အခန်း (၇၅၃)
Vol. 51 Ch. 753
ဟောခန်းကြီး၏ အလယ်ဗဟို တည်နေရာတွင်တော့ မြင့်မားလွန်းလှသည့် စင်မြင့်ကြီး ကိုးခုက အတန်းနှစ်တန်းခွဲကာဖြင့် မတ်မတ်တည်ရှိနေ၏။ ထိုအရာများ၏ အလယ်တွင် ပိုမိုကာ ဆန်းကြယ်ပြီး ကြီးမားလွန်း လှသည့် ယစ်ပလ္လင်ကြီးတစ်ခုက တည်ရှိလို့နေလေ၏။
“ချော့ဟန် အင်မော်တယ် အင်ပါယာ”
ဘယ်ဘက်စင်မြင့်ပေါ်တွင်တော့ နေလုံးကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောင်စဉ်ရောင်ဝါများ ထွက်ပေါ်လျက် ရှိနေ၏။ ထိုစင်မြင့်၏ အထက်တွင် လူတစ်ယောက် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး ခပ်ဝါးဝါး ပုံပန်းသွင်ပြင်ကို မြင်ရ၏။
“ချော့ဟန် အင်မော်တယ် အင်ပါယာ... ဘယ်လိုဖြစ်ပြီး သူဒီကို ရောက်နေတာလဲ” လျှိုချင်းယုသည် ဇဝေဇဝါဖြင့် တီးတိုးရေရွတ်လိုက်သည်။
လျှိုကလန်၏ မှတ်တမ်းမှတ်ရာများ အရဆိုလျှင် ချော့ဟန် အင်မော်တယ် အင်ပါယာသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက မယုံကြည်နိုင်လောက်စရာ အားအင်အဆင့်ကို ပိုင်ဆိုင်သည့် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်ခဲ့ဖူး၏။
အတိတ်တုန်းက ငရဲလောကကြီး ထွန်းတောက်နေသည့် အတောအတွင်းတွင် ချော့ဟန် အင်မော်တယ် အင်ပါယာက ပေါ်ပေါက်လာခဲ့သည်။ ငရဲလောက၏ အင်မော်တယ် အင်ပါယာနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီး ၎င်း၏သတင်းသည် ပျောက်ကွယ်သွားခဲ့သည်။
လူပေါင်းများစွာတို့သည် ယနေ့အချိန်ထိ ချော့ဟန် အင်မော်တယ် အင်ပါယာ၏ ကြိုးစားပေးမှုကို သတိရလျက် ရှိနေတုန်းပင်။ သို့ပေမဲ့ နတ်ဘုရားအင်ပါယာ ပျောက်ကွယ်သွားခဲ့သလိုပင် ချော့ဟန် အင်မော်တယ် အင်ပါယာသည်လည်း ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၏။
မှတ်မိသည်သာ မှန်မည်ဆိုလျှင် ချော့ဟန် အင်မော်တယ် အင်ပါယာ နောက်ဆုံးအကြိမ် ပေါ်ပေါက်လာခဲ့ခြင်း သည် နက်နဲမီးတောက်လောကကြီး မပျက်စီးခင် အချိန်ကဖြစ်၏။ ထိုအချိန်မှစ၍ ချော့ဟန် အင်မော်တယ် အင်ပါယာ၏ သတင်းကို မကြားရတော့ချေ။
အဘယ်ကြောင့် ဤနေရာသို့ ရောက်နေသနည်း။ ထို့အပြင် ကြည့်ရှုရသည်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ သကဲ့သို့ပင်။ ထိုသို့ဆိုလျှင်တောင်မှ ပွင့်လျက်ရှိနေသည့် ၎င်း၏မျက်လုံးများသည် အချိန်နှင့်တည်နေရာ တစ်ခုလုံးကို ဖြတ်သန်းကာ ကြည့်ရှုနေသကဲ့သို့ပင် စူးရှလွန်းလှသည်။
“ထူးဆန်းလိုက်တာ” လျှိုချင်းယုသည် နဝေတိမ်တောင် ဖြစ်နေ၏။ သူသည် ချော့ဟန် အင်မော်တယ် အင်ပါယာဆီသို့ ကြာကြာမကြည့်ရဲချေ။
ချော့ဟန် အင်မော်တယ် အင်ပါယာ၏ ယစ်ပလ္လင်ကြီးသည် သူ့ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်များကို ပေးအပ်၏။ အစစ်အမှန် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် သူ၏ရှေ့တွင် တည်ရှိနေသကဲ့သို့ပင်။ သို့ပေမဲ့ ချော့ဟန် အင်မော်တယ် အင်ပါယာ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်းကို သူ သိရှိပြီးဖြစ်သည်။ သူ၏ရှေ့တွင် ပေါ်ပေါက်နေသည့်လူသည် ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။
သူ့အနေနှင့် သေသေချာချာ အတည်ပြု၍တော့ မရနိုင်သေးချေ။ ထိုကဲ့သို့သောလူမျိုးကို ဆက်လက်ကာ ကြည့်ရှုနေခြင်းအားဖြင့် တစ်ဖက်လူ၏အာရုံကို ဆွဲဆောင်သလို ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူသည်သာ တိုက်ခိုက်သည်ဆိုပါက သူတစ်ခါတည်း သေဆုံးသွားမှာ ဖြစ်၏။
နောက်ထပ် ယစ်ပလ္လင်၏ အပေါ်တွင်တော့ အင်မော်တယ်မြူများနှင့် ရစ်သိုင်းလျက်ရှိနေသည့် လူတစ်ယောက်ကို ခပ်ဝါးဝါးမြင်ရ၏။ ထိုသူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာဖြင့် လူသား တစ်ယောက်၏ ပုံပန်းသွင်ပြင် အရိပ်ကြီးကဲ့သို့ မတ်မတ်ရပ်လျက်ရှိနေ၏။ ၎င်း၏ခန္ဓာကိုယ်ဆီမှ ရှေးဆန်လွန်းလှပြီး အထီးကျန်လွန်းလှသည့် အော်ရာများ ထွက်ပေါ်နေ၏။ တစ်ချက် ကြည့်ရှုလိုက်သည်နှင့် တပြိုင်နက် ဗလာဟင်းလင်း ခံစားချက်ကို ရရှိစေသည်။
“ဒါ ဒါက”
လျှိုချင်းယုသည် တစ်ဖက်လူကို သေသေချာချာ ကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်၏။ “အင်မော်တယ် အင်ပါယာ လျှိုယွင်လား”
အင်မော်တယ် အင်ပါယာ လျှိုယွင်သည် တည်ရှိတော့သည့် လူတစ်ယောက် မဟုတ်ကြောင်း အားလုံးသိရှိပြီးဖြစ်၏။ ငရဲလောက၏ တိုက်ပွဲကြားထဲတွင် သေဆုံးသွားခဲ့သည့်လူလည်း ဖြစ်၏။ ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် အားလုံးသောသူတို့ကို အံ့အားသင့်စေသည့် အကြောင်းအရာမျိုး ဖြစ်စေပေလိမ့်မည်။
အင်မော်တယ် အင်ပါယာ လျှိုယွင်သည် နတ်ဘုရားလောကကြီး၏ အင်ပါယာတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်း များစွာ တံခါးပိတ် ကျင့်ကြံနေခဲ့၏။ ၎င်းသည် နတ်ဘုရားလောကထဲတွင်သာ နေထိုင်လျက် ရှိနေပြီး အန္တရာယ် တွေ့ကြုံသည့်အခါမှသာ ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့၏။
၎င်းသည် လုဝူတောက်ကိုပင် ဖိနှိပ်ခဲ့ဖူး၏။ သို့ပေမဲ့ လုဝူတောက်၏ ကွာစီအင်မော်တယ် အင်ပါယာလက်နက်ကိုသာ ပျက်စီးအောင် ပြုလုပ်နိုင်ခဲ့၏။ တစ်ဖက်လူသည် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေး လွတ်မြောက်သွားခဲ့၏။ ဤကဲ့သို့သော အမှတ်မထင် ကိစ္စရပ်သည်ပင် လုဝူတောက်၏ ဂုဏ်သိက္ခာကို ပိုမိုကာ တိုးတက်စေခဲ့သည်။
ပြီးနောက် ဘာတွေဆက်ဖြစ်ခဲ့သည် ဆိုသည်မှာတော့ အင်မော်တယ် အင်ပါယာ လျှိုယွင်၏ သတင်း အချက်အလက် မှတ်တမ်းမှာ အနည်းငယ်သာ ကျန်ရှိခဲ့၏။ ၎င်းသည် နတ်ဘုရားအင်ပါယာနှင့်အတူ လောကကြီးမှ ထွက်ခွာသွားခဲ့သည်ဟုပင် အားလုံးသော သူတို့က သံသယရှိခဲ့၏။
“ချော့ဟန် အင်မော်တယ် အင်ပါယာ၊ အင်မော်တယ် အင်ပါယာ လျှိုယွင်.. ဒီနှစ်ယောက်က ပေါ်ပေါက်လာပြီ။ သူတို့နောက်မှာ ရှိနေတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ” လျှိုချင်းယုသည် အနောက်ဘက်သို့ အသာ လှမ်းကြည့်လိုက်သည်။
နတ်ဘုရား အလင်းတန်း ထွန်းတောက်နေသည့်လူသည် သူ့ကိုစူးစိုက်ကာ ကြည့်ရှုနေ၏။ သူ့အနေနှင့် အကူအညီမဲ့သလို ခံစားနေ၏။ သူသည် အစစ်အမှန်ကို မြင်ချင်မိ၏။ သို့ပေမဲ့ သူ့ရှေ့မှာ ရှိနေသည့် အစစ်အမှန်သည် အန္တရာယ်များလှကြောင်းကိုလည်း သိရှိပြီးဖြစ်လေ၏။
“နတ်ဘုရားအင်ပါယာနဲ့ တခြားသောသူတွေက လောကကြီး ထဲကနေ ထွက်ခွာသွားခဲ့တာ မဟုတ်ဘဲ ဒီမှာနေ နေတာလား” လျှိုချင်းယုသည် ဇဝေဇဝါနှင့် တွေဝေနေမိ၏။ သူသည် အတွင်းပိုင်းတွင် ရှိနေသည့် ယစ်ပလ္လင်ကြီးကို လှမ်းကာကြည့်ရှုလိုက်သည်။
ထိုတွင် ရှိနေသည့်လူသည် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်း၏။ အဝေးမှလှမ်းကာ ကြည့်ရှုရသောကြောင့် မမြင်ရချေ။ အင်မော်တယ် အလင်းတန်းများ ထွန်းတောက်နေသည်ကိုသာ မြင်ရ၏။ တာအို၏ နိယာမများ ရစ်သိုင်းလျက်ရှိနေပြီး နဂါးအော်သံများ၊ ဖီးနစ်အော်သံများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့လျက် ရှိ၏။
“ဖြစ်နိုင်တာ နတ်ဘုရားအင်ပါယာနဲ့ တခြားသူတွေ အားလုံးက ထွက်ခွာသွားခဲ့တာလား။ ဒါပေမဲ့ ငါ့ရှေ့မှာ ရှိနေတဲ့အရာတွေကတော့ သူတို့ရဲ့ ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ဘဲနဲ့ ပုံရိပ်ယောင်တွေပဲ ဖြစ်မယ်” လျှိုချင်းယု သည် စိတ်ထဲမှ တွက်ချက်လိုက်သည်။
ပုံရိပ်ယောင် တစ်ခုသာဆိုပါက သူ့အနေနှင့် စိုးရိမ်ပူပန်စရာ မလိုအပ်ချေ။ ကွာစီအင်မော်တယ် အင်ပါယာ (သို့မဟုတ်) အင်မော်တယ် အင်ပါယာများ၏ ပုံရိပ်ယောင်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည် ဆိုသော်လည်း အားအင်အဆင့်မှာ အကန့်အသက်ရှိ၏။ သူ့ကို တစ်ခါတည်း သုတ်သင် ရှင်းလင်းပစ်ရန် အတွက်တော့ လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။
“ဒါပေမဲ့ ဒီနေရာမှာ ပြဿနာရှိနေတယ်” လျှိုချင်းယုသည် အခြားစင်မြင့် တစ်ခုဆီသို့ အကြည့်ရွေ့လိုက်၏။ ဘေးတစ်ဖက်တွင်တော့ နောက်ထပ် ယစ်ပလ္လင်လေးခု တည်ရှိနေ၏။ ဘေးတစ်ဖက် ယစ်ပလ္လင်ပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက်က မတ်မတ်ရပ်လျက်ရှိ၏။ တည်ငြိမ်ပြီး အေးချမ်းလွန်းလှ၏။ သို့ပေမဲ့ ထိုသူ့ကို ကြည့်ရှုရသည်မှာ ကျောရိုးမကြီးများပင် စိမ့်တက်စေ၏။
လျှိုချင်းယုသည် ထိုသူ မည်သူဖြစ်ကြောင်း တွေးတောလျက် ရှိနေတုန်းမှာပဲ တောက်ပသည့် အလင်းတန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ ပြီးသည့်နောက် သွေးအဆီအနှစ် တစ်စက်တည်း သာလျှင် ကျန်ရှိပြီး တခြားအရာအားလုံး ပျောက်ကွယ်သွား၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်၏ သွေးအဆီအနှစ် - ထိုအရာသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည့် အကြောင်းအရာပင်။
“ဒါ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်မလား”
လျှိုချင်းယုသည် တုန်လှုပ်စွာဖြင့် ထကာအော်ဟစ်လိုက်၏။ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်ကို သူက ကောင်းကောင်းရင်းနှီးပြီးဖြစ်၏။ ထိုသူသည် တလောကလုံးသို့ လှည့်လည်သွားလာခဲ့သည့် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ပြီး အားလုံးသောသူတို့က သိရှိပြီးသားလူတစ်ယောက်ဖြစ်၏။
လျှိုကလန် သည် ထိုသူ၏အမွေအနှစ်များကို ရရှိခဲ့ခြင်းဖြစ်၏။ အင်မော်တယ် အင်ပါယာ ယွမ်ဟောင်သည် သေဆုံးချိန်၌ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်ခဲ့သည်ကိုသာ အတည်ပြု နိုင်၏။ တစ်ဖက်လူသည် တကယ်တမ်း သေဆုံးသွားခဲ့သည်လား၊ မသေဆုံးသွားခဲ့သည်လား မသေချာလှချေ။ သို့ပေမဲ့ ကွာစီအင်မော်တယ် အင်ပါယာ ယွမ်ဟောင်ကို မည်ကဲ့သို့ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မည်နည်း။ သွေးတစ်စက်နှင့်ပင် ပြန်လည်ရှင်သန်နိုင်သည့် လူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ နောက်ဆုံးကံကြမ္မာကို သုံးသပ်ရမည်ဆိုလျှင် ချော့ဟန် အင်မော်တယ် အင်ပါယာ၊ တခြားသောသူများနှင့် အတူယှဉ်တွဲကာန ေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဤကဲ့သို့ ဟောခန်းထဲတွင် အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်သေးချေ။ အင်မော်တယ် အင်ပါယာ
ယွမ်ဟောင်သည် ချော့ဟန် အင်မော်တယ် အင်ပါယာ ကဲ့သို့သောလူများနှင့် တိုက်ခိုက်ခဲ့သေးသည် မဟုတ်ပါလား။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထိုသူသည် ငရဲလောကကြီးကို သစ္စာဖောက်ခဲ့၏။ ချော့ဟန် အင်မော်တယ် အင်ပါယာနှင့် တခြားသောသူများသည် ထို့ကြောင့်ပင်လျှင် ၎င်းတို့ကြားထဲတွင်ရှိတဲ့ ရန်ငြိုးများကို ဖယ်ရှားပေးလိုက်ပြီလား။
အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ ဘေးပလ္လင်များပေါ်တွင်တော့ အမဲရောင် ရောင်စဉ်တန်းသုံးခုက တောက်ပလျက် ရှိနေ၏။ ထိုသူများသည်လည်း ကွာစီအင်မော်တယ် အင်ပါယာများပင် ဖြစ်ရပေလိမ့်မည်။ မည်သူဖြစ်ကြောင်းကို သေသေချာချာ မသိရှိနိုင်ပေ။
ဤအရာသည် လျှိုချင်းယုကို တကယ်ပဲ သံသယအပြည့် ဖြစ်စေခဲ့လေ၏။
“ကွာစီအင်မော်တယ် အင်ပါယာတွေက အသက်ရှင်လျက် ရှိနေသေးတာလား” မနီးမဝေးတွင် ရှိနေသည့် ရှန်းဘုရင်က လှမ်းကာ ပြောဆိုလိုက်၏။ သူ၏အသံသည် လေးပင်လျက် ရှိနေ၏။ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ရရှိနေသည်။
လျှိုချင်းယု ဟောခန်းတံခါးကြီးကို ဖွင့်လိုက်သည့်အချိန်တွင်တော့ ကြီးမားလေးလံလွန်းသည့် အင်မော်တယ် အင်ပါယာတစ်ယောက်၏ ဖိအားများ ကျဆင်းလာခဲ့သည်။ သံသယရှိစရာ မလိုပါဘဲ ကွာစီအင်မော်တယ် အင်ပါယာအဆင့် ကျင့်ကြံသူများ အထဲတွင်ရှိမှာ သေချာ၏။ ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက်သည်သာ အသက်ရှင်လျက် ရှိနေသည်ဆိုပါက တကယ့်ကို ပြဿနာများမည်။
ရှန်းဘုရင်သည် ထိုအရာကို တွေးတောပြီးသည့်နောက် တွန့်ဆုတ်သွားခဲ့၏။ သူသည် ငရဲလောကနှင့် ပူးပေါင်းသွားခဲ့၏။ ယခုလောကအသီးသီးတို့၌ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။ ဤအလှည့်အပြောင်းသည် တကယ့်ကို ကြီးမားလွန်း၏။ သူ့အတွက် နေစရာဘုံပျောက်သလိုပင် ခံစားမိစေ၏။
“အားလုံးပဲ အသက်ရှင်လျက် ရှိနေသေးတယ်” လျှိုချင်းယုသည် ရှန်းဘုရင်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးနောက် ခက်ခက်ခဲခဲဖြင့် ပြောဆိုလိုက်၏။ သူသည် ဟောခန်းထဲတွင် ရှိနေသည့် ယစ်ပလ္လင်များဆီသို့ မချဉ်းကပ်ရဲချေ။ အထဲသို့ ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် တစ်ခါတည်း သေဆုံးသွားမည်ဟု ခံစားမိသည်။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သည် သွေးတစ်စက်နှင့်ပင် ပြန်လည်မွေးဖွားနိုင်စွမ်း ရှိသည့် လူတစ်ယောက်ဖြစ်၏။ ထို့အပြင် ဤနေရာတွင် အင်မော်တယ် အင်ပါယာ ယွမ်ဟောင်၏ သွေးစက်က တည်ရှိနေသည်ဆိုမှတော့ အချိန်၏မြစ်ရေစီးကြောင်းအတိုင်း ပြန်လည်ကာ ရှင်သန်နိုင်စွမ်း ရှိပေလိမ့်မည်။