ဆေးမှုခင်း နားလည်သူ
Vol. 3 Ch. 37
Live ထဲတွင် စွဲမက်ဖွယ် အမျိုးသမီးလေးတစ်ဦး ရှိနေ၏။
စာအုပ်အညွှန်းပြောပေးသူ ဘလော့ဂါ စုချန်းချန်းပင်။
ချီဖွန်သားအနက်ရောင်အင်္ကျီလေး ဝတ်ဆင်ထားပြီး ငွေရောင်အလက်များ တောက်ပနေသောကြောင့် ကောင်းကင်မှ ကြယ်ကလေးများကဲ့သို့ တဖျတ်ဖျတ် လက်နေ၏။
သူ၏ နူးညံ့ရှည်လျားသော ဆံနွယ်များကို အနောက်တွင် စု၍စည်းထားပြီး နဖူးမှ ဆံစအနည်းငယ် ပြန်ဝဲကျနေသောကြောင့် ရှင်းလင်းနေသည့် ဘဲဥပုံမျက်နှာလေးမှာ ပိုလှနေသည်။ အသားအရည်မှာ နှင်းကဲ့သို့ ဖြူဖွေးနေပြီး ပန်းချီကားသဖွယ် သိမ်မွေ့သည့် အမူအရာများမှာလည်း ဆွဲဆောင်မှု ရှိလှ၏။
သူ့အနောက်ဘက်တွင်တော့ စက္ကူနံ့သင်းနေသော စာအုပ်စင်ကြီးနှင့် စာအုပ်များစွာ ရှိနေသည်။
သို့သော် လင်းချွမ် အနီးကပ်ကြည့်လိုက်သောအခါ အချို့စာအုပ်နာမည်များ တွေ့နေရ၏။
The Shining
Human Bone Puzzle
Moment of Burial
The Redemption of the Villain
တကယ်ပါပဲ။
လင်းချွမ် သက်ပြင်းချလိုက်မိသည်။
ဒါတွေက တစ်ကမ္ဘာလုံးမှာတောင် နာမည်ကြီးတဲ့ သည်းထိတ်ရင်ဖိုနဲ့ စိတ်လှုပ်ရှားစရာ ဝတ္ထုတွေချည်းပဲ။ The Shining ကတော့ တော်တော်များများကို သိကြမှာ။
“ပုဆိန်” “တံခါးကို ခုတ်ခြင်း”
စသည့်ပုံရိပ်များ တွေ့သည်နှင့် ရုပ်ရှင်ကို တွဲမြင်သည်အထိ ဖြစ်ပါသည်။
နေပါဦး။
စုချန်းချန်းဆိုတာ ကဗျာထဲက ခုန်ထွက်လာသလို နူးညံ့တဲ့ မိန်းကလေးလေ။ သူက…
ဒီလို ဝတ္ထုတွေ ဖတ်တယ်လား။
နောက်ပြီး ငါ့ဝတ္ထုကို ညွှန်းပေးမယ်လား။
စုချန်းချန်းကို ကြည့်ခြင်းအားဖြင့် အနုပညာဆန်ခြင်း၊ လန်းဆန်းခြင်း၊ နူးညံ့ခြင်း၊ လှပခြင်း၊ သန့်စင်ခြင်း၊ ချိုသာခြင်း…
သို့သော် ‘ကြောက်စရာ’ ‘စိတ်လှုပ်ရှားစရာ’ ဟူသော စကားလုံးများနှင့် ဆက်စပ်၍ မရပေ။
ကွာခြားမှုမှာ ကြီးမားလွန်းလေ၏။
လင်းချွမ် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်မိသည်။
“ပရိသတ်တွေ သဘောကျပါ့မလား”
ထို့နောက် လင်းချွမ် ချက်ချင်း ကွန်းမန့်များကို ဖွင့်ကြည့်လိုက်၏။
‘ဝတ္ထု ဖတ်ပြတော့မှာလား’
‘မြန်မြန်လာကြ။ ကြိုက်လိုက်တာ။ သူ ဖတ်ပြတာလေးတွေ’
‘ချန်းချန်း ကျွန်တော် ဝတ္ထုတွေ သေချာဖတ်နေပါပြီ’
‘ချန်းချန်း လက်မှာ လက်စွပ် မဝတ်ထားသေးသရွေ့ အတူတူ ဝတ္ထုဖတ်နေမယ်’
‘…’
ပရိသတ်များ၏ စကားသံများမှာ စုံလင်လှ၏။
သို့သော် တကယ် ဝတ္ထုဖတ်ရန် ရောက်လာခြင်း ဟုတ်ရဲ့လား။
နှာဘူးတွေ။
ဒါတွေ ကြည့်ရတာနဲ့တင် ရှက်နေပြီ။
လင်းချွမ် ခဏစဉ်းစား၍ စာဝင်ရေးလိုက်သည်။
“ကျွန်တော် တကယ်ဝတ္ထုဖတ်ချင်လို့ ရောက်နေတာပါ။ ယုံရဲ့လား”
ထိုအခါ အခြားကြည့်ရှုသူများမှ ပြန်ဖြေကြလေသည်။
‘အစ်ကိုရယ် ဘယ်သူက ဝတ္ထုမဖတ်ဘဲ လာမှာလဲ’
‘မင်းတို့ပဲ ဝတ္ထုဖတ်ကြ။ ငါတော့ ချန်းချန်းကို ခေါ်သွားတော့မယ်’
‘…’
လင်းချွမ်တစ်ယောက် အခြားစာများလည်း ဆက်ပို့ကာ ပရိသတ်များနှင့် ရောနှောနေလိုက်သည်။
စုချန်းချန်းကတော့ ပရိသတ်များ၏ စကားသံများအား ဖတ်၍ ပြုံးကာ နူးညံ့သော အသံလေးဖြင့်
“မိတ်ဆွေတို့ ဒီညမှာတော့ ဝတ္ထုလေးတစ်ပုဒ် ဖတ်ပြပေးပါမယ်’
“စာအုပ်နာမည်က ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’
တဲ့။ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်က ထိပ်တန်း စာရေးဆရာ မစ္စတာလင်းက ရေးထားတာပါရှင့်”
ထိုစဉ် မျက်နှာပြင် နှစ်ခြမ်းခွဲသွားပြီး တစ်ဖက်တွင် စုချန်းချန်းမျက်နှာနှင့် အခြားတစ်ဖက်တွင် ဝတ္ထု အဖုံးပုံရှိနေသည်။
‘ချန်းချန်း ကျွန်တော့်မျက်လုံး ကောင်းပါသေးတယ်ဗျ။ ဝတ္ထုပုံကြီး နည်းနည်း သေးပေးပါလား’
‘ကျွန်တော့်မျက်လုံး ဘာဖြစ်နေတာလဲ မသိဘူး။ ဘယ်ဘက်ကိုပဲ စောင်းနေတယ်’
‘…’
လင်းချွမ် ကြည့်နေရင်း အသည်းယားလာ၏။
သူ ထင်ထားသည့်အတိုင်း ထိုနှာဘူးများမှာ ဝတ္ထုဖတ်ရန် ရောက်နေခြင်း မဟုတ်ချေ။
စုချန်းချန်းပြုံး၍
“ဒီနေ့ည ပြောပြမယ့် ဝတ္ထုက အရင်ဟာတွေနဲ့တော့ နည်းနည်းကွဲတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သေချာပေါက် ဖတ်ကြည့်ဖို့တော့ ပြောချင်ပါတယ်’
‘ချန်းချန်းက ညွှန်းနေတဲ့ စာအုပ်ပဲကို’
‘ကောင်းပါပြီခင်ဗျာ’
‘ကျွန်တော်လည်း အဲ့စာအုပ် ကြိုက်နေတာ။ ချန်းချန်းလည်း ကြိုက်မယ်လို့ မထင်ထားဘူး။ ကျွန်တော်တို့ ရေစက်ပါတာပဲ’
‘…’
လင်းချွမ် ဝင်ပြောလိုက်ချင်သော်လည်း စိတ်လျှော့၍ စာအုပ်ဝယ်ယူမှု အရေအတွက်သာ သွားကြည့်လိုက်သည်။
၂၀၇၆။
ဘုရားသခင်။
အစက (၅၈၁) ပဲ ရှိတာကို။ ချက်ချင်း ထိုးတက်သွားတာပဲ။
စုချန်းချန်းမှ ဆက်၍
“ကဲ စကားမများတော့ဘဲ အခုပဲ ထူးခြားတဲ့ ဝတ္ထုလေးကို စဖတ်လိုက်ကြမယ်နော်”
သူ ဝတ္ထုကို ဆက်နှိပ်လိုက်သောအခါ စာမျက်နှာ ၁ စပေါ်လာ၏။
‘ကျွန်တော်က လုပ်ကြံသူတစ်ယောက်’
အချို့လည်း ညဘုရင်လို့ခေါ်ကြပြီး အချို့ကတော့ လူသားသေမင်းတမန်လို့ ခေါ်ကြတယ်’
‘…’
စုချန်းချန်း အာရုံစိုက်၍ ဖတ်နေရင်း မျောသွားကာ မျက်မှောင်ကြုတ်ထားမိသော်လည်း ‘ကြက်စွပ်ပြုတ်က အရမ်းအရသာရှိတယ်’ ဟူသော နေရာ၌ မထိန်းနိုင်ဘဲ ပြုံးသွားမိ၏။
ပရိသတ်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
‘အမေရေ ကြက်သတ်တာကို ကြောက်စရာကောင်းအောင် ရေးနေတယ်။ ချန်းချန်းလေး လန့်သွားလား’
‘သည်းထိတ်ရင်ဖိုမှာ ဟာသထည့်ထားတာပဲ’
‘မစ္စတာလင်း ခင်ဗျား အရည်အချင်း ရှိတာတော့ ဝန်ခံပါတယ်။ ကျွန်တော့်ချန်းချန်းကို ရယ်အောင် လုပ်နိုင်တာပဲ’
“ဒီဝတ္ထုက တကယ့်အဲ့နေရာကို ရောက်သွားအောင် ဆွဲခေါ်သွားနိုင်တယ်နော်။ ကျွန်မကိုယ်တိုင် အဲ့ကြက်ကို သတ်နေသလိုပဲ”
စုချန်းချန်း သာယာစွာ ပြုံး၍ ပြောလိုက်၏။
လှပသော မျက်တောင်များ တစ်ချက်တစ်ချက် ခတ်သွားပြီး သွယ်လျသော လက်ချောင်းများမှာ နောက်ထပ်စာမျက်နှာအား နှိပ်လိုက်သည်။
‘ကျွန်တော့် ပထမဆုံးပစ်မှတ်က သူဌေးကြီးနဲ့ သူ့ဇနီးပဲ’
‘အဲ့နေ့က ကောင်းကင်ကြီး မှုန်မှိုင်းနေတယ်’
‘ပစ်မှတ်ရဲ့ လှုပ်ရှားမှုကို စုံစမ်းပြီးတော့ သူ့ရဲတိုက်ထဲ အလွယ်တကူပဲ ဝင်နေလိုက်တယ်’
‘သူဌေးကြီးနဲ့ ဇနီးတို့ ဝင်လာတဲ့အခါမှာ အဝတ်အစားတွေချွတ်ပြီး ကိစ္စစတယ်’
‘သူတို့ လုံးဝအာရုံလွတ်နေတော့မှ ကျွန်တော် စလှုပ်ရှားတာပေါ့’
‘…’
ဆက်၍ ဖတ်နေရင်း အားလုံး နစ်ဝင်စီးမျောနေကြသည်။
‘အမေရေ ဓားမြှောင်တွေ သုံးတဲ့ပုံက ကျွမ်းကျင်ပညာရှင်လိုပဲ’
‘သူ့တိုက်ခိုက်စွမ်းရည်ကလည်း ကျွမ်းတာမှ သူဌေးကြီးရော၊ ဇနီးရော ခုခံချိန်တောင် မရလိုက်ဘူး’
‘စာရေးဆရာ တော်တော်လေး လေ့လာထားရမယ့်ပုံပဲ’
‘…’
စုချန်းချန်း မျက်မှောင်ကြုတ်ကာ သက်ပြင်းချလျက်
“မစ္စတာလင်း သတ်တဲ့အချိန် ရေးထားတာကလည်း အရမ်း လက်တွေ့ဆန်တယ်နော်”
သူ ဆက်၍ဖတ်ပြန်၏။
‘လုပ်ငန်းပြီးသွားပေမဲ့ ရှင်းလင်းရေး လုပ်ရဦးမယ်။ မဟုတ်ရင် ကျွန်တော့်အကြောင်း ပေါ်သွားမှာပေါ့’
‘အခင်းကို အထင်လွဲစရာဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်’
‘…’
မြင်ကွင်းတစ်ခုပြီးတစ်ခု အသေးစိတ်ကျကျ ရေးထားသောကြောင့် ဖတ်ရသူများမှာ မောပန်းလာသည်။
စုချန်းချန်းလည်း အသက်ပြင်းပြင်းရှူလျက် မျက်မှောင်ကြုတ်နေ၏။
“ကြည့်ရှုနေတဲ့သူတွေထဲ ဆေးမှုခင်း နားလည်တဲ့သူများ မရှိဘူးလား”