ရဲကို တိုင်ရမလား
Vol. 3 Ch. 33
‘ကျွန်တော်ဟာ လုပ်ကြံသူတစ်ယောက်’
‘အချို့ကလည်း ညဘုရင်လို့ ခေါ်ကြတယ်။ အချို့ကတော့ လူသားသေမင်းတမန်တဲ့’
‘ဒါပေမဲ့ ကျွန်တော့်ကို တွေ့ဖူးတဲ့သူ တစ်ယောက်မှ မရှိဘူး’
‘ဘာလို့လဲဆိုတော့ ကျွန်တော့်ကိုတွေ့ဖူးသူတိုင်း သေသွားကြတယ်လေ’
‘လူသတ်တာက အမြန်ဆုံး ဖြေရှင်းနည်းပဲ’
‘တရားမျှတမှုကိုလည်း ဖော်ဆောင်နိုင်တယ်’
‘သတ်ပြီးရင်ရော’
‘လူသတ်ပြီးရင် ဘယ်လိုလုပ်မလဲ၊ ဘာဖြစ်မလဲဆိုတာ ကျွန်တော့်အတွေ့အကြုံအရ ပြောပြပေးမယ်’
‘အကြံပေးချင်တာကတော့ အဲ့အတွေးတွေ စွန့်ပစ်လိုက်ပါ။ ရဲတွေက နေရာတိုင်းမှာ ရှိတယ်’
‘…’
မင်ယွဲ့ အစပိုင်းဖတ်ပြီးနောက် မျက်မှောင်ကြုတ်၍
“ပထမလူအမြင်နဲ့ ထပ်ရေးထားတာလား”
လူလိမ်ဝတ္ထုလည်း ထိုပုံစံနှင့် တူပါသည်။
ယုယွီ နှုတ်ခမ်းလေးစူလျက်
“ဟုတ်တယ်နော်”
ဝတ္ထုများတွင် အများအားဖြင့် တတိယလူအမြင်ဖြင့်သာ ရေးသားလေ့ရှိပါသည်။
အထူးသဖြင့် အွန်လိုင်းဝတ္ထုများတွင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပထမလူအမြင်ဖြင့် ရေးရန်မှာ လူသစ်များအတွက် အတော်လေး ခက်၏။
ဇာတ်လိုက်၏ မြင်ပုံ၊ ကြားပုံ၊ တွေးပုံအထိသာ တွေ့နိုင်ပြီး အခြား ဟာကွက်များစွာ ရှိနိုင်ပါသည်။
မအောင်မြင်သေးသည့် စာရေးဆရာတစ်ယောက်အတွက် ထိုအရေးအသားမှာ ရာနှုန်းပြည့် ပယ်ချခံရနိုင်လေသည်။
“အခွင့်အရေးတော့ ပေးလိုက်ပါ”
မင်ယွဲ့ ရယ်မောနေမိ၏။ မည်သို့ပင်ဖြစ်စေ ‘သူရဲကောင်းပြိုင်ပွဲ’ ၏ အနိုင်ရရှိသူ ဖြစ်သည်။
ယုယွီနှင့် မင်ယွဲ့တို့ ဝတ္ထုကို ဆက်လက်ဖတ်ကြ၏
‘ကျွန်တော် ပထမဆုံး ဇီဝိန်ချွေတာကတော့ အသက် (၉) နှစ်ကပါ’
‘သူ့ခြေထောက်တွေကို ကြိုးနဲ့ချည်ပြီး ဓားထက်ထက်နဲ့ လည်ပင်းကို လှီးလိုက်တာပဲ’
‘သူ့သွေးစိမ်းတွေကိုတောင် ပန်းကန်လုံးနဲ့ ခံထားလိုက်သေးတယ်’
‘အစကတော့ ရုန်းကန်ပေမဲ့ နောက်တော့လည်း ငြိမ်ကျသွားတာပါပဲ’
‘ကျွန်တော်က ရက်စက်တယ်။ ဘယ်တော့မှ အလွတ်မပေးဘူး။ အပိုင်းပိုင်း ခုတ်ပစ်တာပဲ’
‘နောက်ဆုံးတော့…’
‘တစ်ခါမှ မကြုံဖူးတဲ့ အရသာကို ခံစားလိုက်ရတယ်’
‘ဘာလို့ဆို ကြက်သားစွပ်ပြုတ်က အရမ်း အရသာရှိတယ်လေ’
ယုယွီ ပြုံးရွှင်လျက်
“လင်းချွမ်က ပေါ့ပေါ့ပါးပါး လုပ်ကြံသူ ဝတ္ထုမျိုး ရေးထားတာလား”
မင်ယွဲ့ ကော်ဖီတစ်ငုံသောက်၍ ခဏစဉ်းစားကာ
“ဒီလှည့်ကွက်က တော်တော်ဆန်းတယ်။ အစပိုင်းမှာ စိတ်လှုပ်ရှားစရာကောင်းအောင် ရေးထားပြီး နောက်ဆုံးမှ ပြောင်းသွားတာက ဖတ်တဲ့သူတိုင်းကို ပြုံးမိစေတယ်”
“အင်း”
မင်ယွဲ့ပြုံး၍
“သူ ဘာလို့ ပထမအမြင်နဲ့ရေးလဲဆိုတာ နားလည်သွားသလိုပဲ”
“ဘာလို့လဲ”
ယုယွီမှ ပြန်မေး၏။
“ပထမလူအမြင်နဲ့က ပိုဆွဲဆောင်ပြီး စိတ်ဝင်စားဖို့ ကောင်းတယ်လေ”
“ဟုတ်တယ်နော်။ လင်းချွမ် အရေးအသားက အဲ့တာကြောင့် ကွာနေတာ”
အယ်ဒီတာချုပ်မင်ယွဲ့ ဝတ္ထုခေါင်းစဉ်ကို ပြန်ဖတ်ကြည့်လိုက်သည်။
ကျွမ်းကျင်လှသော လုပ်ကြံသူ။
သူ ချီးကျူးသည်မှာ အလွန်ရှားပါးလေသည်။
“သူ့ဝတ္ထုက လှည့်ကွက်ရော ဟာသရော ရောနေတာ။ အရမ်းလည်း ကြိုးစားထားတာမျိုးကြီး မဟုတ်ဘူး”
“အယ်ဒီတာချုပ်က ဝတ္ထုအစပိုင်းဖတ်ပြီး ချီးမွမ်းတာ မရှိသလောက်ပဲနော်”
ယုယွီ ရယ်မော၍ ပြော၏။
မင်ယွဲ့ပြုံးသွားပြီး
“အဲ့တာက အဲ့လောက်ကောင်းတဲ့ စာမျိုး မတွေ့ဖူးလို့ပေါ့”
နှစ်ယောက်သား ပြုံးရွှင်သွားကြ၏။
သို့သော် သူတို့ ဝတ္ထုဆက်၍ဖတ်ရင်း အပြုံးများ တံ့သွားသည်။
အမူအရာမှာ အလွန် တူညီလှသည်။
အဘယ်ကြောင့်ဆိုသော် လင်းချွမ်မှာ ဝတ္ထုအမျိုးအစားတွင် ‘သည်းထိတ်ရင်ဖို၊ လက်တွေ့’ ဟု ရေးထား၏။
‘ကြက်တစ်ကောင်ကို သတ်ပြီးတော့ ကျွန်တော့်မှာ ပြင်းထန်တဲ့ ခံစားချက်တစ်ခု ရလာတယ်’
‘လုပ်ကြံသူ ဖြစ်လာတာပေါ့’
‘ကျွန်တော်ဟာ လုပ်ကြံသူဖြစ်ဖို့ မွေးဖွားလာတာပါ’
‘တစ်နှစ်လောက်ကြာတော့ အဖွဲ့အစည်းတစ်ခုထဲ ဝင်ပြီး တိုက်ခိုက်စွမ်းရည်၊ သေနတ်ပစ်စွမ်းရည်နဲ့ အထူးသဖြင့် အခင်းရှင်းလင်းခြင်း စွမ်းရည်တွေအထိ သင်ကြားခဲ့တယ်’
‘ကျွန်တော့်ရဲ့ ပထမဆုံးပစ်မှတ်က သူဌေးကြီးတစ်ယောက်နဲ့ သူ့မိန်းမပဲ’
‘…’
‘လုပ်ငန်းစဉ်ဟာ လွယ်လွယ်ကူကူပဲ ပြီးဆုံးသွားခဲ့တယ်’
‘…’
‘ဒါပေမဲ့ ဒီလောက်နဲ့ မပြီးသေးဘူးလေ။ အခင်းနေရာ တစ်ခုလုံး ရှုပ်ပွနေတော့ ရှင်းရဦးမယ်’
‘နောက်ဆုံး အထင်လွဲစရာဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်’
မင်ယွဲ့ တဖြည်းဖြည်း ဆက်၍ဖတ်နေရင်း နှုတ်ခမ်းများ ခြောက်၍ မောကာ ကော်ဖီတစ်ငုံ သောက်လိုက်သည်။
သို့သော် မသောက်နိုင် ဖြစ်နေ၏။
“ငါ လေညင်းထွက်ခံလိုက်ဦးမယ်”
မင်ယွဲ့ သက်ပြင်းချ၍ ထထွက်သွားသည်။
ခဏအကြာ၌ ပြန်ရောက်လာကာ သတိကောင်းကောင်း ပြန်ဝင်မှ ရှင်းပြ၏။
“ဒါက အရမ်းလက်တွေ့ဆန်တယ်။ ငါပါ အဲ့နေရာကို ရောက်သွားသလိုပဲ”
သို့သော် သူ့ရှေ့မှ ယုယွီထံမှ တုံ့ပြန်သံ မကြားရချေ။
မင်ယွဲ့ လှမ်းကြည့်လိုက်သောအခါ ယုယွီ ဖုန်း၌သာ အာရုံစိုက်နေဆဲဖြစ်၏။
“ယုယွီ”
ထိုအခါမှ သူလည်း သတိပြန်ဝင်လာပြီး ရင်ဘက်လေး ဖိထားမိသည်။
“ကျွန်မဖြင့် ကြောက်စရာဝတ္ထုကို ဖတ်နေရသလိုပဲ။ ဒါပေမဲ့ ဆက်ပြီးဖတ်ချင်နေတုန်းပဲ”
မင်ယွဲ့ ခေါင်းငြိမ့်ပြကာ
“အမှန်ပဲ။ ဒါပေမဲ့ မေးစရာတစ်ခု ရှိတယ်”
“ဘာမေးစရာလဲ”
“လင်းချွမ် စာမရေးခင်က ဘာအလုပ်လုပ်ခဲ့တာလဲ”
မင်ယွဲ့ မျက်မှောင်ကြုတ်၍ ပြော၏။
“သူ ကောလိပ်တက်ရင်းနဲ့ စာစရေးတာပဲ။ တခြား ဘာမှမလုပ်ပါဘူး။ ဘာလို့လဲ အစ်မမင်ယွဲ့”
“ငါ သွားတိုင်ရမလားလို့ တွေးမိလို့ပါ”
“ဟင်”
ယုယွီ မျက်လုံးလေးပြူးနေ၏။
“နောက်တာပါဟယ်”
မင်ယွဲ့ပြုံး၍
“လင်းချွမ်ရဲ့ ဝတ္ထုအဖွင့်ကတင် တော်တော် လက်တွေ့ကျပြီး မျက်လုံးမှိတ်လိုက်တာနဲ့ မြင်ယောင်လာတဲ့အထိပဲ”
ယုယွီခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံ၏။
မင်ယွဲ့မှဆက်၍
“အထူးသဖြင့် အခင်းရှင်းလင်းရေးမှာသုံးတဲ့ ဓာတုပစ္စည်းနဲ့ အခြောက်ခံစက်တို့က ပညာသားပါတယ်။ နောက်ဆုံး ပြန်ခါနီး ပြတင်းပေါက်တွေ ဖွင့်ထားခဲ့တဲ့အထိဆိုတော့ သူများ တကယ်ကြုံဖူးနေလားလို့ပါ”
နှစ်ယောက်သား ကော်ဖီတစ်ငုံစီ သောက်လိုက်ကြပြီး ဝတ္ထုကို ပြန်တွေးနေကြ၏။
ထို့နောက် ယုယွီက
“ဒါဆို အတည်ဖြစ်သွားပြီလား”
“ကောင်းပါတယ်။ တော်တော်လည်း စုံနေပြီ။ ဒီထက်စုံရင် အမှောင်ခန်းလေးထဲ ရောက်တော့မယ်”
ထို့နောက် သူ ခဏစဉ်းစားကာ
“အပေါ်ကို တစ်ဆင့်တော့ ထပ်တင်ရဦးမယ်”
မကြာမီ…
“ထောက်ခံချက်ရပြီ”
ယုယွီမျက်နှာလေး ဝင်းပသွား၏။
လူလိမ်ဝတ္ထုထက်ပင် ပိုအောင်မြင်မည်ဟုလည်း ခံစားနေရသည်။
“ယုယွီ လင်းချွမ်ကို ငါ့ဆီ လွှဲပေးပါလား”
မင်ယွဲ့မှ ရုတ်တရက် ပြောလိုက်သည်။