Chapter 93
Vol. 10 Ch. 93
ကျုံချင်းယွီမှာ ချုမိသားစုနှင့် ရင်ဆိုင်နေချိန်တွင် ကျုံယန်စီနှင့် မုန့်ယင်းရုန်တို့သည်လည်း လက်ဖက်ရည်ဆိုင်တွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
မုန့်ယင်းရုန်က စိတ်လှုပ်ရှားနေခဲ့သည်။ လက်ထောက်ဆွန်းမှာ ယန်ရှီကို အလောတကြီး ခေါ်သွားပြီးနောက် သူမ၏ ကိုယ်ရံတော်များမှ စုံစမ်းစစ်ဆေးကြည့်ရာ ချူယန်၏ ဆေးခတ်သည့် အကြံအစည်ကို မတော်တဆ သိရှိသွားခဲ့သည်။
ယခုတွင် ကျုံယန်စီ၏ လက်ပေါ်ရှိ ပတ်တီးကို ကြည့်ရင်းဖြင့် သူမ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေခဲ့သည်။
“ယန်စီ သား အဆင်ပြေရဲ့လား၊ ချူယန်ဆိုတဲ့ အပုပ်ကောင်မ သူ ကျုံမိသားစုထဲကို လက်ထပ်ပြီး ဝင်ချင်တာကို မားသိပေမဲ့ သူက သားကို ပစ်မှတ်ထားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး”
ကျုံယန်စီက တည်ငြိမ်နေသည်။ ချုယန်သည် ကျုံချင်းယွီ၏ ပြဿနာဖြစ်ပြီး သူသည် မုန့်ယင်းရုန်ထံသို့ အခြားကိစ္စတစ်ခုအတွက် လာခဲ့သည်။
“မား၊ မား ဒီနေ့ ယန်ရှီနဲ့ တွေ့ပြီး မုန့်ရွှမ်းယွီအတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ စာရွက်ကို လက်မှတ်ထိုးခိုင်းခဲ့တယ်ဆိုတာ ဟုတ်လား”
မုန့်ယင်းရုန်တစ်ယောက် တောင့်တင်းသွားသည်။
မုန့်ယင်းရုန်သည် ကျုံယန်စီ၏ ဝင်ရောက်စွက်ဖက်မှုကို ရှောင်ရှားရန်အတွက် ယန်ရှီနှင့် တစ်ယောက်တည်း တွေ့ဆုံဖို့ရာ တမင် စီစဉ်ခဲ့သည်။
“ယန်ရှီက သားကို ပြောပြခဲ့တာလား”
ကျုံယန်စီသည် လက်ဖက်ရည်တစ်ငုံသောက်ကာ တုန်လှုပ်ခြင်းမရှိပဲ ပြောလိုက်သည်။
“လက်ထောက်ဆွန်းက တွေ့လိုက်တာ”
မုန့်ယင်းရုန်သည် သူမ၏ အင်္ကျီအစွန်းစများကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်နှာတွင် ရှက်ရွံ့မှုများ ထင်ပေါ်နေသည်။
“ယန်စီ ဒါက ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ စာတစ်စောင်ပဲ၊ ယန်ရှီသာ လက်မှတ်ထိုးလိုက်ရင် ရွှမ်းယွီကို ပြစ်ဒဏ်လျှော့ချပေးနိုင်လိမ့်မယ်”
“ယန်ရှီကို ထပ်ပြီး မနှောင့်ယှက်ပါနဲ့”
ကျုံယန်စီက သူမ၏ စကားကို အေးစက်စွာ ဖြတ်လိုက်သည်။
ကျုံယန်စီသည် လက်ဖက်ရည်ကို ဆက်၍ သောက်မြဲသောက်နေပြီး သူ၏ မျက်နှာထားသည် ခန့်မှန်းရခက်သော်လည်း လေသံကား မုန့်ယင်းရုန်၏ နှလုံးသားကို ဆုပ်ကိုင်နိုင်လောက်သည်အထိ အေးစက်နေခဲ့သည်။
“ကျွန်တော် မုန့်ရွှမ်းယွီရဲ့ အလွဲသုံးစားလုပ်မှု အထောက်အထားတွေကို ရှေ့နေရုံးကို တင်ပြပြီးပြီ၊ ဒီတစ်ကြိမ်တော့ သူ့ကို ပိုပြီး ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်လိမ့်မယ်”
မုန့်ယင်းရုန်သည် သူမ၏ နေရာမှ ထရပ်လိုက်သည်။
“မင်း ဘာတွေ လုပ်ခဲ့တာလဲ”
ကျုံယန်စီက အေးဆေးစွာ ပြန်ဖြေသည်။
“မား သူ့ကို ဘယ်လောက်ကြာကြာ ဖုံးကွယ်ပေးခဲ့ပါစေ ပြစ်ဒဏ်ဆိုတာ နောက်ဆုံးမှာ ကျလာစမြဲပဲ”
“မုန့်ရွှမ်းယွီက သူ့ရဲ့ ရည်းစားဟောင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ကိစ္စမှာ မားက ပိုက်ဆံနဲ့ နှုတ်ပိတ်ခဲ့ပေမဲ့ အကယ်၍ မား သူ့ရဲ့ ပြစ်ဒဏ်ချမှတ်မှုကို ဆက်ပြီး ဝင်နှောင့်ယှက်ဖို့ အတင်းအကြပ်လုပ်နေမယ်ဆိုရင်တော့ ကျွန်တော့်ဘက်က သူ့ရည်းစားဟောင်းကို သက်သေအဖြစ် အမြဲတမ်း ခေါ်နိုင်တယ်”
သူသည် မုန့်ယင်းရုန်ကို စေ့စေ့ကြည့်လိုက်သည်။
“မား မုန့်ရွှမ်းယွီက အပြစ်ရှိတယ်၊ မား ဆက်ပြီး ဝင်မစွက်ဖက်ဖို့ကို ကျွန်တော် တောင်းဆိုပါတယ်”
မုန့်ယင်းရုန်သည် ဆုတ်ပြဲလုမတတ် ဒေါသထွက် ဖြစ်နေသည်။
တစ်ဖက်တွင် ကျုံယန်စီအပေါ် သူမ၏အပြစ်ရှိသော ခံစားချက်နှင့် အခြားတစ်ဖက်တွင် မုန့်ရွှမ်းယွီအတွက် သူမ၏ စိုးရိမ်ပူပန်သည့်စိတ်ဖြစ်သည်။ သူမသည် ရွေးချယ်မှုပြုလုပ်နိုင်စွမ်းမရှိပေ။
“ယန်စီ မားတို့က မိသားစု…”
ကျုံယန်စီ၏ အကြည့်က အေးစက်သွားသည်။
“စိတ်ခံစားချက်တွေက ကျွန်တော့်အပေါ် အလုပ်မဖြစ်ဘူး”
အချို့ကိစ္စများကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်ရန် လိုအပ်သည်။ ယန်ရှီသည် လွန်ခဲ့သောငါးနှစ်ကတည်းက ဤအချက်ကို နားလည်ခဲ့သော်လည်း ကျုံယန်စီအတွက်တော့ လက်ခံရန် အချိန်ပို၍ ကြာမြင့်ခဲ့သည်။
တကယ်တမ်းတွင် မုန့်ယင်းရုန်သည် ကျုံယန်စီအား ဂရုစိုက်သော်လည်း သူမ၏ အချစ်မှာ မုန့်ရွှမ်းယွီအတွက် ခံစားရသည့်ခံစားချက်နှင့် မည်သို့မျှ မတူညီနိုင်ကြောင်း ကြာမြင့်စွာကတည်းက ကျုံယန်စီတစ်ယောက် သဘောပေါက်ခဲ့သင့်သည်။ သူမတွင်ရှိသော မိခင်မေတ္တာနည်းနည်းလေးသည် တာဝန်သိမှုတစ်ခုသာ ဖြစ်ပြီး သူ၏ ကင်ဆာရောဂါအပေါ် အပြစ်ရှိသော စိတ်ခံစားမှုများနှင့် ရောယှက်နေခြင်းဖြစ်သည်။
ကျုံယန်စီသည် မည်သည့်အခါကမှ သူ့အတွက် အမှန်တကယ်မဟုတ်သည့် အရာများအတွက် တောင့်တနေရန် မထိုက်တန်ပေ။
ကျုံယန်စီက ထရပ်လိုက်သည်။
“မား ယန်ရှီက ကျွန်တော့်ရွေးချယ်မှုပဲ တခြားဘယ်သူမှ ရှိမှာမဟုတ်ဘူး၊ ကျွန်တော့်အတွက် Blind date တွေ စီစဉ်ပေးတာ ရပ်လိုက်ပါ ပြီးတော့ ယန်ရှီကို ဖိအားပေးဖို့ မားရဲ့ ရာထူးကို အသုံးမချပါနဲ့၊ အဲလိုလုပ်နေတာက ကျွန်တော့်ကို မားနဲ့ ပိုပြီး ဝေးကွာသွားစေမှာပဲ”
“မုန့်မိသားစုကိစ္စကတော့ စိတ်ချပါ၊ M အုပ်စုက အခု ကျုံကော်ပိုရေးရှင်းအပိုင် ဖြစ်သွားပြီမလို့ ကျုံကော်ပိုရေးရှင်းရှိနေသရွေ့ M အုပ်စုက တည်ငြိမ်နေပါလိမ့်မယ်၊ မားပိုင်တဲ့ ရှယ်ယာတွေက မားရဲ့နေထိုင်မှုဘဝကို ထိန်းထားဖို့ လုံလောက်မှာပါ”
“ဒီနေ့ကစပြီး ကျွန်တော့်ကို လာမရှာပါနဲ့”
ကျုံယန်စီ၏ နောက်ဆုံးစကားများသည် မုန့်ယင်းရုန်၏ နှလုံးသားကို ထိုးသွင်းလိုက်သော ဓားသွားတစ်ချောင်းနှင့် တူလေသည်။
သူမသည် စိတ်ပျက်ဝမ်းနည်းသွားသည်။
“ယန်စီ၊ မား အတိတ်တုန်းက မင်းကို ပျက်ကွက်ခဲ့တာ သိပါတယ် ဒါပေမဲ့ မင်း မားကို ခွင့်မလွှတ်နိုင်တော့ဘူးလား၊ မားက မင်းရဲ့ အမေလေ”
ကျုံယန်စီသည် မလှုပ်မယှက်ပင်။
“ခွင့်လွှတ်ပေးရမယ်တဲ့လား၊ ကျွန်တော် မားကို အလိုအပ်ဆုံးအချိန်မှာ မား ဘယ်ရောက်နေခဲ့တာလဲ”
“မားရဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကိုတော့ ကျွန်တော် မမေ့ပါဘူး”
“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဒီမှာပဲ အဆုံးသတ်ပြီ”
လူတိုင်း၌ ကိုယ်ပိုင်ရွေးချယ်မှုများ ရှိကြသည်။
မုန့်ယင်းရုန်သည် အဆုံးစွန်ထိ မုန့်ရွှမ်းယွီကို ရွေးချယ်ခဲ့သည်။ ကျုံယန်စီက ယန်ရှီကို မည်မျှပင် ဂရုစိုက်ကြောင်း သိလျက်နှင့် မုန့်ယင်းရုန်သည် မိခင် အာဏာကို အသုံးပြုကာ ယန်ရှီအား ထိုစာကို လက်မှတ်ထိုးရန် ဖိအားပေးခဲ့သည်။
ထို့ကြောင့် ကျုံယန်စီသည်လည်း သူ၏ ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။
လက်ဖက်ရည်ဆိုင်မှ ထွက်ခွာလာပြီးနောက် ကျုံယန်စီသည် ဟိုင်လာယာဟိုတယ်၏ ဧည့်ခန်းမသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
ခေတ်မီ တရုတ်စတိုင် ရေပန်းရှိရာသို့ ဖြတ်သွားစဉ်၊ ဘောင်ခတ်ထားသည့် ကျောက်တုံးများက ဝန်းရံထားသော ရေကန်ငယ်ကို ရိုးရှင်းသည့် ကွေ့ကောက်တံတားလေးတစ်ခုက ဖြတ်သန်းတည်ဆောက်ထားရာ ကျုံယန်စီသည် လုံခြုံရေးရုံးခန်းမှ ထွက်လာသော ကျုံချင်းယွီကို တွေ့လိုက်ရသည်။
နှစ်ယောက်စလုံးသည် ခေတ္တရပ်တန့်သွားသည်။
ကျုံယန်စီ၏ အကြည့်သည် ကျုံချင်းယွီကို ကျော်၍ သူမနောက်ရှိ ရဲများက ခေါ်ဆောင်သွားခြင်းခံရသော ချူယန်ထံသို့ ရောက်သွားသည်။
ကျုံချင်းယွီ၏ မျက်လုံးများကလည်း ကျုံယန်စီကို ကျော်၍ အဝေးရှိ စိတ်ပျက်အားငယ်နေသော မုန့်ယင်းရုန်ထံသို့ လှမ်းကြည့်သည်။
တလက်လက်တောက်ပနေသည့် ရေပန်းမှ ရေသည် သူတို့နှစ်ဦးအား အခြားသူများနှင့် ခွဲခြားထားသော်လည်း ကျုံယန်စီနှင့် ကျုံချင်းယွီတို့မှာမူ တံတားတစ်ခုတည်းပေါ်၌ အတူ ရပ်နေခဲ့ကြသည်။
စကားတစ်ခွန်းမျှ မပြောပဲ သူတို့သည် ဧည့်ခန်းမသို့ ဘေးချင်းယှဉ်၍ လျှောက်သွားကြသည်။
ကျုံချင်းယွီသည် သူမ၏ အိတ်ကပ်ထဲမှ ပူစီနံရနံ့ ပူရှိန်း ဘူးတစ်ဘူးကို ထုတ်ကာ တစ်လုံးကိုယူ၍ သူမ၏ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် ကျုံယန်စီကို ကမ်းပေးသည်။
“လိုချင်လား”
“ဘာအရသာလဲ”
“ပူစီနံ”
“နင် ပူစီနံကို မကြိုက်ဘူးလေ”
“လူတွေက ပြောင်းလဲတတ်တယ်လေ”
သူမသည် မထီမဲ့မြင်ပြုစွာ ပခုံးတွန့်လိုက်သည်။
“ပါးပါးက ငယ်ငယ်ရွယ်ရွယ်နဲ့ ချိန်းတွေ့တာ မလုပ်ဖို့ ငါတို့ကို သတိပေးခဲ့တုန်းက နင်ပဲ အချစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်တော့မှ စိတ်မပူရဘူးတဲ့ အဲကိစ္စတွေက အရမ်းရှုပ်တယ်လို့ ပြောခဲ့ဖူးတယ်၊ အခုရော ဘယ်လိုလဲ”
အလုပ်စွဲလမ်းနေသော ဥက္ကဌသည် ယခု၌ သူ၏ ရည်းစားရှိရာနောက်သို့ ရုပ်သံအစီအစဉ်များအထိ တစ်ကောက်ကောက်လိုက်နေခဲ့သည်။ ယင်းသည် ရှက်စရာကောင်းသည်ဟုပင် ဆိုနိုင်သည်။
ယန်ရှီကို တွေးမိသောအခါ ကျုံယန်စီ၏ မျက်ခုံးများကြားရှိ တင်းမာမှုသည် မှိန်ဖျော့သော အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ပူရှိန်းတစ်ခုကိုယူကာ သူ၏ လျှာပေါ်တွင် အရည်ပျော်စေလိုက်သည်။
“အဲတုန်းက ငါ အမှန်အတိုင်းပြောခဲ့တာ၊ နင့်ကိုမြင်ချင်လို့ ငါတို့အိမ်ရှေ့မှာ စုပြုံနေတဲ့ ကောင်လေးတွေ အားလုံးက သေလောက်အောင် စိတ်ညစ်ဖို့ကောင်းတယ်”
ကျုံချင်းယွီက လှောင်ပြောင်လိုက်သည်။
“အဲဒါက ငါ အရမ်းလှလို့လေ နင်လည်း အမေ့ထက် မပိုဘူး၊ ငါ နင့်အတွက် ရည်းစားစာတွေ ဘယ်လောက်တောင် သိမ်းထားပေးခဲ့ရလဲ ငါတို့နှစ်ယောက် မတည့်ဘူးဆိုတဲ့ ကောလာဟလတွေသာ မဖြန့်ခဲ့ရင် ငါ့ လော့ကာ စာအိတ်တွေ လျှံထွက်နေမှာ”
သူတို့သည် ခေတ္တမျှ အပြန်အလှန် စကားနာထိုးလိုက်ကြပြီးနောက် နှစ်ဦးစလုံး ရယ်မောလိုက်ကြသည်။
အချို့သောအမှတ်တရများသည် ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူတို့သည် အမြဲတစေ အချင်းများနေတတ်ကြပြီး တွေ့လိုက်တိုင်း အငြင်းပွားတတ်ကြသော်လည်း နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ကြသည်။
ကျုံချင်းယွီသည် စကားနားထောင်သော ညီမတစ်ယောက် မဟုတ်ခဲ့ပေ။
ကျုံယန်စီသည်လည်း မျက်နှာသာပေးသော အစ်ကိုတစ်ယောက် မဟုတ်ခဲ့ပေ။
သို့သော်လည်း သူတို့နှစ်ဦးသည် အချင်းချင်း၏ အရင်းနှီးဆုံး မိသားစုဝင်များဖြစ်သည်။
ပူရှိန်းသကြားလုံးသည် စစချင်း၌ ခါးသည်။ ၎င်း၏ ကြွပ်ဆတ်သော အပေါ်ယံအခွံ အရည်ပျော်သွားသောအခါ ကြမ်းရှသော ချိုမြိန်မှုကို ဖြစ်ပေါ်စေသည်။
“ကျုံယန်စီ”
သကြားလုံး အရည်ပျော်သွားချိန်တွင် ကျုံချင်းယွီက ရုတ်တရက် ပြောလိုက်သည်။
“ယန်ရှီကို ကောင်းကောင်း ဆက်ဆံ၊ သူ့ဘဝက ခက်ခဲခဲ့တယ်”
ကျုံယန်စီသည် သူမက ယန်ရှီ၏ လင်းမိသားစုနှင့် ပတ်သက်သည့် အတိတ်ကို ရည်ညွှန်းနေကြောင်း သိလိုက်သည်။
သူက မျက်ခုံးပင့်လိုက်သည်။
“ငါက နင့်ရဲ့ အကြံဉာဏ်ကို ဘယ်တုန်းက လိုခဲ့လို့လဲ”
ထို့နောက် သူက ဆက်ပြောသည်။
“ဒါပေမဲ့ ပေဟန်လီကိစ္စဆိုရင်တော့”
“ပေဟန်လီနဲ့ ငါ့ကိစ္စကို ဝင်မပါနဲ့”
ကျုံချင်းယွီက သူမ၏ မေးစေ့ကို ပင့်လိုက်သည်။
“ဒါက ငါ့ရဲ့ ပထမဆုံးအချစ်ရေးကိစ္စ မဟုတ်ဘူး ပြီးတော့ ငါနဲ့ ဘယ်ယောက်ျားကများ မလိုက်ဖက်လို့လဲ၊ မဖြစ်နိုင်တာ”
ကျုံယန်စီသည် “ပေယွဲ့ပိုင်” ဟု ပြောလုနီးပါးဖြစ်သည်။
သို့သော် ကျုံချင်းယွီက ဦးစွာဖြတ်ပြောလိုက်သည်။
“ပေယွဲ့ပိုင်က မပါဘူး၊ ဒင်းက အမှိုက်ကောင်ပဲ”
ကျုံယန်စီသည် ကျုံချင်းယွီ၏ အမြင်များနှင့် သဘောတူလေ့မရှိသော်လည်း ဤတစ်ကြိမ်တွင်တော့ သူသည်လည်း ငြင်းခုံနိုင်စွမ်းမရှိပေ။
သူတို့နှစ်ဦးသား ဆက်၍ လမ်းလျှောက်နေကြသည်။
နေဝင်ချိန်မှ အရိပ်များသည် မြေပြင်တစ်လျှောက် ရှည်လျားစွာ အရိပ်ကျနေခဲ့သည်။ မီးလျှံများကဲ့သို့ တောက်ပနေသည့် တိမ်များသည် ခေတ်မီ တရုတ်ဥယျာဉ်၏ ရှုခင်းနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး သူတို့နှစ်ဦး၏ အရိပ်များကိုလည်း ရောယှက်စေခဲ့သည်။ ဤအချိန်၌ သူတို့နှစ်ဦး ပေါင်းစပ်နေသော ပုံရိပ်သည် လိုက်လျောညီထွေ ဖြစ်နေသည်ကို တွေ့ရလေသည်။
ဟိုင်လာယာဟိုတယ်၏ ဧည့်ခန်းမ၌။
“ဂျူနီယာလေး၊ ငါတို့လည်း ရင်းနှီးတာကြာပြီ ကျုံချင်းယွီ ဒီရက်ထဲ ဘယ်သူနဲ့ တွဲနေလည်း ငါ့ကို ပြောစမ်းပါဦး”
“အရိပ်အမြွက်လေး တစ်ခုလောက်”
“လုပ်စမ်းပါ ငါ ဥက္ကဌကျုံကို ရှာပေးခဲ့တယ်လေ၊ ကျေးဇူးဆပ်လိုက်ပါဦး”
ဧည့်ခန်းမတွင် ယန်ရှီသည် ဆိုဖာပေါ်တွင် ကိတ်မုန့်သေးသေးလေးတစ်ခုကို အရသာခံစားနေသည်။ စုန့်ကျီလယ်သည် သူ၏ ဖုန်းရှိ မီမိုအက်ပ်ကို ဖွင့်ကာ ကျုံချင်းယွီ၏ မကြာသေးမီက လှုပ်ရှားမှုများအကြောင်းကို မေးမြန်းနေခဲ့သည်။
ဤသည်ကား ယန်ရှီသည် စုန့်ကျီလယ်၏ ဤမျှအထိ အောက်ကျခံသည့် ပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေ ပေါ်ဝိန်အထက်တန်းကျောင်းတွင် စုန့်ကျီလယ်သည် ယဉ်ကျေးသိမ်မွေ့ပြီး စံထားအပ်သော ပညာရှင် ဖြစ်သည်။ သူတို့၏ အတန်းမှ မိန်းကလေးများစွာသည် သူ့အား တိတ်တခိုး စိတ်ဝင်စားခဲ့ကြသည်။ ယန်ရှီသည် ပထမနှစ်ကျောင်းသူအဖြစ် မိန့်ခွန်းပြောသည့်အခါတိုင်း စုန့်ကျီလယ်ကို နောက်ကွယ်တွင် မြင်ရတတ်ပြီး အမြဲတစေ တည်ငြိမ်အေးဆေး၍ ဂုဏ်သိက္ခာရှိသော အထက်တန်းကျောင်းသားပုံစံနှင့် ရှိနေတတ်သည်။
သို့သော် ယခု၌။
ကြည့်ရသည်မှာ အလွန်နာကျင်ဖွယ်ရာ ဖြစ်နေသည်။
“ရှင် ချင်းယွီကို ကိုယ်တိုင်မေးကြည့်သင့်တယ်”
ယန်ရှီသည် တီရာမီစုကိတ်မုန့်ကို စားရင်း ပြောသည်။
“သူ ခဏနေ ရောက်လာတော့မှာပါ”
“ငါက အစမ်း သုတေသနလေး လုပ်ရုံပါပဲ၊ ကိုယ့်ရန်သူကိုသိပြီး ကိုယ့်ကိုယ်ကိုယ်သိဖို့ပေါ့”
“ရှင် အခုမှ စုံစမ်းလို့ မရတော့ဘူး၊ ကျွန်မနဲ့ ချင်းယွီ ရိုက်ခဲ့တဲ့ ရသစုံအစီအစဉ်ကို မကြည့်ခဲ့ရဘူးလား”
ယန်ရှီက စုန့်ကျီလယ်သည် “ခရီး” အစီအစဉ်ကို အနည်းငယ်မျှသာ ကြည့်ခဲ့မည်ဆိုလျှင်ပင် ပေဟန်လီတစ်ယောက် ကျုံချင်းယွီအပေါ် စိတ်ဝင်စားနေသည်မှာ သိသာနေသည်ကို သတိထားမိလိမ့်မည်ဟု တွေးလိုက်သည်။ ချင်းယွီ၏ ရေပန်းစားမှု တိုးတက်လာသည်နှင့်အမျှ အင်တာနက်တွင် ပရိသတ်များ လုပ်ထားသည့် ချင်းယွီနှင့် ပေဟန်လီတို့၏ စုံတွဲပုံများဖြင့် ပြည့်နှက်နေသည်။
“ငါ နည်းနည်းလေးတော့ ကြည့်လိုက်တယ်၊ မကြည့်ချင်ပါဘူး ပေဟန်လီကို မြင်ရုံနဲ့ စိတ်တိုလာတယ်”
စုန့်ကျီလယ်၏ မျက်လုံးများတွင် ပေဟန်လီအပေါ် အမုန်းတရားများ ပေါ်လွင်နေသည်။
ယန်ရှီ၏ စူးစမ်းလိုစိတ်က ပိုမိုပြင်းထန်လာသည်။
“ရှင် ပေဟန်လီကို သိတာလား၊ ဪ .. ဟုတ်သားပဲ သူလည်း ပေါ်ဝိန်မှာ တက်ခဲ့တာပဲ၊ ရှင်တို့က ကျောင်းသားဟောင်းတွေပဲ”
ပေါ်ဝိန်အထက်တန်းကျောင်း၌ အငယ်တန်းနှင့် အကြီးတန်းဌာနများ နှစ်ခုရှိသည်။ ဟိုင်ချန်ရှိ အထက်တန်းလွှာမိသားစုများမှ အမွေခံ သားသမီးများစွာသည် အလယ်တန်းမှ အထက်တန်းအထိ တက်ရောက်ကြသော်လည်း ဌာနနှစ်ခုသည် အဆောက်အအုံများ ခွဲထားသောကြောင့် ကျောင်းသားများအကြား ဆက်ဆံမှု ကန့်သတ်ထားခဲ့သည်။
ယန်ရှီ ခုနစ်တန်း ကျောင်းသူအရွယ်၌ ကျုံယန်စီသည် ပေါ်ဝိန်တွင် ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ ပေဟန်လီသည် ကျုံယန်စီနှင့် အတန်းတူဖြစ်သောကြောင့် သူတို့ချင်း တစ်နည်းနည်းဖြင့် တွေ့ခဲ့ကြပေမည်။
“အဲဒါကြောင့် ငါ သူ့ကို သည်းမခံနိုင်တာ၊ ချင်းယွီက သူ့နဲ့ ဘယ်တော့မှတွဲမှာ မဟုတ်ဘူး”
စုန့်ကျီလယ်က လက်သီးကို ဆုပ်၍ သွားများကို ကြိတ်လိုက်သည်။
ပေဟန်လီကို ဆွဲဖြဲပစ်ချင်သည့်အလားပင်။
ယန်ရှီသည် ထိုအကြည့်ကို မှတ်မိသည်။ ၎င်းသည် ချစ်ခြင်း ပြိုင်ဘက်တစ်ဦး၏ အကြည့်ဖြစ်သည်။
“ဘာလို့ ‘ဘယ်တော့မှ’ တွဲမှာ မဟုတ်တာလဲ” ယန်ရှီက မေးသည်။
စုန့်ကျီလယ်က လှောင်ပြောင်လိုက်သည်။
“ချင်းယွီက ဒုတိယအကြိမ် အခွင့်အရေးပေးတာမျိုးကို မရှိဘူးမလား၊ တကယ်လို့ သူ့ရည်းစားဟောင်း ပေဟန်လီမှာတောင် အခွင့်အရေးရှိသေးတယ်ဆိုရင် ငါ့မှာ ဘာလို့ မရှိရမှာလဲ”
ယန်ရှီ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။
“ချင်းယွီနဲ့ ပေဟန်လီတို့ တွဲခဲ့ကြတယ်လား”
စုန့်ကျီလယ်က ယန်ရှီကို စိုက်ကြည့်လိုက်သည်။
“မင်း မသိခဲ့ဘူးလား”
ယန်ရှီက ခေါင်းခါလိုက်သည်။
“အကြာကြီးတော့ မဟုတ်ဘူး၊ ချင်းယွီ ပြည်ပက ပြန်လာပြီး မကြာခင်မှာပဲ ငါ သူ့ကို ပြန်ရဖို့ ကြိုးစားခဲ့ပေမဲ့ ပေဟန်လီဆိုတဲ့ကောင်က ဝင်လုံးသွားတာလေ”
စုန့်ကျီလယ်သည် သူ၏ မအောင်မြင်ခဲ့သော ကြိုးစားမှုကို နာကျင်စွာဖြင့် ပြန်ပြောပြသည်။
“ပြီးတော့ ပေဟန်လီက ဖွင့်ပြောလုနီးပါးဖြစ်ခဲ့ပေမဲ့ ချင်းယွီက ပေယွဲ့ပိုင်ကို စိတ်ဝင်စားသွားတာ အဲဒါနဲ့ပဲ ငါတို့နှစ်ယောက်စလုံး မအောင်မြင်ခဲ့ဘူး”
“ချင်းယွီက မင်းကို မပြောပြခဲ့ဘူးဆိုရင် အရေးကြီးတဲ့ကိစ္စ မဟုတ်လို့ ဖြစ်ပါလိမ့်မယ်၊ ပြောပြဖို့တောင် မတန်ဘူး”
ယင်းက အဓိပ္ပာယ်ရှိသည်။ ကျုံချင်းယွီတွင် ချစ်သူများစွာရှိခဲ့သဖြင့် ယန်ရှီကို တစ်ဦးချင်းစီ ပြန်ပြောပြနေရန် အချိန်မရှိပေ။
ယောက်ျားများအကြောင်း သခင်မလေး၏ အချိန်ကုန်ခံပြောပြရန် မတန်ပေ။
ထိုအချိန်တွင် ကျုံချင်းယွီနှင့် ကျုံယန်စီတို့ ပြန်ရောက်လာသည်။
ယန်ရှီသည် ချက်ချင်းဆိုသလို စုန့်ကျီလယ်ကို လစ်လျှူရှုပြီး ထိုနှစ်ယောက်ကို ကြည့်၍ ပြုံးလိုက်သည်။
“ပြန်ရောက်လာကြပြီလား”
ကျုံချင်းယွီနှင့် ကျုံယန်စီတို့သည် “အင်း” ဟု တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့နှစ်ဦး၏ မျက်လုံးများသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ကာ မီးတောက်များ ကြား၌ ပျံ့လွင့်နေခဲ့သည်။
ကျုံချင်းယွီက ယန်ရှီဘက်သို့ အရင်လှည့်လိုက်သည်။
“နင် ခုနက ဘယ်သူ့ကို အရင် မေးတာလဲ၊ ဘယ်သူ့ကို အရင်မေးချင်တာလဲ”
ယန်ရှီက မျက်တောင်ခတ်လိုက်သည်။
ဘာကွာသွားလို့လဲ။
ကျုံယန်စီက လက်လှမ်းကာ ယန်ရှီ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။
“ငါ့ကောင်မလေးက ငါ့ကို ပိုဂရုစိုက်တာ ရှင်းနေတာပဲ”
ကျုံချင်းယွီသည် အမြန်ရှေ့တိုးကာ သူမ၏လက်ကို ယန်ရှီ၏ လက်မောင်းထဲသို့ ထည့်လိုက်သည်။
“ငါက သူ့ရဲ့ ၁၀ နှစ်ကျော်ကြာ အချစ်ဆုံး သူငယ်ချင်းလေးလေ၊ နင်က သူ့ရည်းစားဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတာ ဘာမှဘောင်မဝင်ဘူး ပြီးတော့ ရည်းစားတွေက အစားထိုးလို့ရတယ်၊ ဟုတ်တယ်မလား စုန့်ကျီလယ်”
ကျုံယန်စီ “…”
စုန့်ကျီလယ်: ???????
အလယ်တွင် ကြားညပ်နေသော ယန်ရှီသည် အော်ရီယိုကွတ်ကီးထဲမှ ချောကလက်ယို သွပ်ထားသလို ခံစားလိုက်ရသည်။
သူမက သတိထား၍
“ကျွန်မ ရှင်တို့နှစ်ယောက်စလုံးကို ဂရုစိုက်လို့မရဘူးလား”
ထိုနှစ်ယောက်သည် သူမကို တစ်ပြိုင်နက် မျက်စောင်းထိုးကြည့်လိုက်သည်။
“မရဘူး အရေးကြီးဆုံးကို ရွေး တစ်ယောက်ပဲ ရွေး”
ယန်ရှီ “…”
သူမသည် ကျုံချင်းယွီနှင့် ကျုံယန်စီကို ကြည့်လိုက်သည်။
ကျုံယန်စီက အထူးတလည် ယုံကြည်မှုရှိနေသည်။
ယခင်က သူတို့၏ ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့သော်လည်း ယန်ရှီသည် တရားဝင် လူသိရှင်ကြားဖော်ပြရန် သဘောတူထားသောကြောင့် သူ့ကို ရွေးချယ်လိမ့်မည်မှာ သေချာသည်။ ထို့အပြင် သူ့ လက်၌ ဒဏ်ရာရှိနေသေးသည်။
ကျုံချင်းယွီသည်လည်း ကျုံယန်စီ၏ ပရိယာယ်ဆန်သော အသာစီးမှုကို သတိထားမိသည်။ ထိုအကြံသမားသည် သူ၏ အင်္ကျီလက်ကို ပတ်တီးပေါ်လာစေရန် ခေါက်တင်ထားခဲ့သည်။
အာ့ ဒီလူ မတရား ကြိုးကိုင်တတ်တာပဲ ရွံ့စရာကောင်းလိုက်တာ။
ကျုံချင်းယွီ၏ မျက်လုံးများက တစ်နေရာသို့ ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် “အမလေး” ဟု အသံပြုကာ သူမ၏ နဖူးကို ကိုင်၍ ယန်ရှီအပေါ်သို့ မှီလဲကျလိုက်သည်။
ယန်ရှီက သူမကို လျင်မြန်စွာ ထိန်းပေးသည်။
“ချင်းယွီ ဘာဖြစ်တာလဲ”
ကျုံချင်းယွီသည် သနားစဖွယ် အကြည့်ဖြင့် ယန်ရှီကို ကြည့်လိုက်သည်။
“ငါ တစ်နေကုန် ရိုက်ကူးရေး လုပ်နေရတာ နေ့လယ်စာစားဖို့ မေ့သွားတယ် သွေးတွင်းသကြားဓာတ်နည်းသွားတာ ဖြစ်ရမယ်၊ ရှီရှီ နင်နဲ့ ငါ့အစ်ကိုက အခုမှ စတွဲကြတာ ငါလိုက်နှောင့်ယှက်လို့ မဖြစ်ပါဘူးလေ”
“ငါဒီတိုင်း”
ချင်းယွီသည် ယန်ရှီနောက်မှ စုန့်ကျီလယ်ကို လှမ်းကြည့်လိုက်သည်။
“ငါ့ စိတ်ရှုပ်စရာ ရည်းစားဟောင်းနဲ့ပဲ ညစာစားလိုက်ပါတော့မယ် ကိစ္စမရှိပါဘူး၊ အဆိုးဆုံးကတော့ သူ့မျက်နှာကိုကြည့်ပြီး စားချင်စိတ်ပျက်တာပဲ ပြဿနာမရှိပါဘူးလေ”
“စိတ်ရှုပ်စရာ ရည်းစားဟောင်း” ဟု ခေါ်ခံလိုက်ရသော စုန့်ကျီလယ် : ??
“နင် နေ့လယ်စာ ထပ်မစားပြန်ဘူးလား”
ယန်ရှီက ဗြာများစွာ မေးသည်။
“ရှောင်မုန့်က နင့်အတွက် ဘာမှ မပြင်ပေးခဲ့ဘူးလား”
ကျုံချင်းယွီသည် ၅ ပေ ၇ လက်မ အရပ်ရှည်ပြီး ယန်ရှီ (၅ ပေ ၅ လက်မ) အပေါ်သို့ သိမ်မွေ့စွာ မှီချလိုက်သည်။
“ငါ့ သရုပ်ဆောင်တာ ဘယ်လောက်ဆိုးလဲဆိုတာ နင်သိတာပဲ ခဏခဏ ပြန်ရိုက်နေရတာ ရှောင်မုန့်က အသုပ်တစ်ပွဲ ယူလာပေးခဲ့ပေမဲ့ ငါ စားဖို့တောင် အချိန်မရခဲ့ဘူး၊ ငါစားမယ်လုပ်တဲ့ အချိန်ကျတော့ နင်တို့နှစ်ယောက် တစ်ခုခုဖြစ်တယ်လို့ ကြားလိုက်ရလို့ အမြန်ပြေးလာခဲ့တာ အိုင်းယိုး အရမ်းမူးနေတယ်၊ အရမ်းမူးတယ်..”
ကျုံယန်စီ “…”
စုန့်ကျီလယ် “…”
မျက်မမြင်တစ်ယောက်တောင် ဒီလောက်ဆိုးတဲ့ သရုပ်ဆောင်တာကို သိနိုင်တယ်။
သို့သော် ယန်ရှီက အပြည့်အဝ ယုံကြည်နေသည်။
သူမ တစ်ဝက်စားထားသော တီရာမီစုကိတ်မုန့်ကို ကောက်ယူလိုက်ပြီး ကျုံချင်းယွီကို ခွံ့ကျွေးလိုက်သည်။
“ဒီကိတ်မုန့်အရင်စားလိုက်ဦး၊ ညစာ ဘာစားချင်လဲ ငါ လိုက်ပို့ပေးမယ်”
တီရာမီစုကိတ်မုန့်သည် ပျားရည်ကဲ့သို့ ချိုမြိန်ပြီး ကျုံချင်းယွီ၏ လျှာပေါ်တွင် အရသာရှိစွာ အရည်ပျော်ဝင်သွားသည်။
ကျုံချင်းယွီတစ်ယောက် ညစာစားရန် ရွေးချယ်စရာများကို ပျော်ရွှင်စွာ တွေးတောနေစဉ် ကျုံယန်စီသည် ယန်ရှီ၏ လက်ကို လှမ်းကိုင်လိုက်သည်။
“ကိုယ်ကရော”
ယန်ရှီက ခေါင်းစောင်း၍
“ရှင်လည်း လိုက်ခဲ့လို့ရတာပဲ”
စားသောက်ဆိုင်တွေမှာ လူနှစ်ယောက်ပဲ စားရမယ်လို့ ကန့်သတ်ထားတာမှမရှိတာ သုံးယောက်က ကောင်းတာပဲ။
ကျုံချင်းယွီ၏ မျက်လုံးများ ဝင်းလက်သွားသည်။
“ရှီရှီ ငါ ဟော့ပေါ့စားချင်တယ်၊ ငါ ကင်မရာနဲ့ အဆင်ပြေအောင် ယုန်စာတွေပဲ နှစ်ချီ စားလာရတာ ညရိုက်ကွင်းနှစ်ခုပဲ ကျန်တော့တယ်၊ ဒါတွေက မနက်ဖြန်ကျမှ စောင့်နိုင်ပါတယ် နင် ငါနဲ့ လိုက်မယ်မလား”
ယန်ရှီက ခေါင်းငြိမ့်လိုက်သည်။
“လိုက်မယ်”
ယန်ရှီ၏ လက်မောင်းကို ချိတ်လျက် ကျုံချင်းယွီက ကျုံယန်စီကို အောင်နိုင်သူ အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကျုံယန်စီ၊ နင် ဗိုက်နာတတ်တယ်မလား အစပ်တွေ မစားနိုင်ဘူးမလား”
“ဪ ဟုတ်သားပဲ”
ယန်ရှီက သူ၏ အစာအိမ်ရောင်ရောဂါအကြောင်း သတိပေးထားသော ဆေးမှတ်တမ်းကို သတိရလိုက်သည်။
ကျုံချင်းယွီ “အိမ်မှာ ပါးပါးနဲ့ ညစာစားပါလား၊ ပါးပါးရဲ့ ဟင်းတွေက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လေ”
ကျုံယန်စီ “…”
ကျန်းမာရေးနဲ့ ညီညွတ်တာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ သူလည်း သူ့ ချစ်သူနဲ့အတူ အပြင်ထွက်စားချင်တာပေါ့။
“ငါ အချို ဟင်းရည်နဲ့ စားလို့ရပါတယ်” ဟု သူက ခေါင်းမာစွာ ပြောလိုက်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် တစ်ပြိုင်နက်တည်း “မရဘူး” ဟု ပြောလိုက်သည်။
အချိုဟင်းရည်က စီချွမ်ဟော့ပေါ့ကို စော်ကားခြင်းဖြစ်သည်။ အဓိကအချက်မှာ မီးတောက်နေသော ဆီအနီရောင်ဖြစ်သည်။
ယန်ရှီနှင့် ကျုံချင်းယွီတို့သည် အစားအသောက်နှင့် ပတ်သက်လာလျှင် ဘာသာစကားတစ်ခုတည်း ပြောသောကြောင့် ချက်ချင်း ရင်းနှီးသွားကြသည်။
ကျုံယန်စီကတော့ စကားမပြောနိုင်တော့ပေ။
ကျုံချင်းယွီသည် အနီးအနားရှိ ဟော့ပေါ့ဆိုင်များကို ရှာဖွေရန် သူမ၏ဖုန်းကို ထုတ်ပြီးသားဖြစ်သည်။ ယန်ရှီသည် ကျုံယန်စီ၏ စိတ်အခြေအနေကို သတိပြုမိပြီး သူ၏ အင်္ကျီစကို ဆွဲကာ နှစ်သိမ့်ပေးလိုက်သည်။
“ချင်းယွီက ဟော့ပေါ့စားချင်လို့ပါ၊ မနက်ဖြန်ကျရင် ရှင်စားချင်တာ ကျွန်မ လိုက်ကျွေးပါ့မယ်၊ ဟုတ်ပြီလား”
ကျုံယန်စီ: လက်ရှိ မိသားစုအဆင့်အတန်းအရ သူ ငြင်းပယ်ပိုင်ခွင့် ရှိပါ့ဦးမလား။
“ဟုတ်တယ်လေ” ကျုံချင်းယွီက ဝင်ပြောသည်။
“ပြီးတော့ နင်က ဆေးမိထားတာ အဲထဲမှာ တခြားဘာတွေပါဦးမလဲ ဘယ်သူသိလဲမှာလဲ၊ ဟော့ပေါ့စားမယ့်အစား ဆေးရုံမှာ စစ်ဆေးမှုခံယူသင့်တယ်”
ယန်ရှီက သဘောတူစွာ ခေါင်းငြိမ့်သည်။
အစောပိုင်း၌ လက်ထောက်ဆွန်း ခေါ်ထားသော ဆရာဝန်သည်လည်း ကျုံယန်စီကို ဆေးရုံတွင် စစ်ဆေးမှုခံယူရန် အကြံပြုထားသည်။
စားပွဲတစ်ဝိုင်း ဘွတ်ကင်လုပ်ပြီးနောက် ကျုံချင်းယွီသည် ယန်ရှီ၏ လက်မောင်းကို ပျော်ရွှင်စွာ ချိတ်၍ ဟော့ပေါ့စားရန် ထွက်သွားကြသည်။
စုန့်ကျီလယ်သည် ဆေးမိထားခြင်း သို့မဟုတ် အစာအိမ်ပြဿနာ မရှိသောကြောင့် လိုက်ရန် စိတ်အားထက်သန်နေသော်လည်း ကျုံချင်းယွီက သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ရာ သူသည် တိတ်တဆိတ်ပင် နောက်ဆုတ်သွားသည်။
ထိုအချိန်တွင် လက်ထောက်ဆွန်း ရောက်ရှိလာသည်။
“မစ္စတာကျုံ ဆေးရုံကို ကျွန်တော် လိုက်ပို့ရမလား”
ကျုံယန်စီက ညည်းတွားလိုက်သည်။
“အပိုပဲ”
သူသည် ဤည၌ သူ၏ချစ်သူနှင့်အတူ ပွေ့ဖက်ခြင်းများနှင့် ကောင်းကောင်း ချိန်းတွေ့ရန် မျှော်လင့်ထားခဲ့သည်။ ယခုမူ ဆေးရုံ သွားရတော့မည်ဖြစ်သည်။ မမျှတလိုက်ခြင်းဟု တွေးမိလိုက်သည်။
ဟိုင်လာယာဟိုတယ်၏ ဝင်ပေါက်တွင် Rolls-Royce ကားတစ်စီး ရပ်လိုက်သည်။ လက်ထောက်ဆွန်းက တံခါးဖွင့်ပေးပြီး ကျုံယန်စီသည် ကားထဲသို့ ဝင်ရန် ပြင်နေစဉ်တွင် ယန်ရှီက သူ့ထံသို့ ပြေးလာသည်။
သူမ၏ ရှန်ပိန်ရောင်ဂါဝန်တွင် နောက်စအရှည်ပါပြီး လက်ထောက်ဆွန်းက သူမကို ဒေါက်မြင့်ဖိနပ်ဖြင့် တွဲပေးထားသည်။ ၎င်းသည် ယန်ရှီတစ်ယောက် လင်းမိသားစုမှ ထွက်လာပြီးနောက် မဝတ်ဖူးသော အရာဖြစ်သည်။ အလျင်လိုနေသဖြင့် ယန်ရှီသည် ဂါဝန်စကို တက်နင်းမိသည်။ ကျုံယန်စီက ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမ မလဲကျမီ ဖမ်းမိလိုက်သည်။
“ပိုပြီး ဂရုစိုက်လို့ မရဘူးလား”
သူ၏စကားများသည် ဆူသံပေါက်နေသော်လည်း မျက်လုံးများတွင် နွေးထွေးမှုများ ရှိနေသည်။
“ကျွန်မ အရမ်းနှေးနေရင် ရှင် ထွက်သွားမှာ စိုးလို့လေ”
ကျုံယန်စီ၏ နှလုံးသားသည် ဒိန်းခနဲ ခုန်သွားပြီး သူ၏ နှုတ်ခမ်းများက ပြုံးလိုက်သည်။
“ဟော့ပေါ့ကို စိတ်ပြောင်းသွားပြီလား”
“အဲလိုတော့ မဟုတ်ဘူး”
ယန်ရှီက သူမ၏ လက်ကောက်ဝတ်ရှိ အနီရောင်စိန်လက်ကောက်ကို လှုပ်ပြလေသည်။
“ဒီဟာရဲ့ဘူး ဘယ်မှာလဲ၊ ကျွန်မကို ပေးလို့ရမလား လုံလုံခြုံခြုံ သိမ်းထားမလို့၊ ကျွန်မသာ ပျောက်သွားရင် ဘယ်လိုလုပ် ပြန်ဝယ်ဖို့ တတ်နိုင်မှာလဲ”
System က လက်ကောက်၏ တန်ဖိုးကို ခန့်မှန်းခဲ့ပြီး ၎င်း၏ တန်ဖိုးကြောင့် ယန်ရှီတစ်ယောက် တုန်လှုပ်နေမိသည်။
ကျုံယန်စီ “…”
“ဆိုတော့ မင်း ဒါအတွက်ပဲ ပြန်လာတာလား”
“ဟုတ်တယ်လေ”
သူ၏ လေသံက အေးစက်သွားသည်။
“ဒါက လက်ဆောင်ပဲ၊ မင်း ပျောက်သွားရင်တောင် မင်းကို ပြန်လျော်ခိုင်းမှာ မဟုတ်ဘူး”
“မဖြစ်ဘူး၊ တန်ဖိုးက သန်းရာနဲ့ချီတယ်လေ ဘူးကိုပဲ ပေးပါ၊ ကျွန်မ သေသေချာချာ သိမ်းထားပါ့မယ်”
ကျုံယန်စီက သက်ပြင်းချလိုက်သော်လည်း လက်ခံလိုက်သည်။ မည်သို့ပင်ဆိုစေ ထိုသို့သော လက်ဝတ်ရတနာများသည် အထူးပွဲများအတွက်သာ ရည်ရွယ်ပြီး နေ့စဉ်ဝတ်ဆက်ရန် မဟုတ်ပေ။ ကျုံယန်စီသည် ယန်ရှီအား ကတ္တီပါဘူးကို ပေးလိုက်သည်။
ယန်ရှီသည် လက်ကောက်ကို သူမ၏ ပိုက်ဆံအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။
“ရပြီ ဟော့ပေါ့စားဖို့ သွားပြီ”
ကျုံယန်စီ “သွားသွား”
သူ့တွင် ဆေးရုံသွားရန်ရှိနေသည်။
ဘယ်လောက်တောင် ကြေကွဲစရာကောင်းလိုက်သလဲ။
သူတို့၏ တရားဝင်ချစ်သူရည်းစားဖြစ်မှု၏ ပထမဆုံးနေ့၌ ကျုံယန်စီသည် ပိုးသတ်ဆေးနံ့နံသော ဆေးရုံအခန်းထဲတွင် အချိန်ကုန်ရတော့မည်။
သို့သော် ယန်ရှီက မထွက်သွားသေးပေ။ ကျုံယန်စီသည် ကားထဲသို့ ဝင်ရန် လှည့်လိုက်စဉ်တွင် ယန်ရှီသည် ရုတ်တရက် သူ့ထံသို့ မှီလိုက်ပြီး နှုတ်ခမ်းကို နမ်းလိုက်သည်။
သူ၏ မျက်လုံးများ မှောင်မိုက်သွားပြီး သူမအပေါ် စူးစိုက်၍ ကြည့်နေခဲ့သည်။
သူတို့သည် အပြင်ဘက် ဟိုတယ်ဝင်ပေါက်တွင်ဖြစ်ပြီး လူအများဖြင့် ဝိုင်းရံနေခဲ့သည်။
ယန်ရှီက သူ့လက်ကို ညှစ်လိုက်သည်။
“စိတ်မဆိုးပါနဲ့နော်၊ ချင်းယွီက ဒီနေ့ ချူမိသားစုနဲ့ ရင်ဆိုင်ခဲ့ရတာ အဆင်ပြေနေတဲ့ပုံ ဟန်ဆောင်နိုင်ပေမဲ့ သူက ချူယန်ကို ဂရုစိုက်ခဲ့တာ သူ့အတွက် ခက်ခဲခဲ့မှာပဲ၊ ကျွန်မကို ဒီညတော့ သူ့ဘေးမှာ နေခွင့်ပေးဦးနော် မနက်ဖြန်ကျရင် ရှင်စားချင်တာ ကျွန်မ လိုက်ကျွေးပါ့မယ်၊ ဟုတ်ပြီလား”
ကျုံယန်စီက နှုတ်ဆိတ်နေခဲ့သည်။
“ဟုတ်ပြီလား ကောကော”
သူ၏ မျက်လုံးများ လင်းလက်သွားသည်။
“ထပ်ပြောဦး”
ယန်ရှီက မျက်တောင်ခတ်လိုက်သည်။
“ကောကော ကောကော”
ကျုံယန်စီသည် သူမ၏ ခေါင်းနောက်ကို ကိုင်ကာ နက်ရှိုင်းစွာ နမ်းရှိုက်လိုက်သည်။
ရှေ့မီးများ ချဉ်းကပ်လာသည့်အခါမှသာ သူတို့ ခွဲကွာသွားသည်။ ကျုံယန်စီ၏ လက်မသည် ယန်ရှီ၏ နှုတ်ခမ်းထောင့်ရှိ စိုစွတ်နေမှုကို ပွတ်သပ်လိုက်ပြီး သူမ၏ နားရွက်ဖျားကို ကိုက်လိုက်သည်။
“အခုတော့ ညီသွားပြီ”
လက်ထောက်ဆွန်းသည် တစ်လျှောက်လုံး ကျောပေးနေခဲ့သည်။
အရည်အချင်းပြည့်မီသော လက်ထောက်တစ်ဦးအနေဖြင့် သူ့သူဌေး၏ အချစ်ရေးအချစ်ရာအချိန်များတွင် တတိယလူအဖြစ် ဟန်ဆောင်ခြင်းက ပိုကောင်းကြောင်း သူသိသည်။
ယန်ရှီ ထွက်ခွာသွားပြီးမှသာ သူသည် ကျုံယန်စီ၏ဘေးသို့ ပြန်လာသည်။
“မစ္စတာကျုံ ဆေးရုံကို အခု သွားရမလား”
ကျုံယန်စီတစ်ယောက် စိတ်ရွှင်နေသည်။
“ဟမ်၊ ဘာပြောလိုက်တာလဲ”
“ကျွန်တော် ဆေးရုံကို သွားရမလားလို့ မေးတာပါ”
“ဪ ဒါဆို မင်း ငါ့ချစ်သူက သွားခိုင်းတာကို သိခဲ့တာပေါ့၊ ငါ့မှာ ငါ့ကို စိုးရိမ်ပေးတဲ့ ချစ်သူရှိနေတာကို မင်း သိခဲ့တာပေါ့”
လက်ထောက်ဆွန်း “…”
ယန်ရှီက ဂရုစိုက်သည် မစိုက်သည်ကို သူ မသိခဲ့သော်လည်း ယခုတော့ တိတိကျကျ သိသွားပြီဖြစ်သည်။ သူ၏သူဌေးသည် အမှန်ပင် Simp တစ်ယောက်ဖြစ်နေသည်။
[T/N: Simp ဟူသည် အချစ်ရေးတွင် သူ၏စိတ်ကို တစ်ပါးသူ၌၊ ဤနေရာတွင် ယန်ရှီကို လွန်လွန်ကျူးကျူး အရေးပေးကာ ခခယယ၊ သစ္စာရှိရှိ မြှပ်နှံထားသူတစ်ဦးဖြစ်သည်။]
ထိုနေ့တွင် ချူယန်မှာ ရဲမှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ တစ်စုံတစ်ဦးကို ဆေးခတ်ခြင်းသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြစ်ပြီး သူမသည် ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာစေမှုဖြင့် စွဲချက်တင်ခံရသည်။ ချူပါးပါးက သူမကို အာမခံဖြင့် လွတ်မြောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။
ကျုံပါးပါးသည် အမျက်ဒေါသထွက်နေခဲ့သည်။ ကျုံနှင့် ချုမိသားစုတို့သည် စီးပွားရေးအရ အချိန် ကြာမြင့်စွာ ဆက်စပ်မှုရှိခဲ့သော်လည်း ထိုအချိန်မှစ၍ ချူမိသားစုအတွက် လျှော့စျေးအားလုံးကို ဖျက်သိမ်းခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နေခြင်းသည် သူ၏ ကွယ်လွန်သွားသော ဇနီးသည်နှင့် သမီးကို လေးစားသမှုဖြင့်သာ ဖြစ်သည်။
ကျုံချင်းယွီသည်လည်း ချူမိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ကျုံချင်းယွီအတွက် အသန်မာဆုံးနှောင်ကြိုးမှာ သူမ၏ မိခင်နှင့်သာ ဖြစ်သည်။ ချင်းယွီ၏ မိခင် ကွယ်လွန်သွားပြီးနောက် ချူမိသားစုနှင့် ဆက်နွှယ်မှုမှာ ခိုင်မြဲမှု လျော့နည်းသွားပြီး ချူယန်၏ လုပ်ရပ်များကြောင့် ဆက်၍ထိန်းသိမ်းရန် အကြောင်းပြချက် မရှိတော့ပေ။
“Madness” ဇာတ်ကား၏ နောက်ဆုံးရိုက်ကွင်းများပြီးနောက် ကျုံချင်းယွီသည် သရုပ်ဆောင်ခြင်းမှ ခေတ္တအနားယူလိုက်သည်။ ပေဟန်လီသည် သူမကို ဖျော်ဖြေပွဲများ၊ ဓာတ်ပုံရိုက်ကူးမှုများ၊ ကြော်ငြာများ စသည့် အပျော်အပါးများအတွက် ဇိမ်ခံဘဝသို့ ခေါ်သွားသည်။
တစ်ချိန်တည်းမှာပင် ယန်ရှီသည် အလုပ်များဖြင့် ပင်ပန်းနွမ်းနယ်နေခဲ့သည်။
ယန်ရှီသည် starlight ဖျော်ဖြေရေးကို စီမံခန့်ခွဲခြင်းနှင့် သူမ၏ ပညာရေးပိုင်ဆိုင်ရာ တာဝန်များကြားတွင် အလုပ်များကာ လုံးပါးပါးနေခဲ့သည်။
ဟိုင်တတက္ကသိုလ်မှ ဘွဲ့ရကျောင်းသားအများစုသည် အလုပ်သင်ဆင်းနေကြခြင်း သို့မဟုတ် ပြည်ပတွင် ပညာသင်ယူနေကြသော်လည်း ဒုတိယနှစ်တွင် အရေးပါသော အဆင့်တစ်ခုဖြစ်သည့် အဆို စာတမ်းတင်သွင်းမှုကို ပြုလုပ်ရသည်။
ယန်ရှီသည် သုတေသနနှင့် စာပေများကို လေ့လာရင်း ရက်သတ္တပတ်များစွာ အချိန်ကုန်ခဲ့သည်။ ကျုံယန်စီနှင့် ကျုံချင်းယွီတို့သည် သူမ၏ အလုပ်များနေမှုကို သတိပြုမိသဖြင့် သူတို့၏ ပုံမှန် အချင်းချင်း ပြိုင်ဆိုင်မှုများကို လျှော့ချခဲ့ကြသည်။ ကျုံယန်စီသည် သာမန် ဟူဒီအင်္ကျီများကို ဝတ်ဆင်ကာ ယန်ရှီနှင့်အတူ ဟိုင်တတွင် ရောနှောနေထိုင်ပြီး စားသောက်ဆိုင်တွင် အစားအသောက်များကို စားခဲ့သည်။
ကျုံချင်းယွီသည်လည်း ထိုနည်းအတိုင်း ကြိုးစားခဲ့သော်လည်း သူမ၏ သိသာထင်ရှားသောရုပ်ရည်ကြောင့် တိတ်တိတ်ဆိတ်ဆိတ်နေရန် မဖြစ်နိုင်ခဲ့ပေ။ ချင်းယွီ၏ ပထမဆုံးအကြိမ်လာလည်ခြင်းသည် ကျောင်းသားများက သူမကို ဓာတ်ပုံနှင့် လက်မှတ်များအတွက် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး ယန်ရှီနှင့်အတူ တိတ်ဆိတ်စွာ စားသောက်ရန်ပင် အချိန်မရခဲ့ပေ။
အောက်တိုဘာလတွင် ယန်ရှီ၏ စာတမ်းတင်သွင်းမှု ပြီးစီးခဲ့သည်။
ထိုအချိန်တွင် ဟန်ရှုက “အဆိုတော်” ပြိုင်ပွဲ၌ ဆုရရှိသွားခြင်းဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းကြောင့် ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ် ၂ မှတ်တိုးလာခဲ့သည်။
(ဟန်ရှုသည် အယ်လ်ဘမ်များ၊ ဖျော်ဖြေပွဲများ မရှိသေးသော အိုင်ဒေါအသစ်ဖြစ်သည့်အတွက် ရသစုံအစီအစဉ်တစ်ခုတွင် အနိုင်ရခြင်းက သူမကို ညတွင်းချင်း နာမည်ကျော်တစ်ဦး ဖြစ်လာစေမည်မဟုတ်ပေ။ သို့သော် စတားလိုက်ဖျော်ဖြေရေးက သူမ၏ ပွဲဦးထွက် အယ်လ်ဘမ်ကို ထုတ်လုပ်ပေးနေပြီး “The Bottom Line” ၏ ဇာတ်ဝင်တေးကိုလည်း သီဆိုခဲ့သည်ဖြစ်၍ အခွင့်အလမ်းများ ပိုမိုရှိလာမည်ဖြစ်သည်။)
“SP” အမည်ရှိ ရသစုံအစီအစဉ်အတွက် ပြင်ဆင်မှုများလည်း လုပ်ဆောင်နေခဲ့သည်။
၎င်းသည် ကြိုတင်ရိုက်ကူးသည့် ရသစုံအစီအစဉ်ဖြစ်သည်။ စက်တင်ဘာလတွင် ချူထင်းပိုင်သည် သင်တန်းသားများနှင့် သင်တန်းနည်းပြများအတွက် ရွေးချယ်မှုအစီအစဥ်များကို ပြီးမြောက်ခဲ့သည်။ အဓိက PD မှာ သီဆိုခြင်းနှင့် ကခုန်ခြင်းတွင် ထူးချွန်သည့် အတွေ့အကြုံရှိသော အိုင်ဒေါ ကျီရှင်းကျုံးဖြစ်သည်။ ယခင်က သူသည် ကိုရီးယားတွင် သင်တန်းသားအဖြစ် လေ့ကျင့်ခဲ့ပြီး သူ၏ အသက်မွေးဝမ်းကျောင်းအတွက် တရုတ်နိုင်ငံသို့ မကြာသေးမီက ပြန်လာခဲ့သည်။
ရှင်းယောင်မှ “US” အဖွဲ့ဝင်များသည်လည်း ဤအစီအစဉ်၌ ပါဝင်ခဲ့ကြသကဲ့သို့ ပြည်တွင်း၌ သူတို့၏ အသက်မွေးဝမ်းကျောင်းကို တိုးတက်အောင် ကြိုးစားအားထုတ်နေကြသည့် အခြားသော သင်တန်းသားများ၊ ပြည်ပတွင် လေ့ကျင့်ထားသည့် ပွဲဦးထွက်မည့် ယောင်္ကျားလေးအဖွဲ့များလည်း ပါဝင်ခဲ့ကြသည်။
ချူထင်းပိုင်တစ်ဦးတည်းကပင် လျှောက်လွှာပေါင်း ရာနှင့်ချီကာ လက်ခံရရှိခဲ့သည်။ သင်တန်းနည်းပြများ၏ အကဲဖြတ်မှုအပြီးတွင် အထူးချွန်ဆုံး သင်တန်းသားပေါင်း အယောက်တစ်ရာကို ရွေးချယ်ခဲ့သည်။
စက်တင်ဘာလတစ်လလုံးတွင် ထိုသင်တန်းသား အယောက်တစ်ရာသည် သူတို့၏ ပွဲဦးထွက် စင်တင်တေးဂီတဖျော်ဖြေမှုများကို ပြီးမြောက်ခဲ့ကြပြီး ရသစုံအစီအစဉ်၏ ဇာတ်ဝင်တေးနှင့် အကပေါင်းများစွာကို လေ့ကျင့်သင်ယူခဲ့ကြသည်။
အောက်တိုဘာလတွင် ပထမဆုံး အိုင်ဒေါလေ့ကျင့်ရေး ရသစုံအစီအစဉ်ဖြစ်သည့် “SP” ကို စတင်ထုတ်လွှင့်ပြသတော့မည်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး အိုင်ဒေါပြိုင်ပွဲဖြစ်သည်။ သင်တန်းနည်းပြများမှာ နာမည်ကြီးအနုပညာရှင်များ ဖြစ်ကြသော်လည်း သင်တန်းသားတစ်ရာလုံးသည် နာမည်မရှိကြသေးပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ Weibo တွင် Follower တစ်သန်းပင် မရှိသေးချေ။
ထိုအစီအစဉ်နှင့် ပတ်သက်၍ အနုပညာလောကမှ စောင့်ကြည့်ရမည်ဟုသည့် သဘောထားများ ရှိနေသည်။ နောက်ဆုံး၌ အမည်မသိသူများဖြင့် ပြည့်နှက်နေသည့် အစီအစဉ်တစ်ခု၏ ဆွဲဆောင်မှုက မည်သည်ဖြစ်မည်နည်း။ ကျီရှင်းကျုံးက အင်မတန် ရေပန်းစားသော်လည်း သူက ဖျော်ဖြေမည်မဟုတ်ပဲ အစီအစဉ်၌ အချိန်အကန့်အသတ်ဖြင့်သာ ပေါ်လာမည်ဖြစ်သည်။
ထို့ကြောင့် “SP” အစီအစဉ်ကား အောင်မြင်နိုင်မလား၊ ကျရှုံးသွားမလားဆိုသည်က မသေချာသေးပေ။
အဆိုးဆုံးအခြေအနေမှာ “SP” အစီအစဉ်က ပြသရက်ကို ကြေညာလိုက်သည့်အချိန်၌ အခြားသော Survival ပြိုင်ပွဲတစ်ခုက ရုတ်တရက် Weibo တွင် ခေတ်စားလာပြီး အချိန်တစ်ခုတည်းတွင် ထုတ်လွှင့်မည်ဖြစ်သည်။
ယင်းမှာ ထျန်းဟွေ့မှ ထုတ်လုပ်သော “Let’s Eat Today” ဟူ၍ ဖြစ်သည်။
ချက်ချင်းဆိုသလို အင်တာနက် အသုံးပြုသူများအကြား၌ ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။ ရှင်းယောင်နှင့် ထျန်းဟွေ့တို့အကြားရှိ တိုက်ပွဲ စတင်ခဲ့ပြီဖြစ်လေသည်။