← Chapters

ဥပဒေဘောင်

Vol. 3 Ch. 40

ဥပဒေဘောင်

Vol. 3 Ch. 40

“ပါရမီရှင်လား”

ရှန်ချန်းချန်း မျက်မှောင်ကြုတ်မိသွားသည်။

ရှချင်းချင်း ခေါင်းငြိမ့်ပြ၍

“ဟုတ်တယ်။ အဲ့ထဲက ဇာတ်လိုက်က လုပ်ကြံသူလေ။ အရမ်းကျွမ်းကျင်ပြီး အထူးသဖြင့် လူသတ်ပြီးတော့ အခင်းရှင်းလင်းရေးလုပ်တဲ့နေရာမှာပေါ့”

“ဘယ်လို”

ရှန်ချန်းချန်း တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

ရဲတပ်ဖွဲ့မှ ဂရုတစိုက် စုံစမ်းနေသော်လည်း လူသတ်မှုများ ဆက်လာသောအခါ အချိန်မလုံလောက်ဘဲ ဖိအားများလာ၏။

ထို့ကြောင့် ထိုသို့ ဉာဏ်ကောင်းသည့် ပါရမီရှင်၏ အခင်းဖြစ်ပွါးရာအား ကြည့်ကြည့်လျှင် အကျိုးရှိနိုင်သည်။

“ဝတ္ထုနာမည်က ဘာလဲ။ ဒီအမှုတွေ နည်းနည်း လက်စဖြတ်ပြီးရင် ကြည့်ကြည့်လိုက်မယ်။ နည်းနည်း အတွေးလေးဘာလေး ရရင်လည်း ရအောင်ပေါ့။ အချိန်ပေးပြီး ဖတ်ကြည့်လိုက်မယ်”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။

“ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၊ ကျွမ်းကျင်လှသော လုပ်ကြံသူ”

ရှချင်းချင်းမှ ပြောပြသောအခါ ရှန်ချန်းချန်း ချက်ချင်း ဖုန်းကိုဖွင့်၍ ရှာကြည့်လိုက်သည်။

ရုတ်တရက်။

သူ့မျက်ခုံးလှလှလေးများ တွန့်သွား၏။ ထို့နောက် လန့်ဖျပ်ကာ သန့်ရှင်းကြည်လင်၍ ချောမောသော ထိုရုပ်ရည်အား စိတ်ထဲတွင် တွေးလိုက်မိသည်။

“စာရေးဆရာက မစ္စတာလင်း… လင်းချွမ်လား”

“ချန်းချန်း ဘာလို့လဲ”

ရှချင်းချင်း သူ့အမူအရာကြောင့် စိတ်ဝင်တစား မေးလိုကမိသည်။

“ဒီစာရေးဆရာက…”

ရှန်ချန်းချန်း ခဏငြိမ်နေပြီးမှ

“ကျွန်မ သူ့ကိုသိတယ်”

ရှချင်းချင်း မျက်ခုံးပင့်မိပြီး

“ဒီညပဲ တိုင်စာရောက်လာလို့လေ။ live မှာ ကြော်ငြာနေတဲ့ စာအုပ်တစ်အုပ်က အသေးစိတ်ကျတဲ့ ပြစ်မှုမှတ်တမ်းတွေ ပါနေတယ်တဲ့”

ရှန်ချန်းချန်း အလွန်အံ့ဩသွားမိသည်။

လင်းချွမ်ရဲ့ဝတ္ထုတွေက ဘာလို့အမြဲ ပြစ်မှုနဲ့ မလွတ်တာလဲ။

ခိုးမှုနဲ့ လောင်းကစားက တော်သေးတယ်။ ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ပါရမီရှင်ပြစ်မှုမှာက အခင်းရှင်းလင်းရေးတွေပါ ပါနေတာကို။ အရမ်းလည်း ကျွမ်းကျင်သေးတယ်။

“အရမ်း လက်တွေ့ဆန်တာပဲ”

ရှန်ချန်းချန်း ရေရွတ်လိုက်မိ၏။

“ကျွန်မလည်း အရမ်းလက်တွေ့ဆန်လို့ ထူးဆန်းနေပေမဲ့ ရဲမှူးကတော့ ဝတ္ထုက ဝတ္ထုပဲ။ ခေါင်းထဲထည့်မနေနဲ့တဲ့။ ဒီအတိုင်း မှတ်တမ်းပဲ တင်ထားပေါ့လေ”

ရှချင်းချင်း ရယ်မော၍ ရှင်းပြ၏။

ရှန်ချန်းချန်း တစ်ချက်တုန်လှုပ်သွားပြီး

“သူ့ဇာတ်ဝင်ခန်းကို မှတ်မိလား။ အထူးသဖြင့် အခင်းရှင်းလင်းတဲ့နားလေ”

ရှချင်းချင်း စွပ်ပြုတ်သောက်လက်စဖြင့်

“ရှင် ဒါကိုသုံးပြီး သက်သေရှာမလို့တော့ မဟုတ်ပါဘူးနော်”

ရှန်ချန်းချန်း အနည်းငယ် ပြုံးသွားကာ

“အဲ့လိုတော့ မဟုတ်ပါဘူး။ လူသတ်သမားတစ်ယောက်ရဲ့ နေရာမှာ ဝင်ခံစားပြီး ဘယ်လိုများ လုပ်လဲလို့ တွေးကြည့်ရုံပါ”

လင်းချွမ်မှာ တရားခံစိတ်ကို ဝင်ခံစား၍ ရေးရုံဟုသာ ယုံကြည်ပါသည်။

ထိုအရာမှာ သူ လင်းချွမ်၏ ‘သူခိုး’ နှင့် ‘လူလိမ်’ တို့ကို ဖတ်ကာ သိလာရခြင်းဖြစ်သည်။

ရှန်ချန်းချန်းစိတ်ထဲ၌ လင်းချွမ်ဝတ္ထုများမှာ အဓိကအချက် (၂) ခု ရှိပါသည်။ ပထမလူအမြင်ဖြင့် ရေးခြင်းမှာ ကိုယ်တိုင် ခံစားနစ်ဝင်စေ၏။ ထို့အပြင် ဇာတ်လိုက်၏ အလုပ်အကိုင်ကို ကျွမ်းကျင်ကြောင်း ပိုမိုဖော်ပြနိုင်သည်။

လက်တွေ့၌ မတွေးမိနိုင်သောအရာများအား လင်းချွမ်ဝတ္ထုထဲမှ ခွဲထွက်၍ တွေးနိုင်၏။

“ကောင်းပြီ ပြောပြမယ်နော်”

ရှချင်းချင်း ခေါင်းငြိမ့်ပြ၍ စွပ်ပြုတ်ကို ကုန်အောင် သောက်ပြီးနောက် ဖုန်းထုတ်၍ ဝတ္ထု၏ လူသတ်ခန်းများကို ဖတ်ပြလိုက်သည်။

ရှချင်းချင်း ဖတ်ပြသောကြောင့် ပို၍ နားလည်လွယ်သွား၏။

အထူးသဖြင့် အခင်းရှင်းလင်းရေးပြုလုပ်ချိန်များတွင် ဖြစ်သည်။

ရှန်ချန်းချန်း ဂရုတစိုက် နားထောင်နေပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်ကာ နားမလည်နိုင် ဖြစ်လာသည်။ နားထောင်လေ ထူးဆန်းလေဖြစ်၏။

ထိုကိစ္စများကို အပြင်လူတစ်ယောက်မှ တတ်မြောက်နေလေသည်။

ကျွမ်းကျင်စုံထောက်အနေဖြင့် ရှန်ချန်းချန်း အမှုပေါင်းစုံ စစ်ဆေးရပြီး လူသတ်မှုများလည်း လတ်တလော တိုးလာသည်။

ယခုမူ လင်းချွမ်၏ ဝတ္ထုကိုဖတ်ရင်း ကြက်သီးများပင် ထလာ၏။

လင်းချွမ်ကို ထိုသို့ ကျွမ်းကျင်အဆင့် ရေးသားရန် မျှော်လင့်ခဲ့သော်လည်း ယခုအခြေအနေမှာ အလွန် ကျွမ်းကျင်လွန်း၏။

ဆေးမှုခင်းဗဟုသုတများလည်း ပါဝင်ကာ လက်ရှိစုံထောက်များထက်ပင် ခေတ်မီနေသည်။

နောက်ထပ် အသေးစိတ်များ ပြီးပြည့်စုံအောင် ရေးသားထားပါက စာရေးဆရာမှာ လက်တွေ့၌ ပြစ်မှုကျူးလွန်ထားသည်ဟုပင် သေချာပေါက် ကောက်ချက်ချနိုင်၏။

ဉာဏ်ကြီးရှင်တရားခံမှာ အဆင့်မြင့်လှသည်။

“လင်းချွမ် ရှင်က တကယ့် တရားခံလိုပဲ”

ရှန်ချန်းချန်း ရေရွတ်လိုက်မိသည်။

အန်လင်းမြို့မှ လူသတ်မှုများမှာ လင်းချွမ်နှင့် ပတ်သက်လားဟုပင် ထင်မိလေသည်။

လင်းချွမ်အတွေး မှန်ကန်ပါသည်။

ယခုအချိန်တွင် ရှန်ချန်းချန်းမှာ တွေ့ကရာလူကို တရားခံထင်နေ၏။

သို့သော် ရှန်ချန်းချန်းအနေဖြင့် ထိုအတွေးများ ခဏသာတွေး၍ ပြန်ပျောက်ကွယ်သွားကြသည်။

လင်းချွမ်မှာ တရားခံဖြစ်ရန် အလားအလာပေါ်သော်လည်း သူ့စိတ်ဆန္ဒ မရှိပေ။

စာရေးနိုင်နေသားနှင့် အဘယ်ကြောင့် လူသတ်မည်နည်း။

ကုန်ကြမ်းရရန်လား။

“ကျေးဇူးပါ ချင်းချင်းရယ်”

ရှန်ချန်းချန်း ပြုံး၍ ပြောလိုက်၏။

“ဒီလို ဇာတ်လမ်းမျိုး ဖတ်လိုက်တာ အမှုအတွက် အများကြီး အထောက်အကူ ရပါတယ်”

ရှချင်းချင်းပြုံးလျက်

“အမှုပြီးသွားရင် တစ်ဝိုင်းကျွေးဖို့သာ မမေ့နဲ့။ ကျွန်မလည်း ပြန်သွားပြီး အခြေအနေစောင့်ကြည့်လိုက်ဦးမယ်”

ရှန်ချန်းချန်း ပြုံး၍ ရုံးခန်းထဲ ပြန်လာခဲ့သည်။

ရုံးခန်းထဲ၌။

လုပ်ဖော်ကိုင်ဖက်များမှာ မနက်က လူသတ်မှုကို ဆွေးနွေးနေကြဆဲ ဖြစ်သည်။

နစ်နာသူ၊ အမျိုးသမီး၊ (၃၀) နှစ်၊ ဟန်လီကုမ္ပဏီဝန်ထမ်းအား မတ်လ (၂၂) ရက် မနက် (၇:၁၃) အချိန်တွင် (၄) လွှာရှိ ဟန်လီကုမ္ပဏီဧည့်ကြိုကောင်တာတွေ သေဆုံးလျက် တွေ့ခဲ့ရသည်။

ကနဦးစစ်ဆေးမှုများအရ နစ်နာသူမှာ ပွန်းပဲ့ဒဏ်ရာများစွာ ရရှိထားပြီး နဖူးရှိ ပြင်းထန်ဒဏ်ရာကြောင့် အသက်ရှုရပ်သွားခြင်း ဖြစ်နိုင်သည်။

အဆောက်အဦ၏နံရံများနှင့် အချို့နေရာများတွင် သွေးများ ပေကျံနေပြီး နစ်နာသူ၏ သွေးနှင့် ကိုက်ညီပါသည်။

သို့သော် နစ်နာသူ၏နဖူးဒဏ်ရာ၌ သံစအချို့ တွေ့ရပြီး လေးလံသော သံထည်ပစ္စည်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်၏။

ထိုမှလွဲ၍ နောက်ထပ် တိုးတက်မှု မရှိတော့ပါ။

ရဲမှူး ဟူတာချန်းမှ အဖွဲ့ဝင်များကိုကြည့်၍

“ဒီလထဲ လူသတ်မှု (၃) ခု ဆက်တိုက် ဖြစ်သွားလို့ တော်တော်လေး နာမည်ကျနေတယ်။ အထက်ကလည်း (၇) ရက်အတွင်း ဖြေရှင်းဖို့ ပြောနေပြီ။ ဒါပေမဲ့ ဘာမှ မထူးဘူး ဖြစ်နေတယ်။ မင်းတို့ရော ဘယ်လိုမြင်လဲ”

ခဏအကြာတွင် ရှန်ချန်းချန်းမှ ထဖြေ၏။

“ရဲမှူးဟူ ကျွန်မတို့ အခင်းနေရာမှာ သံသယဖြစ်စရာတွေ ရှိမယ်ထင်တယ်”

“ပြောပါဦး”

ဟူမှ ပြောလိုက်၏။

“ဟန်လီကုမ္ပဏီကအမှုမှာဆိုရင် ရုန်းကန်ထားတဲ့ အမူအရာမရှိဘူး။ အဲ့တော့ လူသတ်ခံရတာကို မရုန်းတာက အဓိပ္ပာယ်တော့ မရှိဘူးလေ”

ရဲမှူးဟူ ခေါင်းငြိမ့်ပြ၏။

နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့သော အမှုများအရ သူလည်း ထိုအခြေအနေကို နားလည်ပါသည်။

ရှန်ချန်းချန်းမှဆက်၍

“အဲ့တော့ အထင်လွဲစရာလုပ်ထားတာ ဒါမှမဟုတ် ကျွန်မတို့တွေ့နေတာက အကုန်မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်”

ရဲမှူးဟူ မျက်မှောင်ကြုတ်ကာ

“ဘယ်လို အကုန်မဟုတ်တာလဲ”

ရှန်ချန်းချန်း ခေါင်းယမ်း၍

“အလောင်းကို ရွှေ့လိုက်တာဆိုရင် တကယ်အခင်း ဖြစ်ခဲ့တဲ့နေရာက ဟန်လီကုမ္ပဏီနဲ့ အရမ်းတော့ ဝေးမှာမဟုတ်ဘူး။ ရှာဖွေမှုတွေကို (၅) လွှာက စတိုခန်းတို့၊ (၃) လွှာက အလှပြင်ဆိုင်တို့၊ (၂) လွှာက ဟန်လီဂျင်မ်တို့မှာပါ အကုန် ထပ်စုံစမ်းသင့်ပါတယ်”

ရဲမှူးဟူ ခေါင်းငြိမ့်ပြလေ၏။

ထိုညက ချက်ချင်း ရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အမှန်ပင် အခြားနေရာမှာ အခင်းနေရာအစစ် ဖြစ်နေသည်။

“ရှာတွေ့ပြီ”

ရှန်ချန်းချန်းနှင့် အဖွဲ့တို့ ဟန်လီဂျင်မ်ထဲ၌ သွေးစက်များ ရှာတွေ့လေသည်။

All Chapters