← Chapters

Chapter 97

Vol. 10 Ch. 97

Chapter 97

Vol. 10 Ch. 97

"သတိထား တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူး"

ဖန်းမေယွီက ပေပါးပါးအား ကျီဆယ်သည့်ဟန်ဖြင့် အသာအယာတွန်းလိုက်သည်။ သူမသည် ပေမိသားစု၏ အိမ်အကူဖြစ်သော်လည်း သူမအား အလုပ်ခိုင်းဝံ့သူမရှိပေ။ သူမသည် ပုံမှန်အားဖြင့် ပေပါးပါးနှင့် ပေယွဲ့ပိုင်ကို ဂရုစိုက်ပြုစုပေးလေ့ရှိသည်။ ရံဖန်ရံခါတွင် ပေပါးပါး ပေးထားသော အကြွေးဝယ်ကတ်ဖြင့် အလှအပဆိုင်ရာ ကုသမှုများခံယူခြင်း၊ အသားအရေထိန်းသိမ်းခြင်းများ ပြုလုပ်ကာ သူမ၏ အသားအရေနှင့် ခန္ဓာကိုယ်ကို လှပနုပျိုနေစေရန်ထိန်းသိမ်းထား၏။

ပေပါးပါးမှာမူ ဖန်းမေယွီကို လုံးဝဖမ်းစားညှို့ယူထားပြီး အနှစ်နှစ်ဆယ်ကြာပြီးနောက်တွင်ပင် သူမက သူ့အား လက်ဝါးကြီးအုပ်ထားဆဲဖြစ်၏။

သူက သူမ၏ခါးကို ဆွဲဖက်လိုက်သည်။

"ဒါက ကြယ်ငါးပွင့်ဟော်တယ်ကြီးပဲ၊ ဘယ်လိုလုပ်ပြီး ကင်မရာသမားတွေ ရှိနိုင်မှာလဲ"

"ကျွန်မ စိုးရိမ်လို့ပါ"

ဖန်းမေယွီက သတိပေးသည့်ဟန်ဖြင့်ဆိုသည်။

သို့သော် ပေပါးပါးမှာမူ မစောင့်နိုင်တော့ပေ။ သူမ၏ခါးကို ပိုမိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ ဓာတ်လှေကားမှ သူတို့၏အခန်းသို့ မဝေးလှသော်လည်း သူ့အနေဖြင့် စိတ်မရှည်တော့ပေ။

"ဒါလင် ဖြေးဖြေး ဖြေးဖြေး"

နှစ်ဦးသား သူတို့၏ အချစ်ကမ္ဘာထဲတွင် နှစ်မြုပ်နေကြစဉ် အရိပ်ထဲမှ ထိတ်လန့်စွာ ကြည့်နေသူတစ်ဦးကို လုံးဝမသိလိုက်ပေ။

စုန့်ကျီလယ်သည်ကား သူမသည် စပ်စုတတ်သည့်စိတ်တစ်ခုဖြင့်သာ လိုက်ကြည့်မိခြင်းဖြစ်သည်ဟု ကျိန်ဆိုနေမိသည်။ သူ့မျက်စိကိုသူ မယုံနိုင်ခဲ့ချေ။ ပေပါးပါးက သူ့အိမ်အကူနှင့် သူ့မျက်စိရှေ့တွင်ပင် ကလူကျီဆယ်နေကြသည်။ အစတွင် အထင်မှားမှုတစ်ခုဟု ထင်မှတ်ခဲ့မိသည်။ သေချာစေရန်အတွက် စုန့်မိသားစု၏ ဒုတိယသခင်လေးသည် သူတို့အား လိုက်ကြည့်ရန် အပေါ်ထပ်သို့ လိုက်လာခဲ့ခြင်းဖြစ်သည်။

ဟိုင်ရွှေ့ဟော်တယ်၏ ဖန်နံရံပါသည့် ဓာတ်လှေကားသည် သူတို့ဆင်းသွားသော အထပ်ကို ခြေရာခံရန် လွယ်ကူစေ၏။ သို့သော် သူရောက်ရှိသောအခါ မြင်လိုက်ရသည့်အရာမှာ စက်ဆုပ်ဖွယ်ကောင်းလောက်အောင် ဆိုးဝါးလွန်းလှ၏။

ပေပါးပါးသည် ချမ်းသာသောမိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်သည်။ သူ့အိမ်အကူကိုပင် အလွတ်မပေးနိုင်ဘူးလား။

အကယ်၍ ဖခင်ဖြစ်သူက ယခုလိုလူမျိုးဖြစ်မည်ဆိုလျှင် သူ့သားဖြစ်သူရော မည်သို့ဖြစ်နိုင်မည်နည်း။

စုန့်ကျီလယ်သည် သည်သတင်းစကားကို ကျုံချင်းယွီအား ပြောပြလိုစိတ် မရိုးမရွဖြစ်နေစဉ် လှည့်ကြည့်လိုက်သည့်အခါ ပေဟန်လီပါ ရောက်နေသည်ကို တွေ့လိုက်ရ၏။

ထောင့်နားတွင် ရပ်နေရင်း ပေပါးပါးနှင့် ဖန်းမေယွီတို့၏ တိုးတိုး တိတ်တိတ်ပြောနေသည့် ပလီပလာစကားသံများကို ကြားလိုက်ရပြီးနောက် ထိုစုံတွဲသည် အခန်းအတွင်းသို့ ဝင်သွားကြ၏။

ထို့နောက် တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးလာခဲ့သည်။

စုန့်ကျီလယ်က ပေဟန်လီအား လှမ်းကြည့်လိုက်သည်။ ဖခင်က အခြားမိန်းမတစ်ယောက် ပိုဆိုးသည်က သူ့အိမ်အကူနှင့် ရှိနေသည်ကို မြင်ရပါလျက် သူ၏ အေးဆေးတည်ငြိမ်နေသော ဟန်ပန်ကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရ၏။

"ဒါတွေ မင်းသိပြီးသားလား"

ပေဟန်လီက စိတ်တည်ငြိမ်စွာဖြင့် ပြန်ပြောသည်။

"သူတို့ရဲ့ အရှုပ်တော်ပုံကိုတင် သိတာမဟုတ်ဘူး ဒီမိန်းမက ပေယွဲ့ပိုင်ရဲ့ အမေအရင်းဆိုတာပါ သိတယ်"

စုန့်ကျီလယ်၏ မျက်လုံးများက မယုံနိုင်မှုဖြင့် ပြူးကျယ်လာတော့၏။ ပေဟန်လီက ၂၅ နှစ်ရှိပြီဖြစ်ပြီး မဒမ်ပေက လွန်ခဲ့သော သုံးနှစ်က ကွယ်လွန်ခဲ့သည်။ ဆိုလိုသည်မှာ ပေယွဲ့ပိုင်သည် တရားမဝင်သား ဖြစ်နေခြင်းပေလော။

ဘုရားရေ..။ သည်ကိစ္စကြီးက ဗုံးပေါက်ကွဲသွားသလို အံ့ဩ ရခြင်းပါ့လား။

ပေညီအစ်ကိုတို့၏ ပြိုင်ဆိုင်မှုသည် အထက်တန်းစားလောကတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ စုန့်ကျီလယ်သည် ပေဟန်လီနှင့် ပေယွဲ့ပိုင်တို့သည် ညီအစ်ကိုအရင်းဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှ အညှိုးတကြီး ယှဉ်ပြိုင်နေရသည်ကို နားမလည်ခဲ့ပေ။

ယခုတော့ ရုတ်တရက်ဆိုသလို နားလည်သွားပြီဖြစ်သည်။

"ဒါဆိုရင် ပေယွဲ့ပိုင်ကို တရားမဝင်သားဆိုပြီး ဘာလို့ မထုတ်ဖော်လိုက်တာလဲ၊ ဒါဆို သူမှာ မင်းကိုဆန့်ကျင်ဖို့ ဘယ်လိုမှ အာဏာရှိစရာ အကြောင်းမရှိတော့ဘူး၊ အများဆုံးတော့ ပေမိသားစုရဲ့ ပိုင်ဆိုင်မှုထဲက နည်းနည်းလောက်ပဲ ရမှာလေ"

ပေဟန်လီက ခေါင်းငုံ့လိုက်ကာ အနိမ့်မြင့်အတက်အကျမရှိသည့် လေသံဖြင့် ပြန်ဖြေသည်။

"အဲဒီအချိန်တုန်းက ချင်းယွီက ပေယွဲ့ပိုင်ကို ချစ်နေသေးတယ်"

စုန့်ကျီလယ် ကြောင်အ,သွား၏။

ပေဟန်လီက သူ့ကိုယ်သူ လှောင်ပြောင်သည့်အသံဖြင့် ရယ်မောလိုက်ပြီးမှ ဆက်ပြောလေ၏။

“စုန့်ကျီလယ် ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့ ငါက မင်းကို ဂရုစိုက်တာမဟုတ်ဘူး ပြီးတော့ ချင်းယွီဘေးမှာ ပြိုင်ဘက်ဘယ်နှစ်ယောက်ရှိလဲဆိုတာကိုလည်း စိတ်ပူတာမဟုတ်ဘူး၊ ငါဂရုစိုက်တဲ့သူဆိုလို့ သူတစ်ယောက်ပဲရှိတာ"

ကျန်တဲ့သူတွေကတော့ ဂရုစိုက်စရာမလိုပေ။

ကျုံချင်းယွီကသာ အရေးပါသူဖြစ်၏။

စုန့်ကျီလယ် လန့်ဖြန့်သွားသည်။

"ဒါပေမဲ့ ဒီလောက်ကြာအောင် ဘယ်လိုများသည်းခံနိုင်ရတာလဲ"

သူသာ ဖြစ်ခဲ့မည်ဆိုလျှင် တရားမဝင်သားကို ဒီလောက်ကြာအောင် နေခွင့်ပေးမိမည် မဟုတ်ပေ။

ပေဟန်လီ၏ အကြည့်သည် တည်ငြိမ်နေပြီး အဓိပ္ပါယ်ဖော်မရသော ပုံစံမျိုးဖြစ်နေသည်။

"ငါ သည်းခံနိုင်တယ်"

ရုတ်တရက်ဆိုသလို ဖုန်း Ringtone သံက စင်္ကြန်တစ်လျှောက် ပဲ့တင်ထပ်လာလေသည်။

စုန့်ကျီလယ်နှင့် ပေဟန်လီတို့နှစ်ဦးစလုံး ၎င်းတို့၏ ဖုန်းများကိုထုတ်ကြည့်ရာ ဖန်သားပြင်ပေါ်တွင် Weibo အသိပေးချက်တစ်ခု ပေါ်နေသည်။

"အံ့ဩစရာအကောင်းဆုံး သတင်း"

"ပေမိသားစု၏ ဒုတိယသခင်လေးမှာ တရားမဝင်သားတစ်ယောက်ဖြစ်နေ၊ ပေယွဲ့ပိုင်၏ မွေးဖွားမှုနောက်ကွယ်တွင် မေးခွန်းထုတ်ဖွယ်ရာများ ရှိနေ"

နှစ်ဦးစလုံး အံ့အားသင့်သွားကာ အချင်းချင်း တစ်ဦးမျက်နှာ တစ်ဦး ပြန်ကြည့်မိ၏။

စုန့်ကျီလယ်က ပေဟန်လီဘက်သို့ သူ့အလိုလို လှည့်မိသွားသည်။

"မင်း ဒီသတင်းကို ဖော်ထုတ်လိုက်တာလား"

ကျုံချင်းယွီက ပေယွဲ့ပိုင်ကို မချစ်တော့သည့်အခါ ပေဟန်လီအနေဖြင့် ထိုးစစ်ဆင်ရန် အချိန်ကောင်းပင်ဖြစ်၏။

"ငါသာ ပေယွဲ့ပိုင်ကို ဖျက်ဆီးချင်တာဆိုရင် လူပြိန်းကြိုက်သတင်းစာနည်းပရိယာယ်တွေလောက်နဲ့ ကျေနပ်စရာလား"

ပေဟန်လီ၏ မျက်လုံးထဲတွင် မီဒီယာထုတ်ဖော်မှုသည် ခြိမ်းခြောက်မှုအနည်းဆုံးနည်းလမ်းသာဖြစ်၏။ လူတစ်ယောက်ကို အမှန်တကယ် ချေမှုန်းလိုလျှင် ပြန်လည်တိုက်ခိုက်နိုင်သည့် အခွင့်အရေးလုံးဝမရှိစေပဲ သူ၏ အားနည်းသောနေရာကို ထိုးဖောက်ရမည်။

စုန့်ကျီလယ်သည်လည်း ဆိုလိုရင်းကို နားလည်ယုံကြည်သွား၏။ ပေယွဲ့ပိုင်သည် ကျော်ကြားသူမဟုတ်။ ထို့ကြောင့်ပင် သူ့ကို ဂုဏ်သိက္ခာအရ ညှိုးနွမ်းစေရန်လည်း ကြံစည်စရာအ‌ကြောင်းမရှိပေ။ ထိုသို့သောအရာသည် ဖျော်ဖြေရေးလောက၏ ကစားနည်းပရိယာယ်တစ်ခုသာဖြစ်၏။

သူက ချက်ချင်းပင် လင့်ခ်ကိုနှိပ်ကာ အခြေအနေကို ကြည့်လိုက်၏။

အင်တာနက်စာမျက်နှာမှာ ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွှင့်မှုထံသို့ ရောက်ရှိသွား၏။

ပေယွဲ့ပိုင်၏ တရားမဝင်သားဖြစ်မှုကို ထုတ်ဖော်နေသူမှာ ရဲ့လော့ယီကိုယ်တိုင်ဖြစ်နေသည်။

ရဲ့လော့ယီသည်လည်း ပေယွဲ့ပိုင်အကြောင်းကို ထုတ်ဖော်လိုစိတ်မရှိခဲ့ပေ။

ယန်ရှီသတိပေးအပြီးတွင် သူမသံသယဝင်မိသော်လည်း ဘာမျှမလုပ်ခဲ့ချေ။

သို့သော် ပေယွဲ့ပိုင်က သူမ၏ ဇာတ်ပို့ဇာတ်ရံအခန်းများအတွက်ဝင်‌ ဖြေသည့် သရုပ်ဆောင်ဝင်ခွင့်ဖြေဆိုမှုများကိုပင် ဖျက်ဆီးလိုက်သည်။ သူ့အနေဖြင့် သူမကို ထျန်ဟွေ့မှ ထွက်ခွာခွင့်ပြုမည်မဟုတ်ချေ။

သူအာဏာရှိနေသရွေ့ မည်သည်ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကမှ သူမကို ခေါ်ယူမည်မဟုတ်ပေ။ ဖုန့်ယင်းယင်း၏ ကိုယ်ဝန်အလိမ်အညာထုတ်ဖော်ခံရပြီး ထျန်ဟွေ့ ပြိုလဲလုနီးပါးဖြစ်နေသော်လည်း စတူဒီယိုများက ပေမိသားစု၏ ဩဇာအာဏာကို ကြောက်ရွံ့နေကြဆဲပင်ဖြစ်၏။

ပေယွဲ့ပိုင်က လမ်းမဖွင့်ပေးလျှင် သူမလည်း တတ်နိုင်သလောက် သူ့လမ်းကို ပိတ်ပေးရပေမည်။

ရဲ့လော့ယီသည် ပုဂ္ဂိုလ်ရေးစုံစမ်းစစ်ဆေးသူတစ်ဦးအား ငှားရမ်းကာ ပေယွဲ့ပိုင်၏ နောက်ခံသမိုင်းကို စူးစမ်းစေခဲ့၏။ သူ၏ DNA ရယူရန် လွယ်ကူခဲ့ခြင်းမှာလည်း သူမ၏ ဗီလာ၌ သူ၏ မုတ်ဆိတ်မွေးရိတ်ဓားပေါ်တွင် လက်ကျန်များကျန်ခဲ့သောကြောင့်ဖြစ်၏။

ငွေအမြောက်အမြားကုန်ကျခဲ့သော်လည်း နောက်ဆုံးတွင် သူမအောင်မြင်ခဲ့သည်။

ရလဒ်များက သူမကို စိတ်မပျက်စေခဲ့ပေ။

အတော်ကြာ မငြိမ်မသက်ဖြစ်ပြီးနောက် ရဲ့လော့ယီကိုယ်တိုင် တိုက် ရိုက်ထုတ်လွှင့်မှုဖြင့် အရာအားလုံးကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်၏။

သူမ၏ ဂုဏ်သတင်းပျက်စီးနေသည့်အတွက် ဤကိစ္စက ကြည့်ရှုသူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သိထားသည်။ပေမိသားစုက ပိတ်ပင်ရန် ကြိုးစားသည့်အချိန်တွင် နောက်ကျသွားပေလိမ့်မည်။

မျက်ရည်များနှင့် သူမက ကင်မရာရှေ့တွင် စတင်ကာ ဒရာမာခင်းတော့သည်။

"ပေယွဲ့ပိုင်က ကျွန်မကို ပိုးပန်းခဲ့တဲ့အချိန်တုန်းက သူ့မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာကို ကျွန်မ မသိခဲ့ပါဘူး၊ ကျုံချင်းယွီနဲ့ စေ့စပ်ထားတာသိခဲ့ရတော့လည်း ချက်ချင်းအဆက်အသွယ်ဖြတ်ဖို့ မတတ်နိုင်ခဲ့ပါဘူး"

"အခုမှ ကျွန်မရဲ့အမှားကို နားလည်လာခဲ့တယ်၊ မစ္စကျုံချင်းယွီအတွက် ကျွန်မ ရင်ထဲကနေ အနက်ရှိုင်းဆုံးတောင်းပန်ပါတယ်"

သူမက တည်ကြည်လေးနက်စွာဖြင့် ဦးညွှတ်လိုက်၏။

"ဒါပေမဲ့ အပြစ်တွေအားလုံးက ကျွန်မတစ်ယောက်တည်းမှာပဲရှိတာမဟုတ်ပါဘူး၊ ကျွန်မနားမလည်နိုင်ခဲ့တာတစ်ခုရှိပါတယ် အဲဒါကဘာလဲဆိုတော့ ပေယွဲ့ပိုင်က ကျုံချင်းယွီနဲ့ လမ်းခွဲတော့မယ်လို့ ကတိပေးခဲ့ပြီး ကျွန်မကိုချစ်တယ်ပြောခဲ့တယ်၊ သူဘာလို့ ကျွန်မတို့နှစ်ယောက်လုံးကို ဆွဲဆောင်နေရတာလဲဆိုတာကို လုံးဝနားလည်းမလည်သလို တွေးလည်း မတွေးမိခဲ့ဖူးပါဘူး"

"အခုတော့ အမှန်တရားကို နောက်ဆုံးသိလိုက်ပါပြီ"

ရဲ့လော့ယီက DNA စမ်းသပ်စစ်ဆေးမှုရလဒ်စာရွက်စာတမ်းကို ကင်မရာရှေ့တွင် မြှောက်ပြလိုက်၏။

"ဒီအစီရင်ခံစာက ပေဟန်လီနဲ့ ပေယွဲ့ပိုင်ဟာ သွေးသားတော်စပ်မှုရှိတဲ့ ဖအေတူမအေကွဲ ညီအစ်ကိုတွေလို့ သက်သေပြနေပါတယ်၊ ပေယွဲ့ပိုင်ဟာ မဒမ်ပေရဲ့သားမဟုတ်ပါဘူး သူက တရားမဝင်သားဖြစ်ပါတယ်၊ ဒါကြောင့်ပဲ သူက ကျုံချင်းယွီကို မစွန့်လွှတ်နိုင်တာ ကျုံမိသားစုရဲ့ ငွေကြေးနဲ့ အာဏာတွေကို လိုချင်တပ်မတ်နေခဲ့တာပါ"

"ကျွန်မအမှားကို ဝန်ခံပါတယ် ဒါပေမဲ့ ကျွန်မဟာ ကျင့်ဝတ်နဲ့ဥပဒေကို ဘယ်သောအခါမှ မချိုးဖောက်ခဲ့ပါဘူး၊ တကယ်လို့ ကျွန်မသာ ချိုးဖောက်ခဲ့မယ်ဆိုရင် အတူခရီးသွားကြစို့အစီအစဥ်မှာ ကျွန်မပါတဲ့အခန်းတွေ ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်"

"အခု ကျွန်မ အသစ်ပြန်စချင်ပါတယ် ဒါရိုက်တာတွေဆီက ဒီအခွင့်အလမ်းလေးတစ်ခုပဲ တောင်းခံချင်ပါတယ်"

"ပြီးတော့ လူတိုင်းကို ပေယွဲ့ပိုင်ရဲ့ မျက်နှာအစစ်ကို မြင်စေချင်ပါတယ် သူဟာ လိမ်ညာကောက်ကျစ်တဲ့သူ ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်တဲ့သူ ပြီးတော့ ပေမိသားစုက ဘယ်တော့မှ မထောက်ခံခဲ့တဲ့ တရားမဝင်သားဆိုတာတွေကိုပါ"

ရဲ့လော့ယီက ည ၈ နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ရန် ရွေးချယ်ခဲ့၏။ ဤအချိန်တွင် ရုံးဝန်ထမ်းအများစု အလုပ်လက်စသတ်ပြီးချိန်ဖြစ်၍ အင်တာနက်သုံးရန် အချိန်ရှိနေသည်။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ အင်တာနက်သုံးသူများ၏ အာရုံကို ချက်ချင်းဆွဲဆောင်မိသွားသည်။ ဂယက်ထနေသော သတင်းများနှင့် အာရုံစိုက်ခံရပြီးသား နာမည်ကျော်တစ်ဦးအနေဖြင့် သူမ၏လုပ်ရပ်တိုင်းသည် ကောလာဟလနှင့် အတင်းအဖျင်းပြောတတ်သည့် အင်တာနက်သုံးစွဲသူများကို ဖိတ်ခေါ်နေသကဲ့သို့ဖြစ်စေသည်။ ထိုမျှကြီးမားသော သတင်းကြီးကို ထုတ်ဖော်သည့်အခါတွင်မူ ပို၍ပင်ဆိုသေးသည်။ အညှီရှိရာ ယင်ကောင်လာဆိုသည့်အတိုင်းပင်မဟုတ်ပါလား။

[အမလေး အမလေး အမလေး]

[ဒါကြောင့်ပဲ ပေယွဲ့ပိုင် ပေလုပ်ငန်းစုထဲ မဝင်နိုင်တာလေ၊ အဲဒါမလို့ ကိုယ်ပိုင်ကုမ္ပဏီထောင်ရတာပေါ့]

[ထျန်ဟွေ့ရဲ့ စတော့ရှယ်ယာဈေးတွေဘယ်လိုကျနေလဲကြည့်ပါလား၊ ပေလုပ်ငန်းစုက ကူညီဖို့ လက်မတောင်ထောင်ဖော်မရဘူး သေချာတယ် သူက တရားမဝင်သားပဲ]

[တချို့ကျတော့ ပေဟန်လီက တရားမဝင်သားလို့လည်းပြောကြတယ်‌နော် lol....]

[ဟားဟား မဖြစ်နိုင်ဘူးလားလို့ ဒါပေမဲ့ ပေဟန်လီက ပေလုပ်ငန်းစုရဲ့ CEO လေ မဟုတ်ဘူးလား]

[ဘယ်လိုပဲကြည့်ကြည့် ပေယွဲ့ပိုင်က တရားမဝင်သားဆိုတာက ပိုအဓိပ္ပာယ်ရှိတယ်၊ ရဲ့လော့ယီပြောတာ မှန်တယ် သူကလိုအပ်လို့ ဒုတိယသခင်မလေးဆီ ကပ်နေတာ]

[မိုက်တယ်ဟ၊ ရဲ့လော့ယီ ဆက်ပြောပေးပါဦး ငါ စိတ်ဝင်စားလို့]

အခန်းထဲတွင် ရဲ့လော့ယီက ဖော်ထုတ်ပြောဆိုမှုပြီးဆုံးသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်၏။

တိုက်ရိုက်ထုတ်လွှင့်မှုသည် နည်းဗျူဟာတစ်ခုသာဖြစ်၏။ အင်တာနက်သုံးသူများ ပေယွဲ့ပိုင်အကြောင်း ပိုမိုတူးဖော်စေရန် Weibo တွင်လည်း DNA စစ်ဆေးချက်အစီရင်ခံစာနှင့်အတူ စာဖြင့်ရေးသားထားသော ဗားရှင်းကိုပါ တင်ပေးလိုက်၏။

ဆုလင်းလင်းက ထိတ်လန့်တုန်ယင်နေ၏။

"ယီယီ ဒီလိုမျိုးကြီး ပေလုပ်ငန်းစုနဲ့ ရင်ပေါင်တင်ရင် သူတို့က အကုန်လုံးဖျက်ပစ်ပြီး ငါတို့ကို Blacklist စာရင်းသွင်းမှာလားမသိဘူးနော်"

"ဖြစ်နိုင်တယ်"

ရဲ့လော့ယီ၏ အသံက တုန်ယင်နေ၏။

"ဒါပေမဲ့ ငါ လောင်းကြေးထပ်လိုက်တယ်၊ ပေဟန်လီက ဒီတစ်ခါ ငါတို့ဘက်က ရပ်တည်မယ်လို့ လောင်းတာ ရှင်းယောင်အနုပညာကုမ္ပဏီက သူတို့ရဲ့ လူထုဆက်ဆံရေးအဖွဲ့နဲ့ ဒီသတင်းကို ပိုနာမည်ကြီးအောင်လုပ်လိမ့်မယ်လို့ လောင်းတာ ပေယွဲ့ပိုင် ရှုံးမယ်လို့ လောင်းလိုက်တာ"

ဟိုင်‌ရွှေ့ဟော်တယ်၌။

ပေပါးပါးနှင့် ဖန်းမေယွီတို့သည် ဟော်တယ်အခန်းထဲတွင် စိတ်ထက်သန်စွာဖြင့် အချစ်နွံထဲ နစ်မြုပ်နေကြစဉ် အပြင်ဘက်တွင် မုန်တိုင်းတစ်ခုတိုက်ခတ်နေသည်ကို လုံးဝမသိလိုက်ပေ။ ရုတ်တရက် တံခါးခေါက်သံက သူတို့၏အချိန်ကောင်းအခါကောင်းလေးကို ဖြတ်တောက်လိုက်၏။

ပေပါးပါးမှာ အလွန်ဒေါသထွက်နေသော်လည်း တံခါးခေါက်သံက ဆက်တိုက်ဖြစ်နေ၏။ ခန္ဓာကိုယ်ကို ပုဝါဖြင့်ပတ်ရင်း သူက တံခါးထံသို့ ဒေါသတကြီးထွက်သွား၏။

"ဘယ်ကောင်ကများ ဒီလောက်အရေးကြီးနေတာလဲကွ"

တံခါးဖွင့်လိုက်သည်နှင့် ကင်မရာမှန်ခွက်များ ပေါက်ကွဲထွက်သွားသကဲ့သို့ အလင်းရောင်များတောက်ပသွား၏။

ပေပါးပါး စိတ်ရှုပ်သွား၏။

"ဘာလုပ်နေကြတာလဲ၊ ဘာလို့ သတင်းထောက်တွေ ဒီလောက်များနေကြတာလဲ"

ကင်မရာများက တဖျပ်ဖျပ်နှင့် ဓာတ်ပုံရိုက်နေကြစဉ် သတင်း ထောက်များက သူ့ကိုဖြတ်ကာ အခန်းထဲသို့ လှိုင်းလုံးကြီးသဖွယ် ဝင် ရောက်လာကြပြီး တွေ့သမျှကို ဓာတ်ပုံရိုက်ယူနေကြသည်။

ဖန်းမေယွီက အိပ်ရာပေါ်တွင် လဲလျောင်းနေဆဲဖြစ်ရာ အလန့်တကြားအော်ဟစ်ကာ အိပ်ရာခင်းဖြင့် သူမခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်၏။

သတင်းထောက်များက မြင်ရသည့်အရာကြောင့် လျှပ်စီးလက်သကဲ့သို့ ရှိန်သွား၏။

"အရှုပ်တော်ပုံတွေ အမှန်ပဲ"

"အံ့ဩစရာကြီး၊ ဒါက ပေယွဲ့ပိုင်ရဲ့ အမေလား ဒါမှမဟုတ် ပေပါးပါးရဲ့ ဇိမ်မယ်လား"

(T/N ဇိမ်မယ်ဆိုတာ one night stan လိုမျိုး )

"သူက ပေယွဲ့ပိုင်ရဲ့ မွေးမိဘအရင်းဆိုရင် သူက အခု ၂၅ နှစ်ဆိုတော့ ဟာ သူတို့က အနှစ် ၂၀ ကျော် ဖောက်ပြန်နေကြတာလား"

"မဒမ်ပေက အဲတုန်းက အသက်ရှင်နေသေးတယ်၊ ဒါဆိုရင် ဒါက တကယ်ပဲ အိမ်ထောင်ရေးဖောက်ပြန်တာပေါ့"

ပေပါးပါး ဦးနှောက်ခြောက်ခြားသွား၏။ သတင်းထောက်များက သူနှင့်ဖန်းမေယွီအကြောင်း မည်သို့မည်ပုံသိသွားကြသနည်း။

ထို့အပြင် အဘယ့်ကြောင့် ယခုလောက်များနေကြသနည်း။ သူသည်ပေလုပ်ငန်းစု၏ ဒါရိုက်တာတစ်ယောက်သာဖြစ်သည်။ သတင်းခေါင်းကြီးပိုင်းအတွက် သိပ်အရေးမပါလှပေ။

သူ့အသက်အရွယ်အရပင် ဤသို့ ရုတ်တရက်ဆန်သော တုပ်လှုပ်ခြောက်ခြားဖွယ်ရာမျိုးကို သူမကြုံဖူးပေ။ ခါးတစ်ဝိုက်တွင် ပုဝါတစ်ထည်သာ ရှိနေပြီး အတွင်းခံမပါသဖြင့် ဆင်ခြေပေးစရာမရှိ ဖြစ်နေခဲ့သည်။

သတင်းထောက်များက မေးခွန်းပေါင်းသောင်းခြောက်ထောက်ဖြင့် ဝိုင်းဝန်းမေးမြန်းနေကြ၏။ ကြောက်လန့်နေသော ပေပါးပါးက မျက်နှာကို အုပ်ရင်း အဝတ်အစားများကိုပင် သတိမရတော့ပဲ ဖန်း မေယွီ (သူမလည်း အရှက်လုံရုံအကာအကွယ်ဖြင့်) ကို ဆွဲကာ စင်္ကြန်တစ်လျှောက် ထွက်ပြေးရန် ကြိုးစားနေ၏။

သတင်းထောက်များက နောက်မှတရစပ် လိုက်နေသည်။

စင်္ကြန်ပေါ်တွင် စုန့်ကျီလယ်နှင့် ပေဟန်လီတို့သည် ရဲ့လော့ယီ၏ တိုက်ရိုက်ထုတ်လွှင့်မှု ပြန်လည်ကြည့်ရှုခြင်းကို ယခုမှ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး ဆယ်မိနစ်အတွင်း ဤအရှုပ်တော်ပုံသည် Weibo ၏ ထိပ်ဆုံးနာမည်ကြီးစာရင်းသို့ ရောက်ရှိသွားသည်။

သတင်းထောက်များက ပေပါးပါးနှင့် ဖန်းမေယွီတို့ကို လိုက်နေကြစဉ် ပေဟန်လီသည် မျက်နှာဖုံးတစ်ခုကို လျင်မြန်စွာထုတ်ယူပြီး ပုန်းနေလိုက်၏။

စုန့်ကျစ်လယ်က သတင်းထောက်တစ်ဦးကို ဆွဲဖမ်းလိုက်သည်။

"ပေကျီယွမ်နဲ့ သူ့အမျိုးသမီးဒီမှာရှိနေတာ ဘယ်လိုသိလိုက်တာလဲ"

"တစ်ယောက်ယောက်က သတင်းပို့တာ၊ ငါ့ကိုလွှတ် ငါ သတင်းဦးယူရဦးမယ်"

သတင်းထောက်က လွတ်အောင်ရုန်းပြီး ပေပါးပါးနောက်သို့ ပြေးလိုက်၏။

သတင်းပို့သူတစ်ဦးက မည်သူနည်း။

စုန့်ကျီလယ် မျက်မှောင်ကြုတ်မိသွား၏။ အဘယ့်ကြောင့် ယခုလောက် တိုက်ဆိုင်နေရသနည်း။ သူတို့ညစာစားနေစဉ် ပေပါးပါးနဲ့ ဖန်း‌မေယွီကို မတော်တဆတွေ့မိခြင်း၊ ရဲ့လော့ယီက ပေယွဲ့ပိုင်၏ မမှန်ကန်မှုကို အချိန်ကိုက်ဖော်ထုတ်ခြင်း၊ ယခုထပ်ပြီး ဟိုင်ရွှေ့ဟော်တယ်ရှိအရှုပ်တော်ပုံအကြောင်း သတင်းထောက်တွေကို သတင်းပို့ခြင်း။ ယင်းတို့သည် အချိန်ကိုက်ဖြစ်ပျက်နေခဲ့သည်။

ပေဟန်လီက ထေ့ငေါ့ပြီး ပြုံးလိုက်သည်။

"တိုက်ဆိုင်မှုတွေ ဒီလောက်များတာ ဘယ်တုန်းကမှမရှိဖူးဘူး၊ ရှင်းယောင်ရဲ့ဒုတိယဥက္ကဋ္ဌကို အချဉ်လို့ ထင်နေတာလား"

စုန့်ကျီလယ်က ကျုံချင်းယွီအား အာရုံစိုက်များနေသဖြင့် သတိမထားမိ။ သို့သော် ပေဟန်လီက စားသောက်ဆိုင်ခန်းမထဲဝင်ကတည်းက သတိထားမိခဲ့၏။

ယန်ရှီသည် ရှင်းယောင်ဝန်ထမ်းများကိုသာ ညစာဖိတ်ထားသည်မဟုတ်။ မိတ်ဖွဲ့ထားသော သတင်းထောက်နှင့် ကင်မရာသမားများကိုပါ ဖိတ်ထားသည်။

သို့မဟုတ်လျှင် ဟိုင်ရွှေ့ဟော်ဟိုတယ်ကဲ့သို့ ကြယ်ငါးပွင့် ဟော်တယ်ထဲသို့ သတင်းထောက်များ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ သူတို့ကိုယ်တိုင် ညစာစားနေသူများဖြစ်၍ ဤမျှမြန်မြန်ဆန်ဆန် လာနိုင်ခြင်းဖြစ်၏။

အင်ပါယာမြို့တော်တွင် ပေဟန်လီမှ ပေယွဲ့ပိုင်နှင့် ဆက်ဆံရေးကို ဖော်ထုတ်ခဲ့စဉ်ကတည်းက ယန်ရှီ၏ အစီအစဉ်ကို ခန့်မှန်းမိခဲ့သည်။ သို့သော် ရဲ့လော့ယီကို အသုံးချမည်ဟု မထင်ခဲ့မိချေ။

ထိုကိစ္စတွင် ရဲ့လော့ယီ၏ ဖော်ထုတ်မှုသည် မည်သည့်လူပြိန်းကြိုက်သတင်းစာထက်မဆို ပိုမိုထိရောက်၏။

"ပေမိသားစုတော့ ကောင်းကောင်းအိပ်နိုင်မှာ မဟုတ်တော့ဘူး"

ပေဟန်လီက စုန့်ကျီလယ်အား ပြောလိုက်၏။

"ငါ ပြန်ရတော့မယ်၊ ညစာ စားပြီးရင် ကျုံချင်းယွီကို အိမ်ကို အန္တရာယ်ဘေးကင်းကင်းနဲ့ ပြန်ရောက်အောင် ဂရုစိုက်လိုက်ပါ"

စုန့်ကျီလယ် ခါးကိုမတ်ပြီး ရပ်လိုက်၏။ သူ့အတွက် ကျုံချင်းယွီနှင့် နှစ်‌ယောက်တည်း ရှိခိုင်မည့်အခွင့်အရေးပင် မဟုတ်ပါလား။

"စိတ်ချပါ ငါ ဂရုစိုက်ပေးမယ်"

ဖူး‌ရွှေ့ဟော်တယ် ဧည့်ခန်းမတွင်။

ပေပါးပါးသည် မီဒီယာ၏ ရက်စက်မှုကို ကိုယ်တွေ့ခံစားနေရ၏။ မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးထားနိုင်သော်လည်း ကင်မရာမီးရောင်များ၏ ညှာတာမှု ကင်းမဲ့လှသည်။

အပေါ်ထပ်သို့လိုက်လာသည့် သတင်းထောက် လေးငါးယောက်သာရှိသော်လည်း ယခုတွင် ဧည့်ခန်းမသည် သတင်းထောက်များဖြင့် ပြည့်နှက်နေပြီး လမ်းပိတ်နေ၏။

ပေပါးပါးက ထောင်ချောက်ထဲမိနေသော ကြွက်တစ်ကောင်ကဲ့သို့ ရုန်းကန်နေရသည်။

“ဘာဖြစ်လို့လဲ၊ ငါ့ရည်းစားနဲ့ ချိန်းတွေ့တာပဲ ငါက မုဆိုးဖိုလေ ရည်းစားထားခွင့်မရှိဘူးလား"

"ရည်းစားပဲလား"

သတင်းထောက်တစ်ဦးက ဖိမေး၏။

"ပေယွဲ့ပိုင်ရဲ့ အမေ မဟုတ်ဘူးလား"

ပေပါးပါး၏ နှလုံးသားတစ်ခုလုံးတုန်ယင်သွားသည်။ သို့သော် သတင်းထောက်၏ မသေချာသောအသံက သက်သေမရှိသေးကြောင်း ဖော်ပြ၏။ သူက ရင်ကိုမော့လိုက်၏။

"ရည်းစားပဲ၊ ဆက်နှောက်ယှက်ရင် ကိုယ်ရေးကိုယ်တာချိုးဖောက်မှုနဲ့ တရားစွဲမယ်"

"အန်ကယ် ဒီမှာ ဘာလုပ်နေတာလဲ"

ဆည်းလည်းသံကဲ့သို့ ကြည်လင်သောအသံက ဆူညံသံများကို ဖြတ်တောက်လိုက်၏။ လူအားလုံးက လှည့်ကြည့်ရာ ကျုံချင်းယွီနှင့် ရှင်းယောင် ဝန်ထမ်းများ လာနေသည်ကို တွေ့လိုက်ရ၏။

ကျုံချင်းယွီသည် ညစာစားပြီး ပျော်ရွှင်နေစဉ် ယန်ရှီနှင့်အတူ ထွက်လာခဲ့၏။ သူမ၏အကြည့်က ရေချိုးတဘတ်ကြီးနှင့် ပေပါးပါးပေါ်သို့သို့ ကျရောက်သွားသည်။ ထို့‌နောက် မျက်နှာဖုံးရန် အသည်းအသန်ကြိုးစားနေသည့် သူ့ဘေးရှိ အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။

"အန်တီဖန်း၊ အန်တီလည်း ဒီရောက်နေတာပါလား"

ပေပါးပါးနှင့် ဖန်း‌မေယွီတို့၏ စိတ်ထဲတွင် ဗလာနတ္ထိဖြစ်သွား၏။

သူတို့ ကြမ္မာဆိုးဂြိုဟ်ဆိုးပျက်စီးခြင်းကြုံရကိန်းဆိုက်နေပြီဖြစ်သည်။

"အို ဟို"

"အို ဟိုဟို"

"အို ဟိုဟိုဟိုဟို"

ပေပါးပါးနှင့် ဖန်းမေယွီတို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြစဉ် သတင်းထောက်များက အားရကျေနပ်နေကြ၏။ နှစ်ယောက်က ချက်ချင်းခွဲထွက်ပြီး ကျုံချင်းယွီကို မေးမြန်းရန် ထွက်သွာသည်။

"ဒုတိယသခင်မလေး၊ ဒါက ပေပါးပါးရဲ့ရည်းစားတဲ့ သခင်မလေးသူ့ကိုသိလား"

"ရည်းစားတဲ့လား"

ကျုံချင်းယွီက လုံးဝမျှော်လင့်မထားဟန်ဖြင့် ပြန်မေးလိုက်၏။

"ဒါက ပေမိသားစုရဲ့ အိမ်အကူ ဖန်းမေယွီပါ ပြီးတော့ သူက ပေယွဲ့ပိုင် ကလေးဘဝကတည်းက ဂရုစိုက်ခဲ့တာပါ"

"သူက ပေယွဲ့ပိုင်အပေါ်ကို အမြဲတမ်း ကြင်နာတယ် ကျွန်မအပေါ်ကိုလည်း ကောင်းတာပါပဲ၊ သူချက်တဲ့စွပ်ပြုတ်ရည်ပူပူလေးတောင် ကျွန်မသောက်ဖူးသေးတယ်၊ ဟုတ်တယ်မလား အန်တီဖန်း"

ဖန်းမေယွီ ကြက်သီးမွေးညင်းထသွား၏။

ကျုံချင်းယွီကို မည်သည့်အခါမျှ မတွေ့သင့်‌ပေ။ ထိုစွပ်ပြုတ်ကိုလည်း မကျွေးသင့်ခဲ့ချေ။

သတင်းထောက်များ ပိုမိုစိတ်လှုပ်ရှားလာ၏။

"အိမ်အကူလား၊ ပေကျစ်ယွမ်က သူ့အိမ်အကူနဲ့ ဖော်ပြန်တယ် ဒါကြီးကတော့ ပျော်စရာပဲ"

"ပြီးတော့ ပေယွဲ့ပိုင်ကို ပျိုးထောင်ပေးတယ် သူက အိမ်အကူပဲလား"

"ပေယွဲ့ပိုင်ရဲ့ အမေများ တကယ်ဖြစ်နေနိုင်မလား"

အရှုပ်‌တော်ပုံမှာ ရှင်းရင်းဖြင့်ပင် ပိုပြီးရှုပ်လာသည်။ သတင်းထောက်တစ်ဦးက ဖန်းမေယွီ၏ ဆံပင်တစ်‌ချောင်းကို ဦးရေပြားမှ ဆွဲနှုတ်လိုက်၏။

ဖန်းမေယွီ နာကျင်သဖြင့် ညည်းတွားလိုက်၏။

သူမရော ပေပါးပါးပါ ။ခုအခါ ရှင်းပြနိုင်စွမ်းမရှိတော့ပေ။ ဆက်နေလျှင် အခြေအနေ ပိုဆိုးလာမည်။

ဟိုင်ရွှေ့ဟော်တယ်၏ လုံခြုံရေးများ နောက်ဆုံး ဝင်ရောက်လာပြီး သတင်းထောက်များကို ဖြန့်ခွဲကာ ထိုနှစ်ဦးအား အရှက်တကွဲ အကျိုးနည်းသွာဖြင့် ထွက်ပြေးခွင့်ပေးလိုက်၏။

ဧည့်ခန်းဝင်ပေါက်တွင် ကျုံချင်းယွီသည် သူတို့ထွက်ပြေးသွားသည့် လူနှစ်ဦးကို ကျေနပ်ဖွယ်ကြည့်ပြီးမှ ယန်ရှီဘက်သို့ လှည့်လိုက်သည်။

"ဒါကြောင့်ပဲ ညစာအတွက် ဒီဟော်တယ်ကိုရွေးတာလား၊ ပေကျစ်ယွမ်နဲ့ ဖန်းမေယွီအကြောင်း သိပြီးသားလား"

ယန်ရှီက ရွဲ့ပြုံးပြုံးလိုက်သည်။

"ပေဟန်လီက ပေယွဲ့ပိုင်ကို တရားမဝင်သားလို့ခေါ်ပြီးတည်းက ငါက စုံစမ်းရေးကို ငှားထားခဲ့တာ"

"အဲဒါအပြင် သူတို့ကို လက်တွေ့ဖမ်းပြီး ဇာတ်လမ်းကိုတိုက်ရိုက်ကြည့်ရတာ ပိုစိတ်လှုပ်ရှားစရာကောင်းတယ်မလား"

ကျုံချင်းယွီ အားရပါးရ ခေါင်းငြိမ့်၏။

"စိတ်လှုပ်ရှားစရာပဲ"

……

အွန်လိုင်းပေါ်တွင် ပေယွဲ့ပိုင်၏ တရားမဝင်သားဖြစ်မှု အရှုပ်တော်ပုံက အလွန်ရေပန်းစားလျက်ရှိသည်။

ပေပါးပါးနှင့် ဖန်းမေယွီတို့ ဟော်တယ်ဧည့်ခန်းမတွင် ကျုံချင်းယွီနှင့်တွေ့ဆုံသည့် ဗီဒီယိုမှာ လျှို့ဝှက်ထုတ်လွှင့်ခံရပြီး မီးကို လောင်စာထပ်ဖြည့်ပေးသကဲ့သို့ ဖြစ်သွားခဲ့၏။

[ဘုရားစူးပါဟယ်၊ ဒီခေတ်ချမ်းသာတဲ့လူတွေက ဘာဖြစ်နေကြတာလဲ အိမ်ဖော်နဲ့တောင် အတူနေရတဲ့အထိ စိတ်မထိန်းနိုင်ကြတော့ဘူးလား]

[အလုပ်သမားခ ပိုက်ဆံမပေးချင်လို့လား၊ ပေမိသားစုက ပိုကောင်းတာမတတ်နိုင်ဘူးလား]

[ပေယွဲ့ပိုင်က ဒီအိမ်အကူရဲ့သားတဲ့၊ တကယ်ကြီးလား အဖြေလိုနေပြီ]

[ဘာကိုဂရုစိုက်စရာရှိတော့မှာလဲ၊ တရားမဝင်သားဖြစ်ဖြစ် မဖြစ်ဖြစ် သူက ချီးထုပ်ပဲကို]

[ထျန်ဟွေ့တော့ ဂြိုလ်ဆိုးဝင်တာပဲ၊ ပေလုပ်ငန်းစုရဲ့ CEO ကလည်း ပေဟန်လီဆိုတော့ ပေယွဲ့ပိုင် ထုတ်ဖော်ခံရတာကို ဝင်ကယ်မှာ မဟုတ်တော့ဘူး]

[ကြိုခန့်မှန်းလို့ရတာပဲ၊ ထျန်ဟွေ့က အပျက်အစီးနီးပါးဖြစ်နေပြီပေလုပ်ငန်းစုက ဝင်ကယ်ပါ့မလား မဖြစ်နိုင်ပါဘူး]

[တရားမဝင်သားရဲ့ကုမ္ပဏီ ပျက်စီးတာ ထိုက်တန်တာပါတယ်]

ပေအိမ်တော်၌။

ပေဘိုးဘိုး၏ မျက်နှာတွင် မုန်တိုင်းထန်နေ၍ ငွေရောင်မုတ်ဆိတ်မွေးများမှာ ဒေါသဖြင့် တဆတ်ဆတ်တုန်နေ၏။

ပေပါးပါး၊ ပေယွဲ့ပိုင်၊ ဖန်းမေယွီတို့သည် ခေါင်းငုံ့ထားပြီး အသက်ရှူသံပင်မထွက်ရဲကြပေ။

"မိသားစုကို သိက္ခာကျစေမဲ့ ကိစ္စကို အများရှေ့မှာ ဘယ်တော့မှ မဖော်ပြရဘူး၊ အခု မင်းတို့ လုပ်ထားခဲ့တဲ့ အမှိုက်ပုံကြီးကို ကြည့်စမ်း"

ပေဘိုးဘိုး၏ ကြိမ်လုံးက ပေပါးပါး၏ ကျောကုန်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်၏။ သူ ဒူးထောက်လဲကျသွား၏။

"ချင်းယွီကို လက်ထပ်တဲ့အခါ သူ့ကို ကောင်းကောင်းဆက်ဆံသင့်တယ် ဒါပေမဲ့ မင်းက ဘာမှမသင်ယူဘူး၊ တခြားမိန်းမနဲ့ ကြိတ်ပုန်းခုတ်နေတယ် ပြီးတော့ သူ့ကို ငါတို့အိမ်ကိုပါ ခေါ်လာထားတယ်၊ ငါဘယ်လို အမှိုက်မျိုးကို ပျိုးထောင်မိခဲ့တာပါလိမ့်ကွာ"

သူက ပေပါးပါးကို သနားကြင်နာမှုမရှိပဲ ရက်ရက်စက်စက် ကန် ကျောက်ပစ်လိုက်၏။

နောက်တော့ ကြိမ်လုံးက ပေယွဲ့ပိုင်ထံသို့ ရောက်ရှိသွားသည်။ သူက ဒဏ်ရာဒဏ်ချက်အောက်တွင် ကွေးညွှတ်သွားပြီး ဒူးတစ်ဖက်ထောက်ကာ လဲကျသွား၏။

"မင်းလည်း အတူတူပဲ၊ ကျုံချင်းယွီက မင်းကို တကယ်သဘောကျတယ် ဒါပေမဲ့ မင်းက သူ့ကို အလေးမထားဘူး ပြီးတော့လည်း တခြားမိန်းမကိုချစ်တယ်လို့ပြောပြီး သူ့ကိုတန်ဖိုးထားရမဲ့အစား သူ့အလုပ်ကို ဖျက်ဆီးခဲ့တယ်၊ ပေယွဲ့ပိုင် ငါ မင်းကိုဒီလိုပျိုးထောင်ခဲ့တာလား မင်းက တိရစ္ဆာန်တစ်ကောင်နဲ့ ဘာကွာလို့လဲ"

ပေယွဲ့ပိုင်၏ ရင်ထဲတွင် အရှက်ဒေါသမီးများ လောင်ကျွမ်းနေခဲ့၏။ ရဲ့လော့ယီက သူ့အကြောင်းကိုဖော်ထုတ်လိမ့်မည်ဟု လုံးဝမမျှော်လင့်ခဲ့ပေ။

သူမသည် သူက တရားမဝင်သားဖြစ်ကြောင်း အမြဲသိခဲ့သလား။ သူမလည်း သူ့ကို အထင်သေးခဲ့သလား။ ဒါကြောင့်ပဲ သူ့ထံသို့ ပြန်မလာချင်တာလား။

သူမအတွက် အရာအားလုံးစွန့်လွှတ်ပြီးတာတောင် နောက်ဆုံးတွင် သူမသည်လည်း ပိုက်ဆံမျက်နှာကိုပဲကြည့်တတ်သည့် အခြားမိန်းမတွေလိုပဲလား။

နောက်ဆုံးတွင် ပေဘိုးဘိုးက ဖန်းမေယွီဘက်သို့ လှည့်လာခဲ့၏။

ပုံမှန်အားဖြင့် သူမသည် ပေမိသားစု၏ အိမ်အကူဖြစ်သော်လည်း ဖန်းမေယွီက အလုပ်မလုပ်ပေ။ နူးညံ့သိမ်မွေ့ပြီး အလှအပကိုသာ ဂရုစိုက်နေခဲ့သည်။ အလိုလိုက်အကြိုက်ဆောင်ထား၍ လုပ်ချင်ရာလုပ်နေသူတစ်ဦးဖြစ်၏။ စံပြမိသားစုတစ်စုအနေဖြင့် ပေမိသားစု၏ စည်းကမ်းနှင့် လုံးဝမကိုက်ညီပေ။

ကြိမ်လုံးက ထိမလာခင် သူမဒူးထောက်လဲချလိုက်သည်။

"တောင်းပန်ပါတယ် သခင်ကြီး၊ ကျွန်မမှားသွားပါတယ် ကျွန်မ ယွဲ့ပိုင်ကို မခွဲနိုင်လို့ပါ ကျွန်မအခုသင်ခန်းစာရပါပြီ"

ပေဘိုးဘိုးက သူမကိုရိုက်ဖို့ မရည်ရွယ်ပေ။ သူမက မိသားစုဝင်မဟုတ်။ ဝန်ထမ်းတစ်ဦးသာဖြစ်၏။ ထို့အပြင် သူက အမျိုးသမီးများကို မည်သည့်အခါမျှ ကိုယ်ထိလက်ရောက်အပြစ်မ‌ပေးခဲ့ချေ။

"ဒီမှာဒူးထောက်ပြီး ကိုယ့်အပြစ်ကို ပြန်သုံးသပ်နေကြ!"

သူကကြိမ်လုံးဖြင့် သုံးယောက်ကို ညွှန်ပြကာ အမိန့်ပေးလိုက်သည်။

ဒေါသထွက်လွန်းသဖြင့် ထိုင်မရပဲ သူ၏ထိုင်ခုံသို့ ကျော်သွားသည်။ အတန်ကြာမှ မန်နေဂျာချန်အား စူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။

"ကုမ္ပဏီအခြေအနေက ဘယ်လိုရှိလဲ"

မန်နေဂျာချန် : "ပေဟန်လီသခင်လေးက တည်ငြိမ်အောင်လုပ်နေပါပြီ ပြဿနာမရှိပါဘူး"

ထိုစကားသံနှင့်တစ်ပြိုင်နက် ပေဟန်လီ လှမ်းဝင်လာသည်။

အေးဆေးတည်ငြိမ်စွာဖြင့် ပေဘိုးဘိုးထံ အစီရင်ခံစာတင်သည်။

ပေလုပ်ငန်းစု၏ စတော့ဈေးနှုန်းမှာ များစွာမထိခိုက်ခဲ့ပေ။ လက်ရှိ CEO ပေဟန်လီ၏ ဦးဆောင်မှုက ကုမ္ပဏီကို ကာကွယ်ပေးခဲ့၏။ ပေပါးပါးမှာ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးသာဖြစ်၍ ဘုတ်အဖွဲ့အရှုပ်အရှင်းများက စတော့ဈေးကို အနည်းအကျဉ်းသာ သက်ရောက်ခဲ့၏။

ထို့အပြင် ပေယွဲ့ပိုင်အကြောင်း ထုတ်ဖော်ခံရခြင်းက ပေဟန်လီ၏ အမွေဆက်ခံသူသရုပ်ကို ပိုမိုခိုင်မာစေခဲ့သည်။ မည်သည့်ကုမ္ပဏီကမှ တရားမဝင်သားကို တရားဝင်သားထက် ဦးစားပေးမည်မဟုတ်ပေ။ ယင်းသည် လှောင်ပြောင်စရာဖြစ်မည်ကို ကြောက်ရွံ့ကြသောကြောင့်ဖြစ်၏။

ပေဘိုးဘိုး စိတ်သက်သာရာရသွား၏။ ကုမ္ပဏီလည်း မထိခိုက်ပဲ အွန်လိုင်းကောလာဟလများကို လူထုဆက်ဆံရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့သည်။

"နောက်တစ်ခုရှိပါသေးတယ်"

ပေဟန်လီက အေးတိအေးစက်စွာ ဖြည့်စွက်ဆိုလိုက်သည်။

"ပါးပါးက မကြာသေးခင်က ပေလုပ်ငန်းစုစတော့ရှယ်ယာအများကြီးကို ရောင်းချခဲ့ပါတယ်၊ ကျွန်တော်က အခုလို ကသောင်းကနင်းဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပြန်ဝယ်ထားပါတယ်၊ ထိန်းချုပ်မှုကို မိသားစုအတွင်းမှာပဲ ထားရှိတာက အကောင်းဆုံးပါ၊ ကျွန်တော်တို့ ရှယ်ယာတွေကို သူများကိုခွဲပေးတာကက ရေရှည်မှာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုကို အားနည်းစေပါတယ်"

ပေဘိုးဘိုး၏ မျက်လုံးများ ပြူးကျယ်သွား၏။ စက္ကန့်ပိုင်းအကြာတွင် သူ၏ကြိမ်လုံးက ပေဖခင်ကို ထပ်မံရိုက်နှက်၏။

"အရူးကောင်! ငါတို့ရဲ့စတော့ရှယ်ယာတွေကို ရောင်းရဲတယ်ပေါ့၊ ဘယ်သူက မင်းကို အဲလို လုပ်ခွင့်ပေးတာလဲ၊ အခုရော အဲ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ"

ပေပါးပါးမှာ တုံဏှိဘာဝေဆိတ်ဆိတ်နေနေမိသည်။ ပေယွဲ့ပိုင်လည်း ထိုနည်းလည်းကောင်းပင်။

ပေဟန်လီက သူတို့ကိုယ်စား ဖြေလိုက်၏။

"ထျန်ဟွေ့ရဲ့ ဆုံးရှုံးမှုတွေကို ဖုံးဖိဖို့ဖြစ်နိုင်ပါတယ်"

ပေဘိုးဘွား မေ့လဲမတတ်ဖြစ်သွား၏။

"ဒီတန်ဖိုးမရှိတဲ့ကုမ္ပဏီအတွက်လား"

သည်သားအဖနှစ်ယောက်က မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်သည်။

မန်နေဂျာချန်က ဆေးများကို အလျင်အမြန်ပေးလိုက်ပြီး ပေဘိုးဘိုးဆေးမျိုချနေစဉ် ကျောကို အသာအယာပုတ်ပေးလိုက်သည်။

"မင်းတို့ ပေလုပ်ငန်းစုကို ပြန်ဝင်နိုင်မယ်လို့ ထင်နေကြသလား ဒီလိုဦးနှောက်ကြီးနဲ့လေ၊ မေ့လိုက်ပါတော့ မင်းတို့ကိုသာ ကုမ္ပဏီကို လွှဲပြောင်းပေးမယ်ဆိုရင် တစ်နှစ်အတွင်း ပျက်စီးသွားလိမ့်မယ်"

ပေပါးပါးနှင့် ပေယွဲ့ပိုင်တို့ အလွန်ဒေါသထွက်နေ၏။

အထူးသဖြင့် ပေယွဲ့ပိုင်။

"ဘိုးဘိုး ဘိုးဘိုးက ကျွန်တော့်ကို အခွင့်အရေးတစ်ခါမှ မပေးခဲ့ဘူးနော်၊ ကျွန်တော် ကျွန်တော့်အစ်ကိုထက် သာအောင် မလုပ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ"

ပေဘိုးဘိုးက မျက်စောင်းထိုးလိုက်သည်။

"ထျန်ဟွေ့ကိုတောင် သေသေချာချာမစီမံနိုင်သေးပဲ ဟန်လီထက် သာမယ်လို့ ထင်သေးတာလား၊ အဲကုမ္ပဏီကို ဒေဝါလီခံရကြောင်းကြေညာပြီး ရောင်းပစ်လိုက်စမ်းပါ"

"ဘိုးဘိုး"

ပေယွဲ့ပိုင်က ကန့်ကွက်၏။

"အဲဒါက ကျွန်တော့်ဘဝတစ်ခုလုံး ကြိုးစားအားထုတ်မှုပါ"

"ဒါဆို ကိုယ့်ဘာသာကိုယ် ပြင်လေ၊ ပေလုပ်ငန်းစုကတော့ ကယ်တင်မှာမဟုတ်ဘူး အိပ်မက်တောင် မမက်နဲ့"

ပေယွဲ့ပိုင်၏ မျက်လုံးထဲ၌ အမျက်မီးတောက်များ တလတ်လတ်ထတောက်ပနေသည်။ သို့သော် သူ ဘာမျှမတတ်နိုင်ပေ။ ပေဟန်လီကိုသာ စူးစူးရှရှ ကြည့်နေမိသည်။

သို့သော် သူသည် ရှုံးနိမ့်ခြင်းကို လက်မခံ။ ပေမျိုးနွယ်တစ်ဦးအနေဖြင့် တရားမဝင်သားဖြစ်စေ အမွေဆက်ခံပိုင်ခွင့်ရှိဆဲပင်ဖြစ်သည်။ အခွင့်အလမ်းတစ်ခုကတော့ ရှိနေဆဲပင်ဖြစ်သည်။

ပေဟန်လီက ညီဖြစ်သူ၏ မနာခံလိုမှုကို သတိပြုမိ၏။ သူက မဲ့ပြုံးပြုံးလိုက်၏။

ဘိုးဘိုးဆီက အဆူခံရတာနဲ့ပဲ အားလုံးပြီးသွားပြီလို့ ထင်နေတာလား။

ယနေ့ညသည် သည်လောက်ရိုးရှင်းစွာ ပြီးဆုံးသွားမည်တော့ မဟုတ်ပေ။

---

အပြင်ဘက်တွင် ရဲကားရပ်သံများ ပဲ့တင်ထပ်လာ၏။ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဆူညံသံများ ပိုကျယ်လာ၏။ နှင်းခဲသည့် ဆောင်းညအမှောင်ကို အနီနှင့်အပြာ မီးလုံးများက အလင်းပေးလျက်ရှိ၏။ စူးရှသော အသံသည် နှောင်းည၏ တိတ်ဆိတ်မှုကို ဖျက်စီးသွား၏။

ပေဘိုးဘိုးသည် ဆူညံသံကြောင့် လန့်ဖြန့်သွားသည်။ အဓိကတံခါးမကြီးသို့ မြန်မြန်သွားကြည့်ရာ ပေအိမ်တော်အပြင်ဘက်တွင် ရဲကားများ ရပ်နေသည်ကို တွေ့လိုက်ရ၏။

ပေဘိုးဘိုး မျက်နှာဖြူဖပ်သွားသည်။

"ဘာလို့ ရဲတွေဒီကိုလာနေကြတာလဲ"

ချက်ချင်းပင် ပေပါးပါးနှင့် ပေယွဲ့ပိုင်တို့ဘက်သို့ လှည့်လိုက်သည်။

"မင်းတို့နှစ်ယောက် တရားမဝင်တာ ဘာတွေလုပ်ထားသေးလဲ"

ပေပါးပါးနှင့် ပေယွဲ့ပိုင်တို့ ခေါင်းကို အပြင်းအထန် ခါလိုက်၏။

"မလုပ်ပါဘူး မဟုတ်ဘူး မလုပ်ဘူး"

ကောလာဟလအတင်းအဖျင်းအနည်းငယ်သာဖြစ်သည်။ သူတို့အနေဖြင့် တရားမဝင်သည်ကို မည်သို့လုပ်နိုင်မှာနည်း။

ပေဘိုးဘိုး မျက်မှောင်ကြုတ်လိုက်စဉ် ယူနီဖောင်းဝတ်ထားသော ရဲအရာရှိတစ်ဦး ရောက်လာသည်။

လူငယ်ရဲအရာရှိက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"မင်္ဂလာညနေခင်းခင်ဗျာ၊ ကျွန်တော်တို့က ဟိုင်မြို့ ရှန်းပုခရိုင် ရဲစခန်းက ရဲတွေပါ"

တောက်ပနေသော လက်ထိပ်များကို ထုတ်ယူကာ ဖန်းမေယွီနှင့် ပေကျစ်ယွမ်တို့၏ လက်ကောက်ဝတ်တွင် ခတ်ထားလိုက်၏။

"ဖန်း‌မေယွီ ခင်များဟာ ကလေးလူကုန်ကူးမှုမှာ ပါဝင်နေပါတယ်၊ ပေကျစ်ယွမ် ခင်များဟာ ဒီပြစ်မှုရဲ့ ပူးပေါင်းကြံစည်သူပါ၊ နှစ်ယောက်စလုံး ရဲစခန်းကို လိုက်ခဲ့ပေးပါ"

ဖန်းမေယွီနှင့် ပေကျစ်ယွမ်တို့ ဦးနှောက်ခြောက်ခြားသွား၏။

"ကလေးလူကုန်ကူးမှုလား တစ်ခုခုမှားနေတာပဲ"

"ဘာမှ မှားမနေဘူး"

ပေဟန်လီက ရှေ့တိုးလာကာ အေးစက်စွာပြော၏။

သူ၏အကြည့်သည် ရေခဲတမျှ အေးစက်သည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းက ပေယွဲ့ပိုင် ပေမိသားစုထဲ ပြန်ဝင်နိုင်ဖို့အတွက် ခင်များက ပေကျစ်ယွမ်ရဲ့ အတွင်းရေးမှူးအဖြစ် ဟန်ဆောင်ပြီး ကျွန်တော်တို့အိမ်ထဲ ခိုးဝင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကို လူကုန်ကူးတဲ့သူတွေလက်ထဲ ထိုးထည့်ခဲ့တာ မေ့သွားပြီလား"

ဖန်းမေယွီ တုန်ယင်သွား၏။ ဤသည်မှာ လွန်ခဲ့သော နှစ်နှစ်ဆယ်က အဖြစ်အပျက်သာဖြစ်သည်။ ပေမိသားစုအိမ်တော်တွင် နှစ်ပေါင်းများစွာ နေထိုင်လာပြီး ပေဟန်လီက အမြဲအေးတိအေးစက်ဆက်ဆံခဲ့ရာ သူမအနေဖြင့် မေ့ပျောက်သွားပြီဟု ထင်ထားခဲ့၏။

"ဆယ့်ကိုးနှစ်နဲ့ ဆယ့်တစ်လ စုစုပေါင်းဆို နှစ်နှစ်ဆယ်နီးပါးပဲ၊ ခင်များတို့ ကျွန်တော့်အပေါ်ကို ရက်ရက်စက်စက်လုပ်ရက်ခဲ့တဲ့ အရာတစ်ခုစီကို ကျွန်တော် တစ်ရက်မှ မေ့မထားခဲ့ဘူး"

All Chapters