ရှင်ထွက်သွားမှာစိုးတယ်
Vol. 4 Ch. 50
“မမက ထပ်နောက်နေပြန်ပါပြီ”
ယုယွီ၏ နူးညံ့သောမျက်နှာလေးမှာ မက်မွန်သီးမှည့်ကဲ့သို့ ရဲခနဲ ဖြစ်သွားသည်။
သူ့အမူအရာကြောင့် မင်ယွဲ့ ပြုံးလျက်
“ငါ အတည်ပြောနေတာနော်”
“ဟင်”
ယုယွီ မှင်တက်နေမိ၏။
မင်ယွဲ့ ယုယွီ နဖူးလေးကို ပုတ်ကာ
“မင်း အယ်ဒီတာလုပ်လာတာ နှစ်တွေ ဘယ်လောက် ရှိပြီလဲ။ အဲ့တာလည်း အခြေအနေကို မရိပ်မိဘူးပဲ”
“အခြေအနေလား”
ယုယွီ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“စဉ်းစားကြည့်လေ။ မင်းနဲ့ လင်းချွမ်က အခု ဘယ်လို ဆက်ဆံရေးလဲ”
ယုယွီ ခဏစဉ်းစား၍
“အယ်ဒီတာနဲ့ စာရေးဆရာ ဆက်ဆံရေးပေါ့”
“အဲ့တာကြောင့် ဘာလို့ ဒီအတိုင်း ဆက်ထားမှာလဲ။ ဒီလောက် အရည်အချင်းရှိတဲ့ ရတနာကို။ ရဲတွေကတောင် အကြံဉာဏ် ပြန်ယူရသေးတယ်။ မင်းမှာ ဘာအကျိုးရှိလဲ”
အကျိုးလား… မရှိဘူးလေ။
ယုယွီ နှုတ်ခမ်းလေးစူလျက်
“ဒါဆို ကျွန်မ ဘယ်လိုလုပ်ရမလဲ”
“ဆွဲဆောင်ရမှာပေါ့။ ဒါ မင်းအတွက် အကျိုးအမြတ်ပဲ”
မင်ယွဲ့ မျက်လုံးလေးတစ်ဖက် မှိတ်ပြကာ ရယ်မော၍ ပြောလိုက်သည်။
“အယ်ဒီတာတစ်ယောက်အနေနဲ့ အဲ့လိုကြီး မလုပ်သင့်ဘူးမလား”
ယုယွီ နေရခက်စွာ ပြန်ပြော၏။
မင်ယွဲ့ အတွေ့အကြုံအရ ပြောဆိုရင်း ရယ်မော၍
“ဒီလိုဆွဲဆောင်တဲ့ နည်းလမ်းက မင်းကိုယ်တိုင် ရင်းရမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ ဒါပေမဲ့ အဲ့စာရေးဆရာနဲ့ ဆက်ဆံရေးတစ်ခု ချည်နှောင်ရုံပဲ”
“ချည်နှောင်တယ်လား”
ယုယွီ သေချာပြန်စဉ်းစားနေ၏။
မင်ယွဲ့မှာ အယ်ဒီတာချုပ်ရာထူးဖြစ်ပြီး သူ့အတွေ့အကြုံများ ပြောပြနေလေသည်။
“မင်းပဲ အရင်ပြောတာတော့ လင်းချွမ်က တစ်ယောက်တည်း အခန်းငှါးပြီးနေတယ်ဆို။ ဘွဲ့ရတာလည်း မကြာသေးတော့ အရွယ်ကောင်းလေးပဲ။ အဲ့လိုအချိန်မှာ အခန်းထဲ တစ်ယောက်တည်းနေရတာ အထီးမကျန်ဘဲ နေမလား”
“အဲ့တာဆို ဘယ်လိုလုပ်ရမလဲ”
ယုယွီ ပြန်မေးလိုက်၏။
“မင်း သူ့ကို စိုးရိမ်ကြောင်း ပြပေးရမှာပေါ့။ သူ့ဘဝအတွက်ဖြစ်ဖြစ်၊ အလုပ်အတွက်ဖြစ်ဖြစ်။ တစ်ခါတစ်လေ ဂိမ်းလေးဆော့။ အဲ့တာ အမြန်ဆုံး နည်းလမ်းပဲ”
မင်ယွဲ့မှ ရှင်းပြ၏။
“အဲ့လိုကြီးက အီစီကလီနဲ့ မတူဘူးလား”
ယုယွီ တွေဝေနေမိသည်။
“အဲ့လိုကြီး အရင်မတွေးနဲ့ဦး။ စာရေးဆရာကို သူငယ်ချင်းလို့ပဲ သဘောထား။ သူ့အလုပ်ကိုကူညီ။ ဘဝကို ဂရုစိုက်ပေး။ အဲ့လိုနဲ့ တဖြည်းဖြည်း ပိုရင်းနှီးပြီး အကျိုးအမြတ် ရအောင်လုပ်ပေါ့”
မင်ယွဲ့ ပြုံး၍ ပြောလိုက်၏။
သူ ထိုနည်းလမ်းကို စာရေးဆရာ ချင်းဖုန်တုန်းက သုံးခဲ့ခြင်း ဖြစ်သည်။
ယခုတော့ ထိုလူမှာ လုပ်ဖော်ကိုင်ဖက်တင်မက ချစ်သူအဖြစ်ပါ ရောက်ရှိနေလေပြီ။
အဟမ်း။
မင်ယွဲ့ အမှန်ပင် ရင်းနှီးခဲ့လေ၏။
ယုယွီ သဘောပေါက်သွားသလိုဖြင့်
“နားလည်သွားပြီ”
“ဒါနဲ့ အတင်းပြောစရာ ရှိသေးတယ်”
မင်ယွဲ့မှ စကားစပြန်သည်။
“ဘာအတင်းလဲ”
“ဧပြီ၊ မေလောက်ကျရင် အကြမ်းဖက် တိုက်ဖျက်ရေးကနေ အဲ့တာမျိုးနဲ့ဆိုင်တဲ့ ဝတ္ထုတွေကို ရွေးသွားမှာတဲ့။ ဆုတွေကလည်း အကြီးကြီးပဲ။ မင်းလက်အောက်ကလူတွေလည်း ဝင်ပြိုင်သင့်တယ်”
“အကြမ်းဖက် နှိမ်နင်းရေးလား”
ယုယွီ မျက်မှောင်လေးကြုတ်၍ ရေရွတ်မိ၏။
မင်ယွဲ့ ခေါင်းငြိမ့်ပြကာ ဆက်ပြောသည်။
“ဟန်တန်က အရင်တစ်ခါ ချန်ပီယံပြိုင်ပွဲကို ရှုံးသွားတော့ အခုဝတ္ထုအတွက် ကြိုပြင်ဆင်နေပြီ”
ဟန်တန်မှာ ဟုန်မိန်နှင့်အပြိုင် ထိပ်တန်းတွင် ရှိခဲ့သော စာရေးဆရာဖြစ်၏။ ယခုတော့ သူ့အခွင့်အရေးအတွက် တိတ်တခိုး ဆောင်ရွက်နေလေသည်။
ယုယွီမှ
“ဟန်တန်လည်းပါရင်တော့ ဖိအားများမှာပဲ”
“ဟုတ်ပါ့။ နေရောင်ခြည်လိုင်းကလည်း ပြဦးမှာဆိုတော့ ရုပ်ရှင်အနေနဲ့ အခွင့်အရေး ကြီးတယ်”
မင်ယွဲ့ ရယ်မော၍ ပြောလိုက်၏။
“ကောင်းပါပြီ။ ကျွန်မ တစ်ချက် စဉ်းစားထားလိုက်မယ်။ ကျေးဇူးပဲနော် မမ”
ယုယွီ နွေးထွေးစွာ ပြုံးပြ၏။
“ရတနာလေးနဲ့ ဆက်ဆံရေးကောင်းအောင် ဖန်တီးဖို့ မမေ့နဲ့ဦးနော်”
မင်ယွဲ့ ထပ်သတိပေးလိုက်သည်။
ယုယွီကတော့ တစ်ယောက်တည်း နှုတ်ခမ်းလေး စူကာ ရေရွတ်ရင်း ကျန်ခဲ့၏။
“ဒီလိုစာရေးဆရာရဖို့ အများကြီး ပင်ပန်းခဲ့ရတာကို။ အခု လာလုမှာတွေ ကြောက်ရဦးမယ်။ ဟူး”
အားလုံးမှာ ပြိုင်ဘက်များသာ ဖြစ်လေသည်။
ထားပါတော့။
ဒါတွေ အကုန်လိုက်တွေးနေလို့မှ မရတာ။ လင်းချွမ်နဲ့ အဆင်ပြေအောင်နေကြတာပေါ့။
သူ များစွာ စဉ်းစားပြီးနောက် လင်းချွမ်အား ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
တူတူ တူတူ။
…
အန်လင်းမြို့ အရှေ့ပိုင်းမှ ပျော်ရွှင်ခြင်းရပ်ကွက်။
နံနက်ခင်း လေပြေအေးအေးမှာ လင်းချွမ်၏ အငှါးတိုက်ခန်းထဲ ဝှေ့ယမ်း ဝင်ရောက်လာကြ၏။
လင်းချွမ် စောစောစီးစီး နိုးနေလေသည်။
သူ မနေ့က ရှန်ချန်းချန်းတို့ကို အမှုစစ်ဆေးရ၌ ကူညီပေးမည်ဟု ပြောထားခဲ့၏။
ထို့ကြောင့် ရေမိုးချိုးပြင်ဆင်ကာ တီရှက်အနက်နှင့် ဘောင်းဘီမီးခိုးရောင်တို့ကို ဝတ်ဆင်ကာ အရပ်ရှည်သွယ်၍ ချောမောသော ရုပ်ရည်သည် ပို၍ ခန့်ညားနေသည်။
သူ စခန်းရှေ့ ရောက်သည်နှင့် ဟူတာချန်းနှင့် ရှန်ချန်းချန်းတို့အား စောင့်နေလိုက်သည်။
တူတူ တူတူ။
သူ့ဖုန်းမှ အသံမြည်လာ၏။
နံပါတ်ကို ကြည့်လိုက်သောအခါ တစ်ခါမှ မတွေ့ဖူးသေးချေ။
“ဟယ်လို အမိန့်ရှိပါ”
တစ်ဖက်မှ နူးညံ့သာယာသော အသံလေးတစ်ခု ထွက်လာ၏။
“ဒါ လင်းချွမ်လားရှင့်။ ကျွန်မ ရှင့်အယ်ဒီတာ ယုယွီပါ”
“ယုယွီလား”
လင်းချွမ် သူ့လက်အောက်၌ နှစ်ပေါင်းများစွာ စာရေးခဲ့သော်လည်း စာအပြန်အလှန် ပို့ရုံသာ ရှိ၏။ တစ်ခါမှ တိုက်ရိုက် ဖုန်းမပြောဖူးချေ။
“ဟုတ် ကျွန်မပါ။ အလုပ်များနေလားဟင်”
ယုယွီအသံမှာ တိုးညင်းလွန်း၍ လေတိုက်သကဲ့သို့ ထင်ရသည်။
“အလုပ်တော့ မရှုပ်ပါဘူး။ အမှုတစ်ခု ရှင်းစရာလေး ရှိလို့။ ပြောစရာရှိလို့လား”
အမှုရှင်းတာလား။
တစ်ဖက်မှ နားထောင်နေသော ယုယွီမှာ ရင်တစ်ချက် ခုန်သွားပြီး နှုတ်ခမ်းလေး ကိုက်ထားမိ၏။
“ထွေထွေထူးထူး မဟုတ်ပါဘူး။ ရှင် စာရေးတာ အဆင်ပြေလား။ နေရထိုင်ရတာ အဆင်ပြေလား။ အဲ့တာတွေက စာရေးတာကို ထိခိုက်စေလားလို့ မေးမလို့ပါ”
လင်းချွမ် အံ့ဩစွာဖြင့်
“ယုယွီက အခု စာရေးဆရာတွေရဲ့ ဘဝအထိ လိုက်တည်းဖြတ်ပေးနေပြီလား”
ယုယွီပြုံးကာ ရှင်းပြ၏။
“မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင်က (၂) အုပ် ဆက်တိုက် ထွက်ထားတော့ အရမ်းဖိအားများနေလားလို့ပါ”
ဖိအားလား။
အလကားထိုင်နေတာပဲ။ ဖိအားမရှိပါဘူး။
လင်းချွမ် ဖိအားများသည်မှာ ရှန်ချန်းချန်းထံမှ အဖမ်းခံရမည်စိုး၍သာ ရှိ၏။
သူ့အလုပ်များမှာ ပြစ်မှုများနှင့် သက်ဆိုင်နေသည်။
ထို့နောက် ယုယွီအား ပြန်ဖြေလေ၏။
“အခုတစ်လောတော့ ဘာဖိအားမှ မရှိပါဘူး”
“တော်သေးတာပေါ့။ နေရော ကောင်းတယ်မလား”
ယုယွီ စိုးရိမ်စွာ မေးလိုက်၏။
လင်းချွမ် နားမလည်သလိုဖြင့်
“ကျွန်တော် အဆင်ပြေပါတယ်။ ယုယွီသာ ဒီနေ့မှ ထူးဆန်းနေတာ။ တခြားပြောစရာရှိနေလို့ မဟုတ်တာ သေချာရဲ့လား”
သူ့စကားကြောင့် ယုယွီနေရခက်စွာဖြင့်
“လင်းချွမ် ရှင် ထွက်သွားမှာစိုးနေလို့ပါ”