အခန်း (၇၅၁)
Vol. 51 Ch. 751
တစ်ဖက်လူများ ကွာစီအင်မော်တယ် အင်ပါယာ လက်နက်ကို ယူသွားမသွားနိုင်ရန် သူ ကြိုးစား၏။ နတ်ဘုရားအင်ပါယာပိုင်ယုသည် အင်မော်တယ်ဘုရင်စာရင်း၌ အဆင့်မြင့်မြင့် တည်ရှိနေကြောင်း သူ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် သတိအပြည့်ထားကာ တိုက်ခိုက်နေရ၏။
ဘုန်း
မီးတောက်ဘုရင်နှင့် နတ်ဘုရားအင်ပါယာပိုင်ယုတို့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်သည့်အချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးရှိ လေဟာနယ်ကြီးသည် ပျက်စီးသွားခဲ့၏။ အင်မော်တယ်သန့်စင်ခြင်း မျှော်စင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားကို ထုတ်လွင့်လျက်ရှိနေပြီး တည်နေရာ တစ်ခုလုံးကို အေးခဲစေသည်။
ချလွမ်
အင်မော်တယ်သန့်စင်ခြင်းမျှော်စင်သည် နတ်ဘုရားအင်ပါယာပိုင်ယုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက် ပြီးသည့်နောက် တုန်ခါသွားခဲ့၏။
တစ်ချိန်တည်းမှာပဲ တခြားသော တိုက်ခိုက်ရေးတည်နေရာတွင်တော့ အရပ်မြင့်မြင့်နှင့် ကြည့်ကောင်းလှသည့် ဟန်ပန်အမူအရာမျိုးရှိသော လူငယ်တစ်ယောက်သည် လေဟာနယ်တွင် မတ်မတ်ရပ်လျက်ရှိနေသည်။ ၎င်းသည် အင်မော်တယ်ဘုရင်များ၏ တိုက်ခိုက်မှုကို သေသေချာချာ ကြည့်ရှုပြီး လက်ထဲရှိ ရှေးကျမ်းစာ တစ်ခုကို အသာဖွင့်ကာ ကြည့်ရှုလိုက်သည်။
ထိုရှေးကျမ်းစာဆီမှ တောက်ပသည့်ရောင်စဉ်များ ထွက်ပေါ်လာခဲ့ပြီး ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ရုတ်တရက် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။ ကျမ်းစာ၏ စာမျက်နှာအတွင်းရှိ စာတန်း (၃၆၅) သည် လေဟာနယ်ထဲသို့ ထိုးတက်သွား၏။ ထိုအရာသည် နေလုံးပေါင်း (၃၆၅)ခုကဲ့သို့ ဖြစ်တည်ခဲ့ပြီး ကြမ်းတမ်းလွန်းသည့် သတ်ဖြတ်ခြင်းအစီအရင်ကို အသက်သွင်း၏။ အားလုံးသော သူတို့သည် စူးရှ တောက်ပမှုကြောင့် မျက်လုံးများပင် ရဲရဲမဖွင့်နိုင်ကြတော့ချေ။
“ကွာစီအင်မော်တယ် အင်ပါယာ သတ်ဖြတ်ခြင်း အစီအရင်ပဲ”
“ဘယ်သူလဲ”
“မဟုတ်ဘူး။ မဟုတ်ဘူး။ မလုပ်နဲ့။ ငါထွက်အုံးမယ်”
“ကျုပ်က နတ်ဆိုးလောကကပါ။ မလုပ်နဲ့အုံး”
အစီအရင်၏အတွင်းဘက်တွင်တော့ စိတ်ပျက်လက်ပျက်နှင့် အော်ဟစ်သံများ ထွက်ပေါ်လာခဲ့၏။
သို့ပေမဲ့ လူငယ်သည် တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိသလို အမူအရာကလည်း မပြောင်းလဲခဲ့ချေ။ လက်စည်း သင်္ကေတတစ်ခုကိုဖန်တီးပြီးနောက် ဆန်းကြယ်လွန်းသည့် အစီအရင်ကြီးတစ်ခုလုံးကို အသက်သွင်းကာဖြင့် အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာကို မြေပေါ်သို့ ဖိနှိပ်လျက် ရှိ၏။ တစ်ဖက်လူများ၏ ဝိညာဉ်များသည် တဖြည်းဖြည်း ပျက်စီးနေခဲ့သည်။
အားနည်းသည့်လူများသည် ချက်ချင်း သေဆုံးလျက်ရှိနေသည်။ ဤမြင်ကွင်းသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ မည်သည့် အင်မော်တယ်ဘုရင်ကမှ ဝင်ရောက်ကာ တားဆီးခြင်း မပြုရဲခဲ့ချေ။
ကွာစီအင်မော်တယ် အင်ပါယာအဆင့် သတ်ဖြတ်ခြင်းအစီအရင်ကို ထုတ်ယူကာ တိုက်ခိုက် နေသည့်လူသည် သာမန်လူတစ်ယောက် မဟုတ်တာ သေချာ၏။ ထို့ကြောင့် သာမန် အင်မော်တယ်ဘုရင်များ အနေနှင့် သွားရောက်ကာ ရန်ပြု၍ ရနိုင်သည့်အရာမျိုး မဟုတ်တော့ချေ။
“ဒီလူက သာမန်ထက် ပိုတယ်”
ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖုံးလွှမ်းလျက်ရှိနေပြီး ၎င်းတို့သည် တိုက်ပွဲအတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး ဖြစ်၏။ တိုက်ခိုက်ရေး တည်နေရာမှ ထွက်ခွာသွားခဲ့ပြီးနောက် ထျန်းမင်တောင်သခင်သည် အဝေးတွင် ရှိနေသည့် ကြောက်မက်ဖွယ်ရာ အစီအရင်ကြီးကို လှမ်းကာကြည့်ရှု၏။ ပြီးနောက် သူ၏အကြည့်ကို ချက်ချင်း ရွှေ့လိုက်၏။
ဤလူငယ်သည် အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ရှိနေသည့် တစ်စုံတစ်ယောက်သာလျှင် ဖြစ်ပေ လိမ့်မည်။ သို့ပေမဲ့ နာမည်ကို သူ မသိရှိချေ။ အင်မော်တယ်ဘုရင်စာရင်းတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို သူ ရင်းနှီးပြီးဖြစ်၏။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် သူတို့ကို မတိုက်ခိုက်သောကြောင့် သူတို့ အနေနှင့် တစ်ဖက်သူ၏ အရေးကိစ္စကို ဝင်ရောက်ရှုပ်ထွေးရန် အကြောင်းအရင်း မရှိချေ။
“ခင်ဗျားက မီးတောက်ဘုရင်ကို ကူညီထား။ ကျုပ် သူ့ကို ကူညီလိုက်မယ်” ထျန်းမင်တောင်သခင်သည် ဘေးတစ်ဖက်တွင်ရှိနေသည့် လျှိုချင်းယုကို လှမ်းကြည့်ကာ မြန်မြန်ဆန်ဆန် ပြောလိုက်၏။
မီးတောက်ဘုရင်နှင့် ရှန်းဘုရင်တို့သည် နတ်ဘုရားအင်ပါယာပိုင်ယု၊ လျှိုချင်းဟုန်တို့နှင့် ရင်ဆိုင် တိုက်ခိုက်လျက် ရှိနေ၏။ အားအင်အဆင့်သည် အနည်းငယ် ကွာခြားလျက်ရှိနေပြီး ပြင်ပအကူအညီ တစ်ခုခုသာ မရှိပါက မီးတောက်ဘုရင်နှင့် ရှန်းဘုရင်တို့သည် ရှုံးနိမ့်ကောင်း ရှုံးနိမ့်သွားနိုင်၏။ အချိန်ကာလ တစ်ခုသာလျှင် လိုအပ်ပေလိမ့်မည်။
“ကောင်းပြီ”
လျှိုချင်းယုသည် တွန့်ဆုတ်မနေခဲ့ချေ။ သူ၏အကြည့်များကို လျှိုချင်းဟုန်၊ ရှန်းဘုရင်တို့ တိုက်ခိုက်ရာ တည်နေရာဆီသို့ လှမ်းကာကြည့်ရှု၏။ ပြီးနောက် အေးစက်စက်ပြောလိုက်၏။ “ကျုပ် လျှိုချင်းဟုန်နဲ့ ရင်ဆိုင်ချင်နေတာကြာပြီ။ လျှိုကလန်ရဲ့ တကယ့် ဒိတ်ဒိတ်ကြဲ ပါရမီရှင်က ဘယ်လောက် အားကောင်းလဲ ဆိုတာ ကျုပ်သိချင်တယ်”
ပြောပြီးပြီးချင်းမှာပဲ သူသည် နတ်ဘုရားအလင်းတန်းသို့ အသွင်ပြောင်းကာဖြင့် လျှိုချင်းဟုန်ဆီသို့ ချဉ်းကပ် သွားသည်။
“လျှိုချင်းဟုန်.. သေဖို့သာပြင်ထားတော့” လေဟာနယ်ထဲတွင်တော့ အေးစက်သည် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားကျောက်တုံးစည်း သင်္ကေတသုံးခုသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာ၏။ ဤကျောက်တုံးစည်း သင်္ကေတများသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားစေ၏။ ထိုအရာများသည် လျှိုချင်းဟုန် ကို ချက်ချင်းဆိုသလို ဖိနှိပ်၏။
“လျှိုချင်းယု”
ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် အခြေအနေအတွင်းမှာတော့ လျှိုချင်းဟုန်သည် ခေါင်းကို အသာလှည့်ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲတွင်တော့ မည်သို့မျှ မဖုံးနိုင် မဖိနိုင်သော သတ်ဖြတ်လိုခြင်း ဆန္ဒများ ပေါ်ပေါက်လာသည်။ ၎င်းသည် သစ္စာဖောက် လျှိုချင်းဟုန်ကို တိုက်ခိုက်ချင် နေသည်မှာ ကြာမြင့်ပြီ ဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ တစ်ဖက်လူသည် လိုလိုချင်ချင်ဖြင့် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။
“အရမ်းကောင်းတယ်”
လျှိုချင်းဟုန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ရှန်းဘုရင်ကို တိုက်ခိုက်ချက်တစ်ခု ထုတ်ဖော်ပြီး နောက်သို့ လွင့်စင်အောင် ပြုလုပ်လိုက်သည်။ ပြီးနောက် ချက်ချင်းပဲ လျှိုချင်းယုဘက်သို့ လှမ်းလိုက်၏။
ဘုန်း
သူသည် လက်သီးချက်တစ်ခုကို ထုတ်ဖော် တိုက်ခိုက်လိုက်၏။ နက်နဲလွန်းသည့် နိယာမ အသံများ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံး တုန်ခါသွားခဲ့သည်။
ဘန်း
လျှိုချင်းဟုန်ဆီသို့ ရောက်ရှိလာသည့် ကျောက်တုံးစည်းကြီးသည် အထက်လေဟာနယ်၌ ဖြစ်တည်လာခဲ့ပြီး ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ သူ၏ အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ကြည့်ရှုပြီး လျှိုချင်းယုသည် ကြက်သေ သေသွားမိ၏။
ရှင်းလင်းစွာဖြင့် သူသည် ရတနာတစ်ခုကို ထုတ်ဖော်ကာ လျှိုချင်းဟုန်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သူ၏ ရတနာသည် ဘာတစ်ခုမှ အသုံးမဝင်ခဲ့ချေ။ တစ်ဖက်လူကို အနည်းငယ်လေးမှ ထိခိုက်အောင်ပင် ပြုလုပ်နိုင်စွမ်း မရှိသည်ကို မြင်လိုက်ရသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ” လျှိုချင်းယုက တီးတိုးရေရွတ်လိုက်၏။ ထပ်မံ တွေးတောနိုင်ခြင်း မရှိချေ။ ထို့ကြောင့် လက်သီးကို ဆုပ်ကာဖြင့် ရှေ့ဆီသို့ လှမ်းကာ ထိုးနှက်လိုက်၏။ သူသည် တိုက်ရိုက်ဆိုသလိုပဲ တစ်ဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် စဉ်းစားခဲ့ခြင်းပင်။
ဝေါ့
လျှိုချင်းယု၏ လက်သီးချက်ကို ထုတ်ဖော်ပြီးနောက် ချက်ချင်းဆိုသလိုပဲ နောက်ဘက်သို့ လွင့်စင်ကာ သွေးများ အန်ထွက်ကုန်၏။
အား ....။
လျှိုချင်းယုသည် ဆိုးဆိုးရွားရွား အော်ဟစ်လိုက်ရပြီး အသဲခိုက်ဖွယ် နာကျင်မှုကို ခံစားနေရ၏။ သူသည် နောက်ဆုတ်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ နောက်ကျသွားခဲ့ပြီဖြစ်၏။ လျှိုချင်းဟုန်သည် အစောကြီးကတည်းက အနီးသို့ ရောက်ရှိလာခဲ့ပြီး သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်နှင့် တိုက်ခိုက်ခဲ့၏။ သူသည် အသက်ရှူရန်ပင် ခက်ခဲလျက် ရှိ၏။ သူနှင့် လျှိုချင်းဟုန်တို့၏ကြား ကွာခြားချက်သည် တကယ့်ကို ကြီးမားလွန်းကြောင်း သူ နားလည်လိုက်မိသည်။
“အင်း.. သေမင်းဆီ သွားတွေ့လိုက်တော့” လျှိုချင်းဟုန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ လက်သီးကို ဆုပ်ပြီး လျှိုချင်းယုဆီသို့ ထိုးနှက်လိုက်၏။ ကြမ်းတမ်းလွန်းသည့် အားအင်လှိုင်းများ ပေါ်ပေါက်လာပြီး တစ်ဖက်လူ၏ လက်မောင်းတစ်ခုလုံးက ပျက်စီးသွားခဲ့၏။ ကောင်းကင်ယံတွင် သွေးများ ပန်းထွက်သွားခဲ့၏။ ထိုသွေးများ၏ အထက်တွင်တော့ လျှိုချင်းဟုန်သည် စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင် မားမားမတ်မတ် ရပ်တန့်လျက် ရှိနေ၏။
ဒွီ ....။
လျှိုချင်းဟုန်သည် သူ၏ လက်ချောင်းကို ဓားတစ်ခုအဖြစ် အသွင်ပြောင်းပြီး လေဟာနယ်ထဲသို့ ခုတ်ပိုင်းလိုက်၏။ တောက်ပလွန်းသည့် ဓားအလင်းတန်းများ ပေါ်ပေါက်လာပြီး လျှိုချင်းယုထံသို့ တည့်တည့်ပင် တိုးဝင်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ လျှိုချင်းယုသည် ကြောက်လန့်သွားခဲ့၏။ သူက အော်ဟစ်လိုက်၏။ “ရှန်းဘုရင် ကျုပ်ကိုကယ်အုံး”
အနီးအနားတွင် ရှိနေသည့် ရှန်းဘုရင်သည် ဆွံ့အသွားခဲ့၏။ သူသည် လျှိုချင်းယုကို လှမ်းမေးလိုက်ချင်သည်။ “မင်း ငါ့ကို လာကယ်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မင်းကို ပြန်ကယ်နေရတာလဲ။”
အစောပိုင်းတုန်းက သူသည် လျှိုချင်းဟုန်နှင့် တိုက်ခိုက်ပြီး အသာစီးမရလျှင်တောင်မှ အခြေအနေကောင်းသေးသည်။ ထို့အတူ အင်မော်တယ်ဘုရင်တစ်ယောက် သူ့ကို လာကယ်ကြောင်း မြင်ရချိန်မှာတော့ တကယ်ပဲ အားတက်သလို ဖြစ်မိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် သူ့ကို လာကယ်သည်နှင့် မတူလှချေ။ သူ့ကို လာရောက်ကာ အကူအညီ တောင်းသည်နှင့်ပင် ဆင်တူနေ၏။
ရှန်းဘုရင် ဝင်ရောက်လှုပ်ရှားရန် ပြင်ဆင်နေသည့် အချိန်မှာပဲ အခြေအနေက တစ်မျိုး ပြောင်းလဲသွားပြန်၏။ ရုတ်တရက် ကြီးမားသည့် အန္တရာယ်ကို ကြုံတွေ့နေသည့် လျှိုချင်းယုသည် ချက်ချင်းဆိုသလိုပဲ အဖြူရောင် အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံဆီသို့ ထိုးတက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လျှိုချင်းယုသည် အစက်အပျောက်အဖြစ် တည်နေရာ ခပ်ဝေးဝေးဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“ဟမ်” ရှန်းဘုရင်သည် ရူးသွပ်သွားသလိုပင် ခံစားမိလိုက်၏။ သူသည် တစ်ဖက်လူကို ကယ်တင်ရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ “အနည်းဆုံး မင်းက အင်မော်တယ် ဘုရင်လေ။ ခန္ဓာကိုယ် တစ်ခုလုံး ပျက်စီးသွားတယ် ဆိုရင်တောင် နတ်ဘုရားဝိညာဉ် အသက်ရှင်နေသရွေ့ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီး တည်ဆောက်လို့ ရတယ်။ ဘာလို့ အဲလောက် သေမှာကြောက်နေရတာလဲ”