← Chapters

ကံကောင်းသောရက်

Vol. 3 Ch. 35

ကံကောင်းသောရက်

Vol. 3 Ch. 35

လင်းချွမ် စာဖတ်သူအဖွဲ့ထဲမှ “သံသယရှိသူ” “ဝန်ခံလိုက်” စသဖြင့် စကားလုံးများကိုကြည့်၍ မှင်တက်နေ၏။

ထို့နောက် ထိုင်ခုံတွင် မှီချလိုက်ပြီး တုန်ရီအံ့ဩနေရာမှ နောက်ဆုံး အားရပါးရ ရယ်မောလိုက်မိသည်။

ထို့နောက် စာအသစ်ထပ်ပို့လိုက်၏။

“စာအုပ်က ထွက်တောင်မထွက်သေးဘူး။ အဲ့လောက် အောင်မြင်နေတာလား။

စာဖတ်သူတစ်ဦး၏ မေးခွန်းမှာ

“မစ္စတာလင်း လုပ်ကြံသူအစစ် မဟုတ်ဘူးဆိုတာကို စာမူခတွေနဲ့ရင်းပြီး ကျိန်ရဲလား”

လင်းချွမ် ကီးဘုတ်ပေါ်မှလက်များ တောင့်နေ၏။

စာမူခမှာ စာရေးဆရာတစ်ဦး၏ အသက်ပင် ဖြစ်သည်။

အွန်လိုင်းစာပေလောက၌ အချင်းချင်း ရန်ဖြစ်စရာ ရှိလာလျှင် နောက်ဆုံးစကားမှာ စာမူခမည်မျှ ရသနည်း ဖြစ်သည်။

စာမူခမရသူကို မည်သူမျှ အဖက်လုပ်မနေပေ။

လင်းချွမ် မေးခွန်းကို မသိချင်ယောင်ဆောင်၍

“ကျွန်တော် စာရေးဆရာတစ်ယောက်ဆိုတာ သေချာပေါက် ပြောရဲတယ်။ တရားမဝင်တာတွေလည်း ဘာမှ မလုပ်ခဲ့ဖူးဘူး”

‘ဪ ဟုတ်ပါပြီ ဟုတ်ပါပြီ။ သံသယရှိသူ မစ္စတာလင်း စကားကို ယုံပေးလိုက်ပါမယ်’

‘လောင်းကစားဘုရင် မစ္စတာလင်းက လူနည်းနည်းလောက် လက်စဖျောက်လိုက်တာ အဓိပ္ပာယ်ရှိသားပဲ’

‘အနာဂတ်အတွက် လျှို့ဝှက်ချက်ကို ရှာတွေ့ပြီ’

‘အစ်ကိုရေ ပိုက်ဆံ အတူတူ ရှာရအောင်လေ’

‘မစ္စတာလင်းမှာ ပြဿနာတွေ ရှိတယ်ထင်တယ်။ သူ အဖမ်းခံရမယ့်အချိန်ကို စောင့်ပြီးမှ ပိုက်ဆံတွေ ယူကြတာပေါ့’

‘စာအုပ်အသစ်ထွက်တာနဲ့ အစအဆုံး ဝယ်ဖတ်ပြီး ပြစ်မှုသက်သေကို သေချာရှာမှာ’

‘ကျွန်တော်ရောပဲ’

‘…’

လင်းချွမ် မျက်မှောင်ကြုတ်၍ အလွန် မျက်နှာပျက်နေသည်။

အားလုံးမှာ စကားပြောအလွန်ကောင်းကြ၏။

ဆက်ပြောနေလျှင် သူ့ကိုယ်သူပင် သံသယရှိသူလားဟု အထင်လွဲမိတော့မည်။

မည်သို့ပင်ဖြစ်စေ စိတ်ဝင်စားကြသည်မှာ ကံကောင်းသည်ဟု ဆိုနိုင်၏။ (၂၁) ရက်နေ့ ပြိုင်ပွဲ ပြီးသည်အထိ ဆွဲထားရမည်။

ဘုံး ဘုံး ဘုံး!

ထိုစဉ် တံခါးခေါက်သံ ကြားရလေသည်။

လင်းချွမ် တံခါးထဖွင့်ပေးလိုက်ပြီးနောက် အလွန် အံ့ဩမှင်တက်နေမိ၏။

“ဦးလေးကျန်း ဘာကိစ္စရှိလို့လဲ”

အချုပ်ခန်းထဲတွင် တွေ့ခဲ့ရပုံနှင့်ယှဉ်လျှင် ပို၍ လန်းဆန်းအသက်ဝင်နေသည်။

“ချွမ် စာဖတ်သူအဖွဲ့ထဲမှာ မင်း ခုနက ပြောနေတာ တွေ့လို့ စကားခဏလောက် ပြောချင်လို့။ ဒီမှာ တခြား ဘယ်သူမှ မရှိဘူးမလား”

လင်းချွမ် ပြုံး၍

“အဝတ်လျှော်ဝန်ဆောင်မှုလည်း မခေါ်ထားဘူးဆိုတော့ ဘယ်သူမှ မရှိပါဘူး”

“ချွမ် အမြဲလက်နဲ့လျှော်နေတာ မကောင်းဘူးနော်”

သူဌေးကျန်း ရယ်မော၍ ပြောလိုက်၏။

လင်းချွမ် မသင်္ကာစွာကြည့်၍

“ဦးလေးကျန်းက ဒီအတွေ့အကြုံမျိုး ရဖူးနေပုံပဲ”

သူဌေးကျန်း စိတ်လျှော့၍ လက်ထဲမှ အထုတ်ကို မြှောက်ပြကာ

“ချွမ် ဘယ်ရီသီးတွေက မျက်လုံးအတွက် အားကောင်းတယ်ဆိုလို့”

“လက်ဆောင်ပါတာလား။ ကဲ အထဲဝင်ဗျာ”

လင်းချွမ် ဘယ်ရီသီးအထုတ်ကို လှမ်းယူ၍ ရွှင်မြူးစွာ ပြောလိုက်သည်။

သူဌေးကျန်းကတော့ မျက်နှာတစ်ချက် ပျက်သွား၏။

အဲ့တာဆို ဘာမှမယူလာရင် အိမ်ထဲပေးမဝင်တော့ဘူးလား။

အိမ်ပိုင်ရှင်ကို ဒီလိုပဲ ဆက်ဆံရလား။

သို့သော် သူသာ ဖဲလိမ်ရိုက်မှုနှင့် အချုပ်ထဲ မရောက်လျှင် လင်းချွမ်လည်း နောက်ဆက်တွဲ ပါလာမည် မဟုတ်ပါ။ ထိုအတွက်တော့ စိတ်မကောင်း ဖြစ်မိပါသည်။

“ချွမ် မင်း အခုထိ ရည်းစားမရသေးဘူးမလား”

သူဌေးကျန်းပြုံး၍ မေးလိုက်၏။

လင်းချွမ် ဘယ်ရီသီးများဆေး၍ တစ်လုံး စားကြည့်လိုက်ရင်း

“ဦးလေးကျန်းက ကျွန်တော့်ကို ကျန်းနဲ့ ဆက်ပေးချင်လို့လား။ ကျန်းက ကျန်တာအကုန် ကောင်းတယ်။ နည်းနည်း…”

ကျန်းရှင်းရှင်းမှာ အမြဲတမ်း အဝတ်အစားပွပွများသာ ဝတ်လေ့ရှိသော်လည်း ခန္ဓာကိုယ်လှပမှုကို မဖုံးကွယ်နိုင်ချေ။

ဝင်းပသော အသားအရည်၊ ဆွဲဆောင်မှုရှိသော အချိုးအစားတို့မှာ ပြီးပြည့်စုံသော်လည်း ရုပ်ရှင်ကြည့်လွန်းခြင်းမှာ အားနည်းချက် ဖြစ်၏။

နှမျောစရာပဲ။

သူဌေးကျန်း မျက်နှာတည်သွားပြီး

“ဘာတွေ လျှောက်တွေးနေတာလဲ။ ငါ့မှာ ဒီသမီးလေး တစ်ယောက်ပဲ ရှိတာ။ မင်းက လူလိမ်၊ လုပ်ကြံသူလေ။ ကျန်းကို မင်းလက်ထဲ မထည့်နိုင်ပါဘူး”

လူလိမ်နဲ့ လုပ်ကြံသူတဲ့လား။

လင်းချွမ် စားနေသော ဘယ်ရီသီး သီးသွား၏။

“အဟွတ် ဦးလေးကျန်း မဟုတ်တာတွေ မပြောပါနဲ့။ ဒါ အသရေဖျက်မှုနော်”

“ဘာလို့ မဟုတ်တာရမှာလဲ။ အကုန် သိနေတာပဲကို”

အကုန်သိတာလား။

လင်းချွမ် မျက်မှောင်ကြုတ်ကာ

“ဘယ်လိုသိတာလဲ”

သူဌေးကျန်း ထိုင်ခုံလေးတွင် ဝင်ထိုင်လျက် စုံထောက် အမူအရာဖြင့်

“ချွမ် ငါ မင်းကို သိပါတယ်ကွာ။ မင်း ဖဲလိမ်ရိုက်နည်းတင် မကဘူး။ သော့လည်း ပြင်တတ်တယ်လေ”

“အဲ့တော့”

လင်းချွမ် ထောက်ပေးလိုက်၏။

သူဌေးကျန်း ရယ်မောလျက်

“သော့ပြင်တတ်တော့ ‘သူခိုး’ ဝတ္ထုရေးတယ်။ ဖဲလိမ်ရိုက်နည်းသိတော့ ‘လူလိမ်’ ဝတ္ထုရေးတယ်။ နောက်တော့ လုပ်ကြံသူအကြောင်း ရေးတယ်ဆိုတော့ အဲ့တာက…”

အဟွတ်!

ထင်မြင်ချက်က မဆိုးဘူးပဲ။

လင်းချွမ် ပြုံးလျက်

“ကျွန်တော် လုပ်ကြံသူဆိုတာသိရင် ဘာလို့ တစ်ယောက်တည်း တက်လာရဲရတာလဲ”

ထိုအခါ သူဌေးကျန်း ရယ်မောလျက်

“နောက်တာပါကွာ။ အဓိကလာတာက မင်းကို သတိပေးစရာလေး ရှိလို့ပါ”

“ကျွန်တော့်ကိုလား။ ဘာသတိပေးမှာလဲ”

လင်းချွမ် နားမလည်နိုင်စွာ ကြည့်နေ၏။

သူဌေးကျန်း ပြတင်းပေါက်အပြင်ကို ငေးကြည့်၍ ဘယ်သူမှ မရှိတာသေချာမှ ထူးဆန်းသော စကားကို ပြောလေသည်။

“ဒီရက်ပိုင်း ကာစီနိုတွေ မသွားသေးနဲ့ဦးနော်”

လင်းချွမ် မှင်တက်လျက်

“ကျွန်တော် အဲ့တာတွေ မသွားပါဘူး”

“လောင်းကစားဘုရင်က ကာစီနိုတွေ မသွားဘူးဆိုတာ ဘယ်သူက ယုံမှာလဲ”

ဦးလေးကျန်း ပြန်ပက်၏။

လင်းချွမ် ဘာပြောရမည်မသိ ဖြစ်နေသည်။ ရှင်းပြရန် အလွန်ခက်၏။

“ထားပါတော့။ ဘာလို့ ကာစီနိုမသွားရမှာလဲ”

လင်းချွမ် ပြန်မေးလိုက်သည်။

သူဌေးကျန်း သူ့အနားကပ်လာပြီး ခပ်တိုးတိုးဖြင့်

“ဒီမနက် မြို့တောင်ပိုင်းက ကာစီနိုမှာ လူသတ်မှု ဖြစ်သွားတယ်တဲ့။ အဲ့တာ မိုးမလင်းခင်တည်းက ရဲတွေရောက်နေကြပြီတဲ့”

“အဲ့တာ ဦးလေးကျန်းက ဘယ်လိုသိလဲ”

လင်းချွမ် မျက်မှောင်ကြုတ်ကာ ထပ်မေးသည်။

နောက်ထပ် လူသတ်မှုလား။

နောက်ထပ်ဟု ဆိုခြင်းမှာ ရှန်ချန်းချန်း မနေ့ညက ညစာစားရင်း လူသတ်မှုတစ်ခု စစ်ဆေးလာသည်ဟု ဆိုသောကြောင့် ဖြစ်၏။

အန်လင်းမြို့ကြီး အလုပ်ရှုပ်နေသည်။

ဦးလေးကျန်းမှ

“လောင်းကစားတိုက်ဖျက်ရေးပညာရှင် ချန်မင်ကို မှတ်မိလား။ သူ ငါ့ကို သူတို့အဖွဲ့ထဲဝင်ဖို့ ခေါ်လို့လေ။ သူတို့ဆီက သတင်းရလာတာ”

လင်းချွမ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။

ဦးလေးကျန်း ဆက်ပြောပြန်သည်။

“ချွမ် မင်းရဲ့ လက်ပိန်ပိိန်၊ ခြေထောက်သေးသေးလေးတွေနဲ့ အဲ့လို လူမိုက်မျိုးတွေသာတွေ့ရင် တစ်ချက်တည်း အပြီးပဲ သိတယ်မလား”

သူပြောတာ မှန်ပါသည်။

ပုံပန်းသွင်ပြင်မှာ အားနည်းသည့်ပုံမျိုး ပေါက်၏။

လုပ်ကြံသူအတွေ့အကြုံမှ တိုက်ခိုက်စွမ်းရည် ရရှိထားသော်လည်း နဂိုခန္ဓာကိုယ်၏ အင်အားများ တိုးလာမည်တော့ မထင်ချေ။

ယခုမှစပြီး လေ့ကျင့်ခန်းများ စလုပ်၍ ကြိုးစားရပေမည်။

မဟုတ်လျှင် တစ်ချက်တည်းဖြင့် ရှုံးသွားပါက အလွန် ရှက်စရာကောင်းမည်။

လင်းချွမ် သူဌေးကျန်းစေတနာကို နားလည်စွာဖြင့် ရယ်မောကာ

“ဦးလေးကျန်းပဲ ကျွန်တော်က လုပ်ကြံသူဆို။ ဘာကြောက်နေစရာ လိုလဲ”

ဦးလေးကျန်း ပြုံးလျက်

“မင်းအကြောင်း သိမသိတော့ မပြောတတ်ဘူး။ မင်းက လုပ်ကြံသူဆိုရင် ငါက လုပ်ကြံသူတွေရဲ့ ဘုရင်ပဲ”

လင်းချွမ် ဘွဲ့ရပြီးတည်းက ဤအခန်း၌ ငှါးနေခဲ့သောကြောင့် အလွန် ရင်းနှီးနေလေပြီ။

လင်းချွမ် ပြုံး၍

“ကဲပါ။ ဘယ်ရီသီး စားဦး။ ရှက်မနေနဲ့”

“ကျေးဇူးပဲနော်”

ဦးလေးကျန်း ရယ်မော၍ ဘယ်ရီသီးများ ယူစားလေ၏။

ထို့နောက်မှ ရုတ်တရက် မျက်မှောင်ကြုတ်ကာ

“ဘယ်ရီသီးတွေက ငါဝယ်လာတာလေ”

လင်းချွမ်ကတော့ ပြတင်းအပြင်ဘက်အား ငေးကြည့်နေ၏။

ကောင်းကင်မှ ဇာပုဝါပါးမှာ မီးခိုးရောင်ဖြစ်လာပြီး လေလည်း ပိုပြင်းလာ၏။

မိုးရွာတော့မည်။

လင်းချွမ် စိတ်ထဲမှ တွေးနေမိလေသည်။

“စာအုပ်အသစ် ထွက်တော့မှာဆိုတော့ လူသတ်မှုနဲ့ ထပ်ပါသွားဦးမှာ မဟုတ်ပါဘူးနော်။ ကံကောင်းမယ့်နေ့ ရှာထားဦးမှပဲ”

All Chapters