ဒီအတိုင်း ဝင်ခံစားကြည့်တာပါ
Vol. 3 Ch. 44
“ဘာလို့ ကျွန်တော့်ကို အဲ့လိုဝိုင်းကြည့်နေကြတာလဲ”
လင်းချွမ် သူတို့အကြည့်ကို သတိထားမိပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
ရှန်ချန်းချန်း သူ့ကို ငေးကြည့်ရင်း
“လင်းချွမ် ကျွန်မ သိချင်တာလေး ရှိလို့ပါ။ ရှင် ဒါတွေအကုန်လုံး ဘယ်လိုလုပ် သိနေတာလဲ”
လင်းချွမ် ရုတ်တရက် မျက်နှာပျက်သွားကာ
“ဝတ္ထုရေးဖို့ လေ့လာရင်း တတ်ထားတာပါ။ ယုံလားဟင်”
“ယုံတယ် ထင်တာပဲ”
ရှန်ချန်းချန်း ထူးဆန်းစွာကြည့်ရင်း ဖြေလိုက်သည်။
ဒါကိုယုံရမှာလား။ ဖြစ်နိုင်ရင်ပေါ့။
လွန်လွန်းတယ်လေ။
လင်းချွမ် ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်၏။ စေတနာနဲ့လည်း လာကူညီရသေးတယ်။ ဗဟုသုတကို သံသယဝင်နေတာလား။
အဟမ်း ဘာပဲဖြစ်ဖြစ် အပြင်လောကမှာတော့ စည်းကမ်းလိုက်နာပါတယ်။
ထားပါတော့ ထားပါတော့။ ဆက်ပြီး စုံစမ်းကြတာပေါ့။
“ဒီမှာ ဆက်စုံစမ်းရဦးမှာလား”
ဟူတာချန်း လင်းချွမ်ကိုကြည့်၍ မေးလိုက်သည်။ လေသံမှာ သူ့အမြင်အတိုင်း လိုက်လုပ်မည့်ပုံ ဖြစ်၏။
“(၂) လွှာကို သွားကြတာပေါ့”
လင်းချွမ် ပြုံး၍ ပြောလိုက်သည်။
သူ (၄) လွှာမှ အခင်းအခြေအနေကို သဘောပေါက်ပြီး၍ (၂) လွှာသို့ ဆင်းခဲ့လိုက်သည်။
အခန်းထဲမဝင်မီ ဖိနပ်အစွပ်နှင့် လက်အိတ်များ ဝတ်ကြရပြန်၏။
ဂျင်မှာ အခန်းခပ်ကျဉ်းကျဉ်းတွင် ပစ္စည်းများ ပြည့်ကျပ်နေပြီး ပြတင်းပေါက် မရှိသောကြောင့် မွန်းကြပ်သလို ခံစားရသည်။
လင်းချွမ် အရင်ရိုက်ထားပြီးသော အခင်းဓာတ်ပုံများနှင့် လက်တွေ့နေရာကို တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးနေသည်။
မကြာမီ။
လင်းချွမ်မှ
“ဒီနေရာကလည်း ပထမဆုံးအခင်းဖြစ်ပွါးတဲ့နေရာ မဟုတ်ဘူး”
ရှန်ချန်းချန်းနှင့် ဟူတာချန်တို့ တုန်လှုပ်သွားကြ၏။
“ကျွန်မတို့ ဒီမှာ သက်သေထပ်တွေ့လို့ သေချာ စစ်ဆေးထားတာကို အဲ့တာလည်း ပထမဆုံးနေရာ မဟုတ်ဘူးလား”
ရှန်ချန်းချန်း အံ့ဩလွန်း၍ နားမလည်နိုင်စွာ မေးလိုက်သည်။
“ရှင် အဲ့တာကို ဘယ်လိုလုပ် ကောက်ချက်ချနိုင်တာလဲ”
လင်းချွမ်ပြုံး၍ ဓာတ်ပုံတစ်ပုံ ထုတ်ပြလိုက်သည်။ စိမ်းပြာရောင်မီးထွန်းကာ ဓာတုပစ္စည်းဖြင့် စမ်းထားသော အခန်း၏ အပေါ်စီးဓာတ်ပုံ ဖြစ်၏။
လင်းချွမ် ဓာတ်ပုံကို လက်ညှိုးထိုးပြ၍
“ဒီပုံကို ကြည့်လိုက်။ သွေးက ဘယ်လိုပြလဲ”
ရှန်ချန်းချန်း ခေါင်းလေးစောင်းကာ သေချာကြည့်၍
“သွေးကွက်တွေက ဘဲဥပုံ ဖြစ်နေတယ်”
“အဲ့တာ ပြဿနာရှိလို့လား”
ဟူတာချန်း မျက်မှောင်ကြုတ်၍ မေးလိုက်၏။
လင်းချွမ်ပြုံးကာ
“လူသတ်နေကျသူကတော့ သွေးဆိုတာ ဆက်တိုက် စီးကျနေမှန်း သိမှာပဲ။ ဘေးမှာအိုင်နဲ့ ဖြစ်နေမှာမျိုးပေါ့”
ဟူတာချန်း ထောက်ခံသလိုဖြင့် ခေါင်းငြိမ့်ပြသည်။
သူလည်း ထိုအချက်ကို သိထားပြီးဖြစ်၏။ သို့သော် ဘဲဥပုံသွေးကွက်နှင့် မည်သို့ ပတ်သက်နေသနည်း။
အဘယ်ကြောင့် ပထမဆုံးအခင်းနေရာမဟုတ်ဟု ဆိုနိုင်သနည်း။
ရှန်ချန်းချန်းလည်း နားမလည်နိုင်စွာ ကြည့်နေ၏။
လင်းချွမ် ခဏစဉ်းစား၍
“ဒီမှာကြည့်လိုက် ဒီကြမ်းပြင်နားမှာ နည်းနည်း စောင်းနေတယ်လေ။ အဲ့တော့ တရားခံသာ ဒီမှာ တကယ် သေသွားရင် ဘဲဥပုံသွေးကွက် ဘယ်ဖြစ်မှာလဲ”
ရှန်ချန်းချန်း ကြမ်းပြင်ကို စမ်းကြည့်လိုက်သောအခါ အမှန်ပင် စောင်းနေ၏။
သူ လင်းချွမ်၏ သုံးသပ်ချက်များကို အံ့ဩတကြီး ငေးနေမိသည်။
သူ ဒီလောက် သိရအောင် လူ ဘယ်နှစ်ယောက်တောင် သတ်ခဲ့ဖူးတာလဲ။
စိတ်ဝေဒနာရှင်လား။
ရှန်ချန်းချန်း အမြန်ခေါင်းယမ်း၍ ကြောက်စရာအတွေးများအား ဖယ်ရှားပစ်လိုက်သည်။
ဟူတာချန်းလည်း ကြောက်ကြောက်လန့်လန့်ဖြင့် တံတွေးမျိုချမိ၏။
လင်းချွမ်၏ကျွမ်းကျင်မှုကြောင့် ရာထူးကြီးတစ်ဦး အနေဖြင့် ရှက်မိပါသည်။
(၁၃) နှစ်တာ တွေ့ခဲ့သော အမှုအတွေ့အကြုံများမှာ ဘာမှ မဟုတ်တော့ပေ။
လင်းချွမ်ကတော့ အလွယ်တကူပင် ဖြေရှင်းလိုက်နိုင်၏။
ဟူတာချန်းက
“လင်းချွမ် မင်းရဲ့အတွေးက ယုတ္တိရှိတာပဲ။ ဒီနေရာက ပထမဆုံး မဟုတ်ရင် ဘယ်နေရာလို့ ထင်လဲ”
လူသတ်သမားမှာ သူတို့ကို ဤမျှလှည့်ပတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
လင်းချွမ် ပြုံးလျက်
“ဆရာတို့ နစ်နာသူက (၁၆၅)စင်တီမြင့်ပြီး (၆၀) ကီလိုရှိတယ်လို့ သိထားပြီးသားမလား။ အဲ့တော့ လူသတ်သမားလည်း ရွှေ့တဲ့အခါ အဝေးကြီးတော့ မသွားလောက်ပါဘူး”
ရှန်ချန်းချန်း ခေါင်းငြိမ့်ပြ၍
“ဟုတ်တယ်”
“ဒါပေမဲ့ အခင်းနေရာ (၂) ခုတောင် လုပ်ကြံထားတာဆိုတော့ အချိန်တော်တော်ရပြီး ပထမဆုံးနေရာကို ရှင်းထားပြီးနေလောက်ပြီ”
လင်းချွမ်မှ ပြောလိုက်၏။
ရဲမေရှန်နှင့် ဟူတာချန်းတို့ အလွန်မျက်နှာပျက်သွားကြ၏။
ဟူတာချန်း မျက်မှောင်ကြုတ်ကာ
“ဒါဆို ထပ်ပျောက်ပြန်ပြီလား”
လင်းချွမ် ခေါင်းယမ်းကာ ပြုံးလျက်
“ဒီနေရာတွေမှာ သက်သေမတွေ့ရင် တခြားဘက်ကနေ စုံစမ်းလို့ ရပါသေးတယ်”
“တခြားဘက်လား”
ဟူတာချန်း လင်းချွမ်အတွေးကို မနည်း အမှီ လိုက်နေရသည်။
“ကိုယ်တိုင် တရားခံနေရာဝင်ခံစားကြည့်လေ။ ဆရာသာဆိုရင် အခင်းနှစ်ခု ထပ်လုပ်ကြံပြီး ပထမဆုံးနေရာကို ရှင်းရမယ်ဆိုရင် ဘာတွေ လိုအပ်မလဲ”
ဟူတာချန်း သူ့အတွေးကို သဘောပေါက်ကာ ချက်ချင်း မျက်လုံးအရောင်များ လက်၍
“လိုအပ်တာပစ္စည်းကို ပြောတာလား”
အခင်းနေရာတစ်ခုကို ဖျက်ဆီးရန်၊ သွေးကွက်များ ရှင်းလင်းရန် အစွန်းချွတ်ဆေး၊ ဓာတုပစ္စည်းများ အသုံးပြုရပေမည်။ ထိုတင်မကသေး။
သွေးများစုပ်ယူရန်ပုဝါ၊ ရေပုံး၊ ကြမ်းသုတ်ရန် အဝတ် စသဖြင့် များစွာရှိသည်။
“ဒါပေါ့”
လင်းချွမ် ခေါင်းငြိမ့်ပြကာ လေးလေးနက်နက်ဖြင့်
“ကျွန်တော်တို့ ရထားတဲ့ သက်သေတွေအရ သူ့လုပ်ကြံထားတဲ့ အခင်းနေရာတွေက ကျွမ်းကျင်သူပုံ မဟုတ်ဘူး။ ကိုယ်တိုင် ဝင်ခံစားကြည့်ကြတာပေါ့”
“ပထမဆုံး လူသတ်သမားက အလေးတုံးနဲ့ သတ်တယ်။ သက်သေတွေဖျောက်တယ်။ ပြီးတော့ ဟန်လီကုမ္ပဏီထဲ သယ်သွားပြီး ပထမအခင်းနေရာလို့ ထင်အောင်လုပ်တယ်။
“ဒါလည််း အရေးကြီးတာပဲ။ ပုဝါ သို့ စာရွက်နဲ့မှ သွေးကို စုပ်သွားမှာ။ ရေသုံးရင် ပိုပျံ့တာပဲရှိမယ်။ သွေးကွက်လည်း မပျောက်ဘူး။ အဲ့တာဆို ဓာတုပစ္စည်းသုံးလား ကြည့်မယ်…”
“နောက်ဆုံးက သန့်ရှင်းရေးပစ္စည်းပဲ”
“သူသာရူးရင်တော့ ပစ္စည်းတွေအကုန် ယူသွားလိမ့်မယ်”
“ဒါပေမဲ့ ဓာတ်လှေကားတို့၊ ကားပါကင်တို့က ကင်မရာတွေရှေ့ ပစ္စည်းကြီးတွေ သယ်သွားရင် တန်းမိမှာပဲ။ အဲ့တာကြောင့် ဉာဏ်ရှိရင်တော့ ဟန်လီအဆောက်အဦထဲက လုံခြုံတဲ့နေရာမှာ ရှိနေလိမ့်မယ်”
“အဲ့နေရာက (၅) လွှာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ (၂) လွှာနဲ့ (၄) လွှာကို ရဲတွေအာရုံစိုက်အောင် လုပ်ထားတယ်လေ။ အဲ့တော့ အစစ်က (၅) လွှာရဲ့ စတိုခန်း ဖြစ်ရမယ်”
ဘုရားသခင်။
ရှန်ချန်းချန်း နားထောင်ရင်း ကွက်ကွက်ကွင်းကွင်း မြင်လာ၏။
“ရဲမေရှန် ကျွန်တော်က သူ့နေရာက ဝင်စဉ်းစားကြည့်ရုံနော်။ အဲ့လိုမကြည့်ပါနဲ့။ စာရေးဆရာတွေက စိတ်ကူးယဉ်ရတယ်လေ”
လင်းချွမ် ချက်ချင်း အမြန်ရှင်းပြ၏။
ရှန်ချန်းချန်းမှာ စိတ်မထင်လျှင် အခန်းနက်ထဲသို့ ရုတ်တရက် ဆွဲခေါ်သွားနိုင်လေသည်။