး (၁၉) ချက်သာ ထိလိုက်သည်။
ထိုအခါ မြှားနတ်မောင်ဝမ်မှ လင်းချွမ်အချစ်ရေးအတွက် ရှေ့တိုးလာပြီး
“ရဲမေရှန် သူ့ကို ပစ်ခိုင်းကြည့်ပါလား”
ရှန်ချန်းချန်းပြုံး၍ လင်းချွမ်ကိုကြည့်ကာ
“သူ လုပ်နိုင်မယ် ထင်လို့လား”
“ချွမ် ရဲမေရှန်က မေးနေတယ်လေ”
ဝမ်ပြုံး၍ မြှောက်ပေး၏။
ယောက်ျားတစ်ဦးအနေဖြင့် မလုပ်နိုင်ဟု မပြောနိုင်ပေ။
လင်းချွမ် ခဏစဉ်းစား၍
“လုပ်နိုင်မယ် ထင်ပါတယ်”
ပုံမှန်အားဖြင့် ယောက်ျားများမှာ တွေဝေသည့်အဖြေမျိုး ဖြေလေ့ မရှိသော်လည်း ယခု မေးသူမှာ ရဲဝန်ထမ်းဖြစ်နေသည်။
ရှန်ချန်းချန်း ပြစ်မှုအတွက် စုံစမ်းနေခြင်းလားဟုပင် ထင်မိ၏။
အဲ့လိုတော့ မဟုတ်လောက်ပါဘူး။
သို့သော် ပူဖောင်းပစ်ခြင်းမှာ လူကိုပစ်ခြင်း မဟုတ်၍ တရားမဝင်စရာ မရှိပါ။
လင်းချွမ် သူ့ကိုယ်သူ အားပေးလေ၏။
ဝမ်နှင့် ရွှယ်ချီချီတို့ကတော့ ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
ရှန်ချန်းချန်းလည်း မျှော်လင့်တကြီး ငေးနေသည်။
လင်းချွမ် သေနတ်ကို လှမ်းယူ၍ အလေးချိန်ကို ဆကြည့်၏။
သူ ထိုသေနတ်ကို ကိုင်လိုက်သည်နှင့် မိတ်ဆွေဟောင်းကို ပြန်တွေ့သလို အလွန်ထူးခြားသော ခံစားချက်မျိုး ရလေသည်။
လင်းချွမ် ထိုသေနတ်အကြောင်း စဉ်းစားနေ၏။ 56 semi-automatic rifle ၏ ပုံတူဖြစ်ပြီး ယခုလို ကစားပွဲများ၌ လူမထိခိုက်စေရန် အသုံးပြုခြင်း ဖြစ်သည်။
လင်းချွမ် အကျင့်ဖြစ်နေပုံဖြင့် ကျည်များကို ချက်ချင်း မထည့်ဘဲ သေနတ်အခြေအနေကို အရင်စစ်နေသည်။
သေနတ်တုမှာ လမ်းပေါ်တွင် လူပေါင်းများစွာ အသုံးပြုထားသောကြောင့် ချို့ယွင်းချက် ရှိနိုင်၏။
ရှန်ချန်းချန်း၏ နောက်ဆုံးအချက် လွဲသွားခြင်းမှာ ထိုပြဿနာကြောင့် ဖြစ်နိုင်သည်။
ထို့ကြောင့် သေချာစစ်ဆေးနေပြီး သူ့အပြုအမူကြောင့် ရှန်ချန်းချန်း အာရုံစိုက်မိသွား၏။
“ရှင့်ကို ကြည့်ရတာ သေနတ်အကြောင်း သိနေသလိုပဲ”
လင်းချွမ်က ခပ်အေးအေးဖြင့်
“တစ်ခါတစ်လေ သေနတ်တွေအကြောင်း ဖတ်ရတာ ကြိုက်တယ်လေ။ အဲ့ကနေ အတုယူတာပါ”
“စာရေးဆရာတွေက ဘာမှမလုပ်ဘဲ အိမ်မှာပဲ ထိုင်နေတယ်ထင်တာ”
ရှန်ချန်းချန်း ဟာသကြောင့် အားလုံး ရယ်မောမိ၏။
လင်းချွမ် ဘယ်လက်ဖြင့် သေနတ်ကိုကိုင်ကာ ညာဘက်မှ အပေါ်ဘက်ကိုကိုင်၍ ထိန်းထားသည်။
လက်ညှိုးမှာတော့ ခလုတ်ပေါ်၌ ရှိနေလေသည်။
လင်းချွမ် ပုခုံးကိုမတ်ကာ ခေါင်းက ရှေ့သို့ အနည်းငယ်ကိုင်း၍ စံပုံစံဖြင့် ရှိနေသည်။
ဝမ်နှင့် ရွှယ်ချီချီတို့ အချင်းချင်းကြည့်၍ ရေရွတ်မိလေ၏။
“လင်းကို ဒီလိုတွေ့ရမယ်လို့ မထင်ထားဘူး”
နားမလည်သူများမှာ စိတ်လှုပ်ရှားစွာ ကြည့်နေပြီး ကျွမ်းကျင်သူကတော့ နည်းလမ်းကို ကြည့်ပါသည်။
ရှန်ချန်းချန်း လင်းချွမ်၏ ကျွမ်းကျင်သည့်အပြုအမူကို မျက်မှောင်ကြုတ်၍ ကြည့်နေသည်။
“ရဲဘော်လင်းချွမ်က အရည်အချင်း ရှိတာပဲ”
ထို့နောက် လင်းချွမ်၏ သားကောင်ကို ကြည့်သကဲ့သို့ စူးရှနေသည့် မျက်ဝန်းများကို တွေ့ရသည်။
ဖောင်း!
ပန်းရောင်ပူဖောင်းအား တည့်တည့်ထိသွား၏။
လင်းချွမ် ဆက်ပစ်လေသည်။
ဖောင်း ဖောင်း ဖောင်း!
အချက် (၂၀) လုံး ထိသွားလေပြီ။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ထားရာမှ အံ့ဩပုံ ပြောင်းသွား၏။
လင်းချွမ်၏ အချက် (၂၀) ထိမှန်အောင် ပစ်နိုင်သောကြောင့် မဟုတ်ဘဲ သေချာလေ့ကျင့်ထားသည့် စနိုက်ပါသမားနှင့် တူနေ၍ ဖြစ်သည်။
အနည်းဆုံး သေနတ်နှင့်ရင်းနှီးသည်မှာ (၁၀) နှစ်ခန့် ရှိလေပြီ။
“ရဲမေရှန် ကျွန်တော့်ဝတ္ထု ကြော်ငြာခွင့် ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
လင်းချွမ် ဘဲရုပ်လေး လှမ်းပေးရင်း ပြောလိုက်သည်။
ရှန်ချန်းချန်း သူ့ကို ငေးကြည့်ရင်း ပြုံးကာ
“ရဲဘော်လင်းချွမ် တကယ်ပဲ စာရေးဆရာ ဟုတ်ရဲ့လား”
“ဟင့်အင်း”
လင်းချွမ် ခေါင်းယမ်းပြ၏။
“ဒါဆိုရင် ဘာလဲ”
ရှန်ချန်းချန်း မှင်တက်၍ မေးလိုက်သည်။
လင်းချွမ်ပြုံးလျက်
“လူတွေကြား နာမည်ကြီးတာကို စာရေးဆရာလို့ ခေါ်တာလေ။ ကျွန်တော်က နာမည်မှ မရှိတာ”
ရှန်ချန်းချန်း ရယ်မော၍
“မဟုတ်ဘူးလေ။ ရှင့်မှာ စာရေးတာအပြင် တခြားအလုပ်ရှိသေးလား ပြောတာ”
လင်းချွမ် ခေါင်းလေးကုတ်လျက်
“တစ်ခါတစ်လေ တိရစ္ဆာန်ယောင်တော့ ဆောင်တတ်တယ်”
“ဘာတိရစ္ဆာန်လဲ”
လင်းချွမ် ဟာသပြုလုပ်ရန် ရှားပါးအခွင့်အရေးအား ဆုပ်ကိုင်လိုက်သည်။
“လေလွင့်ခွေးလေ”
ရှန်ချန်းချန်း ဘဲရုပ်လေးကိုဖက်လျက် အားရပါးရ ရယ်နေ၏။ ထိုအချိန်တွင် မြစ်ကမ်းဘေးမှ ခွေးအချို့လည်း ဟောင်နေပြီး လင်းချွမ်စကားကို ထောက်ခံနေသကဲ့သို့ပင်။
ညနေခင်းလေပြေအား အေးမြနေ၏။
မြစ်ဘေးမှ မြက်ခင်းကြီးမှာလည်း လေယူရာယိမ်းလျက် ချစ်သူများကြား တီးတိုးစကား ဆိုနေသလို အသံများ ထွက်နေသည်။
ကောင်းကင်ပြင်ကြီးမှာတော့ ကြယ်ရောင်စုံများဖြင့် တောက်ပနေ၏။
လင်းချွမ် မြို့အရှေ့ဘက်ရှိ ပျော်ရွှင်ခြင်းရပ်ကွက်မှ သူ့တိုက်ခန်းလေးဆီသို့ ပြန်ရောက်လာသည်။
ဂိတ်တံခါးလေးကို ကျော်လိုက်သည်နှင့် ရင်းနှီးရိုးရှင်းသော တစ်ယောက်ခန်းထဲ ရောက်လာပြီး အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်၏။
စိတ်ကူးယဉ်ကမ္ဘာမှ လက်တွေ့ဘဝထဲသို့ ပြန်ရောက်လာသည်နှင့် တူ၏။
သူ ရှန်ချန်းချန်းနှင့် အလွန်ဝေးကွာနေသေးသလို ခံစားရပါသည်။ အချစ်ဆိုသည်မှာ ကျောင်းသားဘဝ၌သာ ရူးရူးမိုက်မိုက်ဖြင့် ပျော်စရာကောင်း၏။ အရွယ်ရောက်လာလျှင် ချမ်းသာသူများအချင်းချင်းသာ အဆုံးသတ်လေ့ ရှိပါသည်။
ငွေကြေးအင်အားမှာ မြှားနတ်မောင်၏ မြှားထက် ပိုတိကျစွာ ထိမှန်နိုင်လေသည်။
ထို့ကြောင့် ပိုက်ဆံရှာခြင်းက အခြေခံအချက် ဖြစ်၏။
ယခုလို subscription တိုးလာချိန်တွင် ရည်းစားထားနေခြင်းက အချိန်ဖြုန်းခြင်းပင်။
ပိုက်ဆံရှာရမယ်။
…
နောက်တစ်နေ့တွင် တိမ်ထူထပ်လျက် ရှိသည်။
ကောင်းကင်၌ ဇာပုဝါပါးတစ်လွှာ ခံထားသကဲ့သို့ ဖြစ်နေပြီး အေးစက်စက်လေများ ပြတင်းပေါက်မှ တိုးဝင်နေကြသည်။
လင်းချွမ် မနက်စောစော အိပ်ရာထလာ၏။
အကြောင်းမှာ သူ့ “ကျွမ်းကျင်လှသော လုပ်ကြံသူ” ဝတ္ထု ရိုက်နှိပ်ခြင်း ပြီးဆုံးသွားလေပြီ။
[စာအုပ် : ကျွမ်းကျင်လှသော လုပ်ကြံသူ]
[လက်ရှိအခြေအနေ : မထုတ်ဝေရသေး]
[အောင်မြင်မှုစံနှုန်း : ၀/၃၀၀၀]
လင်းချွမ် အယ်ဒီတာ ယုယွီအား ချက်ချင်း စာပို့လိုက်သည်။
“ယုယွီရေ ကျွန်တော့်စာအုပ်အသစ် ရပြီနော်”
“လူလိမ် (၂) လား”
လင်းချွမ်ပြုံး၍
“လုပ်ကြံသူ”
ယုယွီ အံ့ဩလျက်
“ရှင် တကယ်ကြီး လုပ်ကြံသူအကြောင်း ရေးထားတာလား”
“တကယ်ပေါ့”
ယုယွီ မတတ်တော့သည့်အဆုံး
“အစပိုင်း အရင်ပို့ကြည့်လိုက်။ စိတ်ဝင်စားဖို့ ကောင်းလား ကြည့်တာပေါ့”