အခန်း (၇၅၈)
Vol. 51 Ch. 758
လက်ရှိအခြေအနေတွင် အမဲရောင် လောကကြီးနှင့် ပတ်သက်ပြီး ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်တည်နေခဲ့၏။ ဘာမှန်းမသိသည့် ဖိအားကြီးကလည်း ကျဆင်းလာခဲ့၏။ လုဝူတောက် အရှေ့ဆီသို့ လှမ်းတက် တိုက်ခိုက်ချိန်မှာတော့ အင်မော်တယ်ဘုရင် တော်တော်များများသည် စိတ်မသက်မသာပင် ခံစားနေခဲ့ကြ၏။
ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဂျူနီယာများကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ စေလွှတ်ကာ သတင်း အချက်အလက်များကို ရှာဖွေစေခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တစ်ကြိမ်တွင် လူတစ်ယောက် သို့မဟုတ် ဂိုဏ်းဂဏ တစ်ခုတည်းသာ ဝင်ခွင့်ရှိ၏။ ထို့ကြောင့်ပင်လျှင် ရရှိနိုင်သည့် သတင်း အချက်အလက်သည် လျော့ပါးလို့ နေလေသည်။
များပြားလှသည့် လူများသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်ရောက်ပြီး သတင်း အချက်အလက်များ ရယူရန် စိတ်ဆန္ဒ ရှိကြ၏။ သို့ပေမဲ့ ရရှိခဲ့သည့် သတင်းအချက်အလက်သည် တခြားသော သူများဆီသို့ မျှဝေနိုင်သည့် အရာမျိုး မဟုတ်ချေ။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှာ ငါလိုချင်တဲ့ သတင်းအချက်အလက်တွေရှိဖို့ မျှော်လင့်မိတယ်။ မဟုတ်ရင် ဒီအဘိုးကြီးက ဘာတစ်ခုကိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး” အဘိုးအိုသည် တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်လုံးများထဲတွင်တော့ ဝမ်းနည်းဆွေးမြေ့သည့် အမူအရာများ ဖြစ်တည်လျက် ရှိနေ၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အဝင်ဝဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် သူသည် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အတွင်းဘက်မှ ထွက်လာသည့်လူကို မြင်လိုက်ရ၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ အထဲသို့ ဝင်ရောက် လိုက်၏။ သူ၏ အနောက်ဘက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ဝင်ရောက်ခွင့်ရရန် တန်းစီ စောင့်လျက်ရှိနေသည့် လူပေါင်းများစွာတော့ တည်ရှိနေ၏။ ရုတ်တရက် အပြင်ဘက်တွင် မမြင်ရသည့် အတားအဆီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ထိုသူများကို အထဲသို့ ဝင်ရောက်ရန် တားဆီးထားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ” တစ်စုံတစ်ယောက်က ထအော်လိုက်၏။ ဤအခြေအနေကို သူတို့ ရင်းနှီးပြီးသား ဖြစ်သည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သည် တစ်စုံတစ်ယောက် ဝင်ရောက်ပြီးသည့်နောက် ခဏတာ ဝင်ရောက်ခွင့်ကို ပိတ်ပင် ထားဆီးထားခြင်းပင် ဖြစ်လေ၏။ လူများသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ ဘာတွေ ဖြစ်နေသည် ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ချေ။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ ယခုမှ ဝင်ရောက်လာခဲ့သည့် အကြီးအကဲသည် သူ၏ အရှေ့တွင် ရှိနေသော အစိမ်းရောင်ဝတ်စုံနှင့်လူကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုလူသည် အတွေးနက်လျက် ရှိနေပုံပင်။ သို့ပေမဲ့ သူသည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ သတိဝင်လာပြီး နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ဦးညွတ်ကာ ပြောဆိုလိုက်လေ၏။ “အဘိုးကြီး လီချန်းဖန်က စီနီယာ နန်းဆောင်သခင်ကို လာပြီး တွေ့ဆုံပါတယ်”
“လီချန်းဖန် လား”
လီယွင်သည် ခေါင်းကို အသာလှည့်ကာဖြင့် အဘိုးအိုကို အပေါ်မှအောက်အထိ အစအဆုံး ကြည့်ရှုလိုက်သည်။ “ထိုင်လေ”
“အသင်္ချေ များပြားတဲ့ လောကအသီးသီးဘက်မှာတော့ ကျုပ်က ရာဇဝတ်သား တစ်ယောက်ပါပဲ။ ကျုပ်ရဲ့ နိမ့်ကျတဲ့ နာမည်က ထုတ်ဖော်ပြောဆိုဖို့တောင် မထိုက်တန်ပါဘူး” လီချန်းဖန်သည် လှမ်းကာ ပြောဆိုလိုက်၏။
“အင်မော်တယ်ဘုရင်အဆင့် စာရင်းမှာ ကိုးယောက်မြောက် တည်ရှိတယ်ဆိုတာ နာမည်ဂုဏ်သတင်းအရတော့ လျှော့တွက်လို့ရတဲ့လူမျိုး မဟုတ်ပါဘူး” လီယွင်သည် အဘိုးအိုကို လှမ်းကြည့်ကာဖြင့် အမှတ်မထင် ပြောဆိုလိုက်သည်။
လီချန်းဖန်ဆိုသည့် နာမည်သည် နက်နဲမီးတောက်လောကကြီးအတွက် အဓိပ္ပာယ်များများစားစား မရှိလှချေ။ အင်မော်တယ်ဘုရင်အဆင့် စာရင်းတွင် ပါဝင်သည့် အကြောင်းအရာ တစ်ခုသာလျှင် ဖြစ်၏။ သို့ပေမဲ့ အင်မော်တယ်လောက၊ နတ်ဘုရားလောကထဲမှာတော့ လီချန်းဖန်ဆိုသည့် နာမည်သည် မိုးခြိမ်းသံကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသည့်အရာ ဖြစ်၏။
လီချန်းဖန်သည် စွမ်းအားမြင့် ကျင့်ကြံသူပေါင်းများစွာကို သင်ကြားပေးခဲ့ဖူး၏။ အထူးသဖြင့် လုဝူတောက် ကဲ့သို့သော လူမျိုးပင်။ လီချန်းဖန် အနေနှင့် လုဝူတောက်ကို တပည့်အဖြစ် တရားဝင် အသိအမှတ် မပြုခဲ့သော်လည်း လုဝူတောက်၏ အားအင်အဆင့်သည် လီချန်းဖန်၏ လမ်းညွှန်ချက်များကြောင့် တိုးတက်လာခဲ့ခြင်းမှာတော့ ငြင်းပယ်၍ မရနိုင်သည့် အကြောင်းအရာပင်။
လုဝူတောက် တစ်ယောက် ငရဲလောကဆီသို့ ဝင်ရောက်မသွားခင်က လီချန်းဖန်၏ အောက်တွင် လေ့ကျင့်ခဲ့၏။ ကံဆိုးစွာဖြင့် လုဝူတောက်သည် ငရဲလောကကို ရွေးချယ်ခဲ့ပြီး အသင်္ချေများပြားသည့် လောကများ၏ ဘုံရန်သူဖြစ်လာခဲ့၏။ ထိုသူသည် အသင်္ချေ များပြားသည့် လောကဘက်ခြမ်းရှိနေ အင်မော်တယ်ဘုရင်ပေါင်း မြောက်များစွာတို့ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သည်။
ချက်ချင်းဆိုသလိုပဲ လုဝူတောက်သည် လောကအသီးသီးတို့၏ မျက်လုံးထဲတွင် တရားဝင် ရာဇဝတ်သား ဖြစ်သွားခဲ့၏။ ထို့ကြောင့် လုဝူတောက်ကို သင်ကြားပေးခဲ့သော လီချန်းဖန်သည်လည်း အားလုံးသောသူတို့၏ ပစ်မှတ်ထားစရာ ဖြစ်လာခဲ့၏။ သူ့အနေနှင့် လုဝူတောက်ကို ကိုယ်တိုင်ကိုယ်ကျ ဖိနှိပ်ချင်၏။ သို့ပေမဲ့ သူ၏ အားအင်အဆင့်သည် ထိုအရာကို ခွင့်ပြုမပေးခဲ့ချေ။ လုဝူတောက်သည်သာ ယခင်တုန်းက သက်ညှာပေးခဲ့ခြင်း မရှိပါက လီချန်းဖန်သည် လက်ရှိ အခြေအနေတွင် အလောင်းပင် ကျန်ရှိလိမ့်မည် မဟုတ်ချေ။
“ကျုပ်က လောကအသီးသီးတို့အတွက် အပြစ်ရှိတဲ့လူပဲ။ ဒါကြောင့် ကျုပ်ရဲ့နာမည်ကို အပြင်မှာ ထုတ်ဖော် မပြောဆိုရဲပါဘူး” လီချန်းဖန်သည် ခြောက်ကပ်ကပ် အသံဖြင့် ပြောဆိုလိုက်၏။
“ကြည့်ရတာ လုဝူတောက်ရဲ့ လုပ်ဆောင်ခဲ့ပုံတွေက ခင်ဗျားနဲ့ သက်ဆိုင်တယ်လို့ ခံယူထားတဲ့ပုံပဲ” လီယွင်သည် လီချန်းဖန်ကို လေးလေးနက်နက် လှမ်းကြည့်ကာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“စီနီယာရဲ့ အားအင်အဆင့်အရဆိုရင် လုဝူတောက်ကို ကောင်းကောင်း သိမှာပါ။ လုဝူတောက်က ဒီအဘိုးကြီးရဲ့ သင်ကြားပြသမှုကို ခံခဲ့ရတယ်။ ဒါပေမဲ့ သူက မောက်မာထောင်ကြွားစွာနဲ့ လုပ်ချင်ရာကို လုပ်နိုင်ခဲ့တာပဲ” လီချန်းဖန်က တီးတိုး ပြောဆိုလိုက်၏။
ယခင်တုန်းက လုဝူတောက်နှင့် လူငယ်အင်ပါယာ ယွမ်ဟောင်တို့သည် ရန်သူများ ဖြစ်ခဲ့ကြ၏။ ကွာခြားချက်မှာ လုဝူတောက်သည် အချိန်ခဏအတွင်း တိုးတက်လာခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး အင်ပါယာ ယွမ်ဟောင်မှာတော့ နက်နဲလှသည့် အမွေအနှစ်များကို ပိုင်ဆိုင်သည့် မိသားစုနောက်ခံနှင့် မွေးဖွားလာသူ တစ်ယောက်ဖြစ်၏။ ထိုကဲ့သို့ ကွာခြားချက် ရှိသည်ဆိုလျှင်တောင်မှ လုဝူတောက်သည် အင်ပါယာယွမ်ဟောင်ထက် ပိုမိုကာ သာလွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့သည်။
အံ့အားသင့်စရာပင်။ လုဝူတောက်နှင့် အင်ပါယာ ယွမ်ဟောင်တို့၏ ကြီးမားသည့် တိုက်ပွဲကြီးတွင် အင်ပါယာ ယွမ်ဟောင်က ရှုံးနိမ့်ခဲ့၏။ လုဝူတောက်သည် တကယ့်ကို ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီး အားလုံးသောသူတို့ကို ဖိနှိပ်နိုင်ခဲ့၏။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် လုဝူတောက်သည် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာတော့မည်ဟု အားလုံးသော သူတို့က သတ်မှတ်လျက်ရှိ၏။
သို့ပေမဲ့ အင်ပါယာ ယွမ်ဟောင်သည် တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီး လုဝူတောက်ကို ဒုက္ခပေးတော့သည်။
လုဝူတောက် သူ့ထက်အရင် ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် အပြင်းအထန် တားဆီးခဲ့၏။ ထိုကဲ့သို့သော အခြေအနေကို လုဝူတောက်က မည်သို့မှ သည်းမခံနိုင်ခဲ့ချေ။ ပြဿနာမှာ အင်ပါယာ ယွမ်ဟောင်သည် လုဝူတောက် အဆင့်ချိုးဖြတ်ခါနီး အချိန်သို့ ရောက်ရှိလာတိုင်း လာရောက် တားဆီး တိုက်ခိုက်တတ်ခြင်းပင်။
ဤကဲ့သို့ ထပ်တလဲလဲ နှောင့်ယှက်မှု အောက်မှာတော့ လုဝူတောက်သည် လုံးလုံး အမှောင်ထုထဲသို့ သက်ဆင်းခဲ့၏။ သူ့အနေနှင့် ကွာစီအင်မော်တယ် အင်ပါယာအဆင့်ဆီသို့ သာမန်နည်းလမ်းများဖြင့် တက်လှမ်း၍ မရနိုင်သောကြောင့် တခြားသော ထူးခြားနည်းလမ်းများဖြင့် တက်လှမ်းနိုင်ရန် ကြိုးစားခဲ့၏။ ထို့ကြောင့်ပင်လျှင် ငရဲလောကကြီးနှင့် ထိတွေ့ခဲ့ခြင်းပင် ဖြစ်၏။
ထိုအချိန်၌ အင်ပါယာ ယွမ်ဟောင်သည် လေးနက်သည့် ရန်ငြိုးများ တည်ရှိပြီး အသင်္ချေ များပြားသည့် လောကများ ဘက်မှ ရပ်တည်ကာ တစ်ဖက်လူကို သုတ်သင်ရန် ကြိုးစားခဲ့၏။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ၎င်းသည် ငရဲလောကကြီးနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့၏။ လုဝူတောက်သည် ငရဲလောကဆီသို့ ပူးပေါင်းသွားခဲ့သည့် အချိန်တွင် အင်ပါယာ ယွမ်ဟောင်သည် တစ်ဖက်ခြမ်း၌ ရပ်တည်ရမည် ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။
“အတိတ်တုန်းက ငရဲလောကကြီး လောကအသီးသီးကို လွှမ်းမိုးနိုင်တဲ့ အချိန်မှာ လုဝူတောက် ရှိခြင်း၊ မရှိခြင်းက ဘာမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး” လီယွင်သည် လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။
ငရဲလောကကြီး၏ စွမ်းအားအကောင်းဆုံး ကျင့်ကြံသူသည် ငရဲလောကအရှင်ဖြစ်ပြီး လုဝူတောက်သည် အထင်ကြီးလောက်စရာ ဖြစ်သော်လည်း အလှပြရုံသက်သက် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။
“ဒီကိစ္စကို ကျုပ်ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမဲ့ လုဝူတောက်သာ မရှိဘူးဆိုရင် လောကအသီးသီးမှာ ရှိတဲ့ အင်မော်တယ်ဘုရင်တွေ သေဆုံးခဲ့မှာ မဟုတ်ဘူး” လီချန်းဖန်က လေးလေးနက်နက် ပြောလိုက်၏။
“အင်း”
လီယွင်သည် လီချန်းဖန်၏ အရှေ့တွင် ရှိနေသည့် စနစ်၏ မြင်ကွင်းကို လှမ်းကြည့်ကာဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အင်း ရှောင်လွဲလို့ မရတဲ့ ကံကြမ္မာကို ဘယ်သူမှ ရှောင်လွှဲလို့ မရဘူး။ ပြီးတော့ ခင်ဗျား သိတယ်လို့ ထင်ထားတဲ့ အရာအားလုံးက မဟုတ်ဘူး။ ခင်ဗျား မသိထားတဲ့ အရာတွေ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်”
“ကျုပ် ဒီအရာနဲ့ ပတ်သက်ပြီး အနည်းငယ်တော့ နားလည်ပါတယ်” လီချန်းဖန်က ခေါင်းညိတ်လိုက်၏။ သူ့အနေနှင့် ထိုမဲမှောင်လျက် ရှိနေသည့် လောကကြီးထဲသို့ ဝင်ရောက်ခြင်း မရှိသည် ဆိုလျှင်တောင်မှ အထဲတွင် ဖြစ်နေသည့် အကြောင်းအရာများကို သိရှိ၏။ လောကထဲသို့ ဝင်ရောက်ခဲ့သည် အင်မော်တယ်ဘုရင်များ အားလုံးတို့သည် တစ်စုံတစ်ခု လွဲမှားနေသည်ကို ခံစားခဲ့ရပြီး ငရဲလောကကြီး၏ တိုက်ပွဲနှင့်ပတ်သက်သည့် အတွေ့အကြုံများကို ပြန်လည်ကာ ခံစားနေခဲ့ရ၏။ ဤခံစားချက်သည် အလွန်ပင် အားကောင်း၏။
“အင်း.. ဒီနှစ်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အမှန်တရားတွေကို ခင်ဗျား စိတ်မဝင်စားဘူးလား” လီယွင်သည် မေးမြန်း လိုက်သည်။
“အင်း.. ဒါက အရေးမကြီးတော့ပါဘူး” လီချန်းဖန်သည် ခေါင်းကို ခါယမ်းလိုက်၏။
ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ လီယွင်သည် နှလုံးသားထဲ၌ သက်ပြင်းချလိုက်၏။ လီချန်းဖန် ဂရုစိုက်သည့် တစ်ဦးတည်းသောလူသည် လုဝူတောက်သာလျှင် ဖြစ်သည်။
“ကြည့်ရတာ ခင်ဗျား ဒီနေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လာရတဲ့ ရည်ရွယ်ချက်က လုဝူတောက်နဲ့ ရင်ဆိုင်ဖို့ နည်းလမ်းကို ရှာချင်တာပဲ” လီယွင်သည် ဘေးတစ်ဖက်တွင် ရှိနေသည့် ရေနွေးခွက်ကို အသာကောက်ယူကာဖြင့် သောက်လိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် ပြောဆိုလိုက်၏။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ ကြည့်ရှုမှုအောက်မှာ ဘယ်အရာမှ မလွတ်မြောက်နိုင်ပါဘူး” လီချန်းဖန် သည် မငြင်းပယ်သလို ဝန်လည်း ဝန်မခံခဲ့ချေ။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်စွမ်း ရှိနေသည့် တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ ၎င်း၏ အတွေးများကို တစ်ဖက်လူ နားလည်နေမည် ဆိုခြင်းကို လက်သင့်ခံရမည်ဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူမျိုးပင်ဖြစ်သည်။
“အင်း... ကျုပ်နဲ့ စခဲ့တဲ့ အကြောင်းအရာတွေက ကျုပ်နဲ့ အဆုံးသတ်သင့်တယ်” လီချန်းဖန်သည် ဇာတ်ကြောင်း တစ်ခုလုံးကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် တီးတိုးပြောဆိုလိုက်၏။
“ခင်ဗျားရဲ့ အားအင်အဆင့်က အင်မော်တယ်ဘုရင်အဆင့် စာရင်းမှာ ကိုးယောက်မြောက်ချိတ်တယ်။ ဒါပေမဲ့ လုဝူတောက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခင်ဗျားက အရမ်းကို ကွာခြားနေတယ်ဆိုတာ သိတယ်မလား။ ခင်ဗျားရဲ့ ကိုယ်ပိုင် အားအင်အဆင့်ကို အမှီအခိုပြုပြီးတော့ လုဝူတောက်ကို ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး” လီယွင်က ပြောဆိုလိုက်သည်။
“ကျုပ် ဒီအရာကို နားလည်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဒါကြောင့်လည်း ကျုပ် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လာခဲ့ရတာပေါ့။ ဂုဏ်ယူရလောက်တဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်ကို ကူညီပေး နိုင်မလားဆိုတာ ကျုပ်သိချင်တယ်”
လီချန်းဖန်သည် လီယွင်၏ အမူအရာကို လှမ်းကြည့်ကာ ပြောဆိုလိုက်၏။ “ကျုပ်အနေနဲ့ ဒီလို ကိစ္စမျိုးကို လုပ်နိုင်ဖို့ဆိုရင် ဘယ်လို ဈေးနှုန်းမျိုးကိုမဆို လက်သင့်ခံပါတယ်”
ပြောပြီးသည့်နောက် သူသည် လက်ချောင်းတွင် ရှိနေသည့် သိုလှောင်လက်စွပ်ကို ချွတ်ယူကာဖြင့် လီယွင်၏ အရှေ့သို့ ချပေးလိုက်သည်။