အလုပ်ဖြစ်ပါ့မလား
Vol. 4 Ch. 57
လင်းချွမ် ပြုံးလျက် ခဏစဉ်းစားနေ၏။
ဟက်ကာဆိုတာ ပုံမှန်အလုပ်ပဲမလား။
လင်းချွမ်မှ
“ပုံမှန်ပါပဲဗျ”
ယုယွီလည်း ထိုစကားကြားမှသာ သက်ပြင်းချနိုင်ပြီး ထပ်မေး၏။
“ဘာအလုပ်လဲ”
လင်းချွမ် စကားလုံးနှစ်လုံး ပြန်ပို့ပေးလိုက်သည်။
“ဟက်ကာ”
ယုယွီ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး
“လင်းချွမ် ရှင် ဟက်ကာလည်း ဖြစ်ဖူးမယ်လို့တော့ မထင်ထားခဲ့ဘူး။ အဲ့လိုကြီး နည်းပညာပြစ်မှုတွေ အထိတော့ မကျူးလွန်ပါနဲ့”
“ယုယွီ ကျွန်တော် ဘယ်တုန်းက ဟက်ကာ ဖြစ်လို့လဲ”
လင်းချွမ်ပင် ပြန်အံ့ဩသွား၏။
“မဟုတ်ရင် တော်သေးတာပေါ့။ ဒါပေမဲ့ ဒီအမျိုးအစားက အွန်လိုင်းစာပေလောကမှာ နာမည်မကြီးဘူးနော်။ အဲ့တာ တင်ချင်တာ သေချာလား”
ယုယွီ စိုးရိမ်စွာ ပြောလိုက်၏။
ဟက်ကာလောကမှာ နိုင်ငံထဲ၌ပင် သိပ်လူသိမများပေ။ ထို့ကြောင့် စာရေးဆရာများ မထိရဲသော နယ်ပယ်ဖြစ်၏။
ထိုအကြောင်း ရေးသားနိုင်သူမှာလည်း နည်းပညာအကြောင်း ကောင်းစွာသိနေသူများ ဖြစ်သည်။ တော်ရုံကတော့ လက်ရှောင်လေ့ ရှိကြ၏။
မည်သူမျှ မရေးနိုင်ပေ။
“သေချာတာပေါ့”
လင်းချွမ် စာပြန်လိုက်၏။
အမျိုးအစားမှာ မည်မျှ နာမည်မကြီးပါသေ စနစ်မှ အလိုအလျောက် ဖန်တီးပေးသောကြောင့် မတတ်နိုင်ဘဲ ကျည်ဆံကိုသာကိုက်၍ ရှေ့ဆက်ရတော့မည်။
[စာအုပ် : ဟက်ကာလောက]
[လက်ရှိအခြေအနေ : မထုတ်ဝေရသေး]
[အောင်မြင်မှုစံနှုန်း : ၀/၆၀၀၀]
ပျမ်းမျှ subscription ၆၀၀၀ ရရှိရန်မှာ ဟက်ကာ စာအုပ်တစ်အုပ်အတွက် အလွန်ခက်ခဲနိုင်သည်။ နာမည်ကြီး အမျိုးအစားမှ subscription (၁) သောင်း လိုအပ်သကဲ့သို့ ဖြစ်၏။
ယုယွီ ခဏစဉ်းစားပြီးနောက် စာပြန်ပို့လိုက်သည်။
“လင်းချွမ် စာအုပ်က ဘယ်အချိန်ထုတ်မှာလဲ”
“နောက်လထဲပေါ့။ ရက်ကောင်းလေး ရွေးထားလိုက်ဦးမယ်”
လင်းချွမ်မှ ပြန်ဖြေ၏။
“ကောင်းပါပြီ။ ဒါပေမဲ့ တစ်ခုတော့ သတိပေးလိုက်မယ်နော်။ ဟက်ကာ အမျိုးအစားက တကယ်ရှားတာ။ ရှင် စိတ်ကို ပြင်ဆင်ထားသင့်တယ်”
ယုယွီ စိုးရိမ်စွာ ပြောလိုက်၏။
သူ အမှန်ပင် စိတ်ပူနေမိပါသည်။
လင်းချွမ်၏ တာဝန်ကျအယ်ဒီတာအနေဖြင့် စာအုပ် (၂) အုပ်ဖြင့် အလွန်ကြီးမားသော အောင်မြင်မှုကြီး ရရှိထားပြီးလေပြီ။
ယခုစာအုပ်အသစ်မှ ပြန်ကျရှုံးလျှင် ပို၍ စိတ်ဓာတ်ကျစရာ ဖြစ်နိုင်၏။
အချိန်ကြာမြင့်သည်အထိ မအောင်မြင်သော စာရေးဆရာများ၏ ပြဿနာများမှာ ထိုသို့ပင် ဖြစ်လေသည်။
ဆက်တိုက် အောင်မြင်မှုများ ရရှိပြီးမှ စာအုပ်အသစ် ထပ်ထုတ်ရင်း ကျရှုံးသွားလျှင် စိတ်ခံစားချက်များ အောက်ဆုံးအထိ ကျသွားတတ်သည်။
မိမိကိုယ်ကိုယ် ယုံကြည်ချက်များလည်း ပျောက်ဆုံးကာ အတွေးကောင်းများ ပြန်မရနိုင်တော့ပေ။
ယုယွီ ထိုအရာကို စိုးရိမ်ခြင်း ဖြစ်သည်။
“မစိုးရိမ်ပါနဲ့။ ကျွန်တော် စိတ်ဓာတ် ကြံ့ခိုင်ပါတယ်။ အဲ့လိုကိစ္စလောက်နဲ့ စိတ်ဓာတ်မကျပါဘူး”
လင်းချွမ် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
သူ ထိုဝတ္ထုကို ယုံကြည်နေပါသည်။ မည်သို့ပင်ဖြစ်စေ သူ့အတွေ့အကြုံအပေါ် အခြေခံထားခြင်း ဖြစ်၏။
သည်းထိတ်ရင်ဖိုစရာ ဟက်ကာဘဝသည် အောင်မြင်နိုင်ခြေ ရှိသော်လည်း သေချာမှုတော့ မရှိပေ။
…
ထိုအချိန်တွင်။
ရွက်လွှင့်ခြင်းဝက်ဘ်ဆိုဒ်ထဲ၌။
မင်ယွဲ့ ကော်ဖီနှစ်ခွက် ကိုင်လာပြီး ယုယွီအား တစ်ခွက် လှမ်းပေးလိုက်သည်။
“ဒီတစ်ခါ ဘာအကြောင်းတဲ့လဲ”
“ဟက်ကာတဲ့”
ယုယွီ ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက် ကော်ဖီတစ်ငုံ သောက်ကာ သက်ပြင်းချလိုက်သည်။
မင်ယွဲ့မှာ ကော်ဖီခွက်ကိုင်လျက် တောင့်နေ၏။
ထို့နောက် မျက်မှောင်ကြုတ်လျက်
“ဒီတစ်လော နိုင်ငံခြားဟက်ကာတွေဆီကနေ တိုက်ခိုက်ခံနေရတာတော့ ရှိတယ်။ ပြည်တွင်းမှာလည်း ဒီပညာနဲ့ ပြစ်မှုကျူးလွန်နေကြတာရောပဲ။ အဲ့တာ သူ့စာအုပ်ထဲ ပိုသတိထားပြီး ရေးပေးလို့ ပြောလိုက်ဦး။ စည်းမကျော်စေနဲ့”
ယုယွီလည်း နေရခက်စွာဖြင့်
“ကျွန်မ သူ့ကို ဆွဲဆောင်ကြည့်ရမလား”
မင်ယွဲ့ ခေါင်းယမ်းပြကာ
“ငါတော့ မထင်ဘူး”
ယုယွီ နားမလည်နိုင်သလိုကြည့်ကာ
“ဘာလို့လဲ”
“ဘာလို့ဆို သူ့ရည်ရွယ်ချက်က ဝက်ဘ်ဆိုဒ်ကို သိမ်းဖို့လေ။ မင်းရည်ရွယ်ချက်ကရော”
မင်ယွဲ့မှ နောက်လိုက်၏။
“ကျွန်မရည်ရွယ်ချက်ကတော့ အလုပ်ထုတ်မခံရရင် တော်ပါပြီ”
ယုယွီ ရုတ်တရက် တစ်ခုခု သတိရသွားပြီး
“မမ အွန်လိုင်းစာပေလောကရဲ့ ထိပ်သီးဟက်ကာက မမလက်အောက်ကမလား”
မင်ယွဲ့ ကော်ဖီတစ်ကျိုက်မော့ကာ မျက်မှောင်ကြုတ်လျက်
“ဖော်မြူလာကို ပြောတာလား”
“အင်း ဟုတ်တယ်”
ယုယွီ ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“သူ့စာအုပ်က ဆိုက်ဘာသူရဲကောင်းလေ။ ဒီတလော ဟက်ကာအကြောင်းတွေ ရေးတယ်မလား”
မင်ယွဲ့ ခေါင်းခါပြ၍
“သူ မရေးဖြစ်တာ နည်းနည်းကြာပြီ။ အင်တာနက်ကုမ္ပဏီတစ်ခုမှာ အင်ဂျင်နီယာ ဖြစ်နေပြီလေ။ ကုမ္ပဏီနာမည်က ကျင်းထန်ထင်တယ်”
“မမ သူ့ကို တစ်ခုလောက် မေးပေးလို့ရလား။ ဟက်ကာ အမျိုးအစားနဲ့ ပတ်သက်ပြီး သတိထားရမှာတွေရှိရင် လင်းချွမ်ကို ပြောထားမလို့”
ယုယွီ အားကိုးတကြီး ပြောလိုက်၏။
ဖော်မြူလာဆိုသူသာ ကူညီပြောဆိုပေးလျှင် လင်းချွမ်၏ စာအုပ်အသစ်အတွက် များစွာ အထောက်အကူ ဖြစ်ပေမည်။
ထိုလူမှာ အဆင့်မြင့်ပညာများ တတ်ထားသည့် တကယ့်ဟက်ကာအစစ် ဖြစ်လေသည်။
မင်ယွဲ့ပြုံး၍
“မင်းကြောင့်နော် ကောင်မလေး။ တမင် ကူညီပေးလိုက်တာ။ တခြားသူတွေ မရဘူး”
“ကျေးဇူးပါ မမရယ်”
ယုယွီ တောက်ပစွာပြုံး၍ ပြောလိုက်သည်။
လက်တစ်ဖက်မှ ကော်ဖီခွက် ကိုင်ထားပြီး တစ်ဖက်မှ ဖုန်းကိုင်၍ ဖော်မြူလာဆိုသူ၏ ဖုန်းနံပါတ်ကို ရှာနေ၏။
တီ တီ တီ။
“မင်ယွဲ့ ဘာကိစ္စရှိလို့လဲ”
ဖုန်းထဲ၌ ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
မင်ယွဲ့ပြုံး၍ စကားစပြော၏။
“ဖော်မြူလာရေ စာအုပ်အသစ် မထုတ်တော့ဘူးလား။ ဟက်ကာ အမျိုးအစားလေးဆိုရင် ဘယ်လိုလဲ”
“အဲ့တာလား”
ဖော်မြူလာ ရယ်မောလျက်
“မင်ယွဲ့ကလည်း သိရဲ့သားနဲ့။ အဲ့အမျိုးအစားက အရမ်းအေးနေပြီ။ ဘယ်သူမှ မဖတ်ချင်ကြတော့ဘူး”
“ဟုတ်တယ်နော်”
မင်ယွဲ့ ယုယွီအား လှမ်းကြည့်လိုက်၏။
“ဒါပေမဲ့လေ ကျွန်မညီမအရင်းလို ညီမလေးရဲ့ ကောင်လေးက ဟက်ကာအကြောင်း ရေးထားပြီး ထုတ်ချင်နေလို့။ အကြံပေးစရာများ ရှိလားမသိဘူး”
“သူက စာရေးဆရာအသစ်လား”
“ဟင့်အင်း အရှေ့မှာ နာမည်ကြီးဝတ္ထု (၂) ပုဒ် ထွက်ထားတယ်”
“သူ အဲ့မှာ အတူတူရှိနေလား”
ဖော်မြူလာ ထပ်မေးပြန်၏။
“မရှိဘူး”
“ကဲ အဲ့တာဆိုရင် အတွေ့အကြုံရှိတဲ့ စာရေးဆရာ တစ်ယောက်အနေနဲ့ ဒီအကြောင်းကိုလည်း ခက်ခက်ခဲခဲ ရေးရဦးမှာဆိုတော့ နောက်တစ်မျိုးကိုပဲ အမြန်ဆုံး ပြောင်းလိုက်ဖို့ အကြံပေးချင်ပါတယ်”
ဖော်မြူလာမှ တိုက်ရိုက်သာ ပြောလိုက်သည်။
‘အစ်ကိုဖန် အစည်းအဝေးစတော့မယ်’
ဖုန်းတစ်ဖက်မှ အသံထွက်လာသည်။
“မင်ယွဲ့ရေ ကျွန်တော်အစည်းအဝေးလေး ရှိနေလို့။ စာအုပ်အသစ်ကိစ္စက အရေးမကြီးရင် နောက်မှ ဆက်ပြောတာပေါ့”
“တီ တီ တီ”
ထို့နောက် ဖုန်းကျသွားတော့သည်။
မင်ယွဲ့ ဖုန်းကိုဘေးတွင် ချလိုက်ကာ သက်ပြင်းချ၍
“ယုယွီ ကြားတယ်မလား။ လင်းချွမ်အပေါ်ပဲ မူတည်နေပြီ”
ယုယွီလည်း စိတ်ဓာတ်ကျသည့် အမူအရာမျိုး ဖြစ်နေ၏။
လင်းချွမ်ရေ တကယ် အလုပ်ဖြစ်ပါ့မလား။