ပန်ဒါအမွှေးတိုင်
Vol. 4 Ch. 52
“သူဌေး ကျွန်တော်တို့က Red Hackers မဟုတ်ဘူးလေ”
လူငယ်လေးမှ သူ့ကို နားမလည်နိုင်စွာကြည့်၍ ပြောလိုက်သည်။
သူ့သူဌေး ဒီနေ့မှ ထူးဆန်းနေလေသည်။
ရာဇဝတ်မှု မဟုတ်တာတွေရော။ Red Hacker တွေရောနဲ့။
“Red Hacker မဟုတ်ဘူးလား”
လင်းချွမ်လည်း လန့်ဖျပ်၍ မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။
လူငယ်လေး ခေါင်းငြိမ့်လျက်
“ဟက်ကာတွေတော့ ဟုတ်တယ်လေ”
ဒါဆို ဘာလဲ။
သူ ခုနက ပြောတာတွေက ဘာတွေလဲ။
လင်းချွမ် မျက်မှောင်ကြုတ်ကာ တုံ့တုံ့ဆိုင်းဆိုင်း မေးလိုက်သည်။
“ခုနကပြောတဲ့ နိုင်ငံခြားအဖွဲ့အစည်းဆိုတာ ဘာတွေလဲ”
လူငယ်လေးမှ
“သူဌေးကလည်း မေ့နေပြီလား။ အရင်လက ကုမ္ပဏီတစ်ခုကနေ မီလီယံ (၂၀) ရခဲ့တယ်လေ။ အဲ့တာကြောင့် ကျွန်တော်တို့ကို လိုက်ဖမ်းဖို့ ဟိုဘက်က လူလွှတ်ထားတာ”
လင်းချွမ် ထိုစကားနားထောင်ရင်း ရှုံ့မဲ့မိသွား၏။
သွားပြီ။
ရာဇဝတ်မှုမှ ပြေးမလွတ်နိုင်သေးပေ။
ဒီစနစ်စုတ်ကတော့ ငါ့ကို အမှိုက်ဖြစ်အောင် လုပ်နေတာပဲ။
“သူဌေး ပြဿနာရှိလို့လား”
လူငယ်လေးမှ စိုးရိမ်စွာ မေးလိုက်၏။
“မီလီယံ (၂၀) က အဲ့လောက် လွယ်လွယ်ရတာလား ဟမ်”
လင်းချွမ် သက်ပြင်းချမိ၍။
သူ့ဘဝတွင် ထိုပမာဏရရှိရန် အိပ်မက်ပင် မမက်ဖူးပါ။ နှစ်တိုင်း စာမူခအနည်းငယ်ဖြင့် ရုန်းကန်ခဲ့ရ၏။
တစ်ကြိမ်တည်းဖြင့် ထိုမျှ ရှာဖွေနိုင်လျှင် ချက်ချင်း အလုပ်မှ နားနိုင်၏။
ထို့နောက် ဇိမ်ခံကားများ၊ မိန်းမလှများနှင့် အပူအပင်မရှိဘဲ နေနိုင်လေပြီ။
ဟူး!
ရုတ်တရက် ပြတင်းပေါက်မှ လေအေးများ တိုးဝင်လာပြီး လင်းချွမ် စိတ်လှုပ်ရှားသည့် အရှိန်နှင့်ရောကာ ကျောချမ်းသွားမိ၏။
လင်းချွမ် ကြက်သီးများထလျက် တစ်ယောက်တည်း ရေရွတ်မိလေသည်။
“အန္တရာယ်များလိုက်တာ”
သူသာ လက်တွေ့ဘဝ၌ ထိုသို့ တကယ်ပြုလုပ်ခဲ့လျှင် သေချာပေါက် အဖမ်းခံရပေမည်။
အလုပ်အကိုင်အားလုံးမှာ ကြိုးတန်းပေါ် လမ်းလျှောက်ရသကဲ့သို့ အနည်းငယ်လွဲသည်နှင့် ပြဿနာကြီး တက်နိုင်သည်။
မြစ်ကမ်းနား လမ်းလျှောက်များပါက တဖြည်းဖြည်း ဖိနပ်လည်း စိုလာနိုင်၏။
လင်းချွမ် တွေးနေရင်း လူငယ်လေး၏ ပုခုံးကို ပုတ်လျက်
“ငါတို့အကြောင်းတော့ သေချာ ရှာမတွေ့ကြသေးဘူးမလား”
လူငယ်လေး ခေါင်းငြိမ့်ပြကာ
“ဒါပေါ့”
လင်းချွမ် ထိုအခါမှ ပြုံးနိုင်ပြီး ဆုံးဖြတ်ချက်ချလိုက်၏။
“ကောင်းပြီ။ ဒီနေ့စပြီး ငါတို့ အလုပ်အကိုင် ပြောင်းကြမယ်”
လူငယ်လေး နားမလည်နိုင်သလိုကြည့်၍ မျက်မှောင်ကြုတ်ကာ
“အလုပ်ပြောင်းမှာလား”
“ဟုတ်တယ်”
လင်းချွမ် ကျေနပ်စွာ ခေါင်းငြိမ့်ပြ၏။
ဒီအလုပ်နဲ့ လုံးဝမဖြစ်ဘူး။
“ဒါဆို ကျွန်တော်တို့က ဘာလုပ်ကြမှာလဲဎ
လင်းချွမ်မှ
“Red Hackers လုပ်မှာ”
“Red Hackers လား။ အခုအလုပ်ထက် ပိုကောင်းလို့လား”
လူငယ်လေးမှာ လင်းချွမ် အလုပ်ပြောင်းချင်ရသည့် ရည်ရွယ်ချက်ကို မတွေးတတ်ပေ။
လင်းချွမ်ကတော့ ပြုံးလျက်
“မြင်ရတဲ့ ပြောင်းလဲမှုသေးသေးလေးကို မကြည့်နဲ့။ ဒီလို ကောင်းတဲ့ဘက်ကို ပြောင်းလိုက်တာက အရမ်းတန်ဖိုးရှိတယ်”
Red Hackers လုပ်ပြီးတော့လည်း ပိုက်ဆံရှာလို့ ရတာပဲ။
Hackers တွေလောက် မြန်မြန် မရပေမဲ့ အကျိုးအမြတ်က မဆိုးပါဘူး။ အနည်းဆုံး ကြောက်လန့်ပြီး မနေရတော့ဘူးပေါ့။
နောက်ပြီး ဝတ္ထုဆိုတာ ကိုယ့်အတွေ့အကြုံအပေါ် အခြေခံပြီး ရေးမှာလေ။
“ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော်က သိပ်နားမလည်တော့ သူဌေးပြောတဲ့အတိုင်း လုပ်ပါ့မယ်
လူငယ်လေး ခေါင်းကုတ်လျက် ထပ်မေးလေ၏။
“ဒါနဲ့ DDoS တိုက်ခိုက်မှုကိုရော။ ဘယ်လိုဆက်လုပ်မလဲ”
“ငါ့ကိုသာ အပ်ထားလိုက်”
လင်းချွမ် ခဏစဉ်းစား၍ စိတ်ထဲ၌ အစီအစဉ်များ ရေးဆွဲနေ၏။
တိုက်ပွဲမှာ လင်းချွမ်အမိန့်အောက်တွင်သာ ရှိပါသည်။
တစ်ဖက်မှ ဝင်ရောက်ထိန်းချုပ်၍ တိုက်ခိုက်ခြင်းမှာ သူတို့်လျှို့ဝှက်ချက်အား စုံစမ်းရန် ဖြစ်၏။
ထို့ကြောင့် ခုခံရန်တစ်ခုတည်းထက် ပြန်တိုက်ခိုက်ရန်တော့ လိုအပ်ပါသည်။
သူ့တွင် အကြံရှိနေ၏။
လင်းချွမ်စိတ်ထဲ၌ အတွေးများစွာ စိုးမိုးနေသည်။
ထို့နောက် အဆင့်မြင့် ဟက်ကာတစ်ဦးဖြစ်သော လင်းချွမ်သည် ကီးဘုတ်ပေါ် လက် (၁၀) ချောင်းတင်၍ လျင်မြန်စွာ ရိုက်နှိပ်နေ၏။ နာမည်ကြီး စန္ဒရားတီးပွဲနှင့်ပင် တူသေး၏။
ကွန်ပျူတာမျက်နှာပြင်တွင် ကုဒ်များစွာ ရှိနေပြီး ပရိုဂရမ်တစ်ခု ရေးဆွဲနေခြင်း ဖြစ်သည်။
နောက်ဆုံးမှ လင်းချွမ်လက်ညှိုးလေး ‘enter’ နှိပ်လိုက်သည်။
ပြီးသွားပြီ။
“သူဌေး ဒါကဘာလဲ”
လူငယ်လေးမှာ လင်းချွမ်၏ ပရိုဂရမ်အသစ် ရေးဆွဲထားခြင်းကို နားမလည်ချေ။
လင်းချွမ် ပြုံးလျက်
“ဒါကို ပန်ဒါအမွှေးတိုင်လို့ နာမည်ပေးထားတယ်”
“ဘယ်လို”
သူ ထိုပရိုဂရမ် မည်မျှ နက်နဲသိမ်မွေ့သည်ကို နားမလည်သေးချေ။
လင်းချွမ် စကားများများ ဆက်မပြောတော့ဘဲ သူတို့ကို တိုက်ခိုက်နေသည့် အကောင့်အား ပြန်ရှာလိုက်၏။
ထို့နောက် စနစ်ထဲ ထိုးဖောက်ဝင်ရောက်ကာ ပန်ဒါအမွှေးတိုင်ဟု ရေးသားထားလိုက်သည်။
တစ်ဖက်မှ ကွန်ယက်တွင်။
ကွန်ပျူတာတစ်လုံး၏ မျက်နှာပြင်မှ ပန်ဒါအရုပ်လေးတစ်ရုပ် အမွှေးတိုင် (၃) ချောင်း ကိုင်ထားသည်အား တွေ့ရလေသည်။ ပုံစံမှာ အလွန် ချစ်စရာကောင်း၏။
သို့သော် ထိုလူမှ ဘာမှမတုံ့ပြန်နိုင်မီပင် ဖိုင်များအားလုံးကို ပျံ့နှံ့ကာ ပျက်စီးသွားတော့သည်။
အပြာရောင်မျက်နှာပြင်ကြီးသာ မြင်ရပြီး ဘာမှ သုံးမရတော့ပေ။
ထိုမျှသာမက ထိုအရုပ်သည် အခြားကွန်ပျူတာများကို ဆက်လက် ပျံ့နှံ့နေဆဲ ဖြစ်၏။
လင်းချွမ် ထိုအခွင့်အရေးကို အရယူကာ လိုအပ်သော အချက်အလက်များကို သိမ်းထားလိုက်သည်။
လူငယ်လေးမှာ မျက်လုံးလေးပြူးလျက် လင်းချွမ်၏ မြန်ဆန်လှသော ပရိုဂရမ် ရေးဆွဲမှုကို အံ့အားသင့်စွာ ကြည့်နေသည်။
“သူတို့အကောင့်ကို မြန်မြန်ရှာပြီး လုပ်ငန်းစတော့”
လင်းချွမ် မျက်ဝန်းများမှာ တည်ကြည်လေးနက်နေပြီး ခပ်တည်တည် အမိန့်ပေးလိုက်၏။
DDoS တိုက်ခိုက်မှုမှာ ကွန်ပျူတာများစွာအား ထိန်းချုပ်နိုင်သောကြောင့် အကုန်အကျ သက်သာပြီး ထိရောက်သည်။
သို့သော် လင်းချွမ်၏နည်းလမ်းမှာ ပိုမိုမြန်ဆန်ပြီး အချိန်တိုအတွင်း အားလုံး ပြီးမြောက်သွားလေသည်။
လင်းချွမ် လုံးဝအောင်မြင်သွား၏။
“ဒါ အဆင့်မြင့်ဟက်ကာရဲ့ အရည်အသွေးလား”
လင်းချွမ် ပြုံးရွှင်လျက် ရှိနေစဉ်ပင် မကြာမီ လက်တွေ့ဘဝသို့ ပြန်ရတော့၏။
လက်တွေ့ဘဝတွင်။
မိုးရေပေါက်များ ပြတင်းတံခါး၌ ဆက်တိုက် ကျရောက်နေဆဲပင်။
လတ်ဆတ်သော လေညင်းများလည်း တိုးဝင်နေ၏။
မနက် (၂) နာရီပင် ထိုးနေလေပြီ။
ပုံရိပ်ယောင်လောက ပြီးဆုံးသွားကာ စနစ်မှ အသံထွက်လာသည်။
[ဂုဏ်ယူပါသည်။ ဟက်ကာဘဝ ပြီးဆုံးပါပြီ]
[အဆင့်မြင့် ဟက်ကာ အရည်အချင်း လက်တွေ့ဘဝအထိ ရရှိပါသည်။]
လင်းချွမ် ပြုံးရွှင်နေ၏။
သူ့အတွေ့အကြုံများအား ရုပ်ရှင်တစ်ကားကဲ့သို့ ပြန်မြင်ယောင်လာပြီး ဝမ်းသာနေတော့သည်။