အဲ့လောက် ကျွမ်းကျင်လား
Vol. 3 Ch. 43
ရှန်ချန်းချန်း အချိန်အတော်ကြာအောင် ငြိမ်နေပြီးမှ တဖြည်းဖြည်း မျက်နှာပျက်ကာ ကြက်သီးများ ထလာသည်။
“အဲ့တော့ ဒီသက်သေတွေကို တရားခံက တမင်ထားခဲ့တယ်လို့ ပြောချင်တာလား”
အခင်းတွင် သက်သေများထား၍ ရဲများကို အထင်လွဲကာ အချိန်ကြာမြင့်စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရက်ကြာလေ ပို၍ မဖြေရှင်းနိုင်လေ ဖြစ်၏။
ထိုအချိန်အတွင်း တရားခံမှ သက်သေအစစ်များကို ဖျက်ဆီးကာ အမှန်တရားမှ လွတ်မြောက်သွားပေတော့မည်။
လင်းချွမ်ခေါင်းယမ်း၍
“ဒါက ကျွန်တော့်ဝတ္ထုရေးတဲ့ အတွေ့အကြုံအရ ပြောတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အခင်းဖြစ်တဲ့နေရာမှာ ရှိနေတာ မဟုတ်သလို သက်သေတွေလည်း မတွေ့သေးဘူး။ အတိအကျ သိချင်ရင်တော့ အခင်းနေရာကို တွေ့ရမှ ဖြစ်မယ်။ ဝတ္ထုထဲမှာ တရားခံက အခင်းရှင်းလင်းပြီး အထင်လွဲအောင် လုပ်တဲ့နေရာမှာ စုံထောက်တွေ၊ မှုခင်းဆရာဝန်တွေထက်တောင် တော်သေးတယ်”
“ခဏစောင့်ပေးနော် လင်းချွမ် ရဲမှူးဟူကို မေးကြည့်လိုက်ဦးမယ်”
ရှန်ချန်းချန်း သူ့ကိုသေချာစိုက်ကြည့်နေပြီးမှ ဆုံးဖြတ်ချက်ချလိုက်သည်။
…
ပြစ်မှုစစ်ဆေးရေးရုံး။
“ရဲမှူးဟူ လင်းချွမ်ကို ဟန်လီဂျင်မ်အခင်းနေရာဆီ ခေါ်သွားခွင့်ပေးပါ”
ရှန်ချန်းချန်း အခန်းထဲရောက်သည်နှင့် ချက်ချင်း တန်းပြောလေသည်။
ဟူတာချန်း လက်ထဲမှ စာရွက်များကို ချထားလိုက်ပြီး
“သူကိုယ်တိုင် သွားကြည့်မလို့လား”
ရှန်ချန်းချန်း နေရခက်စွာဖြင့်
“ကျွန်မတို့ မနေ့ညက သုံးသပ်တဲ့အတိုင်း သူကတော့ လူသတ်မှာ မဟုတ်ဘူး။ အခုက စုံစမ်းရေးမှာ ကူညီခိုင်းဖို့ ခေါ်တာပါ”
…
“ဒါက ဥပဒေအရတော့ မဖြစ်ဘူး”
ဟူတာချန်း မျက်မှောင်ကြုတ်၍ အခက်တွေ့နေ၏။
စည်းမျဉ်းများအရ ပြစ်မှုစုံစမ်းရေးအဖွဲ့နှင့် သက်ဆိုင်သူများသာ အခင်းနေရာကို သွားရောက်ခွင့် ရှိပါသည်။
လင်းချွမ်ကဲ့သို့ သာမာန်ပြည်သူမှာ လုံးဝ ဝင်ခွင့်မရှိပေ။
ရှန်ချန်းချန်း ခဏစဉ်းစား၍
“အခု ကျွန်မတို့မှာ အချိန် (၆) ရက်ပဲ ကျန်တော့တာနော်။ ဒါပေမဲ့ ဘာကိုမှ သေချာ မဖြေရှင်းနိုင်သေးဘူး”
ဟူတာချန်း သူ့ကိုစိုက်ကြည့်၍ မေးလိုက်၏။
“လင်းချွမ်က စုံထောက်ရော၊ မှုခင်းဆရာဝန်ရော မဟုတ်ဘူးလေ။ သူသွားလည်း သက်သေရှာနိုင်မယ် ထင်လား”
“ဒါပေမဲ့ သူ့အတွေးတွေက အတွေ့အကြုံများတဲ့ စုံထောက်တွေထက်တော့ မလျော့ဘူးလို့ ယုံကြည်တယ်”
ရှန်ချန်းချန်းမှ ပြောလိုက်၏။
“ရဲမှူးလည်း မနေ့ညက သူ့ဝတ္ထုကို တွေ့တယ်မလား။ သူ့အရည်အချင်းက အထင်သွားသေးလို့ မရဘူး။ သေချာပေါက် အကူအညီ ဖြစ်မှာပါ”
ဟူတာချန်း မျက်မှောင်ကြုတ်နေ၏။
ထို့နောက် စားပွဲပေါ်မှာ လက်ဖက်ရည်ကြမ်းကို ယူကာ အနည်းငယ်သောက်လိုက်ပြီး ခေါင်းယမ်း၍
“ဒါပေမဲ့ အရမ်းစွန့်စားလွန်းရာကျတယ်။ အထက်က သိသွားရင် ဒုက္ခရောက်မှာနော်”
“ဒုက္ခရောက်တယ်ဆိုတည်းက နည်းလမ်းရှိနေသေးလို့ပေါ့”
ရှန်ချန်းချန်းပြုံး၍ အားကြိုးမာန်တက် ပြောလိုက်သည်။
ဟူတာချန်းလည်း မတတ်နိုင်တော့ဘဲ
“သူ သက်သေရှာနိုင်မယ်လို့ ဘယ်လောက် သေချာလဲ”
ရှန်ချန်းချန်း ခဏငြိမ်သွားကာ
“၈၀%”
“ဒါဆိုလည်း အပြင်မှာ ငါ့ကို စောင့်နေ။ ဪ ထွက်သွားရင် တံခါးပိတ်သွားဦး”
ရှန်ချန်းချန်း ရုတ်တရက် မှင်တက်နေပြီးမှ ပြုံးပျော်၍ ထွက်သွားလေသည်။
ဘုံး။
တံခါးပိတ်သွားပြီးနောက် ဟူတာချန်း၏ ငိုကြွေးသံကို ကြားရလေသည်။
“အရာရှိ ကျွန်တော် ဒီအမှုကို ဆက်မကိုင်နိုင်တော့ဘူး”
“မှုခင်းဆရာဝန်ရော၊ ဝန်ထမ်းရော၊ ပစ္စည်းတွေရော ဘာမှ မလုံလောက်တာကို ဘယ်လိုလုပ် ရှင်းနိုင်မှာလဲ။ (၇) ရက်လား။ လုံးဝ မဖြစ်နိုင်ဘူးလေ။ အီးဟီးဟီး။ အထက်က လူသစ် ထပ်မပို့ရင် ကျွန်တော်လည်း မတတ်နိုင်တော့ဘူး။ အပြင်က အလွတ်စုံထောက် ခန့်မှရတော့မယ်။ လူအသက် (၃) ချောင်း ပျောက်နေတာလေ။ ရွေးချယ်စရာ မရှိတော့ဘူး။ ထုတ်ချင်လည်း ထုတ်လိုက်”
“…”
မကြာမီ။
“ရသွားပြီ”
ဟူတာချန်း ရုံးခန်းထဲမှ ထွက်လာပြီး ပြောလိုက်သည်။
ရှန်ချန်းချန်း ပါးစပ်လေးအုပ်၍ အံ့ဩစွာဖြင့်
“ရဲမှူးဟူ…”
ဟူတာချန်း အားရပါးရ ရယ်မောကာ
“အခုပဲ ရဲမှူးကြီးကို ဖုန်းဆက်လိုက်တာ။ ငါ လုပ်တဲ့အတိုင်း အမြဲယုံပေးနေကျလေ။ ကဲ သွားမယ်။ အမှားမရှိအောင် ငါကိုယ်တိုင် ခေါ်သွားပေးမယ်”
ရှန်ချန်းချန်း ပြုံးရွှင်သွားလေသည်။
ဤသို့ဖြင့် လင်းချွမ်နှင့် ရှန်ချန်းချန်းတို့ ဟန်လီအဆောက်အဦသို့ ရောက်သွားကြ၏။
အန်လင်းမြို့လမ်းမပေါ်တွင် ရဲကားတစ်စီးမှာ အရုဏ်တက်ချိန်ကို ဖြတ်သန်း၍ အခင်းနေရာဆီ ဦးတည်သွားနေသည်။
ထိုအချိန်တွင်။
ဟန်လီအဆောက်အဦအောက်၌ ရဲအဖွဲ့များ စောင့်ကြပ်လျက် ရှိသည်။
ရဲကားဆိုက်လာသောအခါ အနီးမှ သတင်းထောက်များ ပြေးလာပြီး ကင်မရာနှင့် မိုက်များထိုးကာ ဝိုင်းမေးကြတော့၏။
“ရဲမှူးဟူ သက်သေအသစ်တွေ တွေ့ပြီလား”
“လူသတ်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတာ အရင်းအမြစ်က ဘာလို့ ထင်ပါသလဲ”
“(၇) ရက်အတွင်း အကုန်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိပါသလား”
“…”
လက်ရှိတွင် အန်လင်းမြို့သာမက ဟန်မြစ်အပိုင်း စခန်းမှလည်း ထိုလူသတ်မှု (၃) ခုကို အလွန် အာရုံစိုက်နေမိ၏။
ထို့ကြောင့် မီဒီယာများမှာလည်း အပြိုင်အဆိုင် သတင်းလိုချင်နေကြသည်။
သတင်းထောက်များကြောင့် ဟူတာချန်း လက်ယမ်းပြကာ
“စစ်ဆေးမှုတွေက အစဉ်အတိုင်း မှန်မှန် သွားနေပါတယ်။ နောက်ထပ်သတင်းတွေတော့ ပြောလို့ မရသေးပါဘူး”
ထိုသို့ပြော၍ လင်းချွမ်၊ ရှန်ချန်းချန်းနှင့် မှုခင်းသိပ္ပံ ပညာရှင်များအား အပေါ်ထပ်သို့ ခေါ်သွားလေသည်။
“လင်းချွမ် ရဲမေရှန်က ဒီစုံစမ်းရေးအတွက် အများကြီး ညွှန်းထားတာနော်။ ငါတို့ စိတ်မပျက်ချင်ဘူး”
ဟူတာချန်းမှ ပြောလိုက်သည်။
သို့သော် စိတ်ထဲ၌ သံသယများတော့ ရှိနေသေး၏။
အသက် (၂၄) နှစ်အရွယ် အွန်လိုင်းစာရေးဆရာမှာ မှုခင်းဝတ္ထုရေးဖူးရုံဖြင့် စစ်ဆေးရေး၌ အကျိုးရှိစေမည်လား။
(၄) လွှာ၊ ဟန်လီကုမ္ပဏီ။
လင်းချွမ် ဖိနပ်အစွပ်နှင့် လက်အိတ်များဝတ်၍ အထဲဝင်လာခဲ့သည်။
ကြမ်းပြင်ပေါ်၌ လူပုံစံရေးဆွဲထားပြီး အလောင်း တွေ့ခဲ့သောနေရာ ဖြစ်လေသည်။
ခန္ဓာကိုယ်အနီး၌ လက်ရာများရှိနေသည့်အပြင် ဧည့်ကြိုကောင်တာ၌ တရားခံမှ ဝင်တိုက်မိထားပုံဖြင့် သွေးကွက်နှစ်ကွက် စွန်းနေ၏။ ရုန်းကန်ထားသည့် အခြေအနေတော့ မတွေ့ရချေ။
“ဒီအခင်းပုံစံက တော်တော်လေး ကလေးဆန်တာပဲ”
လင်းချွမ် သူ့အမြင်ကို ပထမဆုံးထုတ်ပြော၏။
ရှန်ချန်းချန်း မျက်မှောင်ကြုတ်ကာ
“ဘာလို့ အဲ့လိုပြောရတာလဲ”
လင်းချွမ် ကောင်တာသို့ လျှောက်သွားပြီး
“ဒါက တရားခံရဲ့ ဒဏ်ရာဆိုရင် သူ့လက်ကနေ ကာပြီး ခေါင်းကို ကာကွယ်ရမယ်လေ။ ဒါပေမဲ့ လုံးဝခုခံထားပုံ မရှိဘူး”
“အဲ့တာကြောင့် ကလေးဆန်တယ် ပြောတာပေါ့”
သူ လမ်းတစ်လျှောက်မှာတည်းက အခင်းဓာတ်ပုံများ ကြိုကြည့်ထားပြီး ဖြစ်၏။
ရှန်ချန်းချန်းနှင့် ဟူတာချန်းတို့ လန့်ဖျပ်၍ အချင်းချင်း ကြည့်လိုက်မိကြသည်။
ထိုအရာမှာ သူတို့ ကောက်ချက်ချပြီးသား ဖြစ်လေသည်။ သို့သော် နာရီပေါင်းများစွာ ကြာမြင့်ပြီးမှ သတိထားမိခြင်းဖြစ်၏။ လင်းချွမ်ကတော့ ရောက်ပြီး (၁၀) မိနစ်ခန့်အကြာ၌ ချက်ချင်း သိသွားလေသည်။
ဒါ အရမ်းကျွမ်းကျင်လွန်းနေတာလား။
ဘာလို့ အဲ့လောက် ရင်းနှီးသလို ဖြစ်နေတာလဲ။ တကယ်ပဲ ဉာဏ်ကောင်းတဲ့ ပါရမီရှင်လား။