← Chapters

Chapter 99

Vol. 10 Ch. 99

Chapter 99

Vol. 10 Ch. 99

System က ဘာတစ်ခွန်းမှ မပြောရဲပဲ တံတွေးသာ မျိုချနေခဲ့သည်။

ယန်ရှီ၏ မျက်နှာတွင် အံ့သြမှု တစ်ခုဖြတ်ပြေးသွားသည်။ သူမသည် လက်များကို ခါးမှာထောက်ရင်းဖြင့် System ၏ ဖောင်းမို့နေသော ပါးများကို ညှစ်ဆွဲလိုက်သည်။

"ဘာများလဲလို့ အခြေအနေက ပြေလည်သွားပြီပဲ၊ ပေယွဲ့ပိုင် ဒါမှမဟုတ် ရဲ့လော့ယီသာ ဒီကမ္ဘာရဲ့ အဖြစ်မှန်ကို သိသွားရင်တောင် စိုးရိမ်စရာမရှိပါဘူး၊ ဘာတွေ ဒီလောက်စိတ်ပူနေရတာလဲ"

[ပေယွဲ့ပိုင် ဒါမှမဟုတ် ရဲ့လော့ယီသာဆိုရင်တော့ ကိစ္စမရှိပါဘူး]

System က တိုးတိုးသာသာ ညည်းတွားလိုက်သည်။ သို့သော် ဖုံးကွယ်ထားလည်း အရာမရောက်မှန်း သိလိုက်သည်။

[ကျုံယန်စီလေ]

ယန်ရှီသည် မျက်တောင်လေး ပေကလက် ပေကလက်လုပ်ရင်း System ကို အတန်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားပုံရသည်။

[Host, Host]

ယန်ရှီသည် တစ်ကိုယ်လုံး ကြက်သေသေနေရာမှ ပြန်အသိဝင်လာသည်။ သူမ၏ မျက်ဝန်းများတွင် မရေမရာဖြစ်နေသော အရိပ်အယောင်များ ပေါ်လာသည်။

"သေချာလား"

System က ခေါင်းငြိမ့်လိုက်သည်။

[နိုးထလာတဲ့ ဇာတ်ကောင်တွေပဲ ငါနဲ့ ဆက်သွယ်လို့ရတာ၊ မင်းရော မင်းကောကောရော ဆက်သွယ်နိုင်တယ်]

ယန်ရှီက နှုတ်ခမ်းကို ဖိကိုက်ထားသည်။ သူမသည် ကျုံယန်စီ နိုးထလာနိုင်ခြေကို ထည့်တွက်ထားခဲ့သော်လည်း ဤအခြေအနေသည် အဆိုးဆုံး ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

အကယ်၍ ကျုံယန်စီသာ နိုးထလာခဲ့ပါက သူမ၏ အတိတ်ကာလက လုပ်ရပ်များအားလုံးကို သိရှိသွားမည်ဖြစ်သည်။ ကျုံချင်းယွီ၏ ကံကောင်းခြင်းအမှတ်များအတွက်ကြောင့်သာ

ချဉ်းကပ်ခဲ့ခြင်းဖြစ်ပြီး သူ့အား စစ်မှန်သော စိုးရိမ်ပူပန်မှုကြောင့် မဟုတ်သည်ကို သူသိသွားလိမ့်မည်။

[သူ့ကို ရှင်းပြသင့်တယ်ထင်တယ်နော်]

[သူ နားထောင်ပေးမှာပါ]

ယန်ရှီတစ်ယောက် တွန့်ဆုတ်နေခဲ့သည်။ သူမ၏ လက်ချောင်းများက အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။

System က ညင်သာစွာ ချော့မော့ပြောသည်။

[Host ဘာလို့ သူ့ကို နည်းနည်းလေးမှ မယုံကြည်တာလဲ၊ လိမ်ခဲ့တာကို သိတာတောင်မှ သခင်မလေးက မင်းကို ခွင့်လွှတ်ခဲ့သလိုပေါ့]

[သူလည်း ဒီအတိုင်းပါပဲ သူက မင်းကို အရမ်းချစ်တာပဲလေ]

ယန်ရှီ ကြောက်နေမိသည်။ ကျုံယန်စီ ဂရုစိုက်မိသွားမည်ကို ကြောက်သည်။

"ကျုံချင်းယွီနဲ့ ငါက လိမ်ခဲ့တဲ့ အချိန်မတိုင်ခင်ကတည်းက ငါးနှစ်လောက် သိခဲ့ကြပြီးပြီ တစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို တစ်ယောက်သိကြတယ်၊ သူသာ အမှန်တရားအပြည့်အစုံကို ဘယ်တော့မှ မသိခဲ့ရင်တောင် ငါက သူ့အတွက် အကောင်းဆုံးအတွက် လုပ်ခဲ့တယ်လို့ ယုံမှာ"

"ဒါပေမဲ့ ကျုံယန်စီကတော့"

လိမ်ညာလှည့်ဖျားခြင်းသည် သူမ၏ ရည်ရွယ်ချက်မဟုတ်ခဲ့သော်လည်း ကျုံယန်စီအတွက်တော့ သူမ၏ ချဉ်းကပ်မှုက လိမ်ညာမှုတစ်ခုသာ ဖြစ်နေသည်။

ကျုံယန်စီသည် လုံခြုံရေးစိတ်ဓာတ် အားကောင်းသောသူ တစ်ယောက်မဟုတ်ခဲ့ပေ။

လွန်ခဲ့သော ငါးနှစ်ကတည်းက ရုတ်တရက် ကြိုက်နှစ်သက်မှုဟူသည် သူ၏ စိတ်ထဲတွင် "စိတ်ကူးယဉ်ပြိုင်ဘက်" ဖြစ်လာနိုင်သည်။

ယန်ရှီက သူ့အား အခြား ရည်ရွယ်ချက်များကြောင့်သာ ချဉ်းကပ်ခဲ့သည်ကိုသာ သိခဲ့လျှင် မည်မျှပင် နာကျင်ခံစားရမည်နည်း။

System သည် ယန်ရှီ၏ စိတ်ခံစားမှု လှိုင်းဂယက်များကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

[ဒါကြောင့်ပဲ သခင်မလေးက သူနဲ့ လက်မထပ်နိုင်ဘူးလို့ ပြောခဲ့တာပေါ့]

ကျုံချင်းယွီ၏ အပူအပင်ကင်းသော သဘာဝနှင့်မတူပဲ ယန်ရှီသည် အရာရာတိုင်းအတွက် အသေးစိတ်ကျကျ ကြိုတင်ပြင်ဆင်လေ့ရှိသည်။ သူမသည် ကျုံယန်စီနှင့် သူမကြား၌ ဖြစ်နိုင်ခြေရှိသော အဆိုးဆုံးအခြေအနေကို ကြိုတင်မြင်ယောင်ထားပြီးဖြစ်သည်။

ထိုသို့တွေးမြင်ထားခြင်းဖြင့် ထိုနေ့ရက်သို့ ရောက်လာသည့်အခါ သူမသည် အလွန်အကျွံ ဝမ်းနည်း ကြေကွဲနေတော့မည်မဟုတ်ပေ။

မူလ၌ ယန်ရှီသည် ကျုံယန်စီတစ်ယောက် ကံကောင်းခြင်းအမှတ်များ အကြောင်းကို မည်သို့မျှ သိမည်မဟုတ်ဟု ယူဆထားခဲ့သည်။

ယန်ရှီသည် ကျုံယန်စီအား တစ်သက်လုံး ဖုံးကွယ်ထားမည်ဖြစ်သည်။

သို့သော်လည်း ကြံရာမရသည့် ဇာတ်ကွက်က နောက်ဆုံးတွင် သူမကို ကစားခဲ့သည်၊၊ နိုးထလာသူမှာ ကျုံယန်စီ ဖြစ်ခဲ့သည်။

အလုပ်ချိန်ပြီးရန် နှစ်နာရီအလို၌

ယန်ရှီသည် သူမ၏ အိတ်ကိုထုပ်ကာ စတားလိုက်တာဝါမှ အလျင်အမြန် ထွက်လာခဲ့သည်။

ကျုံယန်စီ၏ နိုးထမှုက ရှောင်လွှဲလို့မရသဖြင့် သူမ ထွက်ပြေးလို့မရတော့ပေ။ သူမ ရင်ဆိုင်ရမည်သာဖြစ်သည်။

ကျုံကော်ပိုရေးရှင်းသည် အေးစက်ပြီး ခမ်းနားထည်ဝါသည်။ ဝန်ထမ်းများကလည်း ဘီးစိတ်များသကဲ့သို့ စေ့စပ်သေချာစွာ အလုပ်လုပ်နေကြသည်။

ယန်ရှီက သူမ၏ ဝင်ခွင့်ကတ်ကို ပွတ်ဆွဲပြီး ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။

ဓာတ်လှေကားသည် ၈၈ လွှာသို့ တက်သွားသည်။

ယန်ရှီ၏ နှလုံးသားသည် တုန်ယင်နေခဲ့ပြီး

တောင်းပန်စကားကို သူမ၏ ခေါင်းထဲတွင် အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေခဲ့သည်။

ယန်ရှီသည် အမြဲတမ်း ထူးချွန်သော ကျောင်းသူတစ်ယောက်ဖြစ်ပြီး ကျောင်း၏ အစည်းအဝေးများရှေ့တွင် မကြာခဏဆိုသလို မိန့်ခွန်း ပြောဆိုနေရသူတစ်ယောက်လည်း ဖြစ်သည်။ ယခုအခါ စတားလိုက်၏ ဒုဥက္ကဌအနေဖြင့် ဝန်ထမ်းများကို မကြာခဏမိန့်ခွန်းပြောရခြင်း၊ သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုများတွင် သန်းနှင့်ချီသော ပရိသတ်များအား အမှာစကားပြောဆိုရခြင်းများ ပြုလုပ်နေရသည်။

သို့သော် ယခုကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး ခံစားခဲ့ရသည်မှာ ဤသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ယန်ရှီ၏ တောင်းပန်စကား မူကြမ်းသည် သူမ၏ စိတ်ထဲ၌ ထပ်ခါတလဲလဲ ပေါ်လာသော်လည်း လုံလောက်သည်ဟု မခံစားရပေ။

၈၈ လွှာသို့ ရောက်သောအခါ သူမသည် ကျုံယန်စီကို မြင်လိုက်သည်။

ကျုံယန်စီသည် ယခုတင် ရုံးခန်းထဲမှ ထွက်လာပြီး သူ၏ ကော်လံကို ပြန်ညှိနေသည်။ ယန်ရှီက သူ့အား လှမ်းခေါ်ရန် ဟန်ပြင်လိုက်စဥ် ကျုံယန်စီက လှည့်ကာ အစည်းအဝေးခန်းထဲသို့ ဝင်သွားသည်။

မပြောရသေးသော စကားလုံးများသည် ယန်ရှီ၏ လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ စိုးရိမ်စိတ်ဖြင့် ဘေးနားရှိ စားပွဲ၏အစွန်းကို သူမ လက်ချောင်းဖြင့် ကုတ်ခြစ်လိုက်သည်။

ဒုတိယလက်ထောက်က ယန်ရှီကို သတိထားမိလိုက်သည်။

"မစ္စယန် ဥက္ကဌကျုံနဲ့ တွေ့ဖို့လာတာလား"

"အင်း" ဟု ယန်ရှီက ပြန်ဖြေသည်။

"သူ့အစည်းအဝေးက ဘယ်လောက်ကြာမှာလဲ"

လက်ထောက်က ကျုံယန်စီ၏ အစီအစဥ်ကို ကြည့်လိုက်သည်။

"နှစ်နာရီလောက်ပေါ့၊ ဒါပြီးရင် ကျွန်တော်တို့ အခုလေးတင် ရင်းနှီးမြှုပ်နှံထားတဲ့ ဂိမ်းကုမ္ပဏီကို သွားစစ်ဖို့အတွက် အဆင့်မြင့်နည်းပညာဇုန်ကို သွားဖို့ရှိတယ်"

"မစ္စယန် အရေးတကြီးဆိုရင် ကျွန်တော် သူ့ကို သွားပြောပေးလို့ရပါတယ်"

"မလိုပါဘူး"

ယန်ရှီသည် စိတ်သက်သာရာရသွားခြင်းလား သို့မဟုတ် ရှောင်လွှဲမရနိုင်သည့် အရာကို ရှောင်နေခြင်းလားဆိုသည်ကို သူမ မသေချာသော်လည်း သူမ၏ အသံမှာ အားလျော့နေသည်။

"သူ့ရုံးခန်းထဲမှာ ကျွန်မစောင့်နေလို့ရမလား"

"ဟုတ်၊ ရတာပေါ့"

လက်ထောက်က ယန်ရှီအတွက် ရုံးခန်းတံခါးကို ဖွင့်ပေးလိုက်သည်။

ကျုံယန်စီ၏ ရုံးခန်းသည် ရိုးရှင်းခန့်ညားပြီး အေးစက်သော အရောင်များဖြင့် လွှမ်းမိုးထားသည်။ နံရံများသည် အရောင်တင်ထားသော စကျင်ကျောက်များဖြစ်ပြီး အရောင်မှိန်မှိန်ဖြင့် အေးစက်သော အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။ မလိုအပ်သော အလှဆင်မှုထားများ မရှိပေ၊ တစ်ဖက်တွင် အနုပညာလက်ရာ စိတ်ကူးယဉ် စိတ္တဇရုပ်ပုံလေးများသာ ချိတ်ဆွဲထားသည်။

ယန်ရှီ၏ ဘဝ၌ ကျုံယန်စီ၏ ရုံးခန်းထဲသို့ ဝင်လာခြင်းသည် ယခုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြတာတောင်မှ သူတို့၏ ဆက်ဆံရေးသည် ယခင်ကနှင့် သိပ်၍ မပြောင်းလဲခဲ့ပေ။

တစ်ခုတည်းသော ကွာခြားချက်သည် ရံဖန်ရံခါ၌ ခန္ဓာကိုယ်ချင်း နီးကပ်စွာ ထိတွေ့ခြင်းသာ ရှိသည်။

ယန်ရှီသည် အနက်ရောင်ဆိုဖာပေါ်တွင် ထိုင်၍ သူမ၏ ရှင်းပြချက်ကို ထပ်မံပြင်ဆင်ရန် ရည်ရွယ်ထားသည်။

ဒင်!

ကော်ဖီစားပွဲပေါ်ရှိ တက်ဘ်လက်က အလင်းတန်းဖြာသွားသည်။

ယန်ရှီ၏ အသိစိတ်က လှုပ်ရှားလိုက်သည်။

သူမသည် လှမ်းကြည့်လိုက်ကာ နေရာ၌ပင် အေးခဲသွားသည်။

၎င်းသည် ရှာဖွေမှု စာမျက်နှာဖြစ်သည်။

ရှာဖွေမှုဘားရှိ စကားလုံးမှာ System။

ယန်ရှီ၏ အသက်ရှူသံ ရပ်တန့်သွားသည်။ သူမသည် မိမိကိုယ့်ကို မထိန်းချုပ်နိုင်တော့ပဲ လက်လှမ်းလိုက်ကာ ရှာဖွေမှုဘားကို နှိပ်လိုက်သည်။

ဆက်စပ်ရှာဖွေမှုများ စာရင်းတစ်ခု ပေါ်လာသည်။

စနစ် (System)၊ ကမ္ဘာတစ်ခုမှ ကူးပြောင်းလာခြင်း (transmigration)၊ နိုးထခြင်း (awakening)

ယန်ရှီ၏ အသက်ရှူသံက ပိုမိုမြန်ဆန်လာသည်။ သူမ၏ လက်ချောင်းထိပ်များမှ နှလုံးသားအထိ သွေးများ အေးခဲသွားသလိုပင် ခံစားလိုက်ရသည်။

"ရှီရှီ"

တံခါးဝမှ အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။

ကျုံယန်စီကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ယန်ရှီ ရင်ထဲ၌ အပြစ်ရှိစိတ်များ ရုတ်ချည်းဝင်ရောက်လာသည်။ သူမသည် တက်ဘ်လက်၏ လော့ခ်ခလုတ်ကို လျင်မြန်စွာနှိပ်လိုက်သဖြင့် ဖန်သားပြင်သည် မှောင်မိုက်သွားသည်။

စိတ်လှုပ်ရှားစွာဖြင့် ယန်ရှီသည် မတ်တပ်ထရပ်လိုက်သည်။

"အစည်းအဝေးရှိတယ်ဆို"

"နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် နာရီဝက်လောက် ရွှေ့လိုက်ရတယ်"

ကျုံယန်စီက ရုံးခန်းတံခါးကိုပိတ်လိုက်၍ သူ၏ နက်ပြာရောင်နက်ကတိုင်ကို လျှော့ချလိုက်သည်။ ကျုံယန်စီ၏ မျက်လုံးများသည် တက်ဘ်လတ်ပေါ်သို့ ခေတ္တမျှ တစ်ချက်ကြည့်ပြီးနောက် ယန်ရှီထံသို့ အကြည့်ရောက်သွားသည်။

သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

"မနှုတ်ဆက်ပဲနဲ့ ကိုယ့်ရုံးခန်းထဲ ရောက်လာတာကို ဘာလဲ လာစစ်ဆေးတာလား"

ကျုံယန်စီ၏ အသံက အေးအေးဆေးဆေးနှင့် ပုံမှန်အတိုင်း ပြောင်းလဲခြင်းမရှိခဲ့ပေ။ သူသည် ယန်ရှီကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီး သူ့ လက်ကြီးကို ခါးပေါ်တွင် တင်လိုက်ကာ သူမ၏ လည်ပင်းကို အသာအယာ နမ်းရှိုက်လိုက်သည်။

"လွမ်းနေတာလား"

ယန်ရှီ၏ ခါးက ယားယံလာပြီး သူမ၏ ဤသို့လာရခြင်း ရည်ရွယ်ချက်ကို မေ့လုမတတ်ပင် ဖြစ်သွားသည်။

"ရှင် ကျွန်မကို ဘာမှမေးစရာ မရှိဘူးလား"

ကျုံယန်စီက ရယ်မောလိုက်သည်။

“ကိုယ် အခုလေးတင် မေးလိုက်တယ်လေ ဘာလဲ၊ ကိုယ့်ကိုတွေ့ဖို့ ဒီအထိ လာပြီးတော့ လွမ်းလို့မဟုတ်ဘူးလား"

သူ၏ အပြုံးက အကူအညီမဲ့နေသော်လည်း ချစ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

"တကယ် ကိုယ့်ကို လာပြီးစစ်ဆေးနေတာလား"

ယန်ရှီတစ်ယောက် လုံးဝရှုပ်ထွေးသွားသည်။ အကယ်၍ ကျုံယန်စီသာ နိုးထလာခဲ့ပါက သူ၏ တုံ့ပြန်မှုက လုံးဝကွဲပြားနေသင့်သည် မဟုတ်ပေလော။

"System ထွက်ခဲ့စမ်း ဘာတွေဖြစ်နေတာလဲ"

System က ကျုံယန်စီကို ဝေ့ပတ်ကာ လွင့်ပျံလာပြီး သူ့ကို အသေးစိတ် စစ်ဆေးကြည့်ရှုနေသည်။

[ဒါက အဓိပ္ပာယ်မရှိဘူး]

[သီအိုရီအရဆို သူ နိုးထသင့်နေပြီ]

[ဒါပေမဲ့ သူ ငါ့ကို မမြင်နိုင်ဘူးလား]

ယန်ရှီက သွားများကို ကြိတ်လိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

ဒါက အတော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းနေပြီ။

System သည် ကျုံယန်စီကို ထူးထူးဆန်းဆန်း မျက်နှာပေးများဖြင့် လုပ်ပြနေသည်။ သူ့ မျက်နှာပြင်လေးများသည် ရယ်ရသော ပုံသဏ္ဍာန်များအဖြစ် တွန့်လိမ်သွားသော်လည်း ကျုံယန်စီက ယန်ရှီ၏ ဆံပင်များကိုသာ ပွတ်သပ်နေပြီး သူ၏ ဘေး၌ လွင့်မျောနေသော လူပုံစံ အီမိုဂျီစတစ်ကာကို လုံးလုံး သတိမထားမိခြင်းမရှိပေ။

[သူ အခုထိ မနိုးသေးဘူးနဲ့တူတယ်]

[Host ငါလည်း နားမလည်ဘူး ဒီလိုမျိုး တစ်ခါမှ မကြုံဖူးသေးဘူး]

ယန်ရှီက သက်ပြင်းချလိုက်သည်။ သူမသည် ဤအပျော်တမ်း မရင့်ကျက်သေးတဲ့systemကို အလွန် အားမကိုးသင့်ကြောင်း သိလိုက်သည်။

"သူ့ကို အမှန်အတိုင်း ပြောပြလိုက်သင့်တယ်လို့ ထင်တယ်"

[Host မလုပ်ပါနဲ့]

[သူ မနိုးသေးဘဲ ဒီကမ္ဘာရဲ့အဖြစ်မှန်ကိုသာ ပြောပြလိုက်ရင် သူ့ရဲ့မှတ်ဉာဏ်တွေ ဖျက်ဆီးခံရမယ်၊ မင်းရဲ့ ဖြစ်တည်မှုကလည်း ပျက်သွားလိမ့်မယ်]

[သူနိုးလာမှသာ မင်း ပြောပြလို့ရမယ်]

အပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသည်။

ကျုံယန်စီ: "ဝင်ခဲ့"

လက်ထောက်ဆွန်းသည် ရုံးခန်းထဲသို့ ဝင်လာပြီး စားပွဲပေါ်၌ တင်ထားသော တက်ဘ်လက်ကို လေးစားသမှုဖြင့် ကောက်ယူလိုက်သည်။

"တောင်းပန်ပါတယ်၊ စောနက အစီရင်ခံစာတင်တဲ့ အချိန်တုန်းက ဒါကို မေ့သွားလို့ပါ ဥက္ကဌကျုံ၊ ဥက္ကဌယန်တို့ စကားဆက်ပြောကြပါ ကျွန်တော် ပြန်သွားလိုက်ပါဦးမယ်"

ယန်ရှီက အံ့သြသွားသည်။

"ဒီတက်ဘ်လက်က ရှင့်ဟာလား"

လက်ထောက်ဆွန်းသည် ကျုံယန်စီကို လှမ်းကြည့်လိုက်ပြီး မည်သည့် တုံ့ပြန်မှုမှ မတွေ့ရသောအခါ ချက်ချင်းပင် ခါးကို မတ်လိုက်ကာ ပြတ်သားစွာ ပြောလိုက်သည်။

"ဟုတ်တယ် ကျွန်တော့်ဟာလေ၊ နောက်ဆုံးပေါ်မော်ဒယ်ဗားရှင်း အကောင်းဆုံး အပိုင်းတွေနဲ့ လုပ်ထားတာ မိုက်တယ်မလား"

ယန်ရှီ: "ကျွန်မ မတော်တဆ ရှင့်ရဲ့ရှာဖွေမှုမှတ်တမ်းကို မြင်လိုက်တယ် 'စနစ်တွေ' 'ဝတ္ထုထဲကို ကူးပြောင်းခြင်း' အကြောင်းတွေ"

"အိုး"

လက်ထောက်ဆွန်းသည် သူ၏ နဖူးကို ရိုက်လိုက်သည်။

"ကျွန်တော့်ရည်းစားက ဝတ္ထုတွေ ဖတ်ရတာ ကြိုက်တယ် ဒါသူရှာထားတာတွေနေမှာ၊ ဥက္ကဌယန်လည်း အဲလိုဇာတ်လမ်းမျိုးတွေကို ကြိုက်လား၊ နောက်မှ သူ့ကို ဥက္ကဌယန်အတွက် အကြံပေးဖို့ ပြောပေးမယ်"

ယန်ရှီက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

“မလိုပါဘူး၊ မလိုပါဘူး"

သူမ၏ မျက်လုံးများသည် ကျုံယန်စီ၏မျက်နှာပေါ်တွင် ရပ်တန့်မသွားမီ ပတ်ပတ်လည်သို့ ဝေ့ဝဲကြည့်နေခဲ့သော်လည်း ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ရာကိုမျှ သူမ မတွေ့ခဲ့ရပေ။

ဒါဆို ဒါက လက်ထောက်ဆွန်းရဲ့ တက်ဘ်လက်ပေါ့။ အကယ်၍ ဒါသာ မှန်ခဲ့ရင် ကျုံယန်စီ တကယ်ပဲ မနိုးသေးတာ ဖြစ်နိုင်တယ်။

ဒီလိုဘေးထွက်ဆိုးကျိုးမျိုးက ဖြစ်ပေါ်လာဖို့ အာမခံချက်မှ မရှိတာကိုး။

လက်ထောက်ဆွန်းသည် ရုံးခန်းမှ ထွက်သွားသည်။

ကျုံယန်စီသည် ယန်ရှီ၏ လက်ကိုယူကာ လက်ချောင်းများကို ယှက်လိုက်သည်။

"ရောက်နေတုန်း အလုပ်ပျက်ပြီး လည်ပတ်ကြမလား"

ယန်ရှီသည် အလုပ်ကိုသာ စွဲလန်းသူ ကျုံယန်စီ၏ ပါးစပ်မှ "အလုပ်ပျက်ခြင်း" ဆိုသည့် စကားကို ကြားရမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

"ရှင် အစည်းအဝေး မရှိဘူးလား"

"လက်ထောက်ဆွန်း ရှင်းလိုက်လိမ့်မယ်’

"အဲဒါဆို အဆင့်မြင့်နည်းပညာဇုန်က ဂိမ်းကုမ္ပဏီကို စစ်ဆေးတာကရော"

"အဲဒါလည်း လက်ထောက်ဆွန်း ရှင်းလိုက်လိမ့်မယ်"

ယန်ရှီသည် လက်ထောက်ဆွန်းကိုပင် သနားရမလား မသေချာတော့ပေ။

"ဒါပေမဲ့ ကျွန်မက"

ကျုံယန်စီသည် ယန်ရှီကို ရုတ်တရက် နမ်းလိုက်သည်။ သူ၏ လျှာသည် ပျော့ပြောင်းသော မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားကာ သူမ၏ အသက်ရှူသံကို အလွယ်တကူ ခိုးယူသွားသည်။ ကျုံယန်စီသည် ယန်ရှီကို ပိုမိုနီးကပ်စွာ ဖိကပ်လာသည်။

သူ၏ အနမ်းသည် သဲကန္တာရထဲမှ ခရီးသွားတစ်ဦးက နောက်ဆုံးကျန်ရှိသော မိုးရေချိုများကို မြည်းစမ်းနေသကဲ့သို့ တာရှည်ပြီး အနုစိတ်နေခဲ့သည်။

ယန်ရှီသည် စိတ်ရှုပ်ထွေးလာပြီး သူမ၏ အသက်ရှူသံများပင် မမှန်တော့ပေ။

ယန်ရှီသည် ကျုံယန်စီကို အတင်းအကျပ် တွန်းထုတ်လိုက်ပြီး အသက်ရှူလိုက်သည်။

ကျုံယန်စီ၏ မျက်ဝန်းများတွင် ပြုံးရိပ်များဖြင့် ယန်ရှီ၏ နှာခေါင်းကို သူ့နှာခေါင်းဖြင့် ပွတ်သပ်လိုက်သည်။ သူ၏ အသံနိမ့်ဖြင့် နတ်ဆိုးတစ်ကောင်၏ သွေးဆောင်မှုကဲ့သို့ တီးတိုး‌ ပြောဆိုလိုက်သည်။

"ယန်ရှီ ကိုယ်တို့ ချိန်းတွေ့ကြစို့"

ဤသည်မှာ ယန်ရှီ၏ ကျုံယန်စီနှင့် ပထမဆုံး ချိန်းတွေ့ခြင်း ဖြစ်သည်။

သူတို့၏ ဆက်ဆံရေးကို အတည်ပြုပြီးနောက်တွင် ယန်ရှီသည် အမျိုးမျိုးသော တီဗွီအစီအစဉ်များဖြင့် အလုပ်ရှုပ်နေခဲ့သည် သို့မဟုတ် သူမ၏ စာတမ်းအဆိုပြုချက်နှင့် ရှင်းယောင်တွင် အလုပ်များနေခြင်းကြောင့် ကျုံယန်စီအတွက် အချိန်မရှိခဲ့ပေ။

ယန်ရှီ၌ အချစ်ရေးအတွေ့အကြုံ မရှိသကဲ့သို့ ကျုံယန်စီတွင်လည်းမရှိခဲ့ပေ။

သို့သော်လည်း သူမ တွေးကြည့်သောအခါ ချိန်းတွေ့ခြင်းသည် စုံတွဲများ လုပ်သင့်လုပ်ထိုက်သောအရာ မဟုတ်ပေလော။

သူတို့၏ ချိန်းတွေ့မှုမတိုင်မီတွင် ကျုံယန်စီသည် ယန်ရှီကို အင်္ကျီဆိုင်သို့ ခေါ်သွားကာ သူတို့၏ တရားဝင်ရုံးအဝတ်အစားများကို လဲလှယ်ခဲ့သည်။

ကျုံယန်စီသည် ပေါ့ပေါ့ပါးပါး ဂျာကင်အင်္ကျီကို လဲဝတ်လိုက်သည်နှင့် သူ၏ပုံပန်းသည် နှစ်ပေါင်းများစွာငယ်ရွယ်သွားခဲ့ပြီး ခန့်ညားသော ကောလိပ်စီနီယာ တစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွားသည်။

ယန်ရှီသည် ပန်းရောင် ကတ်ရ်ှမီးယားဆွယ်တာနှင့် ချည်သားစကတ်ရှည်ကို ရွေးချယ်လိုက်ရာ ပိုမိုနုပျိုနေပုံရသည်။

ပြောရလျှင် သူမသည် ငယ်ရွယ်ပြီးသားဖြစ်သည်။

System က ယန်ရှီ၏ ပခုံးပေါ်တွင် တွယ်ကပ်နေရင်း ကျုံယန်စီကို ကြည့်လိုက်သည်။

[မင်းနဲ့အတူရှိနေရင် သူက ပိုပြီး ငယ်ချင်ယောင်ဆောင်နေတယ်လို့ ခံစားရတယ်]

ယန်ရှီ: "..."

"သူက ၂၇ နှစ်ပဲ ရှိသေးတာလေ၊ အဆင်ပြေတာ် မလား"

"မဖြစ်နိုင်တာက အသက်သုံးဆယ်နီးပါး ရှိနေပြီ ယောင်္ကျားတွေက ၂၅ နှစ်ကျော်ရင် လျော့လာတာကို မင်းသိတယ်မလား"

သူတို့ရှေ့တွင် အဝတ်အစားများ စမ်းဝတ်နေသော ကျုံယန်စီသည် ရုတ်တရက် လဲကျသွားသည်။

ယန်ရှီ: ???

System: ???

[သူ...သူ ငါတို့ မကောင်းပြောတာကို ကြားသွားတာလား]

ယန်ရှီက တံတွေးမျိုချလိုက်သည်။

"မဖြစ်နိုင်ပါဘူးနော်"

ကျုံယန်စီ၏ ရုတ်တရက် လဲကျမှုသည် ယန်ရှီကို စိတ်ပူပန်စေခဲ့သည်။

သို့သော်လည်း System သည် ယန်ရှီ၏ ပခုံးပေါ်တွင် ဖက်တွယ်နေခဲ့ပြီး ကျုံယန်စီက သတိမထားမိသောကြောင့် သူမသည် တဖြည်းဖြည်း စိတ်အေးသွားသည်။

တစ်ခုမျှ မဝယ်ပဲ လျှောက်၍ ပတ်ကြည့်ပြီးနောက် သူတို့နှစ်ဦးသည် ညစာစားရန်အတွက် သွားခဲ့ကြသည်။

သူတို့သည် ဈေးကြီးသော စားသောက်ဆိုင်သို့ မသွားပဲ သပ်သပ်ရပ်ရပ်နှင့် ကောင်းမွန်သောအစားအစာများရှိသည့် သက်သောင့်သက်သာရှိသော စားသောက်ဆိုင်လေးတစ်ခုသို့ သွားခဲ့ကြသည်။

ယန်ရှီနှင့် ကျောင်း‌ကျောင်းတို့သည် ထိုနေရာသို့ မကြာခဏ သွားလေ့ရှိသည်။ ဆိုင်ပိုင်ရှင်သည် ဟိုင်တတက္ကသိုလ်မှ ကျောင်းသားဟောင်းဖြစ်ပြီး သူ၏ ဟင်းချက်နည်းသည် အရသာရှိလှသည်။ စားသောက်ဆိုင်တွင်လည်း ရံဖန်ရံခါ အထူးဈေးနှုန်းများ ရှိတတ်သည်။

သူတို့သည် ဝင်ထိုင်လိုက်ပြီး အော်ဒါမှာရန် ပြင်ဆင်နေစဥ် စားပွဲထိုးတစ်ယောက်က ရောင်းအားမြှင့်တင်မှုအတွက် လာ၍ ပြောဆိုသည်။

"ကျွန်တော်တို့ ဆိုင်မှာ စုံတွဲအထူးအစီအစဉ်လေး ရှိနေတာ ကျွန်တော်တို့ရဲ့ လာဘ်ကောင် ခေါင်းစွပ်ကို ဝတ်ပြီး ဓာတ်ပုံရိုက် ပြီးတာနဲ့ အဲဓာတ်ပုံကို ကျွန်တော်တို့ရဲ့ ဓာတ်ပုံနံရံမှာ ပြရင် ချောကလက်ရေခဲမုန့်ကို အလကား သုံးဆောင်လို့ရပါတယ်"

ယန်ရှီသည် ဤကဲ့သို့သော အခွင့်အရေးလေးများကို အမြဲယူတတ်သူဖြစ်သည်။ အခမဲ့ရိုက်ပေးသော ဓာတ်ပုံတစ်ပုံသည် မည်သည့်အခါကမှ မထိခိုက်ခဲ့ပေ။

သို့သော်လည်း သူမသည် ရယ်စရာကောင်းသော ဖားခေါင်းစွပ်ကို မြင်သောအခါ ကျုံယန်စီ ဝတ်ဆင်နေသည်ကို စိတ်ကူးထဲတွင်ပင် မြင်ယောင်မကြည့်ပဲ မနေနိုင်ခဲ့ပေ။ ထို့အပြင် ကျုံကော်ပိုရေးရှင်း၏ အမွေဆက်ခံသူသည် အခမဲ့ရေခဲမုန့်ကို လိုအပ်မည်မဟုတ်ပေ။ သူသည် ဆိုင်တစ်ခုလုံးကိုပင် မျက်တောင် တစ်ချက်ကလေး မခတ်ပဲ ဝယ်ယူနိုင်သည်။

"ကျေးဇူးပါပဲ မလိုပါဘူး ကျွန်မတို့က…”

"ရိုက်ကြရအောင်လေ"

ယန်ရှီသည် ကျုံယန်စီဘက်သို့ ခေါင်းကို ဝှေ့ယမ်းကာ ကြည့်လိုက်သည်။

"ရှင် ဒီဖားခေါင်းစွပ်ကို ဝတ်ချင်တာလား"

ကျုံယန်စီသည် ခေတ္တမျှ ရပ်တန့်သွားပြီး ဖားခေါင်းစွပ်ကို မနှစ်မြို့စွာ ကြည့်လိုက်သည်။

ထို့နောက် သူ၏မျက်လုံးများသည် စားပွဲထိုး၏ ကြော်ငြာဆိုင်းဘုတ်ပေါ်သို့ လျှင်မြန်စွာ ရောက်သွားပြီး "စုံတွဲအထူးအစီအစဉ်" ဆိုသည့် စကားလုံးများတွင် ရပ်တန့်သွားသည်။

သူက ဖြည်းဖြည်းချင်း အသံထွက်ပြောလိုက်သည်။

"ကိုယ်...ဝတ်...ချင်...တယ်"

နေစမ်းပါဦး။

ကျုံယန်စီက ဆိုးဆိုးရွားရွားနဲ့ ချစ်စရာကောင်းတဲ့ အလှမျိုးကို ကြိုက်တဲ့သူလား။

ယန်ရှီသည် ထိုအရုပ်ဆိုးပြီး ချစ်စရာကောင်းသော ဖားခေါင်းစွပ်ကို ဝတ်ဆင်နေစဥ်တွင်ပင် ကျုံယန်စီကို ၎င်းက မည်သို့ စွဲဆောင်သွားသည်ကို နားမလည်နိုင်ခဲ့ပေ။

အံ့ဩစရာကောင်းစွာပင် ကျုံယန်စီ၏ ပုံပန်းသဏ္ဍာန်က ထိုပေါတောတော ဖားခေါင်းစွပ်နှင့်ပင် လိုက်ဖက်နေစေခဲ့သည်။ စားပွဲထိုးက သူတို့၏ဓာတ်ပုံကို ရိုက်လိုက်သည်။တစ်ပုံကို ဆိုင်၏နံရံအတွက် ကျန်တစ်ပုံကိုတော့ သူတို့အတွက် ဖြစ်သည်။

"နှစ်ယောက်လုံးက အရမ်းလိုက်တယ်နော်"

ဖားခေါင်းစွပ်၏ ရှုပ်ထွေးနေသော လည်ပင်းကြိုးနှင့် ရုန်းကန်နေရသော ကျုံယန်စီက ထိုချီးကျူးစကားကြောင့် သူ့နှုတ်ခမ်းကို အနည်းငယ် ကွေးညွတ်လိုက်သည်။

"အင်း ငါလည်း အဲလိုပဲ ထင်တယ်"

နောက်ဆုံးတွင် ထိုဓာတ်ပုံသည် ကျုံယန်စီ၏ ပိုက်ဆံအိတ်ထဲတွင် ဂရုတစိုက် သိမ်းဆည်းခြင်းခံခဲ့ရသည်။

သူတို့သည် အခမဲ့ ရေခဲမုန့်ကို ရရှိခဲ့ပြီး ယန်ရှီက လမ်းလျှောက်နေစဥ် ရေခဲမုန့်ကို ပျော်ရွှင်စွာ လျက်နေသည်။

ခေါင်းစွပ်က ရုပ်ဆိုးသော်လည်း ရေခဲမုန့်ကတော့ တန်ဖိုးရှိသည်။

System က ယန်ရှီ၏ ဘေးတွင် လိုက်ပါနေသည်၊ အသွင်ပြုပုံသဏ္ဍာန် တစ်ခုအနေဖြင့် အစားအသောက်ကို မခံစားနိုင်ပေ။

System က နောက်ဆုံးတွင် နားလည်သွားသည်။

၎င်းသည် ကျုံယန်စီ၏ နိုးထမှုကို စောင့်ကြည့်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်။

ခွေးစာ စားဖို့ ရောက်လာခဲ့တာ။

ရေခဲမုန့်ကို မစားနိုင်ခဲ့သော်လည်း ရိုမန့်ကြောင့်ဖြစ်ပေါ်လာသည့် ချိုမြိန်ခြင်းဖြင့် ပြည့်နေခဲ့သည်။

ယန်ရှီ သန့်စင်ခန်းသို့ သွားသောအခါ ကျုံယန်စီက သူမ၏ ရေခဲမုန့်ကို ကိုင်ထားသည်။ System က လက်မလျှော့ပဲ ရေခဲမုန့်ကို လွမ်းဆွတ်စွာ အနံ့ခံရင်း ပတ်ပတ်လည်တွင် ပျံဝဲနေသည်။

ကောင်းပြီ၊ မစားနိုင်ရင်တောင်မှ အနံ့တော့ ခံနိုင်သေးတယ်။

ရုတ်တရက် ကျုံယန်စီက ရေခဲမုန့်ကို ဘေးဘက်သို့ ရွှေ့လိုက်သည်။

စိတ်အနှောင့်အယှက် ဖြစ်သွားသော System က ၎င်းနောက်သို့ လိုက်သွားသည်။

ကျုံယန်စီက ထပ်ရွှေ့လိုက်သည်။

System က ခေါင်းမာစွာဖြင့် လိုက်သွားသည်။

ထို့နောက် ကျုံယန်စီက တတိယအကြိမ် ရွှေ့လိုက်ပြန်သည်။

System ၏ ခေါင်းပြောင်လေးပေါ်တွင် မေးခွန်းအမှတ်အသား ပေါ်လာသည်။ သူ ဘာလုပ်နေတာလဲ။

၎င်းက မော့ကြည့်လိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် သူ၏ တည်ရှိနေခြင်းကို လုံးဝသတိမထားမိသလို ပြုမူနေခဲ့သော ကျုံယန်စီ၏ မျက်လုံးများကို စိုက်ကြည့်နေမိသည်။

ယခုအခါ ထိုမျက်လုံးများသည် သူ့အပေါ်တွင် စိုက်ကြည့်နေပြီး ငြိမ်သက်၍ သိနေသော အသွင်ရှိသည်။

သူ၏ မျက်ဝန်းများသည် ပျော်ရွှင်မှုဖြင့် တောက်ပနေခဲ့ပြီး သူ၏ အပြုံးတွင်တော့ အေးစက်သောအရိပ်အမြွက်များ ရှိနေသည်။

မကြာမီ ယန်ရှီသည် သန့်စင်ခန်းမှ ထွက်လာသည်။

System က အသက်ကယ်ကြိုးကို တွေ့လိုက်ရသကဲ့သို့ သူမ၏ ဘေးသို့ ချက်ချင်းပျံသန်းသွားသည်။

"ဝတ္ထုတွေ ပြန်ဖတ်နေပြီထင်တာ ဒီမှာ ရှိနေတုန်းပဲလား"

ယန်ရှီက System ကို သူမ၏စိတ်ထဲတွင် မေးလိုက်သည်။

System က နှုတ်ခမ်းများကို ထော်လိုက်ပြီး သူ့မျက်နှာလေးတွင် မကျေနပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူ၏ ပါးပြင်များသည် တစ်စုံတစ်ယောက်က ဆွဲလိမ်လိုက်သကဲ့သို့ နီမြန်းနေသည်။

၎င်းက ယန်ရှီ၏ ပခုံးပေါ်တွင် အလေ့အကျင့်အရ တွယ်ကပ်နေခဲ့သော်လည်း ရုတ်တရက် ပြင်းထန်သော အကြည့်ကို ခံစားလိုက်ရသည်။

System တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်သွားပြီး လေထဲတွင် တုန်ယင်နေသည်။ ထို့နောက် အလျင်စလို ပျံဝဲသွားပြီး ယန်ရှီကို ထပ်မံမထိရဲတော့ပေ။

ယန်ရှီသည် ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"နင် ဘာဖြစ်နေတာလဲ"

[ဘာမှ...ဘာမှ မဖြစ်ပါဘူး…]

ယန်ရှီက လုံးဝနားမလည်နိုင်တော့ပေ။

System က ကျုံယန်စီကို အသာခိုးကြည့်ပြီး ယန်ရှီဘက်သို့ ပြန်လှည့်ကာ ခိုင်မာသော သေချာမှုဖြင့် ကြေညာလိုက်သည်။

[Host ငါ အတည်ပြုလိုက်ပြီ နိုးထလာတဲ့ ဇာတ်ကောင်က ကောကောမဟုတ်ဘူး]

ယန်ရှီ၏ မျက်လုံးများ တောက်ပလာသည်။

"သေချာလား"

System က အားပါးတရ ခေါင်းငြိမ့်လိုက်သည်။

[သေချာတယ်၊ သေချာတယ်၊ သေချာတယ်]

[ဒီတစ်ခါ နိုးလာတဲ့ ဇာတ်ကောင်က မင်းထက်တောင် အရံဇာတ်ကောင်ဆန်သေးတယ်၊ ဇာတ်လမ်းနဲ့ လုံးဝမသက်ဆိုင်တဲ့သူ အဲဒါကြောင့် စိတ်မပူနဲ့၊ သူတို့ ငါတို့ကို ဘာမှ ထိခိုက်စေမှာမဟုတ်ဘူး]

ယန်ရှီ၏ နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးများ နောက်ဆုံး၌ လျော့ကျသွားသည်။

ကျုံယန်စီ နိုးထသည်ဖြစ်စေ၊ မနိုးထသည်ဖြစ်စေ ယန်ရှီက လက်ခံနိုင်သည်။ သူမသည် ယခင်က မသေချာမှုများကိုသာ မုန်းတီးခဲ့သည်။

ဆောင်းတွင်း ရေကန်ပေါ်၌ ပါးလွှာသော ရေခဲပြင်ပေါ်တွင် နင်းလျှောက်နေသကဲ့သို့ ခံစားရသည်။

ကံကောင်းစွာပင် System က သူမကို တိကျသော အဖြေတစ်ခု ပေးခဲ့သည်။

ကျုံယန်စီ မနိုးသေးလျှင် သူမသည် သူ့ကို မပြောပြနိုင်ပေ။ ထို့ကြောင့် ထာဝရလျှို့ဝှက်ထားရမည်သာဖြစ်သည်။

ကျုံယန်စီ ကိုယ်တိုင်က ပြောခဲ့သည် မဟုတ်လား။ သူမသည် ယခင်က ဖုံးကွယ်ထားခဲ့သောကြောင့် ဆက်လက်ဖုံးကွယ်ထားသင့်သည်၊ အမှန်တရားကို ဘယ်တော့မှ မသိစေသင့်ပေ။

ယန်ရှီက တစ်သက်လုံး ဖုံးကွယ်ထားနိုင်သည်။

သူမသည် ကျုံယန်စီကို အစကယမှ ဆက်ဆံခဲ့သည့်အတိုင်း ဆက်လက်ဆက်ဆံနေနိုင်သည်။

ယန်ရှီသည် ခြေသုံးလှမ်းဖြင့် အလျင်အမြန် ရှေ့သို့ တိုးသွားကာ ပျော်ရွှင်စွာဖြင့် ကျုံယန်စီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်သည်။

ကျုံယန်စီက ယန်ရှီ၏ ဆံပင်ကို ပွတ်သပ်လိုက်သည်။

"အရမ်းတွေ စိတ်ရွှင်နေပါလား"

ယန်ရှီသည် သစ်တောက်ငှက်ကဲ့သို့ ခေါင်းငြိမ့်လိုက်သည်။

"အင်း"

ရှင်နဲ့အတူ ချိန်းတွေ့ရလို့ ကျွန်မ ပျော်နေတာလေ။

ကျွန်မတို့ ဒီလိုလေးပဲ အတူတူရှိနေနိုင်လို့ ပျော်နေတာ။

ညစာစားပြီးနောက် အချိန်က စောနေသေးသည်။

ချိန်းတွေ့ရန်အတွက် အလုပ်ကိုပင် ပျက်ခဲ့ပြီးပြီဖြစ်၍ အစွမ်းကုန်ဆက်၍ သွားသင့်သည်။ စျေးဝယ်စင်တာ၏ လေးလွှာတွင် ရုပ်ရှင်ရုံတစ်ခုရှိပြီး မကြာသေးမီက ရုပ်ရှင်အသစ်များစွာ ရုံတင်ထားသည်။

ကျုံယန်စီက ယန်ရှီကို တစ်ကားကြည့်ရန် ခေါ်သွားသည်။

ညစာစားပြီး ရုပ်ရှင်ကြည့်ခြင်း၊ ဂန္တင်ဝဆန်ဆန် ချိန်းတွေ့ခြင်းပုံစံပင်ဖြစ်သည်။

ဤအရာအားလုံးသည် လက်ထောက်ဆွန်း၏ အကြံပေးချက်အတိုင်းဖြစ်သည်။

လက်ထောက်ဆွန်းက ဤပုံစံအတိုင်းသာ လိုက်လျှင် မည်သည်မှ မှားယွင်းမည်မဟုတ်ကြောင်း အာမခံထားခဲ့သည်။

ယန်ရှီသည် ရုပ်ရှင်စာရင်းကို ကြည့်လိုက်သည်။ အက်ရှင်၊ အချစ်၊ ထိတ်လန့်စရာ၊ အချိုးအဆစ်ကျသော ဝက်ဝံများ…

သူမသည် လက်ရှိရေပန်းစားနေသော ရုပ်ရှင်လေးကားလုံးကို ကြည့်ပြီးသားဖြစ်သည်။ Story Glory ၏ဒုဥက္ကဌအနေဖြင့် ယန်ရှီသည် ရုပ်ရှင်များစွာကို ကြည့်ရှုရခြင်းက သဘာဝကျသည်။ ရုပ်ရှင်အသစ်ထွက်တိုင်း သူမ၊ ဖန်ယွဲ့နှင့် ချောင်ရန်တို့သည် ဦးဆုံး ကြည့်ရှုသူများထဲတွင် အမြဲပါဝင်ခဲ့ကြသည်။

သို့သော်လည်း ပြန်ကြည့်ခြင်းက မထိခိုက်နိုင်ပေ။

နောက်ဆုံးတွင် သူတို့သည် ထိတ်လန့်ရုပ်ရှင်ကို ရွေးချယ်လိုက်ကြသည်။

ယန်ရှီသည် ၎င်းကို လေ့လာမှုတစ်ခုအဖြစ် သဘောထားပြီး ကျုံယန်စီသည်လည်း horror ရုပ်ရှင်များကို အထူးနှစ်သက်သူမဟုတ်ပေ။ သို့သော်လည်း လက်ထောက်ဆွန်းက သူ့ကို လေ့ကျင့်ပေးထားသည်။

"ချိန်းတွေ့ဖို့အတွက် horror ရုပ်ရှင်က အကောင်းဆုံးပဲ"

"စဉ်းစားကြည့်၊ မှောင်မိုက်နေတဲ့ ရုပ်ရှင်ရုံ၊ အသံနဲ့ ပုံရိပ်တွေက အပြင်းဆုံး၊ ပြီးတော့ ဘမ်း! ကြောက်စရာကောင်းတဲ့ ရုတ်တရက် ကြောက်လန့်စေမှု ဒါက ဥက္ကဌကို မကြောက်စေဘူးလား"

ကျုံယန်စီက စိတ်ကူးကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

"ဘော့စ်တောင်မှ ကြောက်စရာကောင်းတယ်လို့ ထင်ရင် ယန်ရှီက သေချာပေါက် ကြောက်မှာပဲ"

လက်ထောက်ဆွန်းက လိမ္မာပါးနပ်စွာဖြင့် ပြုံးလိုက်သည်။

"ဒါက ပိုနီးစပ်ဖို့အခွင့်အရေးပဲ၊ သူ ကြောက်လို့ ဥက္ကဌကို တွယ်ကပ်လာတဲ့အခါ လိုချင်တဲ့အတိုင်း ဖြစ်သွားပြီပေါ့”

ထို့ကြောင့် ရုပ်ရှင်ရုံထဲရှိ ပထမဆုံးသော သွေးထွက်သံယိုမြင်ကွင်း ရုတ်တရက် ပေါ်လာသည့်အခါ ကျုံယန်စီသည် ပြုံးစိစိလုပ်လိုက်သည်။

သို့သော်လည်း ယန်ရှီထံမှ ကြောက်လန့်တကြား ညည်းညူနေသည်ဟု မျှော်လင့်ထားသော ပုံရိပ်က ပေါ်မလာခဲ့ပေ။

သူသည် ရှုပ်ထွေးစွာဖြင့် ခေါင်းလှည့်၍ ကြည့်လိုက်သည်။ ထိုအခါတွင် ယန်ရှီသည် သူမ၏ 3D မျက်မှန်ကို ပြင်နေပြီး ဝီရိယရှိစွာ မှတ်စုများရေးရန်အတွက် သူမ၏ ဖုန်းကို ထုတ်နေသည်ကို တွေ့လိုက်ရသည်။

"ပထမဆုံး ကြောက်လန့်စေတဲ့ မြင်ကွင်းက ၅ မိနစ်နဲ့ ၂၁ စက္ကန့်မှာ ဖြစ်တာ ဒါက တော်တော်မြန်တဲ့ အရှိန်ပဲ အကျိုးသက်ရောက်မှုတွေလည်း ကောင်းတယ်၊ နောက်တစ်ခါကျ ဒီ VFX အဖွဲ့ကို အလုပ်ခန့်ဖို့ စဉ်းစားသင့်တယ်"

"ရုပ်ရှင်ရိုက်ကူးမှုက သိပ်ကောင်းတာပဲ၊ ဒါရိုက်တာက စိတ်လှုပ်ရှားမှု ဘယ်လိုဖန်တီးရမယ်ဆိုတာကို တကယ်သိတယ် အနာဂတ်မှာ သူတို့နဲ့ ပူးပေါင်းသင့်တယ်”

ကျုံယန်စီ: ???

တစ်ခုခုတော့ မှားနေပြီ။

ယန်ရှီသည် သူ၏ စိုက်ကြည့်မှုကို သတိထားမိလိုက်ပြီး သူ့ကို အံ့ဩသောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

"ဘာလို့ ကျွန်မကို ကြည့်နေတာလဲ ဘာလဲ၊ ရှင် သရဲ ကြောက်တတ်တာလား"

ကျုံယန်စီက ခေတ္တမျှ စဥ်းစားလိုက်သည်။

"အင်း"

ယန်ရှီက သူ့ပခုံးကို အားပေးသည့်အနေဖြင့် ပုတ်လိုက်သည်။

"ကြောက်စရာမလိုပါဘူး ရှင်က ယောက်ျားလေးပဲ၊ ရဲရဲဝံ့ဝံ့နေ ရှင် ကျော်ဖြတ်နိုင်ပါတယ်”

ကျုံယန်စီ: "..."

ရုပ်ရှင်ပြီးသွားချိန်တွင် ယန်ရှီသည် အကျိုးရှိသော မှတ်စုများရေးသားရင်း အချိန်သုံးနာရီကို ကုန်ဆုံးခဲ့သည်။

ရုပ်ရှင်ရုံမှ ထွက်လာသောအခါ သူမသည် အိပ်ငိုက်နေသည့်ဟန် ဖြစ်နေသည်။

ကျုံယန်စီကမူ လုံးဝ စိတ်ပျက်နေခဲ့သည်။

သူ့ချစ်သူက စာတွေ လေ့လာနေခဲ့တာဆိုရင် ထိတ်လန့်ရုပ်ရှင်ရဲ့ အနှစ်သာရက ဘာလဲ။ သူတို့ အချစ်ရုပ်ရှင်ကိုသာ ရွေးခဲ့သင့်သည်။

ညသည် မည်းနက်နေခဲ့ပြီး ရုပ်ရှင်ရုံမှ ထွက်လာသော လူအုပ်ကြီးသည် ထူထဲကာ ပြုံအုံနေခဲ့သည်။ လူများ အချင်းချင်းတိုက်မိကြစဥ် ဝတုတ် ကောင်လေးတစ်ယောက်က ယန်ရှီကို တိုက်မိလိုက်သဖြင့် သူမသည် ကျုံယန်စီဘက်သို့ ယိုင်ကျသွားသည်။

"တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"

ကောင်လေးက တစ်ယောက်ယောက်ကို တိုက်မိသွားသည်ကို သိလိုက်သည်နှင့် အလျင်အမြန် တောင်းပန်လိုက်သည်။

တိုက်မိခြင်းသည် ပြဿနာမဟုတ်ပေ၊ အဓိကဂြိုလ်ဆိုးမှာ ကောင်လေး၏ လက်ထဲရှိ နို့လက်ဖက်ရည်တစ်ဝက်ဖြစ်သည်။ ယင်းသည် ယန်ရှီ၏ အဝတ်အစားများပေါ်သို့ ဖိတိကျသွားသည်။

"ကျဲ ကျွန်တော် တကယ်တောင်းပန်ပါတယ်"

ကောင်လေးက ဘာလုပ်ရမှန်းမသိပဲ ထိတ်လန့်နေခဲ့သည်။

ကျုံယန်စီသည် ယန်ရှီ၏ အိတ်ကို ကိုင်ထားပြီး ယန်ရှီသည် သူမ၏ ဆွယ်တာပေါ်မှ စေးကပ်နေသော လက်ဖက်ရည်ကို တစ်ရှူးများဖြင့် သုတ်နေသည်။ သို့သော်လည်း စိုစွတ်နေသော အဝတ်သည် သူမ၏ အရေပြားနှင့် အနှောင့်ယှက်ဖြစ်ဖွယ် ကပ်စေးနေခဲ့သည်။

ယန်ရှီက ကောင်လေးကို စိတ်ချအာင် ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး မတော်တဆ ဖြစ်တာပဲ ကျဲ ပြန်ရောက်ရင် လဲလိုက်မှာပါ"

ကောင်လေးက ထပ်မံတောင်းပန်၍ သူ၏ သူငယ်ချင်းများနှင့်တကွ ထွက်သွားသည်။

ကျုံယန်စီက သူ၏ ကုတ်အင်္ကျီကို ယန်ရှီ၏ ပခုံးပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။

ဆယ်နာရီကျော်သွားပြီဖြစ်ရာ စျေးဝယ်စင်တာရှိ ဆိုင်အများစုက ပိတ်သွားပြီဖြစ်သည်။ သူတို့သည် ရုပ်ရှင်ရုံ၏ နောက်ပေါက်မှ ထွက်လာကြသည်။

ယန်ရှီသည် သူမ၏ အဝတ်အစားများပေါ်မှ စေးကပ်နေသော အရည်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ပြန်ရောက်ရင် အဝတ်လဲရတော့မယ် ထင်တယ်"

ယန်ရှီဆိုလိုသည်မှာ ကျုံမိသားစုအိမ်တော်ဖြစ်သည်။

ယန်ရှီသည် ကျုံချင်းယွီ၏ အတင်းအကြပ်တောင်းဆိုမှုကြောင့် ထိုနေရာတွင် မကြာသေးမီက နေထိုင်နေခဲ့သည်။ မနက်ဖြန်သည် စနေနေ့ဖြစ်ပြီး ယန်ရှီသည် နေ့လယ်ပိုင်းတွင် ကျုံချင်းယွီနှင့်အတူ ဖျော်ဖြေပွဲတစ်ခုသို့ သွားရန် အစီအစဥ်ရှိသည်။

သို့သော်လည်း အိမ်တော်သည် မြို့ပြင်တွင်ရှိသည်၊ ကားဖြင့် တစ်နာရီခန့် မောင်းရမည်ဖြစ်သည်။

ကျုံယန်စီ၏ လည်ပင်းက အနည်းငယ် မြင့်လိုက် တက်လိုက်ဖြစ်သွားသည်။

"ကိုယ့်နေရာက နီးတယ်"

"ဟင်"

ယန်ရှီသည်က ကျုံယန်စီကို အံ့ဩစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

ကျုံယန်စီက အလျင်အမြန် ရှင်းပြလိုက်သည်။

"ကိုယ့်တိုက်ခန်းက မြို့လယ်မှာလေ၊ နီးလည်းနီးတယ် ပြန်မသွားခင် အဲမှာ လဲလို့ရတယ် အဲဒါ ပြောချင်တာ"

မြစ်ကမ်းဘေး မိုးမျှော်တိုက်၌။

ရေကျသံသည် ရေချိုးခန်းတစ်ခုလုံး၌ ပြည့်နှက်နေခဲ့ပြီး ရေနွေးငွေ့များသည် အေးခဲနေသည့် ဖန်တံခါးကို မြူခိုးများ ဖုံးလွှမ်းသွားကာ အတွင်းထဲရှိ ယန်ရှီ၏ ပုံရိပ်ကို မှေးမှိန်သွားစေခဲ့သည်။

ကျုံယန်စီသည် ဆိုဖာပေါ်တွင် ထိုင်ကာ နေ့လယ်ပိုင်း အစည်းအဝေး၏ မှတ်စုများကို ပြန်လည်ကြည့်ရှုရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း သူ၏ လည်ချောင်းသည် ခြောက်သွေ့နေခဲ့ပြီး အာရုံစူးစိုက်မှုသည် ထပ်ခါတလဲလဲဆိုသလို ပျက်ယွင်းနေခဲ့သည်။

ရေကျသံ ရပ်သွားပြီး ယန်ရှီသည် ရေချိုးခန်းထဲမှ ချောင်းကြည့်လိုက်သည်။

ကျုံယန်စီ၏ တိုက်ခန်း၌ အမျိုးသမီးဝတ်များ မရှိသောကြောင့် ယန်ရှီသည် သူ၏ ရှပ်အင်္ကျီတစ်ထည်ကို ယူဝတ်ထားရသည်။ လေအေးပေးစက်ကို အပူချိန်မြှင့်ကာ ဖွင့်ထားသဖြင့် ခြေထောက်ဗလာ ဖြစ်နေသော်လည်း သူမ အေးနေခြင်းမရှိပေ။

ကျုံယန်စီ၏ အကြည့်က မှောင်မိုက်သွားသည်။

"ဘောင်းဘီ ဘယ်မှာလဲ"

"ရှင့်ဘောင်းဘီက အရမ်းရှည်တယ်"

ယန်ရှီသည် သူမစမ်းဝတ်ခဲ့သော ဘောင်းဘီတစ်ထည်ကို ကိုင်မြှောက်လိုက်သည်။

"ကြည့်ဦး ကျွန်မ ရင်ဘတ်အထိ ရောက်နေပြီ"

သူမက မဝတ်ချင်၍ မဟုတ်သော်လည်း ဘောင်းဘီက ရှည်လွန်း၍ ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်ဖြစ်နေသည်။ အစပိုင်းက ဝတ်၍ လမ်းလျှောက်ရန် ကြိုးစားစဥ် ယန်ရှီတစ်ယောက် ချော်လဲလုနီးပါးပင် ဖြစ်ခဲ့ရသည်။

ကျုံယန်စီက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

ကျုံယန်စီ၏ ဝမ်းဗိုက်ပိုင်းသည် မူမမှန်စွာ တင်းမာလာပြီး နိုဝင်ဘာလဖြစ်သော်လည်း သူသည် ရှင်းပြ၍မရသော အပူရှိန်တစ်ခု သူ၏ အပေါ်သို့ မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။

ကျုံယန်စီက ယန်ရှီကို မကြည့်မိရန် အကြည့်လွှဲလိုက်သည်။ ထို့နောက် သူမ၏ အဝတ်များကို အဝတ်လျှော်စက်ထံသို့ သယ်သွားသည်။

သူသည် အစပိုင်း၌ လက်ထောက်ဆွန်းကို အဝတ်အစားအသစ်တစ်စုံ လာပို့ပေးရန် တောင်းဆိုဖို့ စဥ်းစားခဲ့သော်လည်း ယန်ရှီက အလုပ်ချိန်ပြီးသည်ဖြစ်ရာ တစ်စုံတစ်ယောက်ကို အခက်တွေ့အောင် မလုပ်သင့်ကြောင်း၊ အချိန်ပို အလုပ်ပြန်လာလုပ်ရန် ခေါ်ခြင်းကို မည်သူမှ မကြိုက်ကြောင်း စသဖြင့် ငြင်းဆိုခဲ့သည်။

အဝတ်လျှော်ပြီး အခြောက်ခံတာက အချိန်သိပ်ကြာမှာမဟုတ်ပါဘူး။

ကျုံယန်စီက ယန်ရှီ၏ အဝတ်များကို တစ်ထည်ချင်းစီ အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်သည်။ သို့သော်လည်း ၎င်းတို့အနက် နူးညံ့သိမ်မွေ့သော ဘရာစီယာကို တွေ့လိုက်ရသည်။

ကျုံယန်စီတစ်ယောက် ခေတ္တ ရပ်တန့်သွားသည်။

သူ၏စိတ်ထဲတွင် တစ်စက္ကန့်မျှ ဗလာနိတ္ထိဖြစ်သွားခဲ့သည်။

နောက်ဆုံး၌ ကျုံယန်စီသည်

ယန်ရှီ၏ အဝတ်အစားများအားလုံးကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်လိုက်သည်။

စက်က အသံပေးရင်း အလုပ်လုပ်လာသောအခါ ကျုံယန်စီသည် သူ၏ နှာခေါင်းထိပ်ကို ညှစ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။ သူသည် ယန်ရှီက ယုံကြည်ထားသလောက် လူကြီးလူကောင်းဆန်မနေခဲ့ပေ။

ဧည့်ခန်းသို့ ပြန်ဝင်လာသောအခါ ယန်ရှီသည် သူမ၏ ပါးလွှာသော ရှပ်အင်္ကျီပေါ်၌ ယုန်မွှေးစောင်ကို ပွယစွာ လွှမ်းခြုံထားပြီး ဖုန်းစခရင်သည် ရှင်းယောင်အဖွဲ့လိုက်စကားဝိုင်းမှ မက်ဆေ့ခ်ျများဖြင့် လင်းနေဆဲပင်။ ဆိုဖာပေါ်၌ စာများ ရွေ့၍ ဖတ်နေရင်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

ဤနေရာ၌ အိပ်ပျော်သွားလျှင် အအေးမိသွားနိုင်သည်။

ကျုံယန်စီသည် ကျုံချင်းယွီထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပြီး ယန်ရှီသည် ယနေ့ည၌ ကျုံအိမ်တော်သို့ ပြန်လာဖြစ်မည် မဟုတ်ကြောင်း အကြောင်းကြားလိုက်သည်။

ထို့နောက် ကျုံယန်စီ ရောက်ရှိလာပြီး ယန်ရှီကို ရင်ခွင်ထဲသို့ ပွေ့ချီကာ အဓိကအိပ်ခန်းသို့ ခေါ်ဆောင်သွားသည်။

ရုတ်တရက် ယန်ရှီ၏ မျက်လုံးများ ပွင့်လာသည်။

သူမသည် ကျုံယန်စီ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေခဲ့ပြီး သူ့အား စူးစိုက်၍ မော့ကြည့်နေခဲ့သည်။

သူတို့နှစ်ဦးကြားရှိ လေထုသည် ထူထဲလာခဲ့ပြီး ပို၍ နွေးထွေးလာခဲ့သည်။ ယင်းတို့ နှစ်ဦး၏ အသက်ရှူသံများနှင့် နှလုံးခုန်သံများသည် တိတ်ဆိတ်မှုထဲတွင် မူမမှန်ပဲ ကျယ်လောင်နေသကဲ့သို့ပင်။

ယန်ရှီ၏ အကြည့်သည် တောင်တန်းကဲ့သို့ ဝေးကွာနေသည့် သူ၏ မျက်ခုံးများ၊ ချွန်ထက်နေသည့် သူ၏ နှာတံတို့၏ ပုံသဏ္ဍာန်ကို ခြေရာကောက်နေခဲ့ပြီး နောက်ဆုံး၌ သူ၏ အေးစက်၍ ပါးလွှာသော နှုတ်ခမ်းများပေါ်တွင် ရပ်တန့်သွားသည်။

သူမ၏ အသံသည် ညင်သာပြီး အိပ်ချင်မူးတူးဖြစ်နေသည်။

"ကျုံယန်စီ ရှင် ဘာလို့ ကျွန်မကို ကြိုက်တာလဲ၊ ကျွန်မက ရှင့်ကို ဂရုစိုက်လို့လား"

ကျုံယန်စီက တွန့်ဆုတ်သွားသည်။

"အင်း"

ယန်ရှီ၏ နှုတ်ခမ်းများသည် အနည်းငယ်ဆူသွားပြီး မကျေနပ်ဖွယ် အသွင်အပြင်သည် သူမ၏ မျက်နှာပေါ်၌ လျင်မြန်စွာ ဖြတ်သွားသည်။

ကျုံယန်စီက ဆက်ပြောသည်။

“ဒါပေမဲ့ အဲဒါကြောင့်ပဲတော့ မဟုတ်ဘူး"

သူမသည် သူ့ကို မော့ကြည့်လိုက်သည်။

ကျုံယန်စီက ပြုံးလိုက်ပြီး သူမ၏ အပေါ်သို့ ချွန်နေသော နှာခေါင်းဖျားကို လက်ချောင်းဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။

"အရူးမလေး၊ လူတိုင်းက အဲလို အဓိပ္ပာယ်မရှိ အနှစ်သာရမရှိတဲ့ စာတွေကို ပို့နေရင် ကိုယ် ဖတ်မယ်လို့ မင်းထင်လား"

အခြားတစ်ယောက်က ထိုကဲ့သို့သော အသေးအဖွဲမက်ဆေ့ခ်ျများကို ပို့နေလျှင်တော့ ဒုတိယအကြိမ် စဥ်းစားမနေတော့ပဲ ဘလော့ပစ်လိုက်လိမ့်မည်။

သို့သော်လည်း ကျုံယန်စီသည် ယန်ရှီ ထိုအချိန်၌ ပို့ခဲ့သော စာတစ်စောင်ချင်းစီတိုင်းကို ဖတ်ခဲ့သည်။

ယန်ရှီ၏ မျက်လုံးများ နီရဲလာပြီး

သူမ၏ ရင်ဘတ်သည် စိတ်ခံစားမှုများဖြင့် ဖောင်းလာခဲ့သည်။

ယန်ရှီက မရှောင်ဖယ်မီ ကျုံယန်စီ၏ နှုတ်ခမ်းကို လှမ်း၍နမ်းလိုက်သည်။

၎င်းသည် လျင်မြန်သော အထိအတွေ့ဖြစ်ပြီး အပြစ်ကင်းစင်ကာ ပေါ့ပါးနေခဲ့၏။

သို့သော်လည်း သူမ နောက်သို့ ဆုတ်ရန် ကြိုးစားစဥ် ကျုံယန်စီ၏ လက်မှာ ယန်ရှီ၏ လည်ပင်းနောက်သို့ လှမ်းသွားပြီး အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။

"ကျွန်မက ရှင့်ကို အသုံးချဖို့ပဲ ဂရုစိုက်ခဲ့ရင်ရော"

ယန်ရှီက အသက်ရှူရင်း ပြောလိုက်သည်။

ကျုံယန်စီက ယန်ရှီ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်သည်။

"အဲဒါဆို ကိုယ်က မင်းကို အသုံးချခွင့်ပေးရမှာပေါ့”

All Chapters