← Chapters

ဝက်ဘ်ဆိုဒ် သိမ်းပိုက်ခြင်း

Vol. 4 Ch. 56

ဝက်ဘ်ဆိုဒ် သိမ်းပိုက်ခြင်း

Vol. 4 Ch. 56

အစည်းအဝေးခန်းထဲ၌။ 

အဖွဲ့မှူးယွီရှန် ရှချင်းချင်းစကားကို နားထောင်ရင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေသည်။ 

“ကောင်းသားပဲ။ ရဲနဲ့ နည်းပညာ ပူးပေါင်းရမှာ။ ဒီလိုဆို တကယ်ပဲ အင်တာနက် လုံခြုံရေးကို ကူညီပေးနိုင်မှာပဲ။ ဘယ်ကုမ္ပဏီက အကောင်းဆုံးလဲ သိလား”

အားလုံး ထိုအတွက် ဆက်လက်ဆွေးနွေးရပြန်သည်။ 

ပြောရလျှင် ထိုလုပ်ငန်းစဉ်မှာ ဌာနအသီးသီးသို့ အဆင့်ဆင့် တင်ပြရဦးမည်ဖြစ်၍ အနည်းဆုံး (၁၀) ရက်မှ လဝက်အထိ ကြာမြင့်နိုင်သည်။ 

သို့သော် အရေးကြီးသောအခါတွင်တော့ ချွင်းချက် ရှိပါသေးသည်။ 

အားလုံး ဆွေးနွေးစုံစမ်းနေကြစဉ် ယွီရှန်တစ်ယောက် ဒါရိုက်တာချုပ်ကျန်းပြောင်အား ဆက်သွယ်ကာ အခြေအနေကို တင်ပြ၍ ထောက်ခံချက် ရရှိသွား၏။ 

မကြာမီ အန်လင်းမြို့မှ အင်တာနက်ကွန်ယက် ကုမ္ပဏီ (၂) ခုကို ရွေးချယ်လိုက်ကြသည်။ 

ကျင်းထန်နှင့် ကြေးနီနံရံတို့ ဖြစ်လေသည်။ 

…

နေမင်းကြီးမှာ သူ့ဝင်ရိုးမှ အနောက်ဘက်သို့ ရွေ့လျားသွားပြီး အပြာရောင်ကောင်းကင်အောက်တွင် တိမ်ဖြူဖြူများမှာ တဖြည်းဖြည်း အရောင်ပြောင်းလာ၏။ ညမိုးချုပ်တော့မည်ကို စောင့်ဆိုင်းနေသကဲ့သို့ပင်။ 

ပျော်ရွှင်ခြင်းရပ်ကွက်၊ အငှါးအိမ်။ 

လင်းချွမ်တစ်ယောက် စတူဒီယိုဖွင့်ရန် လိုအပ်သော ပစ္စည်းများ ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည်။ 

ည (၇) နာရီတိတိ ရှိလေပြီ။ 

“ဟေ့ ထမင်း စားပြီးပြီလား”

အယ်ဒီတာယုယွီမှ စာပို့လာ၏။ 

လင်းချွမ် ထိုစာကိုကြည့်ရင်း တစ်ယောက်တည်း အံ့ဩနေမိသည်။ 

ငါနဲ့ ယုယွီရဲ့ ဆက်ဆံရေးက အဲ့လောက်တောင် တိုးတက်နေပြီလား။ 

ဒီလို နာမည်ပြောင်ခေါ်တဲ့ ရည်းစားမျိုး တစ်ခါမှ မကြုံဖူးဘူး။ 

အာ မဟုတ်သေးဘူး။ ငါ့မှာ ရည်းစားမှ မရှိတာ။ 

“ဘာလို့လဲ ယုယွီ”

လင်းချွမ် ပြန်ဖြေလိုက်၏။ 

“ဘာမှတော့ မဟုတ်ပါဘူး။ တခြားအယ်ဒီတာဆီက ကြားလာလို့။ စာရေးဆရာတွေက အချိန်မှန် ထမင်းမစားကြဘူးတဲ့။ တချို့ဆို တစ်နေ့မှ (၂) နပ်ပဲ စားတယ်ပြောတယ်။ အဲ့တာက အစာအိမ်ရောဂါတွေ ဖြစ်တတ်တယ်နော်”

ယုယွီ၏စာမှာ စိုးရိမ်နေမှန်း ပေါ်လွင်၏။ 

လင်းချွမ် ရင်ထဲ၌ နွေးထွေးမှုကို ခံစားရပြီး ချက်ချင်း စာပြန်လိုက်သည်။ 

“ယုယွီက အရမ်းတွေးပေးတတ်တာပဲ။ ဒါပေမဲ့ ကျွန်တော် ကျန်းမာရေး ကောင်းပါတယ်”

“ရာသီဥတုရော အဆင်ပြေလား။ ဒီမိုတုမြို့မှာတော့ ချက်ချင်း နေပူလိုက်၊ ချက်ချင်း မိုးရွာလိုက်နဲ့။ တချို့ အယ်ဒီတာတွေတောင် ဖျားကုန်ကြပြီ”

ယုယွီ စိုးရိမ်မှု ပြသနေဆဲပင်။ 

လင်းချွမ် မျက်မှောင်ကြုတ်လျက် မေးစေ့လေး ပွတ်ကာ တွေးတောနေမိ၏။ 

တကယ်ပါပဲ။ 

အမေလို နွေးထွေးလိုက်တာ။ 

အဟမ်း!

သူမသိသေးသည်မှာ ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်၌ ထိုအချိန်တွင် ယုယွီတစ်ယောက် ဘေးမှ မင်ယွဲ့ကို လှမ်းကြည့်ကာ 

“ဒီလောက် ဂရုစိုက်ပုံပြရင် ရပြီလား။ အရမ်းကြီး သိသာနေလား”

ထိုစာများမှာ ရည်းစားကို ပို့နေပုံနှင့် ပိုတူ၏။ 

အာ ဟုတ်သားပဲ။ ငါ့မှာ ရည်းစားမှ မရှိတာ။ 

မင်ယွဲ့ လက်ပိုက်လျက် ခေါင်းယမ်းကာ သူ့အတွေ့အကြုံအရ အကြံပေးလေသည်။ 

“မများပါဘူး။ ငါလည်း ချင်းဖုန်ကို ဒီလိုပဲ ပို့တာပဲ”

ယုယွီ မျက်မှောင်ကြုတ်သွားကာ 

“ချင်းဖုန်က အခု မမယောက်ျား ဖြစ်နေပြီလေ”

မင်ယွဲ့ပြုံးလျက်

“အဲ့တာ အရေးမကြီးပါဘူး။ အရေးကြီးတာက ချင်းဖုန်ဆိုတာ ငါ့လက်အောက်ကနေ နာမည်ကြီးသွားတဲ့သူပဲ။ ဒီနည်းလမ်းက စာရေးဆရာတွေအပေါ် အများကြီး သက်ရောက်တယ်”

အမှန်ပင် မင်ယွဲ့ပြောသည့်အတိုင်း မှန်ပါသည်။ 

အွန်လိုင်းစာရေးဆရာ အများစုမှာ အထီးကျန်စွာ တစ်ယောက်တည်းနေလေ့ ရှိ၏။ 

သူတို့ပတ်ဝန်းကျင်မှာ စာရေးဆရာချင်းနှင့် အွန်လိုင်းစာဖတ်သူများမှလွဲ၍ ထပ်မရှိပေ။ 

စာရေးသူနှင့် စာဖတ်သူများမှာတော့ ခရီးအတူ သွားသည့် အဖော်များကဲ့သို့ အားပေးစကား တစ်ခွန်းနှင့်ပင် နေ့တစ်ဝက်လောက် ပျော်ရွှင်နေနိုင်၏။ 

အယ်ဒီတာမှာတော့ လမ်းပြမီးရောင်လေး ဖြစ်လေသည်။ 

အယ်ဒီတာမှ ဂရုစိုက်မှုပြလျှင် စာရေးဆရာများမှာ တွယ်တာတတ်ကြပြီး သူတို့လက်အောက်၌သာ မြဲသွားကြသည်။ 

စိတ်ခံစားမှုမှာ အရေးကြီးလေသည်။ 

ယုယွီတစ်ယောက်တည်း ရေရွတ်နေမိ၏။ 

“အောင်မြင်တဲ့ စာရေးဆရာလား။ လင်းချွမ်အတွက်တော့ ဝေးပါသေးတယ်”

“မဟုတ်သေးပါဘူး”

မင်ယွဲ့ ရယ်မော၍

“လင်းချွမ်က မင်းလက်အောက်က သစ္စာအရှိဆုံး စာရေးဆရာလေ။ အမြင့်ဆုံးအထိ ခေါ်သွားရမှာပေါ့”

ယုယွီ ခဏစဉ်းစား၍

“လင်းချွမ်က အဲ့လောက် ရနိုင်လို့လား”

“ပိုင်မာလီယန်အစွမ်းကို ကြားဖူးလား”

မင်ယွဲ့မှ မေးလိုက်၏။ 

ယုယွီ ခေါင်းယမ်းပြလေသည်။ 

သူနားလည်သော နယ်ပယ်မဟုတ်ပေ။ 

မင်ယွဲ့ပြုံး၍ ရှင်းပြ၏။ 

“ပြောရရင် မျှော်လင့်ခြင်းအစွမ်းပဲ။ အယ်ဒီတာနဲ့ စာရေးဆရာကြားမှာ မင်း လင်းချွမ်အပေါ် ကောင်းကောင်း မျှော်လင့်သလောက် တကယ် ဖြစ်လာလိမ့်မယ်”

“နားလည်လာသလိုပဲ”

ယုယွီ ရုတ်တရက် နားလည်သွားပြီး ခေါင်းငြိမ့်ပြကာ သက်ပြင်းချလိုက်၏။ 

“ပထမဆုံး လင်းချွမ်အပေါ် ပန်းတိုင်လေးတစ်ခု ထားလိုက်တာပေါ့။ ပလက်တီနမ်အဆင့် ရောက်ရမယ်”

မင်ယွဲ့ပြုံးလျက် ယုယွီနဖူးလေးအား အသာပုတ်လိုက်သည်။ 

“လင်းချွမ် ဘာပြန်ပို့သေးလဲ ကြည့်လိုက်ပါဦး”

ယုယွီလည်း ဝင်ကြည့်လိုက်၏။ 

“ကျွန်တော် အဆင်ပြေပါတယ် ယုယွီ”

ယုယွီ ခဏစဉ်းစားပြီးမှ ကီးဘုတ်ပေါ်၌ လက်ကလေး တဂျောက်ဂျောက် ပြေးလွှားနေသည်။ 

“ဒီအတောအတွင်း စာအုပ်ကောင်း (၂) အုပ်တောင် ထုတ်ထားတာပဲ။ ပန်းတိုင်တစ်ခုခု ရှိနေလား”

ကွန်ယက်တစ်ဖက်တွင်။ 

နူးညံ့သောညနေခင်းလေပြေမှာ အငှါးတိုက်ခန်းထဲသို့ တိုးဝင်လာပြီး မြေသင်းနံ့များ သင်းပျံ့နေသည်။ 

လင်းချွမ် ကွန်ပျူတာရှေ့၌ ထိုင်နေပြီး ယုယွီစာကိုဖတ်၍ နှာခေါင်းလေးပွတ်ကာ 

“ဒီမေးခွန်းကို တစ်ခါမှ မတွေးခဲ့မိဘူးပဲ”

ယုယွီက ချက်ချင်းပင်

“စာရေးတာကို စီးပွါးရေးအနေနဲ့ လုပ်မယ်ဆိုရင် ရှင်းလင်းတဲ့ပန်းတိုင် ရှိရမယ်။ အဲ့တာမှ အားလည်းရှိမှာ”

“Subscription (၁) သောင်း”

လင်းချွမ် သူ့ဆန္ဒကို ပြောပြလိုက်၏။ 

တစဖက်တွင်။ 

မင်ယွဲ့ပြုံးလျက်

“ဒီလိုပန်းတိုင်က အရမ်းသေးလွန်းတယ်။ ပိုကောင်းတဲ့ ရည်ရွယ်ချက်ရှိဖို့ မင်း သင်ပေးရမှာ”

ယုယွီ ခေါင်းငြိမ့်ပြလိုက်သည်။ 

“လင်းချွမ် ရှင့်လုပ်နိုင်တဲ့စွမ်းရည်က ဒီထက်မြင့်မှန်း သိပါတယ်။ ပိုကောင်းတဲ့ပန်းတိုင် ရှိရမှာပေါ့”

လင်းချွမ် မှင်တက်၍ ခဏစဉ်းစားနေ၏။ 

ယုယွီပြောတာလည်း မှန်နေသည်။ 

သူ့တကယ့်ပန်းတိုင်မှာ စာရေးသားခြင်း၌ အောင်မြင်ရန် ဖြစ်လေသည်။ 

သူ အချိန်တစ်ခု ငြိမ်နေပြီးနောက် 

“ယုယွီ ကျွန်တော် ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ကို သိမ်းချင်တယ်”

လင်းချွမ် တွေးနေရင်းပင် စိတ်လှုပ်ရှားလာ၏။ 

အယ်ဒီတာမလေး (၂) ယောက်မှာတော့ လင်းချွမ်၏ စာကိုဖတ်ကာ မှင်တက်နေကြသည်။ 

ယုယွီ ဘေးကို လှမ်းကြည့်၍

“မင်ယွဲ့ ကျွန်မ နည်းလမ်းပေးတာ မှားသွားလား”

“မဟုတ်လောက်ပါဘူး”

မင်ယွဲ့ နေရခက်စွာ ပြောလိုက်သည်။ 

သူ့တုန်းက ချင်းဖုန်ကို ထိုသို့ ပြောသောအခါတွင်တော့ ပလက်တီနမ်အဆင့် လိုချင်ခဲ့သည်သာ ရှိ၏။ 

သို့သော် လင်းချွမ်မှာ စတည်းက အမြင့်မှန်းထားသည်။ 

ဝက်ဘ်ဆိုဒ်တစ်ခုလုံး သိမ်းပိုက်ရန်မှာ ဤမျှ လွယ်မည်လား။ 

အဓိပ္ပာယ်မှ မရှိတာ။ 

“မမမင်ယွဲ့ ဘယ်လိုပြန်ပြောလိုက်ရမလဲ”

“သူ့ကို ယုံပါတယ်လို့သာ ပြောလိုက်တော့”

“ဘယ်လို”

ယုယွီ မျက်မှောင်လေး ကြုတ်သွား၏။ 

“ရန်သူနည်းလမ်းသုံးတယ်လို့ ခေါ်တာပေါ့။ ပြောရဲရင် ယုံရဲရမယ်”

“ကောင်းပါပြီ”

ယုယွီ အားပေးစကား ပြန်ပြောလိုက်သောအခါ လင်းချွမ် ပြုံးရွှင်လျက်

“ကျွန်တော့်ကို အဲ့လောက် အားပေးမယ်လို့ မထင်ထားဘူးဗျာ။ ယုယွီ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ။ နောက်ရက်ပိုင်းအတွင်း ကျွန်တော် စာအုပ်အသစ် ထပ်ထုတ်မယ်”

ယုယွီလည်း ကျေနပ်စွာဖြင့်

“ရတယ်လေ။ စာအုပ်က ဘာအကြောင်းလဲ”

သူ မသင်္ကာစွာဖြင့်

“ဒီတစ်ခါ​တော့ သာမာန်အလုပ်မလားဟင်”

All Chapters