လက်ခံသင့်လား
Vol. 4 Ch. 55
ကျန်းရှင်းရှင်း ရုတ်တရက် နေရခက်နေပြီးမှ မျက်နှာတွင် အပြုံးလေး ပေါ်လာ၏။
“ရှင် ပိုက်ဆံမရှာချင်ဘူးလား”
“မိန်းကလေးကျန်း သိပါတယ်ဗျာ။ ကျွန်တော် ဘယ်လောက် ပိုက်ဆံရှာချင်လဲလို့”
လင်းချွမ် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ အခြေအနေကို မျှတအောင် နေလို့ ရပါတယ်”
ကျန်းရှင်းရှင်း စိတ်မဆိုးဘဲ ရယ်မော၍
“ကျွန်မကတော့ ပိုက်ဆံရှာချင်တယ်”
“ပိုက်ဆံရှာချင်တဲ့သူက နေ့တိုင်း ဇာတ်လမ်းတွေ ကြည့်နေတာလား”
လင်းချွမ် ပြန်ပက်၏။
“အဲ့တာ ဘာဖြစ်နေလို့လဲ။ ရှင်လည်းကြည့်တာပဲကို”
ကျန်းရှင်းရှင်း ကိုယ်လေးကိုမတ်၍ လင်းချွမ်အား ခေါင်းမော့ကြည့်လိုက်သည်။
သို့သော် သူ့အရပ်အမြင့်မှာ (၁၆၈) စင်တီရှိပြီး လင်းချွမ်ထက် ခေါင်းတစ်ဝက်ခန့်သာ နိမ့်ပါသည်။
လင်းချွမ် ရယ်မော၍
“ကျွန်တော်က ပညာယူဖို့ ကြည့်တာလေ”
“ကျွန်မလည်း… အင်း ဟို တခြား ဘာမှလုပ်စရာမှ မရှိတာ”
ကျန်းရှင်းရှင်း ပြောနေရင်း မျက်နှာလေး နီရဲကာ အသံလည်း တိုးဝင်သွားသည်။
စကားမှားပြောမိမည်ကိုပင် စိုးရ၏။
လင်းချွမ်က
“ပညာဆိုတာ သင်ချင်တိုင်း သင်လို့ရတာ မဟုတ်ဘူး”
ကျန်းရှင်းရှင်း အလျှော့မပေးသေးဘဲ လင်းချွမ်ကို ကြည့်၍
“လင်းချွမ် ကျွန်မကို သင်ပေးဖို့ ဘာလိုလဲ”
လင်းချွမ် ခဏစဉ်းစား၍ ဖုန်းကိုထုတ်လိုက်ပြီး အင်တာနက်၌ သွားရှာလေသည်။
‘ဟက်ကာပညာသင်ပေးခြင်းက တရားဝင်လား’
လင်းချွမ် ခဏခဏ အဖမ်းခံနေရသောကြောင့် အလွန် ကြောက်နေလေပြီ။
ကံကောင်းစွာဖြင့် အဖြေမှာ အဆင်ပြေ၏။
တရားဝင်ပါသည်။
လင်းချွမ် ကျန်းရှင်းရှင်းကို လှမ်းကြည့်၍
“မိန်းကလေးကျန်းက ဒီပညာနဲ့ ဘာလုပ်မလို့လဲ”
“ထရိုဂျန်ကို သတ်မယ်။ ဗိုင်းရပ်စ်တွေ ကာကွယ်မယ်လေ”
ကျန်းရှင်းရှင်း ပြုံး၍ ပြောလိုက်သော်လည်း အမှန်တော့ ဗီဒီယိုများ အဆင်ပြေပြေ ကြည့်ရန် ဖြစ်၏။
ဝက်ဘ်ဆိုဒ်များမှာ အမြဲပြဿနာများ ရှိနေပြီး ဗိုင်းရပ်စ် ဝင်တတ်၏။ အခန့်မသင့်လျှင် ယခုလို အလုပ်ရှုပ်နိုင်ပါသည်။
“ကောင်းပါပြီ”
လင်းချွမ် မေးစေ့လေးပွတ်လျက် အကြံတစ်ခု ရသွား၏။
မိန်းကလေးကျန်းအား ပညာသင်ပေးရင်း ကျူရှင်လခကဲ့သို့ ရသည်မှာလည်း မဆိုးလှပေ။
သူ့ပညာလည်း ထိန်းသိမ်းပြီးသား ဖြစ်သွား၏။
မိန်းကလေးမှာ ပြုံးရွှင်စွာဖြင့်
“ဆရာလင်းချွမ် ဒီလိုပညာတွေ ရှိနေတာကို ဘာလို့ စာရေးဆရာ ဆက်လုပ်နေသေးတာလဲ”
လင်းချွမ် မျက်နှာပျက်သွားပြီး
“စာရေးဆရာအလုပ်က အဲ့လောက်ဆိုးလို့လား”
ကျန်းရှင်းရှင်း သူ့ကိုကြည့်၍ ပြုံးကာ
“အဲ့လိုတော့ မဟုတ်ပါဘူး။ ဒီအတိုင်း သိချင်လို့။ ကုမ္ပဏီကြီးတစ်ခုမှာ ဆိုက်ဘာလုံခြုံရေးအဖွဲ့ထဲ ဝင်လုပ်ရင် ပိုက်ဆံအများကြီး ပိုရမှာကို”
လင်းချွမ် မျက်မှောင်ကြုတ်၍ စဉ်းစားမိ၏။
သူပြောတာလည်း မှန်ပါသည်။ အွန်လိုင်းစာရေးဆရာများမှာ ပိုက်ဆံ သိပ်ရလေ့ မရှိသော်လည်း လင်းချွမ်တစ်ယောက် ကုမ္ပဏီ၌ အလုပ်ဝင်ရန် စိတ်ကူးမရှိပေ။
ဂဏန်းများ ကြားရုံဖြင့် လင်းချွမ် ခေါင်းယမ်းလိုက်မိပြီး ကြောက်စရာအတွေးများအား မနည်းဖျောက်ဖျက်ရသည်။
အလုပ်လား။ အဲ့လိုတော့ လုံးဝ မလုပ်နိုင်ဘူး။
ကုမ္ပဏီအလုပ်များမှာ ဘယ်တော့မှ မပြီးနိုင်သော ကိစ္စ ဖြစ်၏။
သူ စာရေးရန် ရွေးချယ်ခဲ့ခြင်းမှာ ထိုအချက်ကြောင့်လည်း ပါဝင်လေသည်။
နောက်ပိုင်းလည်း စာအုပ်များသာ ဆက်လက်ထုတ်ဝေသွားရန် အတွေးရှိ၏။
မည်သို့ပင်ဖြစ်စေ စနစ်မှ အရည်အချင်းအသစ်များကြောင့်တော့ အတွေ့အကြုံသစ်များ ရရှိနိုင်ပါသည်။
သို့သော် သူ နောက်ဆုံး တတ်ကျွမ်းထားသော ဟက်ကာ နည်းပညာအား အသုံးချရန်မှာမူ စတူဒီယိုတစ်ခုရှိရန် လိုအပ်၏။
စတူဒီယိုပုံစံဖြင့် အခြားအင်တာနက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ နည်းပညာပြဿနာများကို ဖြေရှင်းပေးရင်း ပိုက်ဆံရနိုင်ပါသည်။
မည်သို့ ကြော်ငြာရမည်နည်း။
ဟက်ကာဝတ္ထုမှာ ကြော်ငြာရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပါသည်။
သို့သော် သူကိုယ်တိုင်တော့ စတူဒီယို မစနိုင်သေးပေ။
ရုတ်တရက် လင်းချွမ် ကျန်းရှင်းရှင်းအား ကြည့်မိပြီး မျက်လုံးအရောင်များ လက်သွား၏။
“ဆရာလင်းချွမ် ဘာလို့ အဲ့လိုကြည့်နေတာလဲ”
ကျန်းရှင်းရှင်း သူ့ကိုယ်သူ ကာ၍ အနောက်သို့ ဆုတ်သွားသည်။
လင်းချွမ် ပြုံးလျက်
“ကျန်း ပညာသင်ချင်တယ်မလား”
“ဘာလို့လဲ”
ကျန်းရှင်းရှင်း နားမလည်သလို မျက်မှောင်ကြုတ်လျက်
“လင်းချွမ် ဒီနေ့ ဘာဖြစ်နေတာလဲ”
“ဒီပညာသင်ချင်ရင်တော့ စတူဒီယိုကို လာပေါင်းမှ ဖြစ်မယ်”
လင်းချွမ်ပြုံး၍ ပြောလိုက်၏။
ထိုသို့ကြားသောအခါ ကျန်းရှင်းရှင်း စိတ်သက်သာရာရသလို သက်ပြင်းချလျက်
“ဘာများလဲလို့။ အများကြီး တောင်းဆိုရင်တော့ လက်ခံသင့်မသင့် စဉ်းစားရဦးမယ်”
“…”
လင်းချွမ် စွံ့အသွား၏။
“ကျွန်တော့်ကို ဘယ်လိုလူများ ထင်နေလဲ”
“ပိုက်ဆံအရမ်း ရှာချင်နေတာလေ”
ကျန်းရှင်းရှင်း မျက်တောင်လေးခတ်လျက် ပြုံးကာ ပြောလေသည်။
“နောက်ဆို ဆရာလင်းချွမ်လို့ မခေါ်ပါနဲ့ဗျာ။ ကြားရတာ ထူးဆန်းတယ်”
လင်းချွမ်မှ ပြောလိုက်၏။
“အဲ့အခေါ်ကို မကြိုက်ဘူးလား”
ကျန်းရှင်းရှင်း နှုတ်ခမ်းလေးစူကာ ပြောလေသည်။
“ကျွန်တော် စာလေးဆက်ရေးရဦးမယ်”
လင်းချွမ်မှ စကားလမ်းကြောင်း အမြန်လွှဲနေ၏။
သူ ခဏစကားပြောရုံမျှဖြင့် မနေတတ်တော့ပေ။
“ဆရာ ကျွန်မကို ဘယ်တော့ စသင်ပေးမှာလဲ”
ကျန်းရှင်းရှင်း ထပ်မေးပြန်သည်။
“အလျင်လိုစရာတော့ မရှိပါဘူး”
လင်းချွမ် မျက်လုံးထဲ တန်းမြင်လာသည်မှာ အန်လင်း ရဲစခန်း ဖြစ်၏။
အန်လင်းရဲစခန်း ဆိုက်ဘာလုံခြုံရေးအဖွဲ့။
အစည်းအဝေးခန်းထဲတွင် အဖွဲ့မှူး ယွီရှန်တစ်ယောက် ရှေ့ဆုံးတန်းတွင် ထိုင်နေပြီး သူ့အဖွဲ့သားများအား ကြည့်နေ၏။ ထို့နောက် စကားစပြောလေသည်။
“ဒီနှစ်လအတွင်းမှာ အရမ်း ပြဿနာတွေ များနေတယ်။ အွန်လိုင်း လိမ်လည်မှု နည်းနည်းပါးပါးတင် မကဘူး။ ကွန်ပျူတာ ဟက်တာတွေအထိပဲ”
ယွီရှန် ပြောနေရင်း ရေနွေးတစ်ကျိုက် မော့လိုက်၏။
ထို့နောက် တပည့်တစ်ဦးကို စာရွက်စာတမ်းအချို့ လိုက်ဝေခိုင်းလိုက်သည်။
ရှချင်းချင်းလည်း အခန်းထဲ ရှိနေသောကြောင့် ထိုစာရွက်ကို အာရုံစိုက်ကာ ကြည့်နေသည်။
‘…’
“အဟမ်း”
ယွီရှန် ချောင်းဟန့်၍
“ဒါကိုဖတ်ပြီးရင် ဒီတစ်လော ဘယ်လောက်တောင် ပြဿနာရှုပ်နေလဲ သိလာမှာပါ။ ဒီနေ့ အစည်းအဝေးကတော့ အားလုံးအတူတူ စဉ်းစား ဆွေးနွေးရအောင် ခေါ်လိုက်တဲ့ သဘောပဲ”
အားလုံး အချင်းချင်း လှမ်းကြည့်၍ မျက်မှောင်ကြုတ်သွားကြ၏။
ပြတင်းအပြင်ဘက်၌ နေရောင်မှာ တောက်ပစွာ လင်းလက်နေပြီး လေပြေညင်းများလည်း တိုက်ခတ်နေသည်။ သို့သော် အခန်းထဲမှလူများ၏ သက်ပြင်းချသံများကိုလည်း ကောင်းမွန်စွာ ကြားရလေ၏။
အားလုံး ဖိအားများနေကြလေသည်။
ရှချင်းချင်းလည်း အပါအဝင် ဖြစ်၏။
“ဘာလို့ ဘယ်သူမှ ဝင်မပြောကြတာလဲ”
ယွီရှန် ထပ်မေးလိုက်ရင်း ရှချင်းချင်းကို ကြည့်လိုက်သည်။
ရှချင်းချင်းမှာ ငယ်ရွယ်သော်လည်း ပညာရည် ပြည့်ဝပြီး ဟက်ကာအကြောင်းများ နားလည်သောကြောင့် များစွာ မျှော်လင့်ထားမိသည်။
“ချင်းချင်းရော တွေးမိတာ ရှိလား”
ရဲဝတ်စုံပြည့်နှင့် ဆံပင်ကို အနောက်၌ စုစည်းထားသော ရှချင်းချင်းမှာ အလွန်ကြည့်ကောင်းနေသည်။
သူ သက်ပြင်း တစ်ချက်ချ၍
“အဖွဲ့မှူး ဟက်ကာလောကမှာ အဆင့်မြင့်တဲ့သူတွေ အများကြီးပဲ။ ကျွန်မတို့အဆင့်နဲ့ လိုက်ထိန်းချုပ်ဖို့ မလွယ်ဘူး။ အဲ့တာကြောင့် လုံခြုံရေးအတွက်က နည်းပညာ ကုမ္ပဏီတစ်ခုခုနဲ့ ပူးပေါင်းသင့်တယ်လို့ ထင်ပါတယ်”