အခန်း (၇၆၃)
Vol. 51 Ch. 763
လျှိုရွှမ်းချန်၏ စကားလုံးကို ကြားသည့် အချိန်မှာတော့ သူသည် ငြိမ်ငြိမ်သက်သက် မနေနိုင်တော့ချေ။ သူတို့၏ မှတ်ဉာဏ်ထဲတွင် တည်ရှိနေသည်မှာ ယခင် တိုက်ပွဲကြီးတွင် အနိုင်ရရှိသူမှာ နတ်ဘုရား အင်ပါယာဖြစ်၏။ ထိုအရာများအားလုံးသည် မှားယွင်းသည့် မှတ်တမ်းမှတ်ရာများ ဖြစ်သည်ဟု ပြောဆို နေသည်လား။
ငရဲလောကကြီးသာ အနိုင်ရပြီး လွှမ်းမိုးခဲ့သည်ဆိုပါက အဘယ့်ကြောင့် ဤကဲ့သို့ အခြေနေမျိုး ဖြစ်လိမ့်မည်နည်း။ အနိုင်ရရှိခဲ့သည်ဆိုပါက ကျိန်းသေပေါက် လောကအသီးသီးတို့ကို လွှမ်းမိုးတော့မှာဖြစ်၏။ အဘယ့်ကြောင့် အနောက်ဘက်သို့ ဆုတ်ခွာသွားရသနည်း။ မည်သည့် ရည်ရွယ်ချက်ဖြစ်သနည်း။
"ကျုပ်တို့ရဲ့ သိရှိထားတဲ့ အကြောင်းအရာတွေ အားလုံးက မှားယွင်းနေတယ်။ ကျုပ်တို့သိထားတာတွေက အစစ်အမှန် မဟုတ်ဘူး။"
လျှိုရွှမ်ချမ်သည် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှုပြီး သူ၏ လက်များက တုန်ယင်လျက် ရှိ၏။ ကြည့်ရသည်မှာ သူကိုယ်တိုင်ပင် ဖတ်ရှုနေသည့် အကြောင်းအရာများကို မယုံကြည်နိုင်သကဲ့သို့ပင်။
"အင်း ပြီးတော့ လောကကြီးမှာ ကွာစီအင်မော်တယ်အင်ပါယာ မရှိဘူးလို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ပြောခဲ့တယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ဒါမှမဟုတ် ဝိညာဉ်နတ်ဆိုး တောအုပ် ဌာနေ အရှင်တောင်မှ ကွာစီအင်မော်တယ် အင်ပါယာမဟုတ်ဘူးတဲ့။"
ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ကြားရသည့် လူပေါင်းများစွာတို့သည် တိတ်ဆိတ် ငြိမ်သက်သွား၏။
နတ်ဘုရားအင်ပါယာ ပိုင်ယုသည် လေးလေးနက်နက်နှင့် ပြောဆိုလိုက်သည်။
"ဝိညာဉ်နတ်ဆိုး တောအုပ် ဌာနေအရှင်က အင်မော်တယ်အင်ပါယာ တစ်ယောက် မဟုတ်ဘူး။ ကျုပ် အလိုလို သိနေတယ်။"
"ဒါဆိုရင် ကောင်းကင်လျှို့ဝှက် နန်းဆောင် သခင်ကကော။ "
ကောင်းကင်လျှို့ဝှက်နန်းဆောင်နှင့် ပတ်သက်၍ သူတို့သည် မခန့်မှန်းရဲချေ။
အကယ်၍ ကွာစီအင်မော်တယ် အင်ပါယာဆိုရင် တော်သေး၏။ အင်မော်တယ်အင်ပါယာ တစ်ယောက် ဖြစ်နေပါက ပြဿနာတက်ပေလိမ့်မည်။
"အခုကြည့်ရတာ အသင်္ချေများပြားလှတဲ့ လောကအသီးသီးတို့ဘက်မှာ ကွာစီအင်မော်တယ် အင်ပါယာမရှိဘူး။ ပြီးတော့ ဒီတိုက်ပွဲရဲ့ ရလဒ်က မသေချာသေးဘူး။ ကျုပ်တို့သာ ကွာစီအင်မော်တယ် အင်ပါယာ အခွင့်အရေးကို ရရှိပြီး ကွာစီအင်မော်တယ်အင်ပါယာ ဖြစ်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် ရလဒ်က ပြောင်းသွားလိမ့်မယ်။" နတ်ဘုရားလောကမှ အင်မော်တယ်ဘုရင်တစ်ယောက်သည် ပျော်ရွှင်စွာဖြင့် ပြောဆိုလိုက်၏။
ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်သာ သူတို့ဘက်၌ ထွက်ပေါ်လာမည်ဆိုပါက အောင်မြင်မှုကို လက်လှမ်းနိုင်မှာ သေချာသည်။
"ဒါဆိုရင် အင်မော်တယ်အင်ပါယာကရော" ပိုင်ယုက မေးမြန်းလိုက်၏။
အားလုံးသော သူတို့သည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
"အဲတာလည်း မရှိလောက်ပါဘူး။ ဟုတ်တယ်မလား" စောဏကပြောဆိုခဲ့သည့် အင်မော်တယ်ဘုရင်သည် တီးတိုးရေရွတ်လိုက်၏။
"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အဆုံးသတ်မှာ စကားစုတစ်ခုကို ထပ်ပြောခဲ့သေးတယ်။"
လျှိုရွှမ်ချမ်သည် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်ရှုရင်း မျက်နှာတစ်ခုလုံး ဖြူရော်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။
"အဲစကားစုက ဘာလဲ" သတ္တမဘိုးဘေးက လှမ်းကာ မေးမြန်းလိုက်၏။
"ငရဲလောကကြီး ဆင်းသက်လာတဲ့အချိန်မှာ လောကအသီးသီးတို့က စုစည်းပေါင်းစပ်ရလိမ့်မယ်။ "
"ဒါဘာကိုဆိုလိုတာလဲ"
ပိုင်ယုသည် နှလုံးသားထဲတွင် မရှင်းလင်းသော စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ဤစကားစုသည် သာမန်ဆန်လွန်းလှသော်လည်း တကယ်တမ်းမှာတော့ လောကအသီးသီးတို့ ဖျက်ဆီးခံရမည့် အကြောင်း ပြောဆိုနေခြင်းပင်။
"ငရဲလောကကြီး ဆင်းသက်လာတဲ့အချိန်မှာ "
သတ္တမဘိုးဘေးကြီး ထိုစကားစုကို ထပ်မံကာ ရွတ်ဆိုလိုက်မိ၏။
"စီနီယာ နန်းဆောင်သခင်ပြောထားတာ အရမ်းကို ရိုးရှင်းတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ငရဲလောကကြီးက အရာရာတိုင်းကို ထိန်းချုပ်လိမ့်မယ်။ လောကအသီးသီးတို့က ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်။ "
"တခြားဘယ်သူရှိသေးလဲ။ ငရဲလောကအရှင်အပြင် ဒီလို စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်တဲ့သူ ငရဲလောကမှ တခြား ဘယ်သူရှိသေးလဲ" ပိုင်ယုက မေးခွန်းထုတ်လိုက်သည်။
"ငရဲလောကအရှင်က မရှိတော့ဘူးမလား။ ရှေးတုန်းတည်းက သေသွားပြီမလား။"
သူ၏ မျက်လုံးများသည် အေးစက်သွား၏။ "ကျုပ်ရဲ့မှတ်ဉာဏ်တွေ ဘာလို့ ဖျက်ဆီး ခံထားရတာလဲ။ "
သူသည် အရေးကြီးလှသော သော့ချက်တစ်ခုခုကို မေ့လျော့နေသည်ဟု ခံစားရ၏။ ထိုအရာသည် လောကကြီး၏ ကြီးမားသည့် လျှို့ဝှက်ချက်ပင် ဖြစ်ပေလိမ့်မည်။
"အင်း … ဘယ်လိုပဲ ဖျက်ဆီးခံထားရ ခံထားရ … ကျုပ်တို့အားလုံးက ရှုံးနိမ့်ဖို့ ကံကြမ္မာက ပါနေပြီပဲ။"
နတ်ဆိုးလောကကြီး၏ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် ခေါင်းကို ခါယမ်းကာဖြင့် ပြောဆိုလိုက်၏။
ယခု ကျိုးချီ သည် သူတို့ဘက်မှ တိုက်ခိုက်ပေးလျက် ရှိနေ၏။ ထို့ကြောင့် တခြားသော အင်မော်တယ် စာရင်းထဲတွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် သံသယရှိစရာ မလိုဘဲ ပေါ်ပေါက်လာပေလိမ့်မည်။
ထို့ကြောင့် ကျိုးချီ သည်လည်း မကြာခင် သေဆုံးရပေလိမ့်မည်။ ထို့အပြင် ဝိညာဉ်နတ်ဆိုးတောအုပ်၏ ဌာနေ အရှင်လည်း တည်ရှိနေသေး၏။ ထိုလူသည် ကွာစီအင်မော်တယ် အင်ပါယာ တစ်ယောက် ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် ထိုသူမှာ ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် မဟုတ်ဟု ပြောဆိုခဲ့သော်လည်း ကျိန်းသေပေါက် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်ကြောင်း သူတို့က သေချာသိ၏။
"ကောင်းပြီ"
တခြားသော နတ်ဆိုးလောက၏ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် နှာခေါင်းရှုံ့လိုက်၏။
"နန်းဆောင်သခင်က ငရဲလောကကြီးရဲ့ အနာဂတ်အကြောင်းကို တွက်ချက်ခဲ့ပြီးပြီ။ အသင်္ချေများပြားတဲ့ လောကအသီးသီးတို့ကလည်း ရှုံးနိမ့်တော့မယ်။ ခင်ဗျားတို့ ဘာကိစ္စ ပုန်ကန်ချင်နေရတာလဲ။"
"ဖြစ်နိုင်တာ ငရဲလောကကြီး ဆင်းသက်လာတဲ့ အချိန်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်တောင် ငရဲလောကနဲ့ ပူးပေါင်းလိမ့်မယ်။ " နတ်ဆိုးလောက၏ အင်မော်တယ်ဘုရင်တစ်ယောက်သည် မျက်ခုံးကို ပင့်ကာ မှတ်ချက်ပြုလိုက်သည်။
"ပြီးတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်။ ဒီတော့ ငရဲလောကကြီးက ပြိုင်ဘက်ကင်း ဖြစ်နေမှာကို ကြိုသိလို့ပဲ ဖြစ်မယ်။ ဉာဏ်ကောင်းတဲ့လူတွဆိုတာ အခြေအနေကို နားလည်ရမယ်။ အခွင့်အရေးဆိုတာ နှစ်ခါမရဘူး။ "
အသင်္ချေ များပြားသည့် လောကအသီးသီးဘက်တွင် ရှိနေသည့် အင်မော်တယ်ဘုရင်များသည် အလုံးစုံ ရှုံးနိမ့်သည့် ခံစားချက်များကို ရရှိလာခဲ့ကြ၏။
ရှင်းလင်းစွာဖြင့် ၎င်းတို့သည် ငရဲလောကကြီးကို ပူးပေါင်းရမှာဆိုသည်ကိုပင် စတင်ကာ စဉ်းစားလာခဲ့ကြ၏။ အနည်းဆုံး ထိုကဲ့သို့ ပူးပေါင်းဝင်ရောက်ခြင်းအားဖြင့် ၎င်းတို့၏ အသက်သည် အာမခံချက် ရှိပေလိမ့်မည်။ အတင်းခုခံနေမည်ဆိုပါက သေဆုံးသွားနိုင်သည်။
ထအို့ပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် တိုက်ပွဲကို မဝင်ရောက်သေးချေ။ အခြားလောကတွင် ရှိနေသည့် ငရဲလောက၏ အရှင်သည်လည်း မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိချေ။ လက်ရှိ အခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့၏ မှတ်ဉာဏ်အားလုံးကလည်း ဖျက်ဆီးခြင်းကို ခံထားရ၏။
ကျိန်းသေပေါက် ငရဲလောက၏ အရှင်သည် သေဆုံးသွားခြင်း မဟုတ်သည်မှာ သေချာလာ၏။ တစ်ချို့သော တစ်နေရာတွင် ပုန်းအောင်းနေပြီး အဆင့်ချိုးဖျက်နိုင်ရန် ရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်။ ပြန်လည်ရောက်ရှိလာသည်ဆိုပါက ၎င်း၏ အားအင်အဆင့်သည် အင်မော်တယ်အင်ပါယာထက် ပိုလွန်ကာ သာလွန်နေမှာ သေချာသည်။
"ဘယ်ဘက်ကအလင်း ၊ ဘယ်ဘက်ကအမှောင်လဲ"
အသံတစ်ခုသည် မိုးကုပ်စက်ဝိုင်း၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာခဲ့၏။ အကန့်သတ်မဲ့ များပြားလှသည့် ရောင်စဉ်ရောင်ဝါများသည် လောကကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
အားလုံးသော သူတို့သည် ထိုနေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တောက်ပမှုများထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဖြေးညင်းစွာ လှမ်းလျောက်လာခဲ့၏။ ထိုသူများ၏ ပုံစံများသည် အရိုးခြောက်ကဲ့သို့ပင် ငြိုးခြောက်ကာ ပိန်လှီလျက် ရှိနေ၏။ သို့ပေမဲ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အော်ရာများမှာတော့ ကြောက်ခမန်းလိလိပင်။
"အင်း ကျုပ်ကမူလအားဖြင့် အလင်းကိုပဲ ပိုပြီးတော့ ကြိုက်တယ်။ အလင်းကိုစွန့်ခွာပြီး အမှောင်ကို ဝင်ဖို့ကိစ္စကို ဘာလို့ ပြောနေတာလဲ။" ထိုအရိုးခြောက်ကဲ့သို့လူ၏ မေးရိုးသည် ဖွင့်လိုက် ပိတ်လိုက် လုပ်လျက် ရှိတုန်းမှာပဲ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးတွင် ၎င်း၏ အသံက ပဲ့တင်ထပ်နေ၏။
"ခင်ဗျားဘယ်သူလဲ"
မီးတောက်ဘုရင်က လှမ်းကာ ပြောဆိုလိုက်၏။ တစ်ဖက်လူဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို သူက ကောင်းကောင်း မှတ်မိ၏။သို့ပေမဲ့ လက်ရှိအခြေနေတွင် ထိုသူ့ကို မည်သည့်နေရာတွင် မြင်ဖူးမှန်း စဉ်းစား၍ မရချေ။
ဤလူသည် လောကအသီးသီးတို့မှ အင်မော်တယ် ဘုရင်တစ်ယောက်ဟုသာ သူတို့သိရှိ၏။ အားအင်အဆင့်သည် သူ၏ အထက်တွင် တည်ရှိလို့နေ၏။ အင်မော်တယ် ဘုရင်စာရင်းတွင် ပါဝင်သည့် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်သလားမှာတော့ မသေချာချေ။
"ကျုပ်"
အရိုးခြောက်ကဲ့သို့သောသူသည် လှမ်းကာ ကြည့်ရှု၏။ သူ၏ မျက်လုံးဟောက်ပက်ကြီးထဲ၌ လင်းလက်သည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိ၏။
"အင်း သေသင့်တယ်ဆိုပေမဲ့ မသေသေးတဲ့လူ"
"သေသင့်တယ်ဆိုပြီး မသေသေးတဲ့လူ ဟုတ်လား။"
မီးတောက်ဘုရင်သည် မျက်လုံးများကို မှေးကျဉ်းကာဖြင့် အသာလှမ်းကာ ကြည့်ရှုလိုက်သည်။
"ခင်ဗျားက နတ်ဘုရားမြို့ကလား"
"အမှန်ပဲ" အရိုးခြောက်ကဲ့သို့သော လူသည် တစ်ချက်လေးမှ မငြင်းပယ်ဘဲ ခေါင်းညိတ်လိုက်၏။