လင်းချွမ်၏ ဝတ္ထုအသစ်
Vol. 3 Ch. 32
လင်းချွမ် အလွန်စိတ်လှုပ်ရှားကာ ကီးဘုတ်ပေါ် လက်တင်၍
“ယုယွီရယ် လာနောက်နေတာပဲ”
“ဟုတ်လား”
လင်းချွမ် ခေါင်းကုတ်၍
“မဟုတ်ဘူးလေ။ အဓိကက မအောင်မြင်သေးတဲ့ စာရေးဆရာကို ဟာသလုပ်နေတာလေ”
ယုယွီ ပြုံးရွှင်၍
“နောက်တာ မဟုတ်ပါဘူး။ ပြီးတော့ ရှင်က အခု အောင်မြင်နေပြီလေ”
လင်းချွမ် နေရခက်စွာဖြင့်
“ဒါနဲ့ ကျွန်တော့်အကောင့်ထဲ ပိုက်ဆံတွေ မဝင်သေးဘူးနော်။ အဲ့တာမှ မအောင်မြင်ရင် ဘယ်ဟာက မအောင်မြင်တာလဲ”
“အယ်ဒီတာချုပ်ကနေ ကိုယ်တိုင်ကြည့်ပေးနေတဲ့ စာက မအောင်မြင်ပြန်ဘူးလား”
ယုယွီ ပြန်မေး၏။
လင်းချွမ် မှင်တက်သွားပြီး
“ယုယွီ အယ်ဒီတာချုပ်ရာထူး တိုးသွားတာလား။ ဂုဏ်ယူပါတယ်ဗျာ”
“အထုတ်မခံရရင်တောင် ကံကောင်းနေပြီကို။ ဘယ်လို ရာထူးတိုးမှာလဲ။ ဒီလိုပါ။ အယ်ဒီတာချုပ် မင်ယွဲ့က ရှင် စာအုပ်အသစ်ထုတ်မယ်ဆိုတာကြားပြီး အတူတူ ဖတ်ပေးမယ်ဆိုလို့”
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၌ အယ်ဒီတာအဆင့် (၃) ခုရှိ၏။
တာဝန်ရှိအယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာမှူးကြီးတို့ ဖြစ်၏။
အဆင့်တိုင်းတွင် လုပ်ပိုင်ခွင့်အမျိုးမျိုး ရှိပါသည်။
ဥပမာ အယ်ဒီတာချုပ်ထောက်ခံပေးသော စာများမှာ ပို၍အထူးအခွင့်အရေးများ ရရှိနိုင်ပြီး သာမာန် တာဝန်ရှိအယ်ဒီတာထက် ပိုပါသည်။
လင်းချွမ် ထိုစကားကြားပြီး ရင်တဒိန်းဒိန်း ခုန်လာ၏။
သူ ထိုဝက်ဘ်ဆိုဒ်တွင် စာရေးနေသည်မှာ အတော်ကြာပြီဖြစ်ပြီး အယ်ဒီတာချုပ်မင်ယွဲ့၏ ဂုဏ်သတင်းကောင်းများကို ကြားဖူးပါသည်။
သူ စာအကဲဖြတ်ရာတွင် အလွန်တိကျစေ့စပ်ပြီး အငြင်းခံရသော စာရေးသူသစ်များ မနည်းပေ။
သို့သော် သူအသိအမှတ်ပြုသော ဆရာများမှာလည်း ရတနာများကဲ့သို့ တောက်ပသွားကြ၏။
ယခုတော့ ထိုနာမည်ကြီး အယ်ဒီတာချုပ်မှ လင်းချွမ်၏ ဝတ္ထုကို ကိုယ်တိုင် အကဲဖြတ်ပေးတော့မည်။
ထို့ကြောင့် ဂုဏ်ယူသောစိတ်နှင့်အတူ ဖိအားလည်း များနေ၏။
လင်းချွမ် အသက်ဝအောင်ရှူ၍ ကီးဘုတ်ပေါ် လက်ပြန်တင်လိုက်သည်။
“သူ့ကို လျှော့လျှော့ပေါ့ပေါ့လေး ဝေဖန်ပေးဖို့ ပြောပေးပါလားဟင်”
စာရေးဆရာလောက၌ သူ့စကားများမှာ ပျံ့နှံ့နေဆဲဖြစ်၏။
“မင်းအရည်အချင်းနဲ့ လက်သမားလုပ်မစားတာ နှမျောစရာပဲ”
“ကီးဘုတ်ပေါ် ဆန်စေ့တွေ ချထားလို့ ကြက်တွေ လာစားရင်း ထိမိတာကမှ မင်းရေးတာထက် ပိုကောင်းဦးမယ်”
“မင်းစာတွေဖတ်ပြီး ဘေးမှာ ငါ့ခွေးတောင် ဟောင်နေပြီ။ အရမ်းကိုက်ချင်နေတယ်တဲ့”
“…”
လင်းချွမ် ထိုစကားများ တွေ့ဖူးထား၍ ကိုယ်ချင်းစာကာ ကြောက်လန့်နေမ်သည်။
ရက်စက်လိုက်တာ။
ကြမ်းတမ်းလိုက်တာ။
လင်းချွမ်၏စာကြောင့် ယုယွီ မထိန်းနိုင်တော့ဘဲ ရယ်မော၍
“အဲ့လောက် စိတ်မလှုပ်ရှားပါနဲ့။ ရှင့် လူလိမ်ဝတ္ထုကို ဖတ်ပြီး မင်ယွဲ့ကလည်း အပိုင်း (၂) ဆက်ရေးစေချင်နေတာ။ ဒါပေမဲ့ ရှင်က လူလိမ်ဇာတ်ကြောင်း မရေးချင်တော့ဘူး ပြောလို့ စာအုပ်အသစ်မှာ ဘာအကြောင်းပါမလဲဆိုတာ သိချင်ရုံပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး”
လင်းချွမ်အနည်းငယ် စိတ်အေးသွား၏။
သူ ငယ်စဉ်တည်းက ဆရာမများ သူ့အက်ဆေးကို အတန်းထဲဖတ်ပြ၍ ဝေဖန်လျှင် အလွန်ကြောက်ခဲ့ရသည်။
ထို့ကြောင့် စာရေးဆရာဖြစ်လာသောအခါတွင်လည်း အယ်ဒီတာကို ဝတ္ထုအစပိုင်း ပို့တိုင်း ထိုသို့ တုန်လှုပ်သော ခံစားချက်မျိုး ပြန်ခံစားရပါသည်။
“ဘာတွေလျှောက်ရေးထားတာလဲ”
ဟူသော စကားမျိုးကြားရမည်ကို အလွန် စိုးရိမ်၏။
“ယုယွီ ခဏလေး စာလေးနည်းနည်း ပြန်ပြင်ချင်လို့။ ခဏပဲ”
လင်းချွမ် အမြန်ပို့လိုက်၏။
ယုယွီ ခေါင်းငြိမ့်သည့်ပုံလေး ပြန်ပို့လေသည်။
လင်းချွမ် အစအဆုံး ရေးထားပြီးသော်လည်း ယခုအခါ သေချာ ပြန်စစ်ရတော့မည်။ အကဲဖြတ်ပေးသူမှာ ယုယွီတစ်ယောက်တည်း မဟုတ်။ မင်ယွဲ့ပါ ပါနေ၏။
ထို့ကြောင့် အဆူခံရသည်လည်း ဖြစ်နိုင်သည်။
လင်းချွမ် စာဖိုင်ကိုဖွင့်၍ သေချာ အထပ်ထပ် ပြန်စစ်နေ၏။ ထို့နောက် ပြဿနာမရှိတာ သေချာမှ ယုယွီအား ပြန်ပို့ပေးလိုက်သည်။
ယုယွီ လက်ခံရရှိကြောင်း ပြန်ပို့၏။
လင်းချွမ်မှာတော့ ထိုင််ခုံ၌ နောက်သို့မှီချလိုက်ပြီး အကဲဖြတ်မှုအဖြေအား စောင့်နေသည်။
သူ့ခုံမှာ သာမာန်သစ်သားခုံဖြစ်ပြီး ဂိမ်းဆော့သည့် ဆုံလည်ထိုင်ခုံမျိုး မဟုတ်ပေ။ ထို့ကြောင့် မှီထားသည့်အခါ ကျောနာနေတတ်၏။
တရားခံစစ်ဆေးရာတွင် သုံးသော ထိုင်ခုံနှင့်ပင် တူသေးသည်ဟု ခံစားရပါသည်။
သူ ထိုခံစားချက်မျိုး မကြိုက်ပါ။
နောက်လ စာမူခများရလျှင်တော့ ဆုံလည်ထိုင်ခုံလေး ဝယ်ရန် စိတ်ကူးထားလိုက်သည်။
…
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ရုံး နားနေခန်း၌။
ယုယွီနှင့် မင်ယွဲ့တို့ စားပွဲရှေ့တွင် မျက်နှာချင်းဆိုင်ထိုင်နေပြီး ကော်ဖီနံ့မွှေးမွှေးလေးများက ပျံ့နှံ့နေ၏။
အယ်ဒီတာချုပ်မင်ယွဲ့မှာ အသက် (၃၀) ဝန်းကျင်ရှိပြီး အနောက်တိုင်းဝတ်စုံအနက်ကို ဝတ်ဆင်၍ ဆံပင်ကို ထိပ်တွင် ခပ်မြင့်မြင့် စုချည်ထားသည်။ သူ့မျက်နှာတွင် မိတ်ကပ်ထူထူ မရှိသော်လည်း ယုံကြည်မှုအပြည့်ဖြင့် အရှိန်အဝါတစ်ခု ထွက်နေ၏။
မင်ယွဲ့ ကော်ဖီတစ်ငုံသောက်၍ စကားစပြော၏။
“ယုယွီ မင်းရဲ့ ‘မစ္စတာလင်း’ က နောက်ပိုင်း အလားအလာ ရှိတယ်နော်။ သူ့ကို သေချာကပ်ထား။ မင်းရာထူးကိုပါ သက်ရောက်လိမ့်မယ်”
ယုယွီပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်။ လူလိမ်ဝတ္ထုနဲ့တင် တော်တော် ပေါက်သွားပြီ။ ဝက်ဘ်ဆိုဒ်ဘက်က ဘာမှ ကြော်ငြာစာမတင်ဘဲ သူရဲကောင်းပြိုင်ပွဲ ထိပ်ဆုံးရောက်သွားတယ်ဆိုတာကို ကျွန်မ တော်တော် အံ့ဩနေတာ”
မင်ယွဲ့ပြုံးလျက်
“မင်းပဲ မထင်တာ မဟုတ်ဘူး။ အယ်ဒီတာမှူးကြီးတောင် မထင်ထားဘူးတဲ့။ ဒါနဲ့ အဲ့တာနဲ့ပတ်သက်ပြီး သတင်းတစ်ခု ထွက်နေတယ်နော်။ သိပြီးပြီလား”
“ဘာကြီးလဲ”
ယုယွီ ပြန်မေးလိုက်၏။
“ဟန်တန်က စာအုပ်ပြောင်းလိုက်တယ်တဲ့”
မင်ယွဲ့ ရယ်မော၍ ပြောလေသည်။
ယုယွီ လန့်ဖျပ်သွား၏။
ဟန်တန်ဆိုသည်မျာ subscription (၁၀၀၀၀) ရထားပြီး ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၏ နာမည်ကြီး ဖြစ်သည်။ သူ့ ‘လိမ်လည်ခြင်းဘုရင်’ မှာလည်း လင်းချွမ်နှင့် မရှေးမနှောင်း ထွက်ရှိခဲ့သည်။
အခု စာအုပ်ပြောင်းလိုက်တယ်လား။
“လူလိမ်ဝတ္ထုကြောင့်လား”
မင်ယွဲ့ ခေါင်းငြိမ့်ပြ၍
“သူ့အယ်ဒီတာပြောတာတော့ လူလိမ်ဝတ္ထုကို ဖတ်ပြီး သူ့ဝတ္ထုသူ ဆက်ရေးဖို့ သတ္တိ မရှိတော့တာတဲ့”
ယုယွီ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“ကျွန်မ သူ့ဝတ္ထုနည်းနည်း ဖတ်ဖူးတယ်။ ဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ လင်းချွမ်နဲ့ယှဉ်ရင်တော့…”
“မစ္စတာလင်းရဲ့နာမည်အရင်းက လင်းချွမ်လား”
မင်ယွဲ့ ပြန်မေးသောအခါ ယုယွီ ခေါင်းငြိမ့်ပြလေသည်။
“ဒါဆို ဒီကောင်လေး လင်းချွမ်က တော်တော် ရက်စက်တာပဲ”
မင်ယွဲ့ ရယ်မော၍ ပြောလိုက်၏။
ယုယွီလည်း ရယ်မော၍ ချက်ချင်း ကာကွယ်လေသည်။
“လင်းချွမ်က ကြိုးစားနေတုန်းပါ”
“ကိုယ့်စာရေးဆရာကို ချက်ချင်း ကာကွယ်နေတာပဲ။ ဒါနဲ့ လင်းချွမ် ဝတ္ထုအသစ် ပို့ပြီလား”
ဒင် ဒင်!
ထိုစဉ် လင်းချွမ်ထံမှ စာဝင်လာ၏။
ယုယွီပြုံး၍ ဖုန်းကို မြှောက်ပြကာ
“အယ်ဒီတာချုပ်ပြောနေတာ ကြားသွားလို့ထင်တယ်။ အခုပဲ စာပို့လာပြီ။ ပြန်ပို့ပေးလိုက်မယ်နော်”
မင်ယွဲ့ ကော်ဖီလေးသောက်ရင်း ဖုန်းကိုလှမ်းကိုင်လိုက်သည်။
“လူလိမ် အရမ်းနာမည်ကြီးနေတုန်း အတွဲ (၂) ဆက်ရေးရင် ပြီးနေပြီကို။ လုပ်ကြံသူကို ရွေးတယ်တဲ့လား။ ဘယ်လို ယုံကြည်မှုနဲ့လဲ”
မင်ယွဲ့နှင့် ယုယွီတို့ ရေရွတ်ရင်း ဝတ္ထုကို စဖတ်ကြလေသည်။
‘ငါဟာ လုပ်ကြံသူတစ်ယောက်’
‘တချို့ကလည်း ညဘုရင်လို့ခေါ်တယ်။ တချို့ကတော့ လူသားသေမင်းတမန်တဲ့’