ဒီနည်းလမ်းက မသေသပ်ဘူး
Vol. 3 Ch. 42
အန်လင်းမြို့ ရဲစခန်း။
လင်းချွမ်တင်မက ဝမ်ကျီခန်အပါအဝင် (၂၁) ရက်နေ့က ဟန်လီဂျင်မ်သို့ သွားရောက်ခဲ့သူအားလုံး သက်သေ ထွက်ဆိုရန်နှင့် စုံစမ်းမေးမြန်းရန် ရဲစခန်းသို့ ရောက်ရှိနေကြသည်။
မေးမြန်းခန်းထဲ၌။
လင်းချွမ် အခန်းအနေအထားကို ကြည့်လိုက်မိသည်။
စုံစမ်းစစ်ဆေးရေးအခန်းပုံစံနှင့် လုံးဝ ကွာခြားပါသည်။
စုံစမ်းစစ်ဆေးရေးခန်းကို အခန်းနက်လေးဟုလည်း ခေါ်၏။ အကြောင်းမှာ ပြတင်းပေါက်မရှိ၊ အလင်းရောင် လုံးဝ မရဘဲ အလယ်တွင် ကျားရုပ်တုတစ်ခုရှိသည်။ နံရံ၌ ချိတ်ဆွဲထားသော ဆောင်ပုဒ်မှာတော့ “ဝန်ခံသူတို့အတွက် လျှော့ပေါ့မည်။ ငြင်းဆန်သူများအဖို့ အပြစ်ကြီးလေးမည်” ဟူ၍ ဖြစ်၏။
ထို့ကြောင့် အငွေ့အသက်ကိုက မကောင်းပေ။
သို့သော် ယခုနေရာမှာမူ။
လင်းချွမ် လည်သာခုံပေါ်ထိုင်ရပြီး နံရံမှ ဆောင်ပုဒ်သည် “ရဲနှင့်ပြည်သူ ပူးပေါင်းခြင်းသည် လုံခြုံသောအိမ်ကို အတူတည်ဆောက်ခြင်း ဖြစ်သည်’ ဟု ရေးထား၏။
မနက်ခင်း လေပြေနုများ နေရောင်ခြည်နှင့်အတူ ပြတင်းတံခါးမှတစ်ဆင့် ဝင်ရောက်လာကြသည်။ ထို့ကြောင့် ပို၍ သက်တောင့်သက်သာရှိသော ခံစားချက်မျိုး ရစေ၏။
ဟူး!
အနည်းဆုံးတော့ အခန်းနက် မဟုတ်ဘူးပဲ။
အဓိက မေးမြန်းသူမှာတော့ ရှန်ချန်းချန်း ဖြစ်သည်။
သူ့ဘေးတွင် အခြားရဲဝန်ထမ်းနှစ်ဦး ရပ်နေကြ၏။
ရှန်ချန်းချန်း စုံစမ်းမေးမြန်းခြင်းကို တိတိကျကျ ပြုလုပ်၍ တိုက်ရိုက်သာ မေးလေသည်။
“ရှင် ဒီအမျိုးသမီးကို တွေ့ဖူးလား”
ရှန်ချန်းချန်း ကျောက်လျန်၏ အသက်ရှိစဉ်က ဓာတ်ပုံကို ပြလိုက်သည်။
လင်းချွမ် သေချာကြည့်၍ ခေါင်းငြိမ့်ကာ
“ဟန်လီဂျင်မ်မှာ တွေ့ဖူးတယ်ဗျ။ တစ်ခါတောင် ကျွန်တော့်ဆီက တစ်ရှူး လာတောင်းသေးတယ်။ ပေးတော့ မပေးလိုက်ဘူး”
ရှန်ချန်းချန်း မျက်မှောင်ကြုတ်လျက်
“အဲ့တာ ဘယ်အချိန်လောက်ကလဲ”
“တစ်နေ့က နေ့လယ်လောက်ပေါ့။ အတိအကျတော့ မမှတ်မိတော့ဘူး”
ရှန်ချန်းချန်းမှဆက်၍
“အဲ့နောက်ပိုင်းရော (၂၁) ရက်နေ့ ညနေပိုင်းလောက်က တွေ့သေးလား”
“ဟင့်အင်း ကျွန်တော် အဲ့ညက အယ်ဒီတာနဲ့ စာအုပ်အသစ်ကိစ္စ စကားပြောနေတာ။ စကားပြောထားတဲ့အချိန်ကို စစ်ကြည့်လို့ရပါတယ်”
လင်းချွမ် အမြန်ငြင်းလေသည်။
“ဒါနဲ့ အောက်ထပ်က မိန်းကလေးကျန်းနဲ့လည်း တွေ့ဖြစ်သေးတယ်”
ထိုနေ့က သူ ရေဘူးဝယ်ရန် အောက်ထပ်ဆင်းရင်း ရုပ်ရှင်ကြည့်နေသော ကျန်းကို တွေ့ရ၏။
ဝက်ဘ်ဆိုဒ်မှာတော့ သူပင် မတွေ့ဖူးသော အသစ် ဖြစ်သည်။
ရှန်ချင်းချင်း ခေါင်းငြိမ့်ပြကာ
“(၂၁) ရက်နေ့ နေ့လယ် ဟန်လီဂျင်မ်မှာ အဲ့မိန်းကလေးအနားမှာ ရှိတဲ့ထဲက မသင်္ကာစရာများ တွေ့လား”
“ကျွန်တော် သတိတော့ မထားမိဘူး”
လင်းချွမ် ခေါင်းယမ်းပြလေ၏။
“သူ့ကိုက အဲ့တစ်ခါပဲ သေချာတွေ့ဖူးတာ။ သူ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ”
“သူက သေသွားတာ”
လင်းချွမ် မှင်တက်သွား၏။
အန်လင်းမြို့၏ တတိယလူသတ်မှု နစ်နာသူမှာ ထိုအမျိုးသမီး ဖြစ်လေသည်။
သို့သော် လင်းချွမ် မနေ့ညက သတင်းတွေ တွေ့ခဲ့သည်မှာ အလောင်းသည် ဟန်လီကုမ္ပဏီတွင် ဖြစ်၏။
ဂျင်မ်၏ အပေါ်နှစ်ထပ်နေရာ ဖြစ်သည်။
“သူက (၄) လွှာမှာ ဆုံးတာလေ။ (၂) လွှာက ဂျင်မ်နဲ့ ဘာဆိုင်လို့လဲ”
လင်းချွမ် ပြန်မေးလိုက်၏။
“ကျွန်တော့်ကိုရော ဘာလို့ သံသယဝင်တာလဲ”
ရှန်ချန်းချန်း ခဏစဉ်းစားကာ အခြားဝန်ထမ်းနှစ်ဦးကို လှည့်ကြည့်ပြီးနောက် မျက်နှာရိပ်မျက်နှာကဲပြ၍
“သူ့သွေး DNA နဲ့ ရှင့်လက်ဗွေရာကို ဒီအလေးတုံးပေါ်မှာ အတူတူ တွေ့ခဲ့ရတယ်”
လင်းချွမ် တုန်လှုပ်သွားမိသည်။
ကျွမ်းကျင်သော လုပ်ကြံသူအနေဖြင့် အချက်အလက်များကို ချက်ချင်း နားလည်သွား၏။
(၄) လွှာမှ ဟန်လီကုမ္ပဏီ၊ (၂) လွှာမှ ဂျင်မ်၊ အလေးတုံး၊ လက်ဗွေရာ…
သူ့အတွေ့အကြုံအရ လျှို့ဝှက်ချက်များကို နားလည်ရန် အချိန်အနည်းငယ်သာ ကြာလိုက်သည်။
လူသတ်သမားမှာ အထင်လွဲစရာများဖြစ်အောင် ပြုလုပ်၍ သူ့ကိုပင် ထောင်ချောက်ဆင်လိုက်သေးသည်။
“အကွက်က မသေသပ်လိုက်တာ”
လင်းချွမ် မနေနိုင်ဘဲ မှတ်ချက်ပေးမိ၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ
“လင်းချွမ် ရှင့်မှာ တခြားအမြင်မျိုး ရှိတာလား”
အဟမ်း!
လင်းချွမ် ချောင်းဟန့်၍
“တရားခံကိုပြောတာပါ။ သူနဲ့ကျွန်တော် မတော်တဆ တစ်ခါပဲတွေ့ဖူးတာကို ဘာလို့ သတ်ရမှာလဲ”
ရှန်ချန်းချန်း လင်းချွမ်အား ငေးကြည့်၍
“ရှင် မသတ်မှန်းသိပါတယ်။ ထောက်ခံချက်တွေလည်း ရှိတယ်။ ခုနက မသေသပ်လိုက်တာလို့ ပြောတာကို ဘာကိုလဲ သိချင်တာ”
“အဲ့တာက…”
လင်းချွမ် ပြောသင့်မပြောသင့် ပြန်စဉ်းစားနေသည်။
ရှန်ချန်းချန်း အခန်းထဲမှ ဆောင်ပုဒ်ကို လက်ညှိုးထိုးပြ၍
“ကျွန်မ ရှင့်ဝတ္ထုအသစ်ကို နည်းနည်း ဖတ်ပြီးပါပြီ။ အခု ဂျင်မ်မှာအခင်းဖြစ်ခဲ့တယ်လို့ ရှာတွေ့တာက ရှင့်စာအုပ်ကို မှီငြိမ်းခဲ့တာပါ။ အဲ့တော့ ရှင်ပြောတဲ့ မသေသပ်လိုက်တာကို ရှင်းပြပေးရင် အန်လင်းရဲစခန်းအနေနဲ့ အရမ်းကျေးဇူးတင်မိမှာပါ”
လင်းချွမ် ထလာပြီး ခပ်တိုးတိုးဖြင့်
“ကျေးဇူးဆပ်မယ့်နည်း တစ်ခုခု ရှိတာလား”
မထင်မှတ်ထားသော စကားကြောင့် ရှန်ချန်းချန်း ရယ်မောလိုက်မိသည်။
“ရှင့်စာအုပ်အသစ်ကို subscribe လုပ်ပြီးပြီလေ”
လင်းချွမ်မျက်နှာလေး ဝင်းပသွား၏။
သူ့လိုစာရေးဆရာအတွက် ထိုအရာမှာ အဖိုးအတန်ဆုံး ဖြစ်လေသည်။
ထို့နောက် သူ လေးနက်စွာဖြင့်
“ကျွန်တော့်ကို subscribe လုပ်တာ မလုပ်တာက အရေးတော့မကြီးပါဘူး။ ပြည့်သူတာဝန် ထမ်းရွက်ပြီး ရဲအဖွဲ့နဲ့ပူးပေါင်းရမှာက ဖြစ်သင့်တာပဲလေ”
“ရှင်က သိတတ်သားပဲ”
ရှန်ချန်းချန်း ပြုံးလျက် ဆံနွယ်များသပ်တင်ကာ
“ကဲ အမှုအကြောင်းပြန်သွားလိုက်တာပေါ့။ လူသတ်သမားရဲ့ အကွက်က ဘယ်လို မသေသပ်တာလဲ”
လင်းချွမ် ခဏစဉ်းစား၍
“ကျွန်တော့်အတွေ့အကြုံအရ…”
“ဟမ်”
စုံစမ်းမေးမြန်းရေးအခန်းထဲ၌ ရုတ်တရက် လေစိမ်းများ တိုက်ခတ်သွားသည်။
အားလုံး လင်းချွမ်အား မှင်တက်၍ ကြည့်နေကြ၏။
ဘာအတွေ့အကြုံလဲ။
လင်းချွမ် ရုတ်တရက် ပါးစပ်ကိုကာလိုက်ပြီး အမြန် ပြန်ရှင်းပြလေသည်။
“ပြောချင်တာက ကျွန်တော့်ရဲ့ ဝတ္ထုဇာတ်ညွှန်း စီစဉ်ပုံအရ အဲ့လိုပါ။ သု့အကွက်က အထင်လွဲစရာ ဖြစ်အောင် လုပ်ထားပေမဲ့ မသေသပ်ဘူး”
ရှန်ချန်းချန်း စ၍ ရေးမှတ်နေလေသည်။
ဘေးမှ ရဲဝန်ထမ်းများလည်း မျက်မှောင်ကြုတ်၍ အာရုံစိုက်နေ၏။
ဝတ္ထုရေးတာက လက်တွေ့ လူသတ်မှုနဲ့ တူလို့လား။
လင်းချွမ်ကတော့ ဆက်၍
“ဂျင်မ်က ပထမဆုံး ကျူးလွန်ခဲ့တဲ့နေရာဆိုရင် (၄) လွှာကို တမင်ရွှေ့ထားခဲ့တယ်ပေါ့။ ဒါပေမဲ့ သိသာတဲ့နေရာမှာ သွေးချန်ထားခဲ့တယ်လေ”
ရှန်ချန်းချန်းနှင့် အခြားနှစ်ဦးတို့ အချင်းချင်း ကြည့်လိုက်မိသည်။
လင်းချွမ် သက်ပြင်းချ၍
“အဲ့မှာ သံသယဖြစ်စရာရှိလာတယ်”
“ဘယ်လိုလဲ”
ရှန်ချန်းချန်း သိချင်စိတ် ပြင်းပြနေသည်။
“လူသတ်သမားက ဘာလို့ အဲ့လို ပြောင်းလိုက်တာလဲ”
လင်းချွမ် ပြန်မေး၏။
ရှန်ချန်းချန်း ခဏစဉ်းစားကာ
“ပထမဆုံးအခင်းရဲ့ သက်သေကို အတတ်နိုင်ဆုံး ဖျက်ပစ်ဖို့ပေါ့။ ရဲတွေ စုံစမ်းတဲ့အခါ အထင်လွဲအောင်”
“အမှန်ပဲ”
လင်းချွမ် ခေါင်းငြိမ့်ပြ၍
“ပြောရရင် မသိစေချင်လို့ နေရာပြောင်းရင် ဂျင်မ်မှာကျတော့ ဘာလို့ သက်သေကျန်နေသေးတာလဲ”
ရှန်ချန်းချန်း သက်ပြင်းချမိ၏။
သူတို့စုံစမ်းရေးကို ဟန်လီဂျင်မ်၌ အာရုံစိုက်ထားသော်လည်း လင်းချွမ်စကားမှာ ထိုအခြေအနေ မဟုတ်ပေ။
ရှန်ချန်းချန်း လင်းချွမ်အား မှင်တက်၍ ကြည့်နေမိသည်။
သူ့သုံးသပ်ချက်မှာ အလွန်ယုတ္တိရှိပြီး အကွက်စေ့လှသည်။ ဝတ္ထရေးသူနှင့် မတူဘဲ စုံထောက်တစ်ဦး၊ ကျွမ်းကျင် ဆေးမှုခင်း ပညာရှင်တို့နှင့် ပိုတူလေ၏။