အခန်း (၇၄၉)
Vol. 51 Ch. 749
“ကောင်းကင်ရဲ့လမ်းစဉ်မှ စကြာဝဠာ အသွင်ပြောင်းခြင်း”
အေးစက်သည့် အသံတစ်ခုသည် လျှိုချင်းဟုန်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့၏။ သူ၏ အထက်နှင့်အောက် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၌ တစ်စုံတစ်ခုသော ပုံရိပ်ယောင်သည် အကောင်အထည် ဖြစ်တည်လာခဲ့၏။ ဤအရာသည် နတ်ဘုရား နည်းစနစ်တစ်ခုဖြစ်ပြီး ဤတိုက်ခိုက်ချက်မှ မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“သေစမ်း”
ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးသည် မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသည့် တိုက်ခိုက်မှုသည် မီးတောက်ဘုရင်နှင့် ရှန်းဘုရင်တို့သည် ဖိနှိပ်ကာ လွှမ်းခြုံသွား၏။
သို့ပေမဲ့ လျှိုချင်းဟုန်တစ်ယောက် သက်ပြင်းမချရသေးခင်မှာပဲ အင်မော်တယ်သန့်စင်ခြင်း မျှော်စင်ကြီးသည် ကောင်းကင်ပေါ်မှကျဆင်းလာခဲ့၏။ ပြီးနောက် သူ ထုတ်ဖော် လိုက်သည့် နတ်ဘုရား နည်းစနစ် အားလုံးကို တစ်ခါတည်း ဖျက်ဆီးလိုက်လေသည်။
“စွမ်းရည်တချို့တော့ရှိတယ်။ ဒါပေမဲ့ ညံ့သေးတယ်” မီးတောက်ဘုရင်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ၎င်း၏ အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းလှချေ၏။ ၎င်း၏ ခန္ဓာကိုယ်အနောက်ဖက်ဆီမှ သင်္ကေတများ ထွက်ပေါ်လာခဲ့ပြီး ထိုသင်္ကေတများသည် အလွန်ကြီးမား၏။ ၎င်း၏ လမ်းစဉ်ကို ပိတ်ပင်ထားသည့် အရာအားလုံးအား တိုက်စားတော့မည်သကဲ့သို့ပင်။
ဒုန်း
လျှိုချင်းဟုန်သည် အရှေ့ဆီသို့လှမ်းတက်ပြီး ကောင်းကင်ယံဆီမှ တဆင့် တစ်ဖက်လူမှ ထုတ်ဖော်လိုက်သည့် သင်္ကေတများကို တိုက်ရိုက်ဆိုသလိုပဲ ဖိနှိပ်ကာ တိုက်ခိုက်၏။ ၎င်းတို့၏ နတ်ဘုရားအသိစိတ်များ ဖိနှိပ်ခြင်း ခံလိုက်ရသောကြောင့် တစ်ယောက်ကိုတစ်ယောက် သေသေချာချာ မမြင်ရချေ။ ထို့ကြောင့် ခန့်မှန်း၍ တိုက်ခိုက်ခြင်းကိုသာ ပြုလုပ်နိုင်၏။
အားလုံးသောသူတို့၏ စိတ်ထဲတွင် စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်လာခဲ့၏။ ထို့အတူ လျှိုချင်းဟုန်၏ ခန္ဓာကိုယ်သွင်ပြင်ကလည်း မြန်မြန်ဆန်ဆန်ပင် တည်နေရာရွှေ့ပြောင်းလျက် ရှိနေ၏။ ၎င်းသည် ရှန်းဘုရင်ရှေ့ဆီသို့ ရောက်ရှိသွားခဲ့သည်။ ရှန်းဘုရင်သည် မီးတောက်ဘုရင်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အနည်းငယ် ပိုမိုကာ အားနည်း၏။ ထို့ကြောင့် သူ့ထက်အဆင့် နိမ့်ပါးသည့်လူကို တိုက်ခိုက်ဖို့ဆိုသည်မှာ ပိုမိုလွယ်ကူသည် မဟုတ်ပါလား။
“လာစမ်း” ရှန်းဘုရင်က တည်ငြိမ်လျက် ရှိနေတုန်းပင်။ သူသည် တိုက်ကွက်တစ်ခုကို ထပ်မံ ထုတ်ဖော် လိုက်၏။ သူသည် ဤသုံးယောက်ထဲတွင် အားအနည်းဆုံးသော လူတစ်ယောက်ဖြစ်၏။ လျှိုချင်းဟုန်သည် သူ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်မည်ဆိုသည်ကို အစောတည်းက သိရှိပြီးဖြစ်၏။ ထို့ကြောင့်ပင်လျှင် လျှိုချင်းဟုန်နှင့် မတိုက်ခိုက်ခင်တည်းက တကယ့်ကို သတိအပြည့်ဖြင့် နေထိုင်နေခဲ့သည်။
ဘုန်း
ရှန်းဘုရင်နှင့် လျှိုချင်းဟုန်တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ပြီးသည့်နောက် တိုက်ကွက် တော်တော်များများ ကို ထုတ်ဖော်တိုက်ခိုက်ခဲ့ပြီး ဖြစ်၏။ တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များ ပါဝင်လျက်ရှိနေပြီး ထောင်နှင့်ချီသည့် တိုက်ကွက်များကို အမြန်ဆုံးနှုန်းနှင့် ထုတ်ဖော်ကာ တိုက်ခိုက်လျက်ရှိနေ၏။
အင်မော်တယ်ဘုရင် တော်တော်များများတို့သည် ၎င်းတို့၏ တိုက်ခိုက်မှုများကို မြင်တွေ့ရရန်ပင် မနည်း ကြိုးစားရေသည်။။ သူတို့သည် တူညီသည့်အဆင့်တွင် ရှိသည်ဆိုလျှင်တောင်မှ တစ်ဖက်လူနှစ်ယောက်၏ တိုက်ခိုက်မှု သည် ကျိန်းသေပေါက် တူညီသည့်အဆင့်တွင် မရှိကြောင်း ခံစားမိစေသည်။
“အင်း... တကယ့်ကို အင်မော်တယ်ဘုရင်စာရင်းမှာရှိတဲ့လူတွေက အားမနည်းဘူးပဲ” အင်မော်တယ်ဘုရင် တစ်ယောက်က တီးတိုးရေရွတ်လိုက်၏။ သူသည်သာ ထိုသူတို့၏ နေရာတွင် ဆိုပါက မည်သူ့နေရာတွင်ဖြစ်ဖြစ် လက်ရှိအခြေအနေ၌ သေဆုံးသွားလောက်ပြီဖြစ်နေ၏။
လက်ရှိအခြေအနေမှာတော့ လျှိုချင်းဟုန်သည် တစ်ဖက်လူကို အနိုင်ယူနိုင်သည် ဆိုလျှင်တောင်မှ တိုက်ပွဲ၏ ရလဒ်သည် အချိန်အတိုင်းအတာအတောအတွင်း ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ကောင်းကင်ကို ထောက်ပံ့ထားသည့် အလင်းဒေါက်တိုင်၏ အောက် မနီးမဝေးတွင်တော့ ဒုတိယဘိုးဘေးနှင့် သတ္တမဘိုးဘေးတို့သည် ခပ်တည်တည်နှင့် ရပ်လျက်ရှိနေကြသည်။
ကွာစီအင်မော်တယ် အင်ပါယာ လက်နက်တစ်ခု ပေါ်ပေါက်လာသည့် အချိန်က သူတို့က ပျော်ရွှင်ခဲ့၏။ သို့ပေမဲ့ ရှန်းဘုရင်နှင့် မီးတောက်ဘုရင်တို့ ပါဝင်ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ မျက်နှာပေါ်တွင်ရှိနေသည့် အပြုံးများက ပျောက်ကွယ်သွားခဲ့၏။
“မကောင်းတော့ဘူး”
ဒုတိယဘိုးဘေး၏ အမူအရာက ပြောင်းလဲသွား၏။ သူက လေးလေးနက်နက် ပြောလိုက်သည်။ “ချင်းဟုန် အန္တရာယ်များနေပြီ။ ကျုပ်တို့ ချက်ချင်းကူညီမှဖြစ်မယ်”
သူတို့သည် စကားကို ပြီးအောင်ပင် မပြောလိုက်ရသေးချေ။ ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။ လေဟာနယ်သို့ ရောက်သည့်အချိန်မှာတော့ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်ကာဖြင့် တစ်ခါတည်း တိုက်ခိုက်လိုက်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်လှိုင်းများသည် အင်မော်တယ်ဘုရင် တစ်ယောက်၏ ဒေါသတကြီး တိုက်ခိုက်ချက်နှင့်အတူ ဖြစ်တည်လာခဲ့ခြင်းပင်။
တခြားသောသူများသည် ထိုတိုက်ခိုက်ချက်ကို ရင်ဆိုင်ရသည် ဆိုပါက တကယ့်ကို လေးစားကြမှာဖြစ်၏။ သို့ပေမဲ့ မီးတောက်ပင်လယ်ကြီးထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည့် မီးတောက်ဘုရင်မှာတော့ တည်တည်ငြိမ်ငြိမ် ဆိုသလိုပဲ ကွာစီအင်မော်တယ် အင်ပါယာလက်နက်ဆီသို့ တစ်လှမ်းချင်း လျှောက်လျက်ရှိ၏။ ရောက်ရှိ လာခဲ့သည့် လက်ဝါးရိုက်ချက်ကို အာရုံခံမိသည့် အချိန်မှာတော့ ခေါင်းကိုအသာငုံ့ပြီး အောက်တွင်ရှိနေသည့် ဒုတိယဘိုးဘေးကြီးကို တစ်ချက်ကြည့်ရှုလိုက်၏။ နှုတ်ခမ်းပါးထက်တွင် အထင်အမြင်သေးသည့် အပြုံးတစ်ခုက ဖြစ်တည်လာ၏။
“အင်း.. ပုစဉ်းရင်ကွဲတစ်ကောင်က စစ်ရထားလုံးကို တားဖို့ကြိုးစားနေတာလား” သူသည် လက်ညိုးတစ်ချက် ညွှန်လိုက်ပြီးသည့်နောက် သူ၏လက်ညိုးသည် ဓားတစ်စင်းကဲ့သို့ပင် အသွင်ပြောင်းကာဖြင့် တစ်ဖက်လူဆီသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့၏။ ဓားအလင်းတန်းများသည် လေဟာနယ်တစ်ခုလုံးကို ထိုးခွင်းသွားသည့် အသံကပင် အသည်းယားလောက်စရာဖြစ်သည်။
ဘုန်း
ဇွိ
ဓားအလင်းတန်းနှင့် လက်ဝါးရိုက်ချက်တို့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် လက်ဝါးရိုက်ချက်သည် ချက်ချင်းပဲ ထွင်းဖောက်ခြင်းကို ခံလိုက်ရ၏။ ဒုတိယဘိုးဘေးကြီး၏ မယုံကြည်လောက်စရာ မျက်လုံး အကြည့်များ နှင့်အတူ ၎င်း၏ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ သူသည်သာ မြန်မြန်ဆန်ဆန် မရှောင်တိမ်းနိုင်ခဲ့ပါက သူ၏နှလုံးသားတစ်ခုလုံးသည် ထွင်းဖောက်ခြင်းကို ခံရမှာ သေချာ၏။
ထိုသို့ အင်မော်တယ်ဘုရင်တစ်ယောက်၏ နှလုံးသားတစ်ခုလုံး ပျက်စီးသွားခြင်းဆိုသည်မှာ တိုက်ခိုက်မှု စွမ်းရည် အလုံးစုံကျဆင်းသွားခြင်းပင်။ ၎င်းသည် ငရဲလောက၏ တိုက်ပွဲကို တွေ့ကြုံခံစားရဖူးသည့် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်၏။ သို့ပေမဲ့ မီးတောက်ဘုရင်နှင့် ရင်ဆိုင်တွေ့သည့်အချိန်တွင်တော့ တိုက်ခိုက်ချက် တစ်ခုလေးကိုတောင် မခုခံနိုင်ခဲ့ချေ။
ငရဲလောက၏ တိုက်ပွဲအတွင်း သူသည်မီးတောက်ဘုရင်နှင့် အနည်းဆုံး တိုက်ကွက်အနည်းငယ်လောက် ဖလှယ်နိုင်ခဲ့၏။ အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူများကြား ကွာခြားချက်သည် ဤမျှ ကြီးမားခဲ့လေသည်လား။ ထိပ်ပိုင်းတွင် ရှိနေသည့် အင်မော်တယ်ဘုရင်များကို မည်သူကမှစိန်ခေါ်မှု ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ ဒုတိယဘိုးဘေးကြီး၏ နှလုံးသားထဲတွင် စွမ်းအင်ကင်းမဲ့သည်ဆိုသော ခံစားချက်များက တိုးဝင်လာခဲ့သည်။ သူသည် အစစ်အမှန်တရားကို လက်မခံချင်ပေ။ သို့ပေမဲ့ အစစ်အမှန်တရားသည် သူလက်မခံ၍ မရအောင် သူ၏ ရှေ့၌ ပေါ်ပေါက်လာခဲ့သည်။
“ဒုတိယဘိုးဘေးကြီး.. အဆင်ပြေရဲ့လား” သတ္တမဘိုးဘေးနှင့် တခြားသူများသည် ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် ဒုတိယဘိုးဘေးကြီးကို အသာဖေးမပြီးသည့်နောက် မီးတောက်ဘုရင်ကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်၏။
သူတို့၏နောက်ဘက်တွင်တော့ လျှိုရွှမ်ချမ်သည် ဆေးပုလင်းတစ်ခုကို ထုတ်ယူကာဖြင့် ဒုတိယ ဘိုးဘေးကြီးကို တိုက်ကျွေးလိုက်သည်။ “ဘယ်လိုနေသေးလဲ ဒုတိယဘိုးဘေးကြီး”
“ငါ့ကိုဂရုမစိုက်နဲ့၊ ချင်းဟုန်ကို သွားပြီးကူညီ။ ကွာစီအင်မော်တယ် အင်ပါယာလက်နက်က တခြားသူတွေ လက်ထဲကို ရောက်သွားလို့ မဖြစ်ဘူး” ဒုတိယဘိုးဘေးက မြန်မြန်ဆန်ဆန် ဆော်ဩလိုက်၏။
နတ်ဆိုးလောကကြီးတွင် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ရှိနှင့်ပြီးဖြစ်၏။ ကွာစီအင်မော်တယ် အင်ပါယာအဆင့် လက်နက်တစ်ခုကိုသာ ထပ်ပေါင်းထည့်လိုက်သည်ဆိုပါက ကျိန်းသေပေါက် အားလုံးသော သူတို့ ဒုက္ခရောက်ကုန်ပေလိမ့်မည်။
“ကျုပ် သွားလိုက်မယ်”
လျှိုချင်းကျီသည် လှုပ်ရှားရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ သူ မလှုပ်ရှားရသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က သူ၏ ခပ်ဝေးဝေး တည်နေရာတွင် ပေါ်ပေါက်လာခဲ့၏။
“တခြားအင်မော်တယ်ဘုရင်တစ်ယောက် လာပြန်ပြီလား”
လျှိုကလန်မှ လူများသည် နဝေတိမ်တောင်ဖြစ်လို့နေခဲ့သည်။
အင်မော်တယ်ဘုရင်တစ်ယောက် ချဉ်းကပ်လာသည့်အချိန်မှာတော့ ထိုသူသည် သံသယရှိစရာ မလိုပါဘဲ နတ်ဆိုးလောကမှလူ ဖြစ်နေ၏။ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းသည် ရုတ်တရက်ဆိုသလိုပဲ အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။
အား
ထိုအင်မော်တယ်ဘုရင်သည် နာကျင်စွာ အော်ဟစ်ကာဖြင့် လွင့်စင်သွားခဲ့ခြင်းပင်။
ဘုန်း
ဘုတ် ဘုတ် ဘုတ်
ကြည့်ရှုနေသူများ နားမလည်နိုင်သေးခင်မှာဘဲ သွေးမိုးများ ရွာကျလာခဲ့၏။ ထိုသွေးမိုးများကြားထဲတွင် ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အသာထွက်ပေါ်လာ၏။ ၎င်း၏ မျက်လုံးများသည် အေးစက်လျက်ရှိနေပြီး ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထွက်ပေါ်စေ၏။
လက်ထဲတွင် လှံရှည်တစ်ခုကို ကိုင်ဆောင်ထားခဲ့ပြီး ထိုလှံကြီးသည် စကြဝဠာ တစ်ခွင်လုံးကို ထိုးခွင်းတော့မည့် ဟန်ပန်မျိုးပင်။