အရမ်းလက်တွေ့ဆန်လွန်းတယ် စစ်ဆေးပေးပါ
Vol. 3 Ch. 38
ဆေးမှုခင်း နားလည်သူလား။
Live ကြည့်နေသူများလည်း မျက်မှောင်ကြုတ်သွားကြ၏။
ယခုလို ပထမလူအမြင်ဖြင့် ရေးထားသော စာများကြောင့် ကိုယ်တိုင်ဝင်ခံစားပြီး အလွန် ကြောက်စရာကောင်းလှသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် ခန်းမကျယ်ကြီးထဲ၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရင်ဘက်တွင် ဓားမြှောင်များစိုက်ကာ သွေးအလိမ်းလိမ်းဖြင့် ကြမ်းပြင်ပေါ် လဲနေသည်အား မြင်ယောင်လာကြသည်။
သွေးညှီနံ့နှင့် ဓာတုဆေးရည်နံ့များ ရောထွေးကာ အောက်သိုးသိုးအနံ့ကြီးသည် စာဖတ်သူများ နှာခေါင်းထဲအထိ တိုးဝင်လာပြီး မအီမသာကြီး ဖြစ်လာစေ၏။
အချို့သူများမှာ တောင့်တောင့်ကြီးထိုင်လျက် မလှုပ်ရဲတော့ချေ။ ဝတ္ထုထဲမှာ ဖန်ကွဲစများကို တက်နင်းမိမည်လား၊ အနီရောင်အရည်များ စွန်းထင်းသွားမည်လားဟု စိုးရိမ်နေသောကြောင့် ဖြစ်သည်။
သို့သော် ထိုအချက်များမှာ အရေးမကြီးသေး။ ထိုအချိန်တွင် တစ်ယောက်ယောက် ဝင်လာမည်ကို အကြောက်ဆုံး ဖြစ်ပါသည်။
အခင်းရှင်းလင်းရေးပြုလုပ်ချိန်တွင်လည်း မွန်းကြပ်စရာ ကောင်းလွန်း၏။
‘သူဌေးကတော်ရဲ့ လက်သည်းနဲ့ အမျိုးသားအပေါ် ကုတ်ခြစ်ထားလိုက်တယ်’
‘အမျိုးသားလက်ထဲမှာလည်း အမျိုးသမီးဆံချည် ထည့်ထားပေးလိုက်တယ်’
‘ဒီလိုနည်းနဲ့ အားလုံးကို အထင်လွဲစရာဖြစ်အောင် စီစဉ်ရတာပေါ့’
‘အခန်းအပြင်မှာ လရောင်နီကျင့်ကျင့်နဲ့ လေညင်းတွေ တိုက်နေတာက ခြောက်ခြားစရာ ကောင်းလွန်းလှတယ်။ လေညင်းကြောင့် အလောင်းများရဲ့ အပုပ်နံ့ကိုလည်း ရလာတယ်’
‘ကျွန်တော် ချက်ချင်း ကြက်သီးများထလာပြီး မမြင်ရတဲ့လက်ကနေ အခုပဲ လည်ပင်းကို လာညှစ်ထားသလို ခံစားရတယ်။ အမျိုးသားနဲ့ အမျိုးသမီးရဲ့ မကျွတ်လွတ်တဲ့ ဝိညာဉ်တွေလိုမျိုးပေါ့’
‘ဒါပေမဲ့ စိတ်ထဲ မထားပါဘူး’
‘…’
[ဆေးမှုခင်းကျွမ်းကျင်တဲ့သူ မြန်မြန်လာပါ]
[ဒီနည်းလမ်းတွေက အရမ်းကြောက်စရာ ကောင်းတာပဲ]
[ဒီလိုဖြေရှင်းလို့ရတယ်လို့ ဘာလို့ တစ်ခါမှ မတွေးမိတာလဲ]
[အပေါ်ကအစ်ကို လိပ်စာလေး ပေးပါလား။ ရဲဌာနမှာ အသိရှိလို့]
[အဲ့တာ ကျွန်တော်နဲ့ ဘာဆိုင်လဲ။ ဒီစာရေးဆရာကို ရှာလေ။ အဲ့တာမှ တန်းပြီး ဖမ်းလို့ရမှာ]
[…]
စုချန်းချန်းကတော့ မျက်မှောင်ကြုတ်၍ ကြောက်လန့်တုန်ရီနေပုံ ပေါ်သည်။
သူ သည်းထိတ်ရင်ဖိုဝတ္ထုများ ဖတ်လေ့ရှိသော်လည်း ထိုအမူအရာမျိုးတော့ မရှိဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုဇာတ်လမ်းများမှာ စိတ်ကူးယဉ်ထားမှန်း နားလည်၏။
သို့သော် ယခုဝတ္ထုမှာတော့…
အဆုံးသတ်ကိုပင် မတွေးရဲပေ။
တကယ် ဖြစ်နေရင်ရော။
ညနေခင်းလေပြေမှာ ပြတင်းပေါက်ကို ဖြတ်၍ ကြက်သီးထဖွယ် ဝင်ရောက်လာကြသောကြောင့် စုချန်းချန်း ကျောပင်စိမ့်သွား၏။
အသက် (၁၆) နှစ်က ပထမဆုံး သည်းထိတ်ရင်ဖိုဝတ္ထုအား ပြန်ဖတ်နေရသကဲ့သို့ ခံစားရလေသည်။
“ဒီကြည့်ရှုသူတွေထဲမှာ ဆေးမှုခင်းနားလည်တဲ့ သူတွေများ မရှိကြဘူးလား”
စုချန်းချန်းအသံမှာ တုန်ရီလျက်ရှိ၏။
ကြည့်ရှုသူများမှာလည်း မခေကြပေ။
အမှန်ပင် ဆေးမှုခင်းကျောင်းသားများ ပါဝင်ကြသည်။
[ချန်းချန်း ကျွန်တော်က ဆေးသိပ္ပံ လေ့လာနေတာပါ]
[ဒီဝတ္ထုက ကျွန်တော့် ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပဲ]
စုချန်းချန်း ကွန်းမန့်ကို ဖတ်မိပြီးနောက်
“သူပြောတဲ့ ဓာတုပစ္စည်းက တကယ်ပဲ သက်သေမကျန်အောင် လုပ်နိုင်တာလားဟင်”
သူ ချက်ချင်း အဖြေအသစ် ရလာ၏။
[သေချာတာပေါ့]
[Luminol က ဟီမိုဂလိုဘင်ထဲက သံဓာတ်နဲ့ ဓာတ်ပြုရင် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပြိုကွဲပြီး သွေးကိုစစ်ဆေးနိုင်တာလေ]
[သူ့ဓာတုပစ္စည်းကကျတော့ သွေးထဲက DNA ကို ဖျက်ဆီးလိုက်တော့ သက်သေကို ကာကွယ်လိုက်နိုင်တာပေါ့]
[ကျွန်တော်လည်း ဆေးမှုခင်း လေ့လာဖူးတယ်။ မစ္စတာလင်းရဲ့ နည်းလမ်းတွေက တကယ့်ကျွမ်းကျင်အဆင့်ပဲ။ အပြင်မှာ အဲ့အတိုင်းသာဆိုရင် လုံးဝ သက်သေရှာရမှာ မဟုတ်ဘူး”
[တော်သေးလို့ တချို့အသေးစိတ်တွေကိုတော့ ထည့်မပြောထားဘူး]
[အဲ့တာကို ဘာလို့ချန်ထားတယ်ထင်လဲ။ သူ မသိလို့မလား]
[???]
လင်းချွမ် ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း ကွန်းမန့်များ ဖတ်ကာ ရင်တုန်လာသည်။ ထို့နောက် ကိုယ်တိုင် ဝင်ရေးလိုက်၏။
“ဒါတွေက အွန်လိုင်းမှာ ရှာလို့ရတယ်လေ။ စာရေးဆရာက သေချာ အချိန်ပေးပြီး လေ့လာခဲ့တဲ့ပုံပဲ။ စာရေးပုံကလည်း လေးနက်တယ်။ အခုပဲ အစအဆုံး ချက်ချင်း ဝယ်တော့မယ်”
သို့သော် ကြည့်ရှုသူများမှာ လွယ်လွယ် အရူးလုပ်မခံပေ။
[ဘယ်သူက ဒါမျိုးကို တင်ထားမှာလဲ]
[ဒီလောက်ဆို ရပြီ။ ရဲတွေကို မြန်မြန်ခေါ်ပြီး စစ်ဆေးခိုင်းလိုက်တော့]
[စာရေးဆရာက မရိုးသားလိုက်တာ။ ဝရမ်းပြေးစာရင်း သွားကြည့်ဦးမှပဲ]
[…]
အားလုံး လက်မခံနိုင်ကြပေ။
ထိုကြည့်ရှုသူများမှာ နှာဘူးများဖြစ်သော်လည်း မည်သည်က မှန်သည်မှားသည်ကိုတော့ ပြောနိုင်ပါသေးသည်။
ကံကောင်းစွာဖြင့် စုချန်းချန်းမှ ရုတ်တရက် ကယ်တင်လိုက်၏။
“အားလုံးပဲ ကောလာဟလတွေနဲ့ ကောက်ချက်မချလိုက်ပါနဲ့ဦး။ စာအုပ်နာမည်ကိုက ‘ကျွမ်းကျင်လှသော လုပ်ကြံသူ’ လေ။ အဲ့တော့ အရေးကြီးတာတွေ ထည့်ရေးမှာပေါ့။ မဟုတ်ရင် ကျွမ်းကျင်တာ ဘယ်ဟုတ်ပါတော့မလဲ”
လင်းချွမ် လက်မထောင်ပြသည့် အရုပ်လေးပို့လိုက်ပြီး
“ချန်းချန်းက အရမ်းမှန်”
စုချန်းချန်းမှ ကြည့်ရှုသူများ အခြေအနေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်လိုက်သည်။
သူ့တာဝန်မှာ စာအုပ်ကြော်ငြာ၍ လူစိတ်ဝင်စားအောင် လုပ်ရန်ဖြစ်၏။ မစ္စတာလင်းကို ထောင်ကျစေရန် မဟုတ်ပါ။
သူ့ကျွမ်းကျင်မှုမှာ စာအုပ်ရောင်းအားပေါ် မူတည်နေသည်။
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်မှ ကြယ်ပွင့်လေး မစ္စတာလင်း၏ ဗဟုသုတများမှာ သာမာန်မဟုတ်ကြောင်း ခန့်မှန်းမိပြီး ဖြစ်ပါသည်။
သို့သော် ယခုတော့။
အတွေးများစတင် ယိုင်နဲ့လာ၏။
သူ ဇာတ်လမ်းကို ဆက်၍ ဖတ်လေသည်။
[ကျွန်တော့်ရဲ့ ဒုတိယပစ်မှတ်ကတော့ ကုမ္ပဏီပိုင်ရှင်ကြီးပါ။]
[ဒီတစ်ယောက်က နည်းနည်းတော့ ခက်တယ်။ ဘာလို့ဆို သူ့ကိုသတ်ပြီးရင် ကျွန်တော့်နာမည် ဘယ်လိုရှင်းရမလဲဆိုတာပဲ]
[ကျွန်တော်မှန်း သိသွားရင် လုံးဝ အလွတ်မပေးဘဲ အသေသတ်လိမ့်မယ်]
[သေရမှာကို မကြောက်ပေမဲ့ ဒီမှာ ပြဿနာတက်ရင် နောက်အလုပ်တွေပါ ထိခိုက်လိမ့်မယ်]
[ကျွန်တော့်စွမ်းဆောင်ရည်ကို အရမ်းဂရုစိုက်တာလေ]
[အဲ့တော့ လုံးဝပြီးပြည့်စုံတဲ့ အစီအစဉ် ရှိနေရမယ်]
[သူတို့အချင်းချင်း အထင်လွဲတိုက်ခိုက်တာက အကောင်းဆုံးပေါ့]
[…]
စုချန်းချန်း၏ လှပသော ဘဲဥပုံမျက်နှာလေးတွင် မျက်မှောင်အနည်းငယ်ကြုတ်၍
“ဒီလို အပြစ်ပြောအောင် လုပ်တာက ဖြစ်နိုင်လို့လား]
[မဖြစ်နိုင်ဘူး။ လုံးဝပဲ]
[လူသတ်လက်နက်မှာ လက်ဗွေရာ ရှိနေမှာပေါ့]
[စာရေးဆရာဖုန်းနံပါတ်လေးများ ရနိုင်မလား။ ကျွန်တော့်မှာ ကျွမ်းကျင်တဲ့ သူငယ်ချင်းတွေ ရှိတယ်]
[ဒီစာရေးဆရာက တကယ်ကြောက်စရာပဲ]
[ချန်းချန်း လောကကြီးက အရမ်းအန္တရာယ်များတယ်နော်။ ကျွန်တော့်အိမ်မှာ live လာလွှင့်ပါလား။ ကျွန်တော် ကာကွယ်ပေးပါမယ်]
[ရဲစခန်းတို့ မစ္စတာလင်းရေးထားတာတွေက အရမ်း လက်တွေ့ကျနေတယ်။ စစ်ဆေးကြည့်ပါဦး]
[ဟုတ်တယ်။ ရဲတွေ စုံစမ်းရမှာ]
[…]
လင်းချွမ် ထိုစာများ တွေ့သည်နှင့် မျက်လုံးများ ပြာဝေသွားသည်။
ဒါ စာအုပ်ကြော်ငြာနေတာလား။
ဒီနှာဘူးတွေကတော့ ငါ့ကို ထောင်ကျအောင် လုပ်နေပြန်ပြီ။
…
ထိုအချိန်တွင် အန်လင်းရဲစခန်းမှ သတင်းတစ်ခု ရလေသည်။