လူသတ်မှု (၃) ခု
Vol. 3 Ch. 39
အန်လင်းရဲစခန်း ဆိုက်ဘာလုံခြုံရေးအဖွဲ့။
ဆိုက်ဘာလုံခြုံရေးအခန်းထဲရှိ နံရံများ၌ ဥပဒေစည်းမျဉ်းဘုတ်များ ကပ်ထားပြီး အလယ်၌ ဆိုက်ဘာအဖွဲ့ရဲများ၏ အလုပ်နေရာဖြစ်သည်။
ဆိုက်ဘာအဖွဲ့ရဲမေ ရှချင်းချင်းမှာ ဆံပင်များကို အပေါ်တွင် ခပ်မြင့်မြင့် စုစည်းထားကာ အပြာရောင် ရဲယူနီဖောင်းအား ဝတ်ဆင်ထား၏။ သူ ရှေ့မှ ဘုတ်များကို စူးစိုက်ကြည့်နေရင်း လက်ချောင်းသွယ်သွယ်များက ကီးဘုတ်ပေါ်၌ လှုပ်ရှားနေသည်။
ညနေခင်းလေပြေမှာ မျက်နှာလှလှလေးကို တိုက်ခတ်လျက်ရှိသောကြောင့် မျက်လုံးများ အနည်းငယ် ကျိန်းစပ်လာ၏။
ရှချင်းချင်း မျက်လုံးကိုပွတ်လျက် မျက်စဉ်းခတ်ကာ လက်ဖက်ရည်သောက်ခဏနားရန် တွေးလိုက်သည်။
‘မင်္ဂလာပါ အန်လင်းဆိုက်ဘာလုံခြုံရေးအဖွဲ့။ ကွေ့တုံအက်ပ် အခန်း ၀၆၁၃ က စာအုပ်ကြော်ငြာတဲ့ live မှာ ‘လူသတ်ခြင်း’ ‘ပြစ်မှု’ ‘သွေး’ လိုမျိုး စကားလုံးတွေ အများကြီး ပါနေပါတယ်။ အဲ့တာကြောင့် မသမာမှုနဲ့ ပတ်သက်နေမလားလို့ စစ်ဆေးပေးပါ’
‘လင့်ခ်နံပါတ်က ၀၆၁၃ ပါ’
‘ဟန်မြစ်ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်ရေးကနေ တင်ပြပါတယ်’
ရှချင်းချင်းကွန်ပျူတာ၌ အချက်ပေးသံ ထွက်လာသည်။
“လက်ခံရရှိပါတယ်”
ရှချင်းချင်း ကော်ဖီတစ်ငုံ မြန်မြန် သောက်၍ လင့်ခ်နံပါတ် ၀၆၁၃ အား ချက်ချင်း ဝင်ကြည့်လိုက်သည်။
ထိုနေရာမှာ စုချန်းချန်း live လွှင့်ရာ လင့်ခ်ဖြစ်လေသည်။
“ဝတ္ထုကြော်ငြာတာက ဘာမသမာစရာရှိလို့လဲ”
ရှချင်းချင်း ထိုသို့ရေရွတ်မိသော်လည်း ဒီအတိုင်းတော့ လွှတ်မထားရဲပါ။
ထို့ကြောင့် live ထဲဝင်ကြည့်ရင်း အခြားအချက်အလက်များကိုပါ စစ်ဆေးကြည့်နေ၏။
ထို့နောက် ဝတ္ထုနှင့်ပတ်သက်သော အချက်များကိုပါ ထပ််ကြည့်ရသည်။
ကျွမ်းကျင်လှသော လုပ်ကြံသူ။ ရွက်လွှင့်ခြင်း ဝက်ဘ်ဆိုဒ်မှ ထုတ်ဝေသည်။ စာရေးသူအမည် : မစ္စတာလင်း၊ နာမည်အရင်း : လင်းချွမ်၊ နေထိုင်ရာမြို့ : အန်လင်း။
သူ ဆိုက်ဘာလုံခြုံရေးရဲဖြစ်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်၍ အဓိကအချက်များကို ချက်ချင်း ရှာတတ်နေလေပြီ။
ထို့နောက် ပြီးခဲ့သော live အပိုင်းအား ၂ ဆ အမြန် ရစ်ကြည့်၍ အရေးကြီး အချက်အလက်များကိုသာ မှတ်ထားလိုက်သည်။ ဝတ္ထု အကြောင်းအရာမှာ အရေးအကြီးဆုံး ဖြစ်ပါသည်။
ဘလော့ဂါ၏ အမူအရာနှင့် live comment များမှာ ဒုတိယအချက် စစ်ဆေးရမည် ဖြစ်၏။
ရှချင်းချင်း မျက်နှာပြင်ကို စိုက်ကြည့်နေရင်း မစ္စတာလင်း၏ ပြစ်မှုကျူးလွန်ပုံများကိုတွေ့ကာ မျက်မှောင်ကြုတ်သွားမိသည်။
“ဒီနည်းလမ်းက တော်တော် ကျွမ်းကျင်အဆင့်ပဲ”
သူလည်း ရဲသင်တန်းဆင်း ဖြစ်သောကြောင့် ဆိုက်ဘာ လုံခြုံရေးကို အထူးပြုမေဂျာ ယူထားသော်လည်း ပြစ်မှုဆိုင်ရာနည်းလမ်းများကို နားလည် တတ်ကျွမ်းလေသည်။
မည်သို့ပင်ဖြစ်စေ ရှချင်းချင်း အလောတကြီး ကောက်ချက်မချသေးချေ။
သူ့တွင်လည်း အခြားဝတ္ထုရေးဆရာ မိတ်ဆွေများ ရှိပါသည်။
ထို့အပြင် ထိုအချက်အလက်များမှာ စုံစမ်းကြည့်ရုံဖြင့် သိနိုင်၏။
ထို့ကြောင့် အခြေအနေကိုသာ ဆက်စောင့်ကြည့်နေသည်။
‘အဲ့တော့ ကျွန်တော် အထင်လွဲစရာဖြစ်အောင်ပဲ ကြိုးစားတယ်။ သူတို့ချင်း ရန်ဖြစ်အောင်ပေါ့’
‘…’
ရှချင်းချင်း မျက်မှောင်ကြုတ်၍ စူးစိုက်ကြည့်နေ၏။
ထိုသို့သော ဖန်တီးမှုများမှာ သာမာန်ပြစ်မှု မဟုတ်ပေ။ လုံးဝ ပြီးပြည့်စုံလှသည်။
“ဒီအခန်းမှာ သုံးသွားတဲ့စွမ်းရည်တွေက တကယ် ပြင်းထန်တာပဲ”
ရှချင်းချင်း သက်ပြင်းချလိုက်မိ၏။
ဒီလိုလူသတ်သမားမျိုးသာ အပြင်လောကမှာရှိရင် အမှန်တရားကို ဖော်ထုတ်နိုင်ပါတော့မလား။
ရှချင်းချင်း မျက်လုံးများပွတ်ကာ ဆက်၍ ဖတ်ကြည့်သည်။
မစ္စတာလင်း၏ အမှုအခင်းများမှာတော့ ဆက်တိုက်ပင်။
တာဝန်များ တစ်ခုပြီးတစ်ခု အောင်မြင်စွာ ပြီးဆုံးသွား၏။
ပြစ်မှုအားလုံးမှာ ပြီးပြည့်စုံအောင် ချောမွေ့လှသည်။
ရှချင်းချင်း ရင်ထဲလေးလံ၍ အသက်ကို မနည်း ရှူနေရ၏။
“ဒီစာရေးဆရာက သေချာပေါက် ဉာဏ်ရည်မြင့် ပါရမီရှင်ပဲ”
ရှချင်းချင်း မှင်တက်စွာ ကောက်ချက်ချမိသည်။
သို့သော် စာရေးဆရာလင်းချွမ်မှာ ပါရမီပါသော်လည်း ရှချင်းချင်း သက်သေတော့ မရနိုင်ပါ။
သူ သာမာန်ဝတ္ထု ရေးနေခြင်းသာဖြစ်ပြီး မည်သူ့ကိုမျှ တကယ် ဓားနှင့်သွားထိုးနေခြင်းမဟုတ်ပေ။
ခဏအကြာတွင် ရှချင်းချင်း အနည်းငယ် ဆုံးဖြတ်ရခက်နေ၏။
“ရဲမှူး ကျွန်မတင်ပြစရာလေး ရှိပါတယ်”
ရှချင်းချင်း ဖုန်းထုတ်၍ ဆိုက်ဘာလုံခြုံရေးရဲမှူးအား ဆက်သွယ်လိုက်၏။
ထိုတင်ပြချက်ကြောင့် ရဲမှူးမှ ချက်ချင်းပင်
“လက်တွေ့ဆန်ဆန် ဝတ္ထုရေးတာက ကိစ္စမရှိပါဘူး။ ဥပဒေကို ချိုးဖောက်ပြီး အပြင်မှာ ပုံစံတူ ရှိမနေရင်ပေါ့။ အခုကတော့ ကောက်ချက်ချလို့လည်း မရသေးဘူး။ ခဏစောင့်ကြည့်တာပေါ့”
ရှချင်းချင်း ခေါင်းငြိမ့်ပြ၏။
“ဒါနဲ့ ရဲစခန်းကန်တင်းမှာ ညလယ်စာ ပြင်ထားတာ ရှိတယ်နော်”
ရဲမှူးမှ သတိပေးလိုက်သည်။
“ကျွန်မ ခဏနေ သွားစားလိုက်ပါမယ်”
ရှချင်းချင်း ထိုအခါမှ ဗိုက်လေးပွတ်၍ သူ့ကိုယ်သူ ဗိုက်ဆာနေမှန်း သတိရတော့သည်။
…
အန်လင်းရဲစခန်း ကန်တင်း။
ရှချင်းချင်းငွေမှိုပွင့်စွပ်ပြုတ်တစ်ပွဲကို အားရပါးရစားနေ၏။
“ချင်းချင်း ညဆိုင်းရှိတာလား”
သူ့ရှေ့တွင် ရောက်လာသူမှာ အလွန်နွမ်းနယ်နေပုံဖြင့် ငွေမှိုပွင့်ဟင်းချိုကိုင်ထားသော အမျိုးသမီးရဲမေ ဖြစ်ပြီး အရှေ့ခုံ၌ ဝင်ထိုင်လိုက်သည်။
“ချန်းချန်း”
ရှချင်းချင်း ပြုံးရွှင်သွားပြီး
“ဆိုက်ဘာလုံခြုံရေးအဖွဲ့က အင်တာနက်ပေါ်မှာ (၂၄) နာရီလုံး စောင့်ကြည့်နေရတယ်လေ။ ဒီညက ကျွန်မဂျူတီပေါ့။ ရှင့်ကျေးဇူးနဲ့ အခု ညလယ်စာ လာစားတာပါရှင်”
အမှန်တော့ ရဲစခန်းတွင် အရင်က ညလယ်စာကဲ့သို့ မကျွေးခဲ့ပေ။
သို့သော် နောက်ပိုင်း လုံခြုံရေးနှင့် ပြစ်မှုကြီးဆိုင်ရာအဖွဲ့မှ လူသတ်မှုနှစ်ခု ဆက်တိုက် စစ်ဆေးရခြင်းကဲ့သို့ အချိန်ပိုများ ပြုလုပ်နေရ၍ အရင်ထက် ပိုအလုပ်များလေသည်။
အဖွဲ့သည် ဖိအားလည်း အလွန်များလာပြီး အလုပ်လုပ်ကိုင်ရာ၌ ရှေ့မရောက်သည်များ ရှိလာ၏။
သို့သော် ရှချင်းချင်း၏ ဆိုက်ဘာ ဗဟုသုတများမှာတော့ ကုန်ဆုံသွားသည်ဟူ၍ မရှိပေ။
ရှန်ချန်းချန်း ငွေမှိုပွင့်စွပ်ပြုတ်ကို အားရပါးရ သောက်ရင်း ချိုမြိန်မှုကို ခံစားမိသောအခါ မျက်နှာလေး ပြန်ဝင်းပလာ၏။
“ကျွန်မတို့အဖွဲ့တော့ အချိန်ပိုလုပ်ရတာ တစ်ပတ်ကျော်နေပြီကွယ်”
“အကုန်လုံး ဖိအားတွေအရမ်းပိနေမှာပေါ့”
ရှချင်းချင်း စိုးရိမ်စွာ မေးမိ၏။
ထိုစဉ် ရှန်ချန်းချန်း၏ မျက်နှာလေး ပြန်တည်သွားပြန်သည်။
သူနှင့် ရှန်ချန်းချန်းတို့မှာ တက္ကသိုလ်သူငယ်ချင်းများ ဖြစ်ပြီး မေဂျာမတူသော်လည်း အန်လင်းရဲစခန်းသို့ ရောက်ပြီးနောက် နှစ်ဦးလုံး စခန်း၏ အလှပဂေးများ အဖြစ် သတ်မှတ်ခံရလေသည်။ နှစ်ဦးသားမှာ ဆက်ဆံရေးလည်း ပြေလည်ကြ၏။
ရှန်ချန်းချန်း သက်ပြင်းချ၍
“ဟုတ်ပါ့။ ဒီမနက်ကပဲ မြို့အရှေ့ဘက်ပိုင်းမှာ လူသတ်မှု ဖြစ်ပြန်ပြီ။ ဒါ ဒီလထဲတင် (၃) ခု ဖြစ်နေပြီ”
သူ တစ်ညလျှင် (၄) နာရီမျှ အိပ်ရလျှင်ပင် ကံကောင်းလှပြီ။
“အခုထိ သက်သေတွေရော မတွေ့သေးဘူးလား”
ရှချင်းချင်း မေးလိုက်၏။
“မတွေ့သေးလို့ပေါ့ကွယ်”
ရှန်ချန်းချန်း ခေါင်းယမ်းပြလေသည်။
အမှုကိစ္စလျှို့ဝှက်ချက်ကြောင့် အရမ်းတော့ မပြောပြပေ။
သို့သော်လည်း သက်သေတစ်စုံတစ်ရာ လုံးဝမတွေ့ရသေး ဖြစ်နေ၏။
သူတို့အခင်းနေရာ၌ (၃) ကြိမ်မျှ ဝင်ထွက် စစ်ဆေးပြီးသော်လည်း ဘာမှ မတွေ့ရသည်မှာ အလွန်ထူးဆန်းလှသည်။
ပတ်ဝန်းကျင်မှ စီစီတီဗွီများမှာလည်း အားလုံး ပျက်နေ၏။
ထို့ကြောင့် ထို (၃) မှုလုံး၌ လူစိတ်ဝင်စားမှုလည်း အလွန်မြင့်တက်နေသည်။
မီဒီယာများမှ တင်ဆက်မှုကြောင့် လူထုအကြောက်တရား တိုးလာပြီး နစ်နာသူမိသားစုဝင်များ စိတ်ကျေနပ်စေရန်အတွက် အထက်အရာရှိများမှ (၇) ရက်အတွင်း အခြေအနေ တိုးတက်စေရန် ပြုလုပ်မည်ဟု ကတိပေးထား၏။
“ဪ ဒါနဲ့ ဒီနေ့ အင်တာနက်ပေါ်မှာလေ ပါရမီရှင် လူသတ်သမားဝတ္ထုအကြောင်း တွေ့လိုက်တယ်။ အဲ့တာ ချန်းချန်းတို့အတွက် အထောက်အကူ ဖြစ်မလားမသိဘူး”
ရှချင်းချင်း ပြုံး၍ ပြောလိုက်၏။