Chapter 91
Vol. 10 Ch. 91
ပညာရေး ညီလာခံ ကျင်းပရာနေရာသို့ သွားရာ၌ ဒုတိယလက်ထောက်သည် စုန့်ကျီလယ်၏ ကိုယ်ရေးအချက်အလက်များကို ကြိုတင်ရှာဖွေပြီးသားဖြစ်နေသည်။
“စုန့်ကျီလယ် အသက် ၂၆ နှစ်၊ ဟိုင်လာယာဟိုတယ်မိသားစုရဲ့ ဒုတိယမြောက်သား၊ ပေါ်ဝိန် အထက်တန်းကျောင်းမှာ ပညာသင်ခဲ့ပြီး M နိုင်ငံမှာ ဆက်ပြီး ပညာသင်ယူခဲ့တယ် သူက ယန်ရှီထက် နှစ်နှစ်ပိုကြီးတဲ့ အထက်တန်းကျောင်းသားပါ”
ကျုံယန်စီက မေးသည်။
“သူတို့နှစ်ယောက် ရင်းနှီးခဲ့လား”
“ရင်းနှီးခဲ့ကြတယ်၊ နှစ်ယောက်စလုံးက သူတို့ရဲ့အတန်းမှာ ထူးချွန်ကျောင်းသားတွေ ဖြစ်တာနဲ့ ကျောင်းရဲ့ ပထမနှစ် မိန့်ခွန်းပြောပွဲ ဒါမှမဟုတ် ဆင်တူပွဲမျိုးတွေမှာ တွေ့ခဲ့ကြပုံပါဘဲ”
လက်ထောက်သည် ပေါ်ဝိန်အထက်တန်းကျောင်း၏ တရားဝင်ဝက်ဘ်ဆိုဒ်မှ ဒေါင်းလုဒ်လုပ်ထားသော ဓာတ်ပုံတစ်ပုံကို ပြသည်။ ယန်ရှီ ပထမနှစ်တက်စဉ်က အတန်းတစ်တန်းစီမှ ထိပ်တန်းကျောင်းသားများနှင့် တွဲရိုက်ထားသော အဖွဲ့လိုက်ပုံဖြစ်သည်။ ဓာတ်ပုံထဲတွင် စုန့်ကျီလယ်သည်ယန်ရှီ၏ ဘေးတွင် ကပ်လျက်ရပ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။
ကျုံယန်စီ၏လေသံသည် အနည်းငယ် မချိုမသာ ဖြစ်လာသည်။
“အခု သူတို့ဆက်ဆံရေးက ဘယ်လိုလဲ”
လက်ထောက်သည် ခေတ္တမျှ တုံ့ဆိုင်းပြီးမှ အလျင်အမြန် ပြန်ဖြေသည်။
“ပညာရေးပွဲ ကျင်းအနေတဲ့နေရာက လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပြောစကားအရဆို ယန်ရှီနဲ့ စုန့်ကျီလယ်နဲ့ ခုထိ ဆက်ဆံနေကြတုန်းပဲ၊ အချင်းချင်းလည်း အဆင်ပြေနေပုံရတယ်”
ကျုံယန်စီ၏ မျက်နှာထားသည် ပို၍ မှောင်မိုက်သွားသည်။
သူသည် ခြေလှမ်းများကို သုတ်ခြေတင်ကာ ပညာရေးပွဲ ကျင်းပရာ နေရာသို့ လျင်မြန်စွာ လှမ်းသွားသည်။
ဘဏ္ဍာရေး ဆွေးနွေးပွဲသည် ပွဲအကြီးစားဖြစ်ရာ စီစဉ်သူများက ဟိုတယ်တစ်ခုလုံးကို ကြိုတင်စာရင်းသွင်းထားသည်။ ကျင်းပရာ နေရာသို့ မရောက်မီ ကျုံယန်စီသည် ခရီးအကွာအဝေး အနည်းငယ် လမ်းလျှောက်ရဦးမည်ဖြစ်သည်။
သို့သော်လည်း အထဲသို့ မဝင်မီတွင် ဟိုတယ်လျှောက်လမ်း၌ သူ့အား စောင့်နေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ကျုံယန်စီသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
မုန့်ယင်းရုန်၏ မျက်လုံးများက ကျုံယန်စီကိုမြင်လိုက်ရသဖြင့် ထိန်းမရအောင် ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
မုန့်ရွှမ်းယွီကိစ္စ ဖြစ်ပျက်ပြီးနောက်ပိုင်းတွင် ကျုံယန်စီသည် သူမနှင့် တွေ့ရန် ငြင်းဆန်ခဲ့သည်။ ကျုံကော်ပိုရေးရှင်းရှိ ဧည့်ကြိုကောင်တာက မုန့်ယင်းရုန်ကို ပေးမဝင်သကဲ့သို့ ကျုံအိမ်တော်ရှိ လုံခြုံရေးများကလည်း သူမကို မောင်းထုတ်ခဲ့သည်။
နောက်ပိုင်း၌ ကျုံယန်စီသည် X နိုင်ငံသို့ စီးပွားရေးကိစ္စဖြင့် ခရီးထွက်ကာ သူမကို တမင်ရှောင်ရှားခဲ့သည်။
အတော်အတန် ကြိုးစားပြီးနောက်တွင် မုန့်ယင်းရုန်သည် ကျုံယန်စီတစ်ယောက် ဤဘဏ္ဍာရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ကို သိရှိသွားပြီး သူ့ကို အထူးသဖြင့် တားဆီးရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
မုန့်ယင်းရုန်သည် နီရဲနေသော မျက်လုံးများဖြင့် ကျုံယန်စီ၏ ခြေကျင်းဝတ်ကို အာရုံစိုက်ကြည့်လိုက်သည်။ အနည်းဆုံးတော့ ကျုံယန်စီမှာ အခက်အခဲမရှိ လမ်းလျှောက်နေသည်ကို တွေ့ရသဖြင့် ဒဏ်ရာများ အနာကျက်သွားပြီဟု သူမ ယူဆလိုက်သည်။
“ယန်စီ”
ကျုံယန်စီသည် မုန့်ယင်းရုန်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက အသာအယာ ခေါင်းငြိမ့်လိုက်သည်။
“မား”
မုန့်ယင်းရုန်သည် ပါးစပ်ကိုဖွင့်လိုက်သော်လည်း သူမ ပြောချင်သော စကားများသည် လည်ချောင်းထဲတွင် တစ်ဆို့နေသကဲ့သို့ ဖြစ်နေသည်။ မည်သည့်နေရာမှ စပြောရမည်ကိုပင် မသိဖြစ်နေသည်။
အချိန်အတော်ကြာ ဆွံ့အနေပြီးနောက် သူမ စပြီးပြောနိုင်သည့် ပထမဆုံးစကားမှာ
“ရွှမ်းယွီက အခုထိ ထောင်ထဲမှာ ဒဏ်ရာတွေနဲ့ ပထမဆုံးရုံးချိန်းလည်း နီးလာပြီ၊ မင်း သူ့ကို ကူညီလို့ရမလား”
ကျုံယန်စီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် ရယ်မောလိုက်သည်။
ယခု၌ပင် ကျုံယန်စီကိုတွေ့သည့်အခါ သူ၏ မိခင် ပထမဆုံး တွေးမိသူမှာ မုန့်ရွှမ်းယွီ ဖြစ်နေသည်။
မုန့်ယင်းရုန်သည် စကားလုံးများ ထစ်ငေါ့နေခဲ့သည်။
“ယန်စီ အထင်မလွဲပါနဲ့ မား မင်းကို ဂရုစိုက်ပါတယ်၊ မင်း ဆေးရုံတက်ခဲ့ရတာကို သိပေမဲ့ မင်း ဒီလောက် မြန်မြန် လမ်းလျှောက်နေတာ တွေ့တော့ သက်သာသွားပြီလို့ ယူဆလိုက်တာ၊ Queenstown မှာ နှင်းမုန်တိုင်းနဲ့ ကြုံခဲ့ရတာလည်း မားကြားခဲ့ပေမဲ့ မင်းပြန်ရောက်လာပြီဆိုတော့ အဆင်ပြေပြီလို့ ထင်လိုက်တာ ဒါပေမဲ့ ရွှမ်းယွီကတော့…”
“မန်ရွှမ်းယွီက မားကို မပြောပြခဲ့ဘူးလား”
ကျုံယန်စီက စကားဖြတ်ပြောလိုက်သည်။
မုန့်ယင်းရုန်သည် ကျုံယန်စီ မည်သည်ကိုဆိုလိုသည်ကို မသိသဖြင့် အံ့အားသင့်နေခဲ့သည်။
ကျုံယန်စီသည် စကားလုံးတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
“မုန့်ရွှမ်းယွီက ယန်ရှီကိုသာ လက်မပါခဲ့ရင် ကျွန်တော် သူ့ကို ကူညီကောင်းကူညီပေးလိမ့်မယ်၊ ဒါပေမဲ့ သူ ပါခဲ့တယ် အခု သူရထားတဲ့ ဒဏ်ရာတွေက ကျွန်တော်ပေးလိုက်တာပဲ”
မုန့်ယင်းရုန်၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားသည်။
“ဆိုတော့ မား ကျွန်တော့်အကူအညီကို လိုချင်တယ်ပေါ့၊ ကျွန်တော့်ဘက်က လုပ်ပေးနိုင်တာဆိုလို့ သူ့အတွက် ပိုဆိုးသွားအောင် လုပ်ပေးနိုင်တာပဲ ရှိလိမ့်မယ်”
“ယန်စီ”
မုန်ယင်းရုန်က စိတ်မကောင်းစွာ ပြောလိုက်သည်။
“မား မင်းအပေါ် နှစ်ပေါင်းများစွာမှားခဲ့တာကို သိပါတယ်၊ မား မင်းကို ဂရုမစိုက်ခဲ့တာက မင်းပါးပါးက မင်းဘေးမှာ ရှိနေတော့ လုံလောက်ပြီလို့ ထင်ခဲ့လို့ပါ၊ မား သတိမထားမိခဲ့တာက…”
“မား မမှားပါဘူး”
ကျုံယန်စီ ပြန်ဖြေပြန်သည်။
“ကျွန်တော် လိုအပ်တာ ဘာမှမရှိဘူး”
မုန့်ယင်းရုန်က စိတ်သက်သာစွာ အနည်းငယ် သက်ပြင်းချလိုက်သော်လည်း ကျုံယန်စီက ဆက်ပြောသည်။
“မား ကျွန်တော့်ဘဝရဲ့ ပထမတစ်ဝက်မှာ မရှိခဲ့သလိုပဲ အဲအတိုင်းပဲ ဆက်နေသင့်တယ်၊ ကျွန်တော့်မှာ ပါးရှိတယ် ကျွန်တော့်မှာ ညီမလေးရှိတယ် ဒါနဲ့တင် လုံလောက်ပြီ”
မုန့်ယင်းရုန်သည် သူမ၏ နှလုံးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“ယန်စီ မင်းဆီကနေ အမှန်ကို ဖုံးကွယ်ထားခဲ့တာ မှားမှန်းသိပါတယ်၊ ဒါပေမဲ့ မားမှာ အကြောင်းပြချက်ရှိခဲ့ပါတယ် ရွှမ်းယွီက..”
“မား ကျွန်တော် ထပ်မပြောရပါစေနဲ့”
ကျုံယန်စီ၏ အကြည့်သည် ရေခဲကဲ့သို့ အေးစက်လာသည်။
“အကယ်၍ မား ကျွန်တော့်အကူအညီကို လိုချင်တယ်ဆိုရင်တောင် ကျွန်တော်က မုန့်ရွှမ်းယွီကို ပိုပြီး ဒုက္ခရောက်အောင်လုပ်မိမှာပဲ”
မုန့်ယင်းရုန်သည် တောင့်ခဲသွားကာ သူမ၏ သွေးများသည် အရိုးများထဲအထိ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
မုန့်ယင်းရုန်ကို ကျော်ကာ ကျုံယန်စီသည် ပညာရေးပွဲ ကျင်းပရာ နေရာသို့ ဝင်လာသည်။
ဝင်ပေါက်တွင် ခေတ္တရပ်ကာ အခန်းတစ်ခုလုံးကို စူးစမ်းကြည့်လိုက်သည်။
နေရာ၏ ဘေးဘက်တွင် သရေစာစားစရာနေရာတစ်ခုရှိသည်။ ကျန်လူများက စင်ပေါ်မှ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကို စိတ်ဝင်စားနေကြသော်လည်း ယန်ရှီကမူ ကိတ်မုန့်သေးသေးလေးတစ်ခုကို တိတ်တိတ်လေး စားနေခဲ့သည်။
ကျုံယန်စီသည် သူ၏ဖုန်းကို ထုတ်ကာ ယန်ရှီထံသို့ စာတစ်စောင် ပို့လိုက်သည်။
[ဘယ်မှာလဲ]
ယန်ရှီက လျင်မြန်စွာ ပြန်ဖြေသည်။
[အကြံပေးဆရာနဲ့အတူ ဆွေးနွေးပွဲတက်နေတယ်၊ ရှင်ပြည်တွင်းကို ပြန်ရောက်ပြီလား]
ကျုံယန်စီ [အင်း က်ိုယ် ပြန်ရောက်ပြီ]
ခဏတာ စဉ်းစားပြီးနောက် သူသည် နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။
[တစ်ယောက်ယောက်က ကိုယ့်ကို အကူအညီတောင်းခဲ့ပေမဲ့ ငြင်းလိုက်တယ်၊ ကိုယ် အရမ်း အေးစက်လွန်းနေတယ်လို့ မင်းထင်လား]
ယန်ရှီ [ဘာအကူအညီလဲ]
ကျုံယန်စီ [ကိုယ့်အတွက် အရမ်းအရေးကြီးတဲ့သူ တစ်ယောက်ပဲ]
ယန်ရှီက ခေတ္တရပ်တန့်သွားသည်။ ကျုံယန်စီက ‘စာရိုက်နေသည်’ ဟု ပြသော အချက်ပြမီးသည် တစ်ချက်ချက် မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသည်ကို ကြည့်နေသည်။ နောက်ဆုံးတွင် သူမ၏ ပြန်စာ ပေါ်လာသည်။
[ရှင့်အတွက် အဲလောက်အရေးကြီးတဲ့သူကိုတောင် ငြင်းခဲ့တယ်ဆိုတော့ ရှင်လည်း နာကျင်နေမှာပဲ]
[ကြောင်မှ ပွေ့ဖက်သည့် အီမိုဂျီ]
ထိုအခိုက်အတန့်တွင် ကျုံယန်စီ၏ နှလုံးသားသည် လုံးဝ အရည်ပျော်သွားသည်။
သူသည် ထိုအချိန်တွင် ရှေ့သို့ လှမ်းသွားကာ ယန်ရှီကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားချင်ခဲ့သည်။
သို့သော်လည်း သူသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ရှေ့တွင် ကွယ်နေသော ရိုးရာတရုတ်စခရင်ကို ကျော်လိုက်သည့်အခါ ယန်ရှီ၏ ဘေးတွင် စုန့်ကျီလယ် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ကျုံယန်စီ “…”
စုန့်ကျီလယ်သည် တတွတ်တွတ်ပြောနေပြီး ကျုံချင်းယွီ၏ အကြောင်းကို ဆက်ပြောရန် ယန်ရှီကို စကားစနေလေသည်။ ယန်ရှီ၏ အာရုံသည် သူ့ထံမှ သူမဖုန်းသို့ ပြောင်းသွားသည်ကို လုံးဝ သတိမထားမိပေ။
ထို့နောက် အရိပ်တစ်ခုက သူတို့အပေါ် ကျရောက်လာသည်။ ပွဲနေရာ၏ လေအေးပေးစက်သည် ၂၆ ဒီဂရီတွင် သက်တောင့်သက်သာဖြစ်အောင် ချိန်ညှိထားသော်လည်း စုန့်ကျီလယ်သည် သူ့၏ ဘေးတွင် ရေခဲတုံးတစ်ခု ရုတ်တရက် ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်သည့်အခါ ရှေ့တွင် ရပ်နေသော လူကို မြင်လိုက်ရသည်။ ထိုလူ၏ မျက်နှာသည် မှောင်မိုက်နေပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။
ကျုံယန်စီကို မည်သို့နှစ်သိမ့်ရမည်ကို တွေးတောနေသော ယန်ရှီသည် သူ ချဉ်းကပ်လာသည်ကို သတိပြုမိသည်နှင့် မျက်လုံးများ ဝင်းလက်သွားကာ ပျော်ရွှင်စွာဖြင့်
“ရှင် လာတယ်လား”
ကျုံယန်စီသည် ယန်ရှီ၏ မျက်ဝန်းများထဲမှ စိတ်လှုပ်ရှားမှုကို ဖမ်းမိလိုက်သည်။
ဪ၊ မင်းရဲ့ စီနီယာနဲ့ စကားပြောရတာ အရမ်းပျော်နေတယ်ပေါ့
စုန့်ကျီလယ်ကို လက်ညှိုးထိုးပြရင်း ကျုံယန်စီက အေးစက်စွာ မေးသည်။
“သူက…”
ယန်ရှီသည် စုန့်ကျီလယ်ရှိနေသည်ကိုပင် သတိမေ့လုနီးပါး ဖြစ်သွားသည်။ သို့သော် စုန့်ကျီလယ် ကတော့ မိသားစုကို တွေ့ရတော့မည် အနာဂတ် ယောက်ဖလောင်းတစ်ယောက်၏ စိတ်အားထက်သန်မှုဖြင့် တောက်ပနေခဲ့သည်။ သူ့ကို အရှက်မရစေရန် ယန်ရှီက စတင် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်မရဲ့ ပေါ်ဝိန် အထက်တန်းကျောင်းက စီနီယာ စုန့်ကျီလယ်”
ထို့နောက် သူမသည် ကျုံယန်စီကို လက်ဟန်ဖြင့် ညွှန်ပြသည်။
“ဒါက… ချင်းယွီရဲ့ အစ်ကို၊ ကျွန်မရဲ့ သူဌေး၊ ကျုံကော်ပိုရေးရှင်းရဲ့ ဥက္ကဌ ကျုံယန်စီပါ”
ကျုံယန်စီ: ?
ငါ့ကို ဒီလိုမိတ်ဆက်ပေးဖို့ လိုအပ်လို့လား။
ယန်ရှီသည် ကျုံယန်စီ၏ တုံ့ပြန်မှုကို သတိမမူမိသကဲ့သို့ စုန့်ကျီလယ်က ပို၍ပင် မသိနားမလည်ပဲ စိတ်အားထက်သန်စွာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။
“ဥက္ကဌကျုံ တွေ့ရတာ ဝမ်းသာပါတယ်”
ယန်ရှီ၏ စောင့်ကြည့်မှုအောက်တွင် ကျုံယန်စီသည် စုန့်ကျီလယ်၏လက်ကို စိတ်မပါစွာဖြင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။
ထိုအချိန်တွင် စီနီယာလုပ်ဖော်ကိုင်ဖက်တစ်ဦးက ယန်ရှီထံချဉ်းကပ်လာကာ
“ရှီရှီ၊ စင်ပေါ်တက်ဖို့ မင်းအလှည့်ရောက်ပြီ ပါမောက္ခဟန်က မင်းကို စာတမ်းတင်ပြစေချင်နေတယ်”
“ဪ၊ ဟုတ်သားပဲ”
ယန်ရှီသည် ယနေ့ မိန့်ခွန်းပြောရန်ရှိသည်။ သူမ၏ သုတေသနစာတမ်းကို ဆွဲယူပြီး ရွှင်လန်းစွာ ပြောလိုက်သည်။
“ရှင်တို့နှစ်ယောက် စကားပြောနှင့်ကြဦးနော်၊ ကျွန်မ ခဏနေ ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီးနောက် ယန်ရှီသည် ပါမောက္ခဟန်ကို ရှာရန် အလျင်အမြန် ထွက်ခွာသွားရာ အမျိုးသားနှစ်ဦးသာ ကျန်ခဲ့သည်။
လေထုသည် ကသိပအောက်ဖြစ်စွာ ထူးဆန်းလာပြီး စကားပြောရန်ပင် ခဲယဥ်းလာခဲ့သည်။ ကျုံယန်စီသည် သူနှင့် စုန့်ကျီလယ်တို့ အဘယ်ကြောင့် စကားပြောရန် လိုအပ်သည်ကို နားမလည်နိုင်ပေ။
သို့သော်လည်း စုန့်ကျီလယ်သည် ပြုံးနေလေ၏။
ထိုအပြုံးက ကျုံယန်စီကို မိုက်မဲသည်ဟု ထင်မြင်စေသည်။
ကျုံယန်စီက သူ့ကို ကြည့်လေ၊ စိတ်တိုလေ ဖြစ်လာသည်။
စုန့်ကျီလယ်သည် ဦးစွာ တိတ်ဆိတ်နေမှုကို ဖြိုဖျက်လိုက်သည်။
“ဥက္ကဌ ကျုံ၊ ယန်ရှီက သူနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကိုသာ ပြောသွားတာ ရိုးရိုးသားသားပြောရရင်တော့ ချင်းယွီနဲ့ ကျွန်တော်က…”
ကျုံယန်စီသည် စိတ်မရှည်စွာ သူ့စကားကို ဖြတ်ပြောလိုက်သည်။
“ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပါ၊ ချင်းယွီမှာ အခု ပိုင်ရှင်ရှိနေပါပြီ”
စုန့်ကျီလယ်တစ်ယောက် တောင့်တင်းသွားသည်။
ကျုံချင်းယွီမှာ ချစ်သူရှိနေပြီလား။
ခါးသီးမှုများ စုန့်ကျီလယ်ကို လွှမ်းမိုးသွားသော်လည်း သူက ခေါင်းမာစွာ ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ကျွန်တော် ယန်ရှီကို စောနက မေးကြည့်တော့ သူပြောတာ မရှင်းမရှင်းပဲ၊ သူတို့ တရားဝင်တွဲနေကြတာလို့တော့ ကျွန်တော် မထင်ဘူး”
ကျုံယန်စီ: ?
ကျုံယန်စီက စောင်းမြောင်းကြည့်လိုက်သည်။
“သူတို့ တွဲမနေဘူးလို့ ဘယ်သူပြောလဲ၊ လူသိရှင်ကြား မချပြရသေးတာပဲ ရှိတာ”
စုန့်ကျီလယ်က မဲ့ပြုံးပြုံးကာ သူ၏ မျက်နှာထားသည် အထင်မြင်သေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။
“ဥက္ကဌ ကျုံ ကျွန်တော်တို့နှစ်ယောက်စလုံးက ယောက်ျားသားတွေပဲ၊ ဒီကိစ္စက ဘယ်လိုဖြစ်လဲဆိုတာ မင်းသိပါတယ်၊ သူတို့ လူသိရှင်ကြား မချပြရဲသေးဘူးဆိုရင် အချစ်စစ်မရှိဘူးလို့ ဆိုလိုတာပဲ၊ တစ်ယောက်ယောက်ကို ရူးရူးမိုက်မိုက် ချစ်မိတဲ့အခါ ကမ္ဘာကသိအောင် အော်ဟစ်ကြွေးကြော်ချင်ကြတယ် ဘယ်သူက ဖုံးကွယ်ထားနိုင်မလဲ”
“သူတို့က ဖုံးကွယ်ထားတယ်ဆိုရင် အဲဒါ အချစ်မဟုတ်လို့ ဒါမှမဟုတ်ရင် အချစ်မလုံလောက်လို့ပဲ၊ အဲလိုသာဆိုရင် ကျွန်တော် ဝင်ပါတာ ဘာမှားလဲ၊ ဂိုးသမားရှိနေရုံနဲ့ တိုက်စစ်မှူးက ဂိုးမသွင်းရတော့ဘူးလို့ ပြောချင်တာလား”
ထိုစကားများသည် ကျုံယန်စီ၏ နှလုံးသားကို ထိုးဖောက်သွား၏။ သူ၏ မျက်နှာသည် ပို၍ မှောင်မိုက်လာပြီး ရင်ဘတ်ထဲမှ မီးတောက်သည် ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေသည်။
“လူသိရှင်ကြား မဖြစ်သေးတာက… တခြားအကြောင်းပြချက်တွေလည်း ရှိနိုင်တယ် အဲလိုမျိုးလို့ တစ်ထစ်ချ ပြောလို့မရဘူး”
စုန့်ကျီလယ်က ပခုံးတွန့်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်တို့ အဲတုန်းက လူသိရှင်ကြားဖြစ်ခဲ့ကြတာပဲ”
ကျုံယန်စီ၏ သူငယ်အိမ်များသည် ကျုံ့သွားသည်။
“မင်းတို့နှစ်ယောက်က တွဲခဲ့ကြတယ်လား”
“ဟုတ်တယ်”
ကျုံချင်းယွီနှင့်အတူရှိခဲ့သော အချိန်များကို စုန့်ကျီလယ် ပြန်အမှတ်ရမိသောအခါ ကြည်နူးမှုများက သူ့ကို ဖုံးလွှမ်းသွားသည်။
သူသည် ကျုံယန်စီဘက်သို့ လှည့်ကာ မျက်လုံးများတွင် စိတ်ရင်းမှန်ဖြင့်
“ဥက္ကဌကျုံ ကျွန်တော့်ကို အခွင့်အရေးပေးပါဦးလား”
ကျုံယန်စီသည် ကျုံချင်းယွီ၏ အစ်ကိုဖြစ်သည့်အတွက် စုန့်ကျီလယ် အနေဖြင့် စည်းလုံးသော မိသားစုမှ ဆင်းသက်လာခဲ့သည်ဖြစ်ရာ မောင်နှမချင်း ပြိုင်ဆိုင်မှုများကို မယုံကြည်ခဲ့ပေ။ သူသည် ကျုံချင်းယွီနှင့် သူ၏ ဆက်ဆံရေးကို သူမ၏ မိသားစုက ကောင်းချီးပေးခြင်းကို လိုချင်သည်။
ကျုံယန်စီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်လိုက်သည်။
“ဒီအကြောင်းကို ယန်ရှီသိလား မင်း သူ့ကို ချစ်ရေးဆိုဖို့ ကြိုးစားနေတာကိုပေါ့”
စုန့်ကျီလယ်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။
“သိတယ် ကျွန်တော်တို့ ခုနကပဲ ပြောခဲ့ကြတာ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ဥက္ကဌဆီက ကောင်းချီးပေးတာကိုလည်း ရချင်ပါတယ်၊ ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို ဥက္ကဌပါ တက်ရောက်ပေးနိုင်မယ်ဆိုရင် ဂုဏ်ယူမိမှာပါ”
ကျုံယန်စီ: ???
ဒါက လွန်ကျူးလွန်းနေပြီ ဒီကောင်က သူ့ကောင်မလေးကို လုယူဖို့ ကြိုးစာနေရုံတင်မကပဲ သူတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ပြီး ကောင်းချီးပေးဖို့ ကျုံယန်စီကို မျှော်လင့်နေသေးတယ်။
သူ ရူးနေတာလား။
နေရာ၏ ထောင့်တစ်နေရာတွင် ချူယန်သည် ကျုံယန်စီကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ကျုံယန်စီက အစောပိုင်းက ယန်ရှီကို ကြည့်သည့်ပုံသည် သူတို့နှစ်ယောက်ကြား၌ တစ်ခုခုရှိနေသည်မှာ သိသာနေသည်။
ယခင်က ကျုံယန်စီသည် အချစ်ရေးကို စိတ်ဝင်စားမှုမပြခဲ့သောကြောင့် ချူယန်က စိုးရိမ်ခဲ့ခြင်းမရှိပေ။ သူမသည် ဆွဲဆောင်မှုရှိပြီး အနီးအနားတွင် ရှိနေသောကြောင့် အခွင့်အရေးရနိုင်သည်ဟု အမြဲတမ်းယုံကြည်ခဲ့သည်။
သို့သော် ယန်ရှီ ရောက်လာခဲ့သည်။
ယန်ရှီသည်လည်း လှပသည်။ သူမသည်လည်း အနီးအနားတွင်လည်း ရှိနေခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ ယန်ရှီက ငယ်သေးသည်။
ချူယန်သည် အမျိုးသမီးများကို အသက်ကြောင့် အရှက်ရစေသည့် လူမှုအသိုင်းအဝိုင်း၏ စွဲလမ်းမှုကို မုန်းသည်။ အသက်အရွယ်တိုင်းတွင် ပင်ကိုအလှများ ရှိသည်ကို သူမ ယုံကြည်ထားသည်။
သို့သော်လည်း ယန်ရှီ၏ တက်ကြွသော ပုံရိပ်ကို ရင်ဆိုင်ရသောအခါ ချူယန်သည် အားကျ၊ မနာလိုမှုတစ်စုံတစ်ရာကို ခံစားနေရသည်။
ကျုံယန်စီသည် ချူယန်ကို မည်သည့်အခါကမှ မကြိုက်ခဲ့သလို သူမ၏ ခံစားချက်များကို သိရှိထားသောကြောင့် အမြဲတစေ ရှောင်ရှားခဲ့သည်။ ယန်ရှီ ရောက်ရှိလာပြီး မုန့်ယင်းရုန်က ကျုံယန်စီအတွက် Blind date များစီစဉ်ပေးနေသောကြောင့် ချူယန်အတွက် အချိန်ကုန်တော့မည်ဖြစ်သည်။
ချူယန်သည် ချူပါးပါး ပြောခဲ့သည်များကို ပြန်အမှတ်ရမိသည်။
“ကျုံယန်စီက အရမ်းတာဝန်ယူတတ်တဲ့ လူတစ်ယောက်ပဲ၊ တာဝန်ယူမှုဆိုတာ ဂုဏ်ပုဒ်တစ်ခုဖြစ်နိုင်ပေမဲ့ တစ်ခါတလေကျတော့ အားနည်းချက်လည်း ဖြစ်တတ်တယ်၊ ဒါကြောင့် သူ့ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူလိုက် မိခင်အရာကနေ မင်းရဲ့ နေရာကို မြဲအောင်ခြေကုပ်ထား ဒါဆို အောင်မြင်လိမ့်မယ်”
ချူယန်သည် သွားများကို တင်းတင်းကြိတ်ကာ ရှန်ပိန်ပုလင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် သူမသည် ရှန်ပိန်ကို ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။
စားပွဲထိုးတစ်ယောက် ဖြတ်သွားသည်ကို တွေ့သောအခါ ချူယန်သည် သူ့ကို တား၍ ဖန်ခွက်ကို ဗန်းပေါ်တင်လိုက်သည်။
“ဒီဟာကို မစ္စတာကျုံဆီ သွားပေးလိုက်”
ချူပါးပါး စီစဉ်ပေးထားသော စားပွဲထိုးသည် ချက်ချင်း နားလည်သွားသည်။ အမြှုပ်ထနေသေးသော ရှန်ပိန်ကို လှမ်းကြည့်ပြီးနောက် သူသည် ယင်းကို ကျုံယန်စီထံ တိုက်ရိုက်ပေးလိုက်သည်။
ထိုအချိန်တွင် ကျုံယန်စီသည် စုန့်ကျီလယ်၏ မင်္ဂလာပွဲ တက်ရောက်ပြီး ကောင်းချီးပေးခြင်းအကြောင်း အဓိပ္ပာယ်မရှိသည့် သီအိုရီကို နားထောင်ပြီးကာစဖြစ်ကာ ဒေါသထွက်နေခဲ့သည်။ ရှန်ပိန်ကို မြင်သည့်အခါ သူသည် တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
နောက်ဆုံးတစ်စက် ကျုံယန်စီ၏ ပါးစပ်ထဲသို့ ဝင်သွားသည့်အခါ ချူယန်၏ မျက်လုံးများထဲတွင် ဟန်ဆောင်အပြုံး သေးသေးလေးတစ်ခု ပေါ်လာသည်။
ကျုံယန်စီ၏ စိတ်မဝင်စားမှုကို စုန့်ကျီလယ်တစ်ယောက် သတိထားမိသည်။ အံ့သြစရာတော့မဟုတ်ပေ။ ကျုံမောင်နှမများက တစ်ဦးနှင့်တစ်ဦး ခပ်စိမ်းစိမ်းနေကြသည့်တိုင် ကျုံယန်စီသည် ကျုံချင်းယွီကို သည်းခံမှု နည်းသည်။ အဘယ်ကြောင့် သူမ၏ ခင်ပွန်းလောင်းကို ကောင်းကောင်း ဆက်ဆံပေးမည်နည်း။
စုန့်ကျီလယ်သည် နောက်ဆုတ်ရန်အချိန်ကို သိသောကြောင့် ချက်ချင်း တိတ်ဆိတ်သွားသည်။
နှစ်ဦးစလုံးသည် ဆွေးနွေးပွဲ၏ မိန့်ခွန်းများကို တိတ်ဆိတ်စွာ နားထောင်နေကြသည်။
လေအေးပေးစက်ဖွင့်ထားသည့် သက်တောင့်သက်သာ ရှိသောနေရာတွင် ကျုံယန်စီသည် သူ၏ အတွင်းထဲမှ ပုံမှန်မဟုတ်သော အပူရှိန်တစ်ခု ဖြည်းဖြည်းချင်း တိုးမြင့်လာသည်ကို ခံစားလာရသည်။ ထိုခံစားမှုကြောင့် သူသည် ရှန်ပိန်ကို ချက်ချင်း သံသယဝင်လာသည်။
ကျုံယန်စီ၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားပြီး အသက်ရှူသံပင် မမှန်တော့သဖြင့် လက်ထောက်ဆွန်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။
မိနစ်ပိုင်းအတွင်း၌ပင် ကျုံယန်စီ၏ နားရွက်များသည် ပုံမှန်မဟုတ်သည့် အနီရောင်သို့ ပြောင်းလဲသွားသည်။
လက်ထောက်ဆွန်း ရောက်လာပြီးနောက် ကျုံယန်စီကို အခန်းသော့တစ်ခု ပေးလိုက်သည်။ ထို့နောက် နှစ်ဦးစလုံးသည် ထိုနေရာမှ အမြန်ပင် ထွက်ခွာသွားကြသည်။
တစ်ချိန်တည်း၌ ယန်ရှီသည် သူမ၏ မိန့်ခွန်းကို စင်ပေါ်တွင် ပြောကြားပြီးသွားသည်။ သူမ၏ တာဝန် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ပါမောက္ခဟန်ကို နှုတ်ဆက်ကာ ပြန်ရန် ပြင်ဆင်နေသည်။
သို့သော် နေရာတစ်ခုလုံး ဝေ့ပတ်ကြည့်ရှုပြီးနောက် ကျုံယန်စီကို မတွေ့ရပေ။
ယန်ရှီသည် စုန့်ကျီလယ်ဘက်သို့ လှည့်လိုက်သည်။
“မစ္စတာကျုံ ဘယ်သွားလဲ”
စုန့်ကျီလယ်က ပခုံးတွန့်လိုက်သည်။
“ဥက္ကဌ သူ့ရဲ့ လက်ထောက်နဲ့ ထွက်သွားတာကိုတော့ ကျွန်တော် မြင်လိုက်တယ်၊ တစ်ခုခု အရေးကြီးလို့ ဖြစ်မယ်”
ယန်ရှီတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
စကားတစ်ခွန်းမျှ မပြောပဲ ထွက်သွားရလောက်သည်အထိ မည်သည်က အရေးကြီးနေသနည်း။
သူမ လမ်းလျှောက်ရင်း ကျုံယန်စီကို စာပို့လိုက်သည်။
[ကျွန်မ ပြီးသွားပြီ ရှင် ပြန်သွားပြီလား]
သူမ နောက်ထပ် ခြေလှမ်း မလှမ်းခင်ပင် ဝတ်စုံအပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ယန်ရှီကို တားလိုက်သည်။
“မစ္စယန်”
ကိုယ်ရံတော်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“မစ္စမုန့်က စကားပြောချင်လို့ပါ”
ယန်ရှီ သိသော တစ်ဦးတည်းသော “မစ္စမုန့်” မှာ မုန့်ယင်းရုန်ဖြစ်သည်။
ဟီလ်တန်ဟိုတယ်၏ ဧည့်ခန်းမတွင် မုန့်ယင်းရုန်သည် သူမ၏ အမေရိကာနိုကော်ဖီကို စိမ်ပြေနပြေ သောက်နေပြီးနောက် ယန်ရှီကို လေ့လာရန် မော့ကြည့်လိုက်သည်။
ယန်ရှီသည် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ဖြတ်သွားသော စားပွဲထိုးတစ်ဦးထံမှ မိုခါကော်ဖီကို ဟိတ်ဟန်မသုံးဘဲ မှာယူလိုက်သည်။
သူမ၏ အိတ်ကို ဘေးတွင် ချထားပြီး မုန့်ယင်းရုန်ကို ပြုံးပြလိုက်သည်။
“မစ္စမုန့် မတွေ့ရတာ ကြာပြီ”
မုန့်ယင်းရုန်သည် သူမ၏ ကြော့ရှင်းသော ဟန်ပန်ကို ထိန်းထားပြီး ယန်ရှီကို စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။
မုန့်ယင်းရုန်၏ ယန်ရှီအပေါ် အထင်အမြင်သည် “ကျုံချင်းယွီ၏ အခိုင်းအစေ” အဖြစ်သာ မြင်ခဲ့ပြီး တစ်စက္ကန့်မျှပင် အရေးပေးခြင်းမရှိခဲ့ပေ။ သို့သော် ယခု ပိုမိုနီးကပ်စွာ ကြည့်လိုက်သောအခါ ယန်ရှီသည် အလွန်ဆွဲဆောင်မှုရှိပြီး ငယ်ရွယ်သော်လည်း သူမ၏ ဘလေဇာအင်္ကျီဖြင့် ဣန္ဒြေသိက္ခာနှင့် ပြည့်စုံနေသည်ကို သူမ သတိထားမိသည်။
လွန်ခဲ့သော တစ်လက မုန့်ယင်းရုန်သည် ကျုံယန်စီမှ ယန်ရှီကဲ့သို့သော လူတစ်ယောက်ကို စိတ်ဝင်စားလိမ့်မည်ဟူသော အတွေးကို လှောင်ပြောင်မိခဲ့မည်ဖြစ်သည်။ သို့သော် ယခုတွင် သူမသည် ယန်ရှီကို လျှော့မတွက်သင့်ကြောင်း ကောင်းစွာ သိရှိသွားပြီဖြစ်သည်။
ရည်ရွယ်ချက်ရှိရှိ ကြည့်လျှင် ယန်ရှီသည် စွမ်းဆောင်ရည်ရှိပြီး လိမ္မာပါးနပ်သည်။
သူမ၏ နိမ့်ကျသော ဇာစ်မြစ်ကသာ နောက်ပြန်ဆွဲထားခြင်းဖြစ်သည်။ ထိုအချက်သာ မရှိပါက ယန်ရှီသည် လုဝမ်နင်းနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မုန့်ယင်းရုန်က တွေးလိုက်သည်။
သို့သော် ဤကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ပေ။
မုန့်ယင်းရုန်သည် စာရွက်စာတမ်းတစ်ခုကို ယန်ရှီဘက်သို့ တွန်းပေးလိုက်သည်။
“မင်းနဲ့ ယန်စီအကြောင်း ငါသိထားတယ်၊ မင်းသူနဲ့ အတူရှိချင်တယ်ဆိုရင် သူ့မိသားစုရဲ့ ခွင့်ပြုချက်ကို လိုမှာပဲ၊ တူမ တော်စပ်တဲ့သူက ဦးလေးကို ထောင်ထဲ ပို့တဲ့ကိစ္စက ကြည့်မကောင်းပါဘူး”
“ဒါက ရွှမ်းယွီရဲ့ ခွင့်လွှတ်ပေးဖို့ စာပါ၊ လက်မှတ်ထိုးလိုက်ရင် ငါ မင်းကို ဒုက္ခမပေးပါဘူး”
ယန်ရှီသည် မုန့်ယင်းရုန်ကား မုန့်ရွှမ်းယွီ၏ ဥပဒေရေးရာ ပြဿနာများကို ဖြေရှင်းရန် အလွန်အမင်း အားထုတ်နေသည်ကို သိထားသည်။ သူမသည် ကျုံယန်စီကို အကြိမ်ကြိမ်ချဉ်းကပ်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ဤနည်းလမ်းကို အသုံးပြုနေခြင်းဖြစ်သည်။
စာရွက်စာတမ်းကို လျင်မြန်စွာ လှန်ကြည့်လိုက်ပြီး ယန်ရှီက လှောင်ပြောင်လိုက်သည်။
“မစ္စမုန့်၊ မစ္စရဲ့ မောင်က ကျွန်မကို ပြန်ပေးဆွဲခဲ့တာပါ ဒါက နောက်ပြောင်တာပါလို့ ပြောပြီး ဒီစာကို လက်မှတ်ထိုးခိုင်းတာကြီးက ကျွန်မကို မဟုတ်မမှန်တဲ့ သက်သေထွက်ဆိုချက်ပေးဖို့ ခိုင်းနေတာနဲ့ အတူတူပဲ”
“ဒါပေမဲ့ မင်း ဘာမှမဖြစ်ခဲ့ဘူးလေ”
မုန့်ယင်းရုန်က ဖြတ်ခနဲ ပြောလိုက်သည်။
“မင်းက ဒဏ်ရာမရပေမယ့် ရွှမ်းယွီကတော့ နံရိုးနှစ်ချောင်း ကျိုးသွားတယ်လေ ဘယ်သူကနစ်နာသူလဲ”
“မင်း လက်မှတ်မထိုးရင် မင်းနဲ့ ယန်စီတို့ အခွင့်အရေးရှိလိမ့်မယ်လို့ တကယ်ထင်နေတာလား၊ မင်း သူ့ရဲ့အခြေအနေကို ရှာတွေ့ခဲ့တာကိုတော့ ငါ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီဆက်ဆံရေးကိုတော့ ခွင့်မပြုနိုင်ဘူး”
ယန်ရှီက ပခုံးတွန့်လိုက်သည်။
“ကောင်းပြီလေ မစ္စမုန့် ကျုံယန်စီကို ဆက်သွယ်လိုက်ပါ၊ သူက ကျွန်မကို လက်မှတ်ထိုးခိုင်းရင် ကျွန်မထိုးပေးပါ့မယ်”
“မင်း…”
မုန်ယင်းရုန်က သူမ၏ နေရာမှ ထလိုက်သည်။
ရုတ်တရက် သူတို့နောက်တွင် ဆူညံသံများ ပေါ်ပေါက်လာပြီး လက်ထောက်ဆွန်းသည် ကိုယ်ရံတော်များ၏ တန်းထားသည်ကို ဖြတ်ကာ သူတို့ထံသို့ အပြေးအလွှား ရောက်လာသည်။
လက်ထောက်ဆွန်းသည် မုန်ယင်းရုန်ကို မျက်လုံးထောင့်မှ တစ်ချက် လှမ်းကြည့်လိုက်သော်လည်း သူ၏ အာရုံသည် ယန်ရှီအပေါ်တွင်သာ လုံးဝရှိနေသည်။
“ဥက္ကဌယန် တစ်ခုခုတော့ဖြစ်နေပြီ”
လက်ထောက်ဆွန်းသည် မုန့်ယင်းရုန်ရှေ့တွင် “ကျုံယန်စီ” ဟု မပြောခဲ့သောကြောင့် ယန်ရှီသည် သူပြောသော “တစ်ခုခု” သည် ကျုံယန်စီနှင့်ပတ်သက်သည်ကို သဘောမပေါက်ခဲ့ပေ။
မုန့်ယင်းရုန်၏ မျက်နှာထားသည် ပို၍ မှောင်မိုက်လာသည်။
“လက်ထောက်ဆွန်း ငါ ယန်ရှီနဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးနေတာကို မမြင်ဘူးလား”
လက်ထောက်ဆွန်း၏ မျက်နှာသည် တည်တံ့နေသည်။
“မဒမ် တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒါကလည်း အရေးတကြီးမလို့ ကျွန်တော် တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူသည် ယန်ရှီ၏ အင်္ကျီစကို ဆွဲကာ သူမကို ခေါ်သွားသည်။
မုန့်ယင်းရုန်သည် ပို၍ပင် ဒေါသထွက်လာသည်။
သို့သော် လက်ထောက်ဆွန်းက သူမအကြောင်း ကျုံယန်စီထံ သတင်းပို့မည်ကို စိုးရိမ်သောကြောင့် သူမ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
လက်ထောက်ဆွန်းသည် ယန်ရှီကို ခေါ်ကာ ဟိုတယ်၏ အပေါ်ဆုံးအထပ်ရှိ အမှုဆောင်အခန်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။
လမ်းတစ်လျှောက်တွင် ယန်ရှီက မေးသည်။
“ကျုံယန်စီနဲ့ ပတ်သက်တာလား ဘာဖြစ်လို့လဲ”
လက်ထောက်ဆွန်းက တုံ့ဆိုင်းနေခဲ့သည်။
“ရောက်ရင် သိလိမ့်မယ်”
“ဆရာဝန်က လမ်းမှာ ရောက်နေပါပြီ၊ ဒါပေမဲ့ အခု ဥက္ကဌကျုံကို ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် လိုမယ်လို့ ကျွန်တော် ထင်လို့”
နှစ်ယောက်စလုံးသည် ဟိုတယ်အခန်းတံခါးသို့ ရောက်သည်အထိ အရှိန်တင် ပြေးကြသည်။
လက်ထောက်ဆွန်းက သော့ကတ်ကို ဆွဲလိုက်သည်နှင့် ဘိ့ ဟူအသံပေး၍ တံခါးပွင့်သွားသည်။
အမှုဆောင်အခန်းသည် အမှောင်ဖုံးလွှမ်းနေသည်။ လက်ထောက်ဆွန်းသည် တစ်ခုခုထူးခြားသည်ကို ခံစားမိသော်လည်း သော့ကတ်ကို အပေါက်ထဲသို့ ထည့်လိုက်သည်။
မီးများ လင်းလာပြီး အခန်း၏ အနေအထားကို မြင်တွေ့ရသည်။
လေထဲတွင် ပိုးသတ်ဆေးနံ့ အနည်းငယ် သင်းပျံ့နေသည်။ အခန်းသည် သပ်ရပ်သန့်ရှင်းနေပြီး ခင်းထားသော ကော်ဇောထူများပေါ်တွင် ဖုန်မှုန့်တစ်စက်မှမရှိပေ။ အိပ်ရာသည်လည်း ခေါက်ရိုးမပျက် သပ်ရပ်စွာ ခင်းထားသည်။
ယန်ရှီက အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။
“ကျုံယန်စီ ဘယ်မှာလဲ”
လက်ထောက်ဆွန်းသည် ထိတ်လန့်သွားပြီး အခန်းနံပါတ်ကို ပြန်စစ်ရန် ပြေးထွက်သွားသည်။
“၁၂၃၁၊ ဒါ အခန်းမှန်ဘဲ သူ ဘယ် ရောက်သွားတာလဲ”
“ရှင်ပြောတာက ကျုံယန်စီက ပျောက်သွားတာလား”
လက်ထောက်ဆွန်းက ခေါင်းကို ထိပ်ထိပ်ပျာပျာ ငြိမ့်ပြသည်။
“ကျွန်တော် ဆရာဝန်ကို ဆက်သွယ်ပြီး ဥက္ဌကျုံကို ဒီအခန်းကို ခေါ်လာခဲ့တာ ပြီးတော့ မင်းကို ရှာဖို့ အောက်ထပ်ကို ဆင်းသွားတယ်၊ သူ ဘယ်လိုလုပ် ပျောက်သွားတာလဲ”
တစ်ချိန်တည်းမှာပင်—
ကျုံယန်စီ၏ မျက်လုံးများ ပွင့်လာပြီး သူ၏ ခန္ဓာကိုယ်သည် အဖျားကြောင့် အပူချိန်တက်နေသည်။ သူသည် ထိုအခြေအနေမှ ရုန်းထွက်ချင်နေမိသည်။
ကျုံယန်စီသည် ယန်ရှီကို တောင့်တနေသည်။
သူမ၏ ချိုသာသော နှုတ်ခမ်းများ၊ သူမ၏ နူးညံ့သော ခန္ဓာကိုယ်။
တံခါးသည် အသံမြည်လျက် ပွင့်သွားသည်။ တစ်စုံတစ်ယောက် အထဲသို့ ဝင်ရောက်လာသည်။
သပ်ရပ်လှသော အခန်းတွင် မီးတစ်ဝက်သာ ဖွင့်ထား၍ အလင်းရောင်က မှိန်ဖျော့စွာ ကျရောက်နေခဲ့သည်။ ကျုံယန်စီ၏ အမြင်အာရုံသည် မှုန်ဝါးနေပြီး သူ၏ နှုတ်ခမ်းများက ခြောက်သွေ့လျက်ရှိသည်။ သူ၏ လည်စေ့သည် တက်လိုက်ကျလိုက်ဖြစ်နေသည်။
လက်ထောက်ဆွန်းက မသွားမီ ယန်ရှီကို သွားခေါ်မည်ဟု ပြောခဲ့သည်ကို သူ သတိရလိုက်သည်။
“ရှီရှီ…”
ချူယန်၏ နှလုံးသားသည် တဒိတ်ဒိတ် ခုန်နေခဲ့သည်။
ချူပါးပါး၏ ဆေးသည် အစွမ်းထက်သည်ကို သိသော်လည်း ဤမျှ အစွမ်းထက်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကျုံယန်စီသည် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ပြီး သူ၏ နက်ပြာရောင် လည်စည်းမှာ လျော့ရဲနေခဲ့သည်။ ရှပ်အင်္ကျီ၏ အပေါ်ဆုံးကြယ်သီးကို ဖြုတ်ထားသဖြင့် သူ၏ ညှပ်ရိုးကို မြင်နေရသည်။ အဖြူရောင် ရှပ်အင်္ကျီကို အနက်ရောင် ဘောင်းဘီထဲသို့ ထည့်ထားကာ အဝတ်အစားများက သူ၏ သေးသွယ်သော်လည်း ကြွက်သားများဖြင့် တောင့်တင်းနေသော ခန္ဓာကိုယ်တွင် ကပ်နေခဲ့သည်။
သူ၏ မျက်လုံးများသည် ရီဝေနေပြီး လိုအင်တပ်မက်မှုများ လွှမ်းမိုးနေခဲ့သည်။
ထွက်မသွားမီ လက်ထောက်ဆွန်းသည် ကျုံယန်စီကို ပုံမှန်အသိစိတ် ပြန်လည်လာစေရန် ရေတစ်ပုလင်းကို ခေါင်းပေါ်သို့ ရဲရဲဝံ့ဝံ့ လောင်းချခဲ့သည်။ ယခု၌ သူ၏ စိုစွတ်သော ဆံပင်များသည် နဖူးပေါ်တွင် ကပ်နေပြီး ရေ သို့မဟုတ် ချွေးစက်များသည် ဖရိုဖရဲဖြစ်နေပြီး မူးယစ်နေသော အသွင်အပြင်ကို ပိုမိုပေါ်လွင်စေခဲ့သည်။
“ရှီရှီ…”
သူမကို နောက်တစ်ကြိမ် ထပ်ခေါ်ပြန်သည်။
ချူယန်သည် ဤဆေးတွင် ထင်ယောင်ထင်မှားဖြစ်စေသော အာနိသင်များရှိကြောင်းကို သိသည်။ ယင်းသည် လူ မှား၍ ယူဆစေနိုင်သည်။
သတ္တိထားကာ ချူယန်သည် ပို၍ နီးကပ်စွာ တိုးသွားသည်။
“ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ”
ကျုံယန်စီက ချူယန်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ရှီရှီ၊ မင်းရောက်လာပြီ”
လက်ထောက်ဆွန်းတစ်ယောက် ရူးတော့မလိုပင်။
လူတစ်ယောက်က ဘယ်လိုလုပ် ပျောက်သွားရတာလဲ။
လက်ထောက်ဆွန်းသည် သူ၏ ပါးလွှာနေသော ဆံပင်များကို လက်ဖြင့် ထိုးဖွလိုက်ရာ ငှက်သိုက်သဏ္ဍာန် ဖြစ်သွားတော့သည်။
“ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး၊ ကျွန်တော် ဥက္ကဌကျုံကို ဒီကို ကိုယ်တိုင် ခေါ်လာခဲ့တာ အဲကွန်းလည်း ဖွင့်ပေးခဲ့တယ်၊ ရေတောင်လောင်းပေးခဲ့တယ် အားလုံး ဘယ်လိုပျောက်သွားရတာလဲ”
ယန်ရှီသည် လက်ထောက်ဆွန်း၏ စကားများထဲတွင် ကိုက်ညီမှုမရှိခြင်းကို ချက်ချင်းဆိုသလို သတိထားမိလိုက်သည်။
“ရှင် အဲဒါတွေ အားလုံး လုပ်ခဲ့တယ်ဆိုရင် သုံးထားတဲ့ လက္ခဏာတွေ ရှိနေရမယ်၊ ဒါပေမဲ့ ဒီအခန်းက ထိထားတဲ့ပုံမဟုတ်ဘူး ဒါက ရှင် ဘွတ်ကင်လုပ်ထားတဲ့အခန်း မဟုတ်ဘူး”
လက်ထောက်ဆွန်းက နံပါတ်ကို ညွှန်ပြသည်။
“၁၂၃၁၊ ဒါမှန်တယ်လေ ဒီအခန်းကို စီစဉ်သူတွေက ဥက္ကဌကျုံအတွက် ပြင်ပေးထားတာ”
ယန်ရှီသည် ချက်ချင်း သူမ၏ဖုန်းကို ထုတ်ကာ စုန့်ကျီလယ်ကို ခေါ်လိုက်သည်။
ဤသည် စုန့်ကျီလယ်၏ မိသားစုပိုင်ဆိုင်သည့် ဟိုတယ်ဖြစ်သောကြောင့် သူ့ထက် ဤဟိုတယ်အကြောင်း ပို၍ ကောင်းကောင်းသိသူ မရှိနိုင်ပေ။
မိနစ်ပိုင်းအကြာတွင် စုန့်ကျီလယ်သည် အခန်းတံခါးသို့ ရောက်ရှိလာသည်။ သူသည် အခန်းနံပါတ်ကို ကြည့်လိုက်သည်။
“မင်း တိုက် မှားပြီး သွားခဲ့တာလား ဟိုတယ်က ခေါက်ချိုးမှန်ပုံစံ ဒီဇိုင်းဆွဲထားတာ အလယ်မျဉ်းရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာရှိတဲ့ အကုန်လုံးက တစ်ပုံစံတည်းတူတယ်၊ ဒါက တိုက် B၊ အခန်း ၁၂၃၁ ပဲ မင်းရှာနေတာက တိုက် A၊ အခန်း ၁၂၃၁”
လက်ထောက်ဆွန်းသည် ပို၍ပင် ရှုပ်ထွေးသွားသည်။
“ကျွန်တော် အခန်းမှားပြီး သွားခဲ့ရင်တောင် သော့ကတ်က အလုပ်မလုပ်သင့်ဘူးမလား”
ဤသည်က စိတ်ရှုပ်ထွေးရသည့် အပိုင်းဖြစ်သည်။ သော့ကတ်တစ်ခုတည်းက မတူညီသည့် အခန်းနှစ်ခန်းကို မည်သို့ဖွင့်နိုင်သနည်း။
ယန်ရှီသည် အနီးနားရှိ အခန်းတံခါးပေါ်တွင် သော့ကတ်ကို အလျင်အမြန် ပွတ်ဆွဲလိုက်သည်။ တံခါး ပွင့်သွားသည်။
လက်ထောက်ဆွန်း၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။
စုန့်ကျီလယ်က ရှင်းပြသည်။
“ဒါက အတွင်းပိုင်း မာစတာသော့ဖြစ်မယ် အခန်းတိုင်းကို ဖွင့်နိုင်တယ်”
ဒါဆို… ဒါက တိုက် B ပေါ့ ကျုံယန်စီက တိုက် A မှာ ရှိတာ။
သုံးယောက်စလုံးသည် တိုက် A သို့ ချက်ချင်း အပြေးအလွှားသွားကြသည်။
Xilai’er ဟိုတယ်၏ အနေအထားသည် စနစ်တကျ၊ အချိုးကျပြီး စေ့စပ်သေချာစွာ စီစဉ်ထားသော်လည်း ပထမဆုံး လာရောက်သူများအတွက် အနည်းငယ် ရှုပ်ထွေးနိုင်သည်။ ကံကောင်းထောက်မစွာပင် စုန့်ကျီလယ်သည် ဤနေရာကို လက်ဖဝါးလို အသေးစိတ်ကျကျ သိသည်။ သူ့အတွက်တော့ ဤဟိုတယ်က အိမ်ဖြစ်သည်။
တိုက် A နှင့် တိုက် B ကြားရှိ လမ်းဆုံတွင် စုန့်ကျီလယ်က ရုတ်တရက် ရပ်တန့်လိုက်သည်။ သူသည် ဦးတည်ရာပြသည့် ဆိုင်းဘုတ်ကို ကြည့်လိုက်ရာ အစတွင် ပုံမှန်ဟုထင်ရသော်လည်း ဖွဖွလေး တွန်းလိုက်သည့်အခါ တိုက် A နှင့် တိုက် B ကို ညွှန်ပြထားသော မြှားများသည် လျော့ရဲနေသည်ကို သတိပြုမိသွားသည်။
လက်ထောက်ဆွန်း၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။
စုန့်ကျီလယ်က ချက်ချင်း တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် ဆိုင်းဘုတ်က လျော့ရဲနေပုံရတယ် ဒါကြောင့် မင်းတို့ လမ်းမှားသွားတာ ဒါက ကျွန်တော်တို့ဟိုတယ်ရဲ့ အမှားပါ”
ယန်ရှီ၏ မျက်နှာအမူအရာက မှောင်မိုက်သွားသည်။ Xilai’er ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်ဖြစ်ပြီး ဤမျှ ပေါ့ဆသောအမှားမျိုး ဖြစ်သင့်သည်မဟုတ်ပေ။ ဆိုင်းဘုတ်က လွတ်နေလျှင်ပင် လက်ထောက်ဆွန်း၏ သော့ကတ်က မတူညီသော အခန်းနှစ်ခန်းကို တစ်ပြိုင်နက်တည်း အဘယ်ကြောင့် ဖွင့်နိုင်သနည်း။ တစ်စုံတစ်ယောက်က ယင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားခြင်းဖြစ်လိမ့်မည်။
သို့သော်လည်း ထိုအကြောင်းကို တွေးဆရန် အချိန်မရှိတော့ပေ။ ယန်ရှီက လျင်မြန်စွာ ပြောလိုက်သည်။
“အရင်ဆုံး ကျုံယန်စီကို ရှာကြရအောင်”
သူတို့သည် တိုက် A ရှိ အမှုဆောင်အခန်း ၁၂၃၁ သို့ ရောက်ရှိလာသည်။
တံခါးဖွင့်လိုက်သည်နှင့် အေးစက်သော လေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ အခန်းသည် လုံးဝ ရှုပ်ပွနေပြီး မြင်ကွင်းကို ပိတ်ဆို့ထားသော လှပသည့် တရုတ်ခေါက်စကရင်တစ်ခု ရှိနေသည်။ အမျိုးသမီးတစ်ဦး၏ ညည်းသံများကို သဲ့သဲ့လေး ကြားရသည်။
ညည်းသံများသည် ရေကျသံနှင့် ရောနှောနေပြီး မီးအလင်းရောင်မှိန်မှိန်ဖြင့် အခန်းထဲ၌ မည်သူမဆို သိနိုင်သည့် ရင်းနှီးသော လေထုကို ဖန်တီးပေးနေသည်။
စုန့်ကျီလယ်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်သည်။
“ကျွန်တော်တို့ မဝင်တာ ကောင်းမယ်ထင်တယ်၊ ဥက္ကဋ္ဌကျုံရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်တာ မကောင်းဘူးလေ”
သူပြောလိုက်သည်နှင့် အမျိုးသမီး၏ ညည်းသံများက ပိုမိုကျယ်လာပြီး ရုန်းကန်နေရသည့် အသံများနှင့် တောင်းပန်သံများ ရောယှက်နေသည်။
ယန်ရှီသည် ထိုအသံကို ချက်ချင်း မှတ်မိလိုက်သည်။
ချူယန်။
သူမ၏ မျက်နှာသည် မှောင်မိုက်သွားပြီး အသက်ရှူသံပင် မမှန်တော့ပေ။
လက်ထောက်ဆွန်းသည်လည်း ဤကဲ့သို့ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ ချူယန်၏ အသံသည် အရိက်အမြွက်များပါနေပြီး အဆိုးဆုံးကို စဉ်းစားပဲ မနေနိုင်တော့ပေ။ ကျုံယန်စီက ဆေးမိထားသောကြောင့် သူကိုယ့်ကို ထိန်းချုပ်မှု လွတ်သွားခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။
ဒါက ကပ်ဆိုးတစ်ခုပဲ သူ ယန်ရှီကို ဒီကို လုံးဝမခေါ်သင့်ဘူး။
ယန်ရှီသည် မည်သည်တို့ ဖြစ်ပျက်နေသည်ကို ဆက်စပ်ကြည့်ပြီးသားဖြစ်သည်။ သူမ၏
နှလုံးသားသည် ခါးသီးမှုဖြင့် နာကျင်နေပြီး မျက်ရည်များ ကျလာတော့မည် ဖြစ်သော်လည်း ယင်းတို့ကို အတင်း ထိန်းထားလိုက်သည်။
အတိတ်၌ ဆိုလျှင် သူမသည် လှည့်၍ ထွက်ခွာသွားလိမ့်မည်။
သို့သော် ယနေ့တွင် ယန်ရှီသည် ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ပေ။ ဒေါသတကြီးဖြင့် ကန်လိုက်သောကြောင့် ခေါက်စကရင်သည် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသည်။
အခန်းသည် ဗလာဖြစ်နေသည်။ အသံများက ရေချိုးခန်းထဲမှ လာနေခြင်းဖြစ်သည်။
သူတို့ တကယ်ပဲ ရေချိုးခန်းထဲမှာ လုပ်နေကြတာလား။
ဒေါသတကြီးဖြင့် ယန်ရှီသည် အထဲသို့ ဝင်သွားသည်။
ရေချိုးခန်းသည် အခန်းထက်ပင် ပို၍ အေးစက်နေသည်။ ရေချိုးကန်မှ ရေများသည် အဆုံးမရှိ စီးကျနေပြီး ကြမ်းပြင်တစ်ခုလုံး၌ ရေလွှမ်းနေခဲ့သည်။
ချူယန်သည် အဝတ်အစားများ ပြည့်စုံစွာ ဝတ်ဆင်ထားသော်လည်း သူမ၏ အဝတ်များသည် စိုရွဲနေပြီး ရှုပ်ပွနေသဖြင့် အလွန်သနားစရာကောင်းနေသည်။ သူမ၏ လက်ကောက်ဝတ်များကို နက်ပြာရောင် လည်စည်းဖြင့် တံခါးလက်ကိုင်တွင် ချည်နှောင်ထားပြီး ပါးစပ်ထဲတွင် အဝတ်စုတ်တစ်ခု ထိုးထည့်ထားသည်။
ယန်ရှီနှင့် အခြားသူများ ဝင်လာသည်ကို မြင်သောအခါ ချူယန်သည် စိတ်ပျက်စွာဖြင့် ညည်းသံများပြုကာ မျက်ရည်များပင် စီးကျလာလေသည်။
ယန်ရှီသည် တောင့်ခဲသွားပြီး ရေချိုးခန်း၏ အတွင်းဘက် ဝေးဝေးသို့ ကြည့်လိုက်သည်။
ရေချိုးကန်မှ စီးကျလာသော ရေထဲတွင် ဝိုင်နှင့်သွေးများ ရောနှောနေကာ အနီရောင်ဖျော့ဖျော့ဖြစ်နေသည်။ ကျုံယန်စီသည် ရေချိုးကန်ထဲတွင် လဲလျောင်းနေခဲ့ပြီး သူ၏ လက်မောင်းသည် ကွဲကြေနေသော ဝိုင်ပုလင်း၏ အပိုင်းအစများကြောင့် ပြတ်ရှနေခဲ့သည်။ အေးစက်နေသောရေနှင့် ပြင်းထန်သော နာကျင်မှုသည် သူ့ကို အနည်းငယ်မျှ သတိရှိနေစေရန် ထိန်းထားနိုင်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းသည် ကြိုးတစ်ချောင်းပေါ်တွင် ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေလေသည်။
ထို့နောက် ယန်ရှီကို သူ မြင်လိုက်သည်။
ကျုံယန်စီသည် ခေါင်းကို မော့လိုက်ရာ သူ၏ မျက်နှာသည် သေလောက်အောင် ဖြူဖျော့နေခဲ့သည်။
“ရှီအာ… မင်းရောက်လာပြီ”
သူ၏ အကြည့်သည် ချူယန်ဘက်သို့ လှည့်သွားသည်။
“ကိုယ် သူ့ကိုမထိခဲ့ဘူး၊ ကိုယ်တကယ် ဘာမှမလုပ်ခဲ့ဘူး”