မုန်းတီးသူများ ရောက်လာခြင်း
Vol. 4 Ch. 47
ညမှာ တဖြည်းဖြည်းမှောင်လာ၏။
အန်လင်းမြစ်ကမ်းတွင် မီးရောင်လင်းနေသော ဆိုင်ငယ်လေးတစ်ခု ရှိနေသည်။
ကောင်းကင်မှ ကြယ်ရောင်များလည်း တဖျတ်ဖျတ်လက်နေ၍ ဆိုင်လေးမှာ ပိုတောက်ပနေသယောင် ရှိသည်။
နူးညံ့သော လေပြေမှာ ဆိုင်ကန့်လန့်ကာနှင့် ရှန်ချန်းချန်း၏ဆံနွယ်များအား တလွင့်လွင့် ဖြစ်စေရန် တိုက်ခတ်နေ၏။
ဆိုင်ထဲတွင် ရှန်ချန်းချန်းနှင့် လင်းချွမ်တို့ ပြတင်းပေါက်နားရှိ စားပွဲ၌ ထိုင်နေကြသည်။
ရှန်ချန်းချန်းမှာ ယူနီဖောင်းကိုလဲ၍ သာမာန်အဝတ်အစားနှင့် ဖြစ်လေသည်။ ချည်အင်္ကျီ အဖြူလေးနှင့် ဂျင်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှူးအဖြူလေးကို ရိုးရှင်းစွာ စီးထား၏။
သူ အချိန်ပိုများစွာ ဆင်းထားသောကြောင့် ပင်ပန်းနေသော မျက်နှာလေးမှာ ပြန်လည် လန်းဆန်းနေလေပြီ။
ရှန်ချန်းချန်း ပြုံး၍
“လင်းချွမ် ချီချီကပြောတယ်။ ဝမ်ကျီခန် နေမကောင်းလို့ သူတို့တော့ မလာနိုင်တော့ဘူးတဲ့”
လင်းချွမ် စံပယ်လက်ဖက်ရည် သောက်ပြီးနောက် နေရခက်စွာဖြင့်
“အာ ဝမ်ကျီခန်လည်း ကျွန်တော့်ကို ပြောပါတယ်”
လွန်ခဲ့သော (၂) မိနစ်ခန့်က။
ဝမ်ကျီခန် သူ့ကို စာတစ်စောင် ပို့လိုက်၏။
“ညီလေး အခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်နော်”
လင်းချွမ် ဘာမှမတတ်နိုင်ပေ။
အစ်ကိုဝမ်သည် သူ့ဘဝအတွက် တွေးပေးရန် မမေ့ချေ။ အရေးအကြောင်း၌ နေမကောင်း ထဖြစ်ကာ နှစ်ယောက်တည်းအချိန် ဖန်တီးပေးလေ၏။
သို့သော် နှစ်ဦးသားမှာ ပို၍ နေရခက်နေသည်။
လင်းချွမ်မှာ ထမင်းစားရန်သာ လိုက်လာပြီး ဘာစကားစပြောရမည်မသိ ဖြစ်နေ၏။
အခြားသူများပါရှိလျှင် ဟိုဟိုဒီဒီ ပြောနိုင်သော်လည်း နှစ်ယောက်တည်းဖြစ်၍ ပါးစပ်ကြီးမှာ အပ်နှင့်ချုပ်ထားသကဲ့သို့ တင်းကြပ်စွာ စေ့နေ၏။
ရှက်တတ်သော ယောက်ျားလေးတိုင်း ကြုံရတတ်သည့်ကိစ္စ ဖြစ်လေသည်။
ကံကောင်းစွာဖြင့် ရှန်ချန်းချန်းမှ စကားစပြောလာ၏။
“လင်းချွမ် အဲ့လို စစ်ဆေးရေးနည်းလမ်းတွေ ဘယ်ကတတ်လာတာလဲ”
လင်းချွမ် လန့်ဖျပ်၍
“ရဲမေရှန် ဘာလို့မေးတာလဲ”
ရှန်ချန်းချန်း လင်းချွမ်အား သေချာစိုက်ကြည့်လျက်
“ရှင် ပြစ်မှုကျူးလွန်ဖူးတာများလားလို့ တွေးမိတာ”
အဟွတ်!
လင်းချွမ် လက်ဖက်ရည်သီးသွားပြီး ခပ်မာမာ ထအော်မိသည်။
“ရဲမေရှန် စကားကို အဲ့လို လက်လွတ်စပယ် မပြောပါနဲ့”
ရှန်ချန်းချန်း ပါးချိုင့်လေးများ ခွက်နေအောင် ရယ်မော၍
“မပြောရဘူးလား”
“ဒါက အန္တရာယ်ရှိတဲ့ အတွေးမျိုးလေ”
လင်းချွမ် မကြည်မသာဖြင့်
“ကျွန်တော်ကတော့ ဒီနေ့ ဖန်တစ်ယောက်ရပြီ ထင်တာ။ ပြောင်းပြန်ဖြစ်နေတာပဲ”
ရှန်ချန်းချန်း ရယ်မောလျက်
“ရှင် အခုထိ ကျွန်မမေးတာကို မဖြေရသေးဘူးနော်”
လင်းချွမ် ခဏစဉ်းစား၍
“မှုခင်းတွေ အများကြီးတွေ့ဖူးရင် ဒီလိုစစ်ဆေးတာက ထမင်းစားရေသောက်လောက်ပဲ ရှိပါတယ်”
လင်းချွမ် အမှန်တော့ ထိုအခြေအနေမျိုး ပထမဆုံး ကြုံဖူးခြင်း ဖြစ်သည်။
ရှန်ချန်းချန်း မျက်လုံးလေးပြူးလျက်
“ဘယ်သူက အဲ့လောက်တွေ့ဖူးမှာလဲ”
“အဲ့တာကြောင့် အရည်အချင်းပေါ် မူတည်တာပေါ့”
လင်းချွမ် ပြုံး၍ပြောလိုက်သည်။
“ရှင်က တကယ်ပါရမီရှင်လို့ ပြောချင်တာလား”
ရှန်ချန်းချန်း မျက်လုံးများ တောက်ပလျက် ပြန်မေး၏။
“ချီးကျူးတာဆိုရင် ကျေးဇူးတင်ပါတယ်”
လင်းချွမ် ကျေနပ်စွာ ပြန်ပြော၏။
မြစ်ကမ်းနားရှိ ကော်ဖီဆိုင်၌ လေပြည်များ တိုက်ခတ်လေ နှစ်ဦးသားကြားမှ ဖိအားများ ပို၍ ပြေလျော့လာသည်။
လင်းချွမ် လေတိုက်ခံရသောကြောင့် နှာပင်ချေလျက် ရှိလေသည်။
သို့သော် လန်းဆန်းအေးမြသွားစေသော ခံစားချက်မှာတော့ မငြင်းနိုင်ချေ။
တောက်ပသော မနက်ဖြန်အတွက် အကြိုလှပမှုများလား။
ည ၉:၀၆။ အရမ်းတော့ နောက်မကျသေးပေ။
နှစ်ယောက်သား ညစာစားပြီးနောက် ကိုယ်စီ အိမ်ပြန်လာခဲ့ကြသည်။
လင်းချွမ် အခန်းထဲ ပြန်ရောက်သည်နှင့် စာအုပ်အခြေအနေကို ချက်ချင်း စစ်ကြည့်လိုက်သည်။
[စာအုပ်: ကျွမ်းကျင်လှသော လုပ်ကြံသူ]
[အခြေအနေ : ထုတ်ဝေပြီး]
[အောင်မြင်မှုစံနှုန်း : ၂၀၀၅/၃၀၀၀]
လင်းချွမ် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်မိသည်။
“စုချန်းချန်း ကြော်ငြာပေးနေတုန်းမလား။ ဘာလို့ အရမ်းမတက်လာတာလဲ။ ထူးဆန်းလိုက်တာ”
အခြေအနေမှာ ပုံမှန်မဟုတ်ပေ။
သူ စုချန်းချန်း live ထဲ ဝင်ကြည့်လိုက်၏။
စုချန်းချန်းမှာ ထိုင်ခုံပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ပန်းပွင့်ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ မျက်နှာလှလှလေးအနောက်တွင် ဆံပင်ကို ကပိုကရို စည်းထားပြီး မျက်မှောင်ကြုတ်၍ နှုတ်ခမ်းများ စေ့နေ၏။
ညာဘက်ခြမ်းတွင်တော့ လင်းချွမ်၏ ဝတ္ထုကို ပြပေးထားသည်။
လင်းချွမ်လည်း ကွန်းမန့်များကို ချက်ချင်း အာရုံရောက်သွားတော့၏။ မနေ့ကထက် ပို၍ အခြေအနေ ဆိုးနေသည်။
[ချန်းချန်း စာအုပ်က အရမ်းလက်တွေ့ဆန်လွန်းတယ်နော်။ ဆက်ပြီး ကြော်ငြာပေးလို့ ဖြစ်ပါ့မလား]
[ဒါက ပြစ်မှုမှတ်တမ်းနဲ့ သေချာပေါက် တူနေတာကို။ ဘာလို့ ညွှန်းပေးနေတာလဲ]
[ချန်းချန်းရယ် မရူးစမ်းပါနဲ့။ အခုချက်ချင်း ရပ်လိုက်တော့]
[ငါ အစအဆုံးဖတ်ပြီးပြီ။ စာရေးဆရာရဲ့ ဒိုင်ယာရီပဲ]
[အရမ်းပြစ်မှုဆန်တယ်။ ဒါကိုဖတ်ရုံနဲ့တင် ထောင်ကျတော့မလိုပဲ]
[အားလုံးပဲ ဒီမှာ ပြစ်မှုမှတ်တမ်းဝတ္ထု ကြော်ငြာနေတယ်လေ။ မြန်မြန် တိုင်လိုက်တော့]
[…]
လင်းချွမ် အခြေအနေကို ချက်ချင်း သဘောပေါက်သွား၏။
သူတို့က ဘယ်ကနေ အဲ့လောက်တောင် ရောက်လာတာလဲ။
အွန်လိုင်းဝတ္ထုလောကမှာ ကျဉ်းမြောင်းလွန်းပါသည်။ သေချာပေါက် မနာလိုသူရှိနေ၏။
အိမ်ထဲထိုင်နေရင်း ဒုက္ခက အိမ်ပေါက်ဝ လိုက်လာတာပဲ။
“အရင်တစ်ခါ သူရဲကောင်းပြိုင်ပွဲမှာ ငါ အပေါ်ရောက်သွားလို့ အာရုံစိုက်ခံရတာလား”
လင်းချွမ် တစ်ယောက်တည်း တွေးတောနေမိ၏။ ထို့နောက် ဟူတာချန်းအား စာပို့လိုက်သည်။
“ရဲမှူးဟူ ဒီနေ့ အင်တာဗျူး ဖြစ်မယ်ဆို။ ကျွန်တော့် ဝတ္ထုကို ကြော်ငြာလိုက်သေးလား”
မကြာမီ ဟူတာချန်းထံမှ အသံဖိုင် ပြန်ရောက်လာ၏။
“အမလေး ရဲဘော်လင်းကို ကတိပေးထားတာ မေ့စရာလား။ မီဒီယာတွေရှေ့မှာ ရဲဘော်လင်း အရည်အချင်းတွေရော၊ ဝတ္ထုအကြောင်းပါ အကုန် ပြောပြလိုက်တယ်။ အခုလောက်ဆို ထုတ်လွှင့်ပြီးပြီနဲ့ တူပါတယ်”
“ကျေးဇူးပါ ရဲမှူးဟူ”
လင်းချွမ် ပြုံးရွှင်သွား၏။
ထင်တဲ့အတိုင်းပဲ။
ထို့နောက် အန်လင်းသတင်းအား အမြန်ရှာကာ စုချန်းချန်း live ထဲသို့ ပို့ပေးလိုက်တော့သည်။