ပြစ်မှု မကျူးလွန်စေနဲ့
Vol. 4 Ch. 46
“အမလေး ရတာပေါ့ ရတာပေါ့ ရဲဘော်လင်းရယ်”
ဟူတာချန်း ပြုံးရွှင်လျက်
“တခြားကိစ္စတွေ ရှိရင်လည်း အကုန်သာ ပြောပါ။ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ်”
လင်းချွမ် မျက်လုံးအရောင်များလက်ကာ အားရဝမ်းသာဖြင့်
“တကယ်လား”
“ဒါပေါ့”
ဟူတာချန်းမှ ယုံလိုက်ဟူသည့်သဘောဖြင့် ရင်ဘက်ကို ပုတ်ပြ၏။
“ရဲမှူးဟူ ကျွန်တော့်ဝတ္ထုလေး ကြော်ငြာပေးပါလား”
လင်းချွမ် ခဏငြိမ်နေပြီးမှ ထပြောလေသည်။
သူ့စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခု ရှိ၏။
စာအုပ်အသစ်မှ subscription (၃၀၀၀) ရရမည်။
ထိုအခါ သူ ပိုက်ဆံရရုံတင်မက ဘဝအသစ် အတွေ့အကြုံများပါရပြီး အရည်အချင်းအသစ်များ တတ်မြောက်နိုင်ပေမည်။
အရည်အချင်းရှိလျှင် အလုပ်အကိုင် လမ်းကြောင်းလည်း ပိုတိုးတက်လာမည် ဖြစ်၏။
လက်ရှိတွင် အောင်မြင်မှုစံနှုန်းမှာ ၁၈၀၉/၃၀၀၀ ဖြစ်သည်။
နောက်ထပ် (၁၁၈၁) သာ လိုတော့၏။
“ကိစ္စမရှိပါဘူး”
ဟူတာချန်း အရမ်းမစဉ်းစားဘဲ ချက်ချင်း ပြန်ဖြေ၍ ဖုန်းထုတ်လိုက်သည်။
“အခုချက်ချင်း ကြော်ငြာပေးမယ်နော်။ ပြစ်မှုစုံစမ်းရေးအဖွဲ့ကနေ စလိုက်ကြတာပေါ့။ ခဏနေ သတင်းထောက်တွေ အင်တာဗျူးအတွက် လာရင်လည်း ထပ်ကြော်ငြာပေးဦးမယ်”
ပြစ်မှုစုံစမ်းရေးအဖွဲ့ စကားပြောခန်းထဲ၌ ဝတ္ထုလင့်ခ် ချပေးပြီး အားလုံးကို subscribe လုပ်ခိုင်းလေသည်။
ရှန်ချန်းချန်း တစ်ဖက်တွင် ရပ်နေရင်း ဖုန်းထဲမှ စာကိုကြည့်၍ ရေရွတ်လိုက်၏။
“ရဲမှူးဟူ ဒီထဲမှာ ဒါရိုက်တာကျန်းလည်း ရှိတယ်နော်”
ဟူတာချန်းမျက်နှာ ဖြူဖျော့သွားလေသည်။
သွားပြီ။
ဒါရိုက်တာကျန်းမှာ အဖွဲ့ထဲ ကြော်ငြာများပို့ခြင်း လက်မခံပါ။
သို့သော် လင်းချွမ်ကိုကြည့်၍
“ဒါရိုက်တာကျန်းတွေ့သွားလည်း ရဲဘော်လင်းကို subscribe လုပ်ပေးမှာပါ”
သူ အမှုဖြေရှင်းပြီးသွား၍ ယုံကြည်ချက်အပြည့် ရှိနေ၏။
ရှန်ချန်းချန်းကတော့ မနက်ကတင် ဒါရိုက်တာကျန်းအား ဖုန်းဆက်ကာ ရဲမှူးဟူငိုယို၍ ဇာတ်လမ်းဆင်လုပ်ကြံခဲ့ရသည်ကို ပြန်တွေးမိပြီး ရယ်ချင်နေသည်။
လင်းချွမ်မှာ အခြေအနေကို မရိပ်မိဘဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။
ထို့နောက် ရဲစခန်းထဲမှ ထွက်လာခဲ့သည်။
ရှန်ချန်းချန်းတစ်ယောက် ရဲယူနီဖောင်းဖြင့်ပင် လိုက်လာပြီး ပြုံးလျက်
“လင်းချွမ် ကျေးဇူးပဲနော်။ ရှင်သာမရှိရင် ကျွန်မ ဒီညလည်း အချိန်ပိုဆင်းရဦးမှာ”
လင်းချွမ်ပြုံး၍
“ကျေးဇူးတင်တယ်ဆိုရင် နောက်ထပ် subscribe မလုပ်ချင်ဘူးလား”
“ကျွန်မမှာ အကောင့်တစ်ခုပဲ ရှိတာလေ”
ထို့နောက် ရှက်သလိုလေးဖြင့်
“ဒါပေမဲ့ ထမင်းတစ်နပ်တော့ လိုက်ကျွေးလို့ ရပါတယ်။ ချီချီနဲ့ ဝမ်ကျီခန်တို့ကိုလည်း ခေါ်လိုက်လေ”
လင်းချွမ် ဗိုက်ကိုဖိလျက် နေရခက်သလိုဖြင့်
“ကောင်းပါပြီ အဲ့တာဆိုလည်း”
“ရှင် နေလို့မကောင်းလို့လား”
ရှန်ချန်းချန်း ခေါင်းလေးစောင်း၍ ကြည့်ကာ မေးလိုက်သည်။
လင်းချွမ် ခေါင်းအမြန်ယမ်းပြ၍
“အဲ့လောက်ကြီး မဟုတ်ပါဘူး”
…
တစ်ဖက်တွင်တော့။
လင်းချွမ်နှင့် ရှန်ချန်းချန်းတို့ ထွက်သွားပြီးနောက် ဟူတာချန်းတစ်ယောက် ဒါရိုက်တာကျန်းထံမှ ဖုန်းရလေသည်။
“ဒါရိုက်တာကျန်း ကျွန်တော်တို့ အမှုတစ်ခု ရှင်းလိုက်ပြီ”
ဟူတာချန်း သတင်းကောင်းကို တန်းပြောလေ၏။
…
“ငါ သိပြီးပါပြီ။ မင်းတို့ ကြိုးစားခဲ့ပြီး တော်တာကိုလည်း လက်ခံတယ်”
သု့အသံမှာ ပို၍ လေးနက်လာ၏။
“ဒါပေမဲ့ အဲ့လောက် ပျော်မနေကြနဲ့။ မရှင်းရသေးတာလည်း (၂) မှုတောင် ကျန်သေးတယ်။ အချိန်ကြာလာလေ လိုက်ရခက်လေ ဖြစ်မှာ”
“စိတ်အေးအေးထားပါ ဒါရိုက်တာကျန်းရယ်။ ကျွန်တော်တို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ်”
ဟူတာချန်း ပြုံးရွှင်၍ ပြော၏။
“နောက်ပြီးတော့ အဖွဲ့စကားပြောခန်းမှာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ပဲ ဖြစ်စေချင်တယ်။ ခုနက ဝတ္ထုကြော်ငြာတာမျိုးတွေ နောက်ထပ် မဖြစ်စေနဲ့”
ဒါရိုက်တာကျန်းမှ သတိပေးလိုက်၏။
ဟူတာချန်းမှ ချက်ချင်းပင်
“ဒါရိုက်တာကျန်းရယ် တခြားဝတ္ထုတွေဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခုက မတူဘူး”
“ဘာမတူတာလဲ”
“ကျွန်တော်တို့ ဟန်လီကုမ္ပဏီအမှုကို ဒီလောက်မြန်မြန် ဖြေရှင်းနိုင်တာ ဒီဝတ္ထုကြောင့်ပေါ့”
“မဖြစ်နိုင်တာ”
ဒါရိုက်တာကျန်းကိုယ်တိုင်လည်း ပြစ်မှုစုံစမ်းရေးအဖွဲ့မှ ဖြစ်သောကြောင့် ထိုစကားကြားသောအခါ
“ရိုးရိုးဝတ္ထုကနေ အမှုဖြေရှင်းလို့ ရတယ်လား။ ဟူတာချန်း မင်း ငါ့ကိုတော့ အရူးလုပ်လို့ မရပါဘူးကွာ”
ဟူတာချန်းမှ အမြန်ရှင်းပြလေ၏။
“ဟုတ်တာပေါ့။ ဝတ္ထုကတော့ တိုက်ရိုက်မဖြေရှင်းဘူးလေ။ စာရေးဆရာက ထူးခြားတယ်”
“ပြောပါဦး။ ဘာတွေ ထူးခြားနေတာလဲ”
ကျန်းပြောင်မှ စိတ်မဝင်စားဘဲ ခပ်အေးအေး မေးလိုက်သည်။
“ဒါရိုက်တာကျန်း ကျွန်တော် မနက်က အလွတ်တန်း စုံထောက်ကိစ္စ ဖုန်းဆက်တယ်လေ။ အဲ့တာ ဒီစာရေးဆရာပေါ့။ သူ (၂) လွှာနဲ့ (၄) လွှာကို လိုက်ကြည့်ပြီး သက်သေတွေအရ (၅) လွှာမှာ ပထမဆုံးအခင်းဖြစ်ခဲ့မယ်ဆိုပြီး တန်းပြောတာပဲ…”
ဟူတာချန်း အသေးစိတ် ဆက်ရှင်းပြလိုက်သည်။
ကျန်းပြောင် တဖြည်းဖြည်း မျက်မှောင်ကြုတ်၍ ရင်ထဲမှ သံသယများလည်း ကြီးထွားလာ၏။
လင်းချွမ်၏ လုပ်ဆောင်ချက်မှာ မှင်တက်စရာ ကောင်းသော်လည်း အကြားနှင့် တိုက်ရိုက် မြင်ရသည်မှာ မတူပေ။
ဝတ္ထုရေးဆရာမှာ ပြစ်မှုများ ဖြေရှင်းနိုင်သည်လား။
သူ တဖြည်းဖြည်း စိတ်ဝင်စားလာပြီး
“အဲ့တော့ သူ့ဝတ္ထုကလည်း အဆင့်မြင့်တယ်လို့ ဆိုလိုတာလား”
“ဒါပေါ့”
ဟူတာချန်း ရယ်မော၍ ချက်ချင်း လင်းချွမ်၏ ကိုယ်စားလှယ်ကဲ့သို့
“တွေ့လား။ လင်းချွမ်လိုလူငယ်မျိုးက တကယ်ရှားပါတယ်။ ဒါရိုက်တာကျန်းရော လင်းချွမ်ကို အားပေးတဲ့အနေနဲ့ subscribe လေး လုပ်ပေးပါလား”
ကျန်းပြောင် ရယ်မောလျက်
“ငါလည်း အားပေးချင်ပါတယ်။ ဒါပေမဲ့ subscribe က ဘာလုပ်တာလဲ”
“သူ့ဝတ္ထုရဲ့ အပိုင်းတိုင်းကို ဝယ်ပေးရတာမျိုးပေါ့”
ကျန်းပြောင် ခေါင်းငြိမ့်ပြ၍
“ကောင်းပါပြီ။ ငါတို့ရဲ့ စုံစမ်းရေး ဉာဏ်ကြီးရှင်ရဲ့ ဝတ္ထုအဆင့်ကို ကြည့်ကြသေးတာပေါ့”
“ဖတ်သာဖတ်ကြည့်လိုက်ပါ။ ကျွန်တော်က ရှေ့မှာ မီဒီယာတွေ ရောက်နေလို့ သွားဖြေပေးလိုက်ဦးမယ်နော်”
ဤသို့ဖြင့် ဖုန်းချလိုက်ကြပြီး ကျန်းပြောင် ဖုန်းဖွင့်၍ ဝတ္ထုကို ဝင်ဖတ်ကြည့်လိုက်သည်။
“ဟူတာချန်း အဲ့လောက် ချီးကျူးနေရအောင် ဘာများတော်နေတာလဲ”
သူ ငယ်စဉ်တည်းက သိုင်းဝတ္ထုများကိုတော့ ကြိုက်ခဲ့ပါသည်။
ထို့နောက် အလုပ်ဝင်ပြီးနောက် အချိန်မရ၍ ဝတ္ထုမဖတ်ဖြစ်သည်မှာ အတော်ကြာသွား၏။
ဟူတာချန်း၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်လျှင် ဝင်ဖတ်ဖြစ်ဦးမည် မဟုတ်ပါ။
‘ကျွန်တော်ဟာ လုပ်ကြံသူတစ်ယောက်’
‘…’
ညနေခင်းမှသည် မိုးစုန်းစုန်းချုပ်သွား၏။
ကျန်းပြောင်း ထိုအခါမှ သတိပြန်ဝင်လာပြီး အချိန်ကို ကြည့်မိသောအခါ ၇:၀၆။
သူ လင်းချွမ်ဝတ္ထုကို တစ်နာရီကျော်ကြာအောင် စွဲစွဲမက်မက် ဖတ်လိုက်မိသည်။
ထို့နောက် ဟူတာချန်း၏စိတ်ကို နားလည်ကာ ရေရွတ်မိ၏။
“သူ့ရဲ့ မှုခင်းအတွေ့အကြုံ အရည်အချင်းတွေက တကယ်ပဲ…”
ထို့နောက် ဟူတာချန်းအား ချက်ချင်း ဆက်သွယ်လိုက်လေသည်။
“ဟူတာချန်း အဲ့ကောင်လေးကို သေချာစောင့်ကြည့်ထား။ ပြစ်မှု လုံးဝ မကျူးလွန်စေနဲ့နော်”