ကျွန်တော် တကယ် မဟုတ်ပါဘူး
Vol. 3 Ch. 41
ဟန်လီဂျင်မ်။
(၄) လွှာတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုကြောင့် ဂျင်မ်လည်း (၂၂) ရက်နေ့တည်းက စပိတ်ထား၏။
ထိုညက မီးရောင်များ လင်းထိန်တောက်ပနေပြီး ရဲမှူးဟူ အပါအဝင် ရှန်ချန်းချန်းတို့အဖွဲ့မှာ ဟန်လီဂျင်မ်၌ ဝင်ရောက်စစ်ဆေးကြလေသည်။
“ရဲမှူး ဒီမှာ သွေးစက်တွေ့တယ်”
ရဲဝန်ထမ်းတစ်ဦးမှ ဂျင်မ်ထောင့်ရှိ အလေးတုံးများ ရှိရာနားသို့ လက်ညှိုးထိုး၍ ပြလိုက်သည်။
အလေးတုံးမျက်နှာပြင်မှာ အနည်းငယ် သံချေးတက်နေလေသည်။
ထို့နောက် ဓာတုပစ္စည်းများဖြင့် ဓာတ်ပြုစစ်ဆေးလိုက်သောအခါ သေချာပေါက် သွေးကို တွေ့ရ၏။
ဟူတာချန်း မျက်မှောင်ကြုတ်လျက်
“ဒီအလေးတုံးက လူသတ်လက်နက်ပဲ ဖြစ်ရမယ်”
ထို့နောက် ဆေးမှုခင်းအဖွဲ့မှ UV မီးရောင်ဖြင့် သံသယရှိသူ၏ လက်ဗွေရာကို စစ်ကြည့်လိုက်သည်။
ထိုအခါ ချွေးအနည်းငယ် ပေ၍ ပျက်နေသော်လည်း လက်ဗွေရာတစ်ခုကို တွေ့လေ၏။
နောက်ဆုံးတော့ အမှုမှာ တိုးတက်လာလေပြီ။
ယခု အရေးအကြီးဆုံးဖြစ်သည့် နစ်နာသူ၏ သွေး မှန်မမှန် စစ်ဆေးပြီးလျှင် ထိုလက်ဗွေရာကို ဆက်စစ်ကြည့်ရမည်။
အားလုံးသေချာသွားပါက ဂျင်မ်တစ်ခုလုံးကို ပိတ်ချကာ တရားဝင်စစ်ဆေးရတော့မည်။
ရဲမှူးဟူမှ ရှန်ချန်းချန်းကိုကြည့်ကာ စိတ်သက်သာရာ ရသွားမိသည်။
“မင်း ရင့်ကျက်လာပြီပဲ။ ဒီအတွေးက မင်းကြောင့် ရလာတာပါ”
“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ရဲမှူးဟူ”
အမှန်ဆိုလျှင် ချီးကျူးရမည်မှာ လင်းချွမ်ဖြစ်၏။
ရှန်ချန်းချန်း ပြုံးလျက် တွေးမိလိုက်သည်။
သူ့ဝတ္ထုကြောင့်သာ ထိုအတွေးမျိုး ရခဲ့ခြင်းဖြစ်သည်။
အမှုအားလုံးပြီးပါက လင်းချွမ်ကို ထမင်းတစ်နပ် ကျွေးရဦးမည်။
သို့သော်။
DNA နှင့် လက်ဗွေရာစစ်ဆေးမှုများ ထွက်လာပြီးနောက် ရှန်ချန်းချန်း အလွန်အံ့ဩသွားရ၏။
အလေးဆုံးမှ သွေးမှာ နစ်နာသူ ကျောက်လျန်နှင့် ကိုက်ညီသော်လည်း လက်ဗွေရာအဖြေမှာမူ သူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။
အဘယ်ကြောင့်ဆိုသော် လင်းချွမ်၏လက်ဗွေရာဟု ဖော်ပြနေသောကြောင့် ဖြစ်၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ထားမိလေသည်။
ညမှာ တဖြည်းဖြည်း မှောင်လာပြီး လရောင်မှာလည်း တိမ်တိုက်များကြားမှ တိုးထွက်လာကြ၏။
ညနေခင်းလေပြေသည် သစ်ကိုင်းများကို ခါယမ်းစေပြီး မကောင်းဆိုးဝါးအရိပ်များကဲ့သို့ ဖြစ်နေသည်။
အချို့လေများမှာတော့ ရုံးခန်းထဲအထိ ဝင်ရောက်ကာ ရှန်ချန်းချန်းနားထဲ တစ်ခုခု တီးတိုးပြောနေသလို ခံစားရ၏။
တကယ် တိုက်ဆိုင်တာလား။
ဒါပေမဲ့ အရမ်းတိုက်ဆိုင်လွန်းတယ်လေ။
ရုတ်တရက် လင်းချွမ်၏ဝတ္ထုထဲမှ အထင်လွဲအောင် လုပ်နိုင်သော အခင်းအဖြစ်ကို ပြန်တွေးလိုက်မိသည်။
သူတို့ စစ်ဆေးကြည့်သောအခါ လင်းချွမ်ကို ဂျင်မ်၌ စာရင်းသွင်းထားခြင်းတွေ့ရ၍ သူ့လက်ဗွေရာ ရှိနေသည်မှာ မထူးဆန်းချေ။
ရှန်ချန်းချန်း ခဏစဉ်းစား၍ ရှချင်းချင်းအား ဖုန်းခေါ်လိုက်သည်။
“ချင်းချင်း လင်းချွမ်ရဲ့ အင်တာနက် အသုံးပြုချိန်တွေ တစ်ချက်လောက် ရှာပေးပါ”
…
ညနေခင်းလေပြေမှာ လင်းချွမ်အခန်းထဲကိုလည်း တိုး၍ ဝင်ရောက်လာပါသည်။
လင်းချွမ် ရုတ်တရက် ကျောထဲစိမ့်သွားပြီး
“ဟက်ချိုး”
သူ ကြက်သီးများထနေ၍ လက်ဖြင့်အသာပွတ်ကာ နွေးအောင် လုပ်လိုက်သည်။
သူ စုချန်းချန်း၏ ကြော်ငြာမှုအပြီး၌ စာအုပ်အခြေအနေကို ပြန်ကြည့်လိုက်သည်
[စာအုပ် : ကျွမ်းကျင်လှသော လုပ်ကြံသူ]
[အခြေအနေ : ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း : ၁၂၀၈/၃၀၀၀]
ဖတ်ရှုသူများမှာ တရိပ်ရိပ်တော့ တိုးတက်လာပါသည်။
စုချန်းချန်းကြော်ငြာမှာ (၂) ရက် ကျန်သေးပြီး ဝက်ဘ်ဆိုဒ်မှလည်း ပရိုမိုးရှင်း ထပ်ဆင်းပေးဦးမည်ဖြစ်၍ မကြာမီ (၃၀၀၀) ပြည့်သွားနိုင်၏။
မနက်ဖြန်မနက် နေမင်းကြီးထွက်သည်နှင့် သာယာလှပသော ဘဝကြီး စတင်လေပြီ။
သို့သော်။
နောက်တစ်နေ့ မတ်လ (၂၃) ရက်။
နေပင် မထွက်သေးမီ သာယာလှပသောဘဝလည်း ရောက်မလာတော့ပါ။
ထိုအစား မဖိတ်ခေါ်ထားသည့် ဧည့်သည်သာ ရောက်လာ၏။
‘ဒေါက် ဒေါက် ဒေါက်’
ရုတ်တရက် တံခါးခေါက်သံကြား၍ လင်းချွမ် အိပ်ချင်မူးတူးထလာ၏။
“ဒီလောက်အစောကြီး ဘယ်သူတုန်းဟ”
လင်းချွမ် ရုတ်တရက် ထထိုင်၍ မျက်လုံးများ ပွတ်ကာ စောင်ပုံထဲမှ ထလာပြီး တံခါးမှန်ဘီလူးမှ ချောင်းကြည့်လိုက်၏။
ထိုစဉ် သူ ချက်ချင်း လန့်ဖျပ်၍ အိပ်ချင်စိတ် ပြေသွားလေသည်။
အပြင်တွင် ရဲမေရှန်နှင့် နောက်ထပ်စုံထောက် (၂) ဦးတို့ ရပ်နေကြ၏။
“ရှန်… ရဲမေရှန် ဘာလို့ ရောက်လာတာလဲ”
လင်းချွမ် တံခါးလေးဖွင့်လိုက်ပြီး မျက်နှာငယ်လေး ဖြစ်နေသည်။
သူ တစ်သက်လုံး ကောင်းမွန်စွာ နေထိုင်လာပြီး ရဲများကို ကြောက်ရန် မလိုခဲ့သော်လည်း ယခုတစ်လော အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာရကာ အလွန်လန့်ဖျပ်နေမိသည်။
ထို့အပြင် ရှန်ချန်းချန်းမှာ သူနှင့် အဖမ်းအဆီး၌ အများဆုံးတွေ့ဖူး၍ မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။
ရှန်ချန်းချန်းမျက်နှာမှာ ဖြူဖျော့၍ မျက်တွင်းဟောက်ပက်ဖြစ်နေသောကြောင့် တစ်ညလုံး အိပ်ရသေးပုံ မပေါ်ချေ။
သူ လင်းချွမ်ကိုကြည့်ကာ
“လင်းချွမ် ရှင့်ကို လူသတ်မှုတစ်ခုမှာ သံသယရှိတဲ့အတွက် ဖမ်းဆီးပါတယ်။ စစ်ဆေးဖို့အတွက် လိုက်ခဲ့ပေးပါ”
“…”
လင်းချွမ် စွံ့အနေ၏။
သူ အကြောက်ဆုံးအရာ ဖြစ်လာပြန်လေပြီ။
ကျွန်တော်က သာမာန် နိုင်ငံသားကောင်းလေ။
“ရဲမေရှန် အထင်လွဲစရာရှိနေတယ်ထင်တယ်”
လင်းချွမ် ရှုံ့မဲ့၍ ပြောလိုက်၏။
ရှန်ချန်းချန်း သက်ပြင်းချ၍
“ဒီမှာ လင်းချွမ် ကျွန်မတို့ တစ်ညလုံး စုံစမ်းဆွေးနွေးပြီး ဖြစ်နိုင်ခြေရှိလို့ လာခဲ့တာ။ မခုခံပါနဲ့”
မနေ့ညက သူ ထိုအကြောင်းသိသိချင်းတွင် လုံးဝ မယုံနိုင်ဘဲ လင်းချွမ်နောက်ကြောင်းအစအဆုံးအား အဖွဲ့လိုက် သေချာစစ်ဆေးကြ၏။
ဤသို့ဖြင့် အရင်ဝတ္ထု (၂) ပုဒ်နှင့် နောက်ဆုံး လုပ်ကြံသူ ဝတ္ထုတို့ကို တွေ့ရပြီး ဟူတာချန်းမှ လုပ်ကြံသူဝတ္ထုအား ဖတ်ကြည့်လေသည်။
ထိုအခါ စာအုပ်ထဲမှ သတ်ဖြတ်ပုံနှင့် အခင်းရှင်းလင်းရေး လုပ်ဆောင်ပုံတို့မှာ အလွန်ကျွမ်းကျင်ပုံပေါ်ပြီး ရဲမှူးဟူတာချန်းပင် သူ့စွမ်းရည်နှင့်ယှဉ်ကာ ရှက်သွားမိသည်။
ရှချင်းချင်းဘက်မှ စစ်ဆေးမှုအရ ကျောက်လျန် သေဆုံးချိန်တွင် လင်းချွမ် အင်တာနက် အသုံးပြုလျက်ရှိပြီး ထိုအချိန်က သူ့အယ်ဒီတာနှင့် စကားပြောနေခြင်း ဖြစ်သည်။
ထို့ကြောင့် သီအိုရီအရတော့ လူသတ်မှုကျူးလွန်ရန် အခြေအနေမရှိပေ။
တကယ့်လူသတ်သမားမှ လင်းချွမ်ဟု ထင်အောင် ကြံစည်ထားခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ရှန်ချန်းချန်းလည်း လင်းချွမ်ကို စစ်ဆေးရန် ခေါ်၍ အခြားအချက်အလက်များ ထပ်မေးကာ ဆွေးနွေးရန် ဖြစ်ပါသည်။
လင်းချွမ်၏ သံတံခါးအပြင်ဘက်။
လင်းချွမ် မျက်နှာငယ်လေးဖြင့်ကြည့်၍
“ဆရာတို့ ကျွန်တော် တကယ် တရားခံမဟုတ်ပါဘူးဗျာ”
ရှန်ချန်းချန်းပြုံးလျက်
“လင်းချွမ် ရှင့်ကို တရားခံလို့လည်း မပြောပါဘူး။ ဒါပေမဲ့ အမှုက ရှင်နဲ့ ပတ်သက်နေလို့ စစ်ဆေးမှုကို ပူးပေါင်းခိုင်းပြီး ဆွေးနွေးရုံပါ”
ထိုအခါမှ လင်းချွမ် သက်ပြင်းချနိုင်တော့၏။
သူ တရားခံအဖြစ် အဖမ်းမခံရလျှင် တော်ပါသေးသည်။