← Chapters

EUOC သုတေသနဌာန ရုံးခန်းငယ်လေးတစ်ခု။

Vol. 3 Ch. 161

EUOC သုတေသနဌာန ရုံးခန်းငယ်လေးတစ်ခု။

Vol. 3 Ch. 161

သုတေသနဌာနမှူးဂျော်ဒန်က လက်ထဲမှာ ဆော့ပင်ကိုကိုင်ပြီး သင်ပုန်းဖြူပေါ်မှာ ရှုပ်ထွေးလှတဲ့ စာတွေနဲ့ပုံတွေကို အလျင်အမြန်ရေးနေပြီး ရေးလည်းရေး ရှင်းလည်းရှင်းပြနေတယ်။ သူ့လေသံက တော်တော်မြန်ပြီး ဗလုံးပထွေးနဲ့အရက်သမားတစ်ယောက် ထွေရာလေးပါးတွေပြောနေသလိုတောင် ထင်ရပါတယ်။

“ဖန်ဆင်းခြင်းမြစ်ရေဆိုတာက သီအိုရီအရဆိုရင် ဘာကိုမဆိုပုံဖော်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ အရင်က ငါတို့တွေက ဒါလီယာကိုအသုံးပြုပြီး ရပ်ကွက်တစ်ခုလုံးကို ပုံတူပွားနိုင်တဲ့ ဒိုင်မေးရှင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒါက တိုက်စစ်ပိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာကို အရင်တိုက်ပွဲတွေအတွင်းမှာ သက်သေပြခဲ့ပြီးပြီ။”

ဂျော်ဒန်က နားလည်ရခက်တဲ့ ညီမျှခြင်းတစ်ခုကို စက်ဝိုင်းဝိုင်းလိုက်ပြီး ဆော့ပင်ကိုပစ်ချလိုက်တယ်။ ပြီးတဲ့နောက် လက်ဟန်ခြေဟန်ပါပါနဲ့ နောက်ကိုလှည့်ပြီး ကြည့်လိုက်ပါတယ်။ ရုံးခန်းထဲမှာ သူ့အပြင် တခြားနှစ်ယောက်လည်းရှိနေသေးပြီး အိပ်ငိုက်နေတဲ့ အယ်မာနဲ့ ခေါင်းမှာပက်တီးစည်းထားပြီးတော့ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတဲ့ ဒါလီယာတို့ပါ။

“တော်တော် အလေးမထားတဲ့သူတွေပဲ။” ဂျော်ဒန်က သူ့အဖြူရောင်ကုတ်အင်္ကျီထဲ လက်နှိုက်ပြီး အယ်မာထိုင်နေတဲ့ ထိုင်ခုံရှေ့ကို လျှောက်လာတယ်။ အဲဒီနောက်တော့ အယ်မာလက်ထောက်ထားတဲ့ စားပွဲခုံကို ဆွဲယူလိုက်တဲ့အတွက် အယ်မာကြမ်းပေါ်ကို ပြုတ်ကျသွားပါလေရော။

“နင်၊ ဒါဘာလုပ်တာလဲဟဲ့။” အယ်မာရုတ်ချည်း လန့်နိုးလာပြီး မှော်နှင်တံနဲ့ ဂျော်ဒန့်လည်ပင်းကိုရွယ်လိုက်တယ်။ ဂျော်ဒန်ကတော့ တည်ငြိမ်နေဆဲ ဖြစ်ပြီးတော့ ပြောလိုက်တယ်။

“ခင်ဗျားက ကျုပ်စာရှင်းပြတဲ့အချိန်ဆိုရင် အမြဲအိပ်ပျော်နေတာကိုး စီနီယာရဲ့။ ရာထူးမတက်တာလည်း မပြောနဲ့လေ။ ရှိတဲ့ရာထူးလေးကနေတောင် ပြုတ်လာသေးတယ်။”

အယ်မာရဲ့နှုတ်ခမ်းက ဂျော်ဒန့်စကားကြောင့် လှုပ်ခါသွားတယ်။ ဂျော်ဒန်က ကောင်မရှင်နာမင်းကြီးကို ဒါလီယာပရောဂျက်နဲ့ပတ်သက်ပြီး ပိုတိုးတက်အောင်လုပ်ဖို့ ကတိပေးပြီးတဲ့နောက် အယ်မာနဲ့ ဒါလီယာတို့ကို အနီးကပ်စောင့်ကြည့်စီမံဖို့တာဝန် ယူခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အယ်မာနဲ့ ဂျော်ဒန်တို့က တစ်ယောက်နဲ့တစ်​​​ယောက် သတ်ပုတ်နေခဲ့ကြတာပါ။

“နင့်ကို သင်တန်းကျောင်းမှာ အနိုင်ကျင့်မခံရအောင် ကူညီပေးခဲ့တာ ဘယ်သူလဲမမေ့နဲ့။”

အယ်မာက ဂျော်ဒန့်ခေါင်းကို လက်သီးဆုပ်နဲ့ ခေါက်လိုက်တယ်။ သူတို့က အတော်လေးရင်နှီးတဲ့ သူတွေဖြစ်မှန်း ဒါကိုကြည့်ရုံနဲ့တင် သိနိုင်တယ် မဟုတ်ပါလား။ ဂျော်ဒန်က အတိတ်ကိုတမ်းတမိသွားဟန်နဲ့ပြုံးလိုက်ရင်း...

“ကျွန်တော်ခင်ဗျားကို စာရှင်းပြမယ်လို့ သဘောတူခဲ့လို့ ကာကွယ်ပေးတာမဟုတ်ဘူးလား။ မဟုတ်ရင် လှည့်တောင်ကြည့်မှာမဟုတ်ဘူး။”

“ဒါ... ဒါကတော့ ဒါဆိုပေမဲ့....”

အယ်မာက လည်ချောင်းရှင်းလိုက်ပြီး အရှက်ပြေ ဒါလီယာကိုကြည့်လိုက်တယ်။ အခုကလေးမလေးက အချိန်မရွေးအန်ချတော့မယ့်ပုံပေါက်လို့ရယ်။

“နင်ရှင်းပြတုန်းက ငါသေချာနားထောင်မနေခဲ့ပေမဲ့ သူ့ခေါင်းထဲကို နင်ထည့်ပေးလိုက်တဲ့ နည်းပညာ ချစ်ပြားက နက်ဆန်ကိုယှဥ်နိုင်မယ့် အဓိကသော့ချက်မဟုတ်လား။”

ဂျော်ဒန်က သူ့မေးကိုလက်နဲ့ထောက်ထားလိုက်ပြီး ချက်ချင်းတည်ကြည်သွားတယ်။ ခပ်နောက်နောက် ပုံစံကနေပြီး တည်ကြည်လေးနက်တဲ့ အရူးသိပ္ပံပညာရှင်ပုံစံ ပြန်ပေါက်သွားပြီးနောက်မှာတော့ ဝှိုက်ဘုတ်ဆီပြန်ရောက်သွားပြီး နောက်ထပ်ညီမျှခြင်းတွေ ချရေးတော့တာပဲ။

“ခုနကအကြောင်းဆက်ပြောရမယ်ဆိုရင် ဒါလီယာက သူမြင်ဖူးတဲ့ သူနားလည်နိုင်တဲ့အရာတွေကို ပုံတူပွားပြီး အတုအယောင်အဖြစ်ဖန်တီးနိုင်စွမ်းရှိတယ်။ သွေးနီလမင်းကြီးဖြစ်ဖြစ်၊ မြင်ဖူးတဲ့ရပ်ကွက်တွေကိုဖြစ်ဖြစ် လွန်ခဲ့တဲ့ဆယ်နှစ်က စမ်းသပ်မှုမှားယွင်းပြီး သစ်ကိုင်းမွန်းစတားတွေအဖြစ်ပြောင်းခံလိုက်ရတဲ့ သူ့ရဲ့သူငယ်ချင်းတွေကိုဖြစ်ဖြစ်ပေါ့။”

နောက်ဆုံးတော့ဂျော်ဒန်က ပါသီနွန်ချစ်ပြားလို့ခေါ်တဲ့ ပစ္စည်းတစ်ခုရဲ့နာမည်ကိုချရေးလိုက်ပြီးတော့ အဲဒီပစ္စည်းကို သူရေးခဲ့တဲ့ညီမျှခြင်းတွေအားလုံးရဲ့ မသိကိန်းတန်ဖိုးအဖြစ်ကို ထည့်သွင်းလိုက်တယ်။

“ဒါပေမဲ့ ရိုးရှင်းတဲ့အသိစိတ်သာရှိပြီး ကိုယ်ပိုင်စဥ်းစားဉာဏ်မရှိတဲ့ ဖန်တီးခံနတ်တစ်ပိုင်းတစ်ယောက်အနေနဲ့ ဒါလီယာက လောကဓာတ်မှော်ပညာတွေကို နားလည်နိုင်စွမ်းမရှိဘူး။ ဒီတော့ ဒါတွေကိုသူက ဖန်တီးနိုင်စွမ်းရှိမနေဘူး။ အဲဒီမှာ ပါသီနွန်ချစ်ပြားက အရေးပါလာတာပဲ။”

အယ်မာက လက်ကိုပိုက်ထားလိုက်ပြီး ဂျော်ဒန်ကို စိတ်ပျက်နေတဲ့ပုံစံနဲ့ကြည့်လိုက်တယ်။ “နင့်ရဲ့အရေးမပါတဲ့ ညီမျှခြင်းတွေကို ချရေးနေတာရပ်ပြီး အဲဒီချစ်ပြားက ဘာလုပ်နိုင်လဲဆိုတာ ငါ့ကိုတိုက်ရိုက် ရှင်းပြလို့မရဘူးလား။”

ဂျော်ဒန်က လေကြောရှည်ချင်သေးပေမဲ့ အယ်မာက အတော်တင်းကျပ်တဲ့ပုံစံနဲ့ သူ့ကိုကြည့်နေပြီ ဖြစ်ပြီးတော့ မှော်နှင်တံကို လက်ထဲမှာမြှောက်ကစားပြနေတယ်။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးလည်း ဘယ်လိုမှ မတက်နိုင်တော့ဘဲ...

“ပါသီနွန်ချစ်ပြားက သူတိုက်ခိုက်ခဲ့တဲ့သူတွေရဲ့ တိုက်ကွက်ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာမှတ်သားပြီး ဖန်ဆင်းခြင်းမြစ်ရေရဲ့စွမ်းအားနဲ့ အဲဒီတိုက်ကွက်တွေကို ပြန်ဖန်တီးပေးနိုင်ဖို့ ပြုလုပ်ပေးတဲ့အရာ။

မှော်ပညာဖြစ်ဖြစ် အထွတ်အမြတ်လက်နက်တွေရဲ့စွမ်းအားဖြစ်ဖြစ် နတ်ဘုရားခန္ဓာကိုယ်ဖြစ်ဖြစ် ဒေတာအချက်အလက်ပြည့်စုံရင် ပုံတူပွားနိုင်လိမ့်မယ်။”

အယ်မာက ဂျော်ဒန့်စကားကို ကြားကြားချင်းမှာ အတိအကျနားမလည်သေးပေမဲ့ အခန်းထဲမှာ ဟိုဘက်ဒီဘက် လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ ကိစ္စတစ်ခုကို စဥ်းစားမိသွားတယ်။

“ဟိုဂျပန်ကာတွန်းတစ်ခု ငါကြည့်ဖူးပါတယ်... အဲဒီထဲမှာ မျက်လုံးတစ်ဖက်ကို မျက်နှာဖုံးနဲ့ဖုံးထားတဲ့ နင်ဂျာကောင်ပါတယ်လေ။ အဲဒီကောင်က ရှိသမျှ တိုက်ကွက်တိုင်းကို ပုံတူကူးနိုင်တယ်မဟုတ်လား။”

ဂျော်ဒန်က ‘နောက်ဆုံးတော့ ငတုံးမကြီးနားလည်သွားပြီပေါ့’ ဆိုတဲ့ပုံစံနဲ့ သက်ပြင်းချလိုက်ပြီးတော့ လက်ဖျောက်တီးလိုက်တယ်။

“အဲဒီအတိုင်းပဲ... ဒါပေမဲ့ ဒေတာတော့ သူ့ခေါင်းထဲမှာရှိရမယ်။ တစ်နည်းအားဖြင့်အတွေ့အကြုံပေါ့။ အဲဒီအတွေ့အကြုံရဖို့အတွက် စီနီယာက ဒါလီယာကိုခေါ်ပြီး သန်မာတဲ့ရန်သူတွေနဲ့ တိုက်ခိုက်ပေးရမယ်။”

“နားလည်ပြီ။”

....

ညနေပိုင်း။

ရင်းနှီးနေတဲ့ အိမ်လေးတစ်ခုရဲ့ရှေ့မှာ အယ်မာရပ်လိုက်ပါတယ်။ အရင်လိုမျိုးဖြစ်သလိုပုံစံမျိုး မဟုတ်တော့ဘဲ ဆံပင်ကိုသေသေချာချာ သပ်သပ်ရပ်ရပ်ဖီးသင်ထားတယ်။ ဆံပင်မညှပ်တာနည်းနည်း ကြာပြီဖြစ်တဲ့အတွက် ဂုတ်ထိလုနီးပါး ပြန်ရှည်လာတဲ့ဆံပင်ကို တောက်ပြောင်နေစေဖို့ ဆံပင်ဖြန်းဆေးနဲ့ဖြန်းထားပြီး အသားရောင်နှုတ်ခမ်းနီနဲ့ မိတ်ကပ်ပါးပါးလည်း ဆိုးထားပါသေးတယ်။ ယူနီဖောင်းကတော့ ပုံမှန်အတိုင်းဝတ်ထားတဲ့ သူနဲ့လိုက်ဖက်တဲ့ အနက်ရောင် ပိုက်ကွန်စတော်ကင်ကို ဝတ်ဆင်ထားတဲ့အပြင် သားရေဒေါက်ဖိနပ်အသစ်လည်း ဝယ်စီးထားတာမလို့ ဒီဇိုင်းကာလာအနေအထားက အရင်နဲ့လုံးဝမတူ။

အရင်ကလို ရာနှုန်းပြည့်ယောက်ျားတစ်ပိုင်းပုံစံ ပျောက်သွားပြီးတော့ ကျက်သရေအပြည့်နဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ချက်ချင်းပြောင်းသွားသလိုပဲ။ နောက်မှာတော့ နဖူးမှာပက်တီးကြီးနဲ့ ဒါလီယာက ရုပ်သေကြီးနဲ့ရပ်ပြီး အယ်မာကိုမကျေမနပ် စောင့်ကြည့်နေပါတယ်။

ဒေါက်... ဒေါက်... ဒေါက်....

အယ်မာက တံခါးကိုခေါက်လိုက်တယ်။ ပြီးတဲ့နောက် တတ်နိုင်သလောက်အလှဆုံး ပြုံးထားလိုက်တယ်။

“လာပါပြီ... ခဏစောင့်။” မကြာခင်မှာပဲ ပြန်ထူးတဲ့အသံထွက်လာပြီး အိမ်တံခါးပွင့်သွားပါတယ်။ အိမ်ထဲမှာတော့ ကြောင်လေးနှစ်ကောင်ကို လက်ထဲပိုက်ထားပြီး မျက်နှာမှာ ကြောင်ကုတ်ရာတွေနဲ့ပြည့်နေတဲ့ ဦးလေးကြီးလူကာ ရပ်လို့ရယ်။

“အိုး... ရှင့်ကြည့်ရတာ အလုပ်များနေတဲ့ပုံပဲ။ အချိန်မတော်ရောက်လာလို့ တောင်းပန်ပါတယ်။”

အယ်မာက လေသံကို အတတ်နိုင်ဆုံး နူးညံအောင်ထားပြီးပြောတယ်။ လူကာကလည်း အတော်လေး အံ့အားသင့်သွားဟန်ပေါ်ပါတယ်။

“အလုပ်ကိစ္စနဲ့ မီလန်မြို့ကထွက်သွားပြီလို့ စာပို့ထားလို့ ကျုပ်က အိမ်ငှားအသစ်ရှာရင်တောင် ကောင်းမလားစဥ်းစားနေတာ။ မစ်အယ်မာက ခဏလေးနဲ့ပြန်ရောက်လာတာပဲ။ ခင်ဗျားဘိုကင်တင်ထားတဲ့ရက်မကုန်ခင် အိမ်ငှားမရှာဖို့ဆုံးဖြတ်ခဲ့တာ မှန်သွားတယ်ဆိုရမလား။”

အယ်မာက ဦးလေးကြီးလူကာနဲ့အတူ လိုက်ပြီးရယ်လိုက်တယ်။ အဲဒီနောက်တော့ နှင်းကျစပြုနေပြီဖြစ်တဲ့ အပြင်ဘက်ရာသီဥတုအခြေအနေကိုကြည့်ရင်း

“ကျွန်မအထဲဝင်လာလို့ရမလား၊ မစ္စတာလူကာ။”

“ကျုပ်ကို လူကာလို့ပဲခေါ်ပါ၊ ဝင်ခဲ့ပါ။ လူရင်းတွေ ဖြစ်နေပြီပဲဥစ္စာ။”

လူကာဆီကနေ ခွင့်ပြုချက်ရပြီးတာနဲ့ အယ်မာက အိမ်ထဲဝင်လိုက်တယ်။ နောက်တော့ အယ်မာက လူကာကိုမေးလိုက်လေရဲ့။

“ကျွန်မတို့သူဌေးက ကျွန်မကို မီလန်မြို့မှာနည်းနည်း ပိုကြာကြာနေစေချင်တယ်။ ဒီမှာလုပ်စရာတွေ ရှိလာလို့လေ။ ရှင်က ကာလတိုပဲအိမ်ငှားတာဆိုပေမဲ့ ဖြစ်နိုင်ရင် ရေရှည်အိမ်ငှားဖို့ စာချုပ်ချုပ်လို့ရမလား။ ကျွန်မလည်း ဒီအိမ်နဲ့အသားကျနေပြီဆိုတော့ တခြားအိမ်တစ်အိမ် ထပ်မရှာချင်တော့ဘူးလေ။”

ဦးလေးကြီးလူကာက စဥ်းစားလိုက်တယ်။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး

“ကိစ္စမရှိပါဘူး။ မစ်အယ်မာက ကျုပ်တွေ့ဖူးတဲ့ အိမ်ငှားတွေထဲမှာ အလှ... အဲလေ... အကောင်းဆုံးပဲဥစ္စာ။”

“ဒါဆိုလည်း ကျွန်မလိုအပ်တာတွေ ပြင်ဆင်လိုက်ဦးမယ်။”

....

နောက်တစ်နေ့မနက်စောစော။

နိုဝင်ဘာလနှောင်းပိုင်း ရောက်နေပြီဖြစ်တာကြောင့် နှင်းတွေက သဲသဲမည်းမည်းကျနေပြီဖြစ်ပြီးတော့ ကားလမ်းတွေပေါ်မှာတောင် နှင်းတွေထူထပ်စွာ ကျဆင်းနေတဲ့အတွက် နှင်းရှင်းကားတွေက အဆက်မပြတ်နှင်းတွေကို ရှင်းလင်းပေးနေရတယ်။

အယ်မာနဲ့ဒါလီယာက ဦးလေးကြီးလူကာနဲ့မနက်စာကို ကုန်းဆင်းပြီးတဲ့နောက် အိမ်အပြင်ထွက်လာကြတယ်။

“နားထောင်စမ်း၊ ကောင်မလေး။ နင်အခု ဖန်ဆင်းခြင်းမြစ်ရေကို ကောင်းကောင်းသုံးတတ်နေပြီဟုတ်။”

အယ်မာကမေးလိုက်တော့ ဒါလီယာက ခေါင်းကိုညိတ်ပြတယ်။ အယ်မာက နားရွက်တက်ချိတ်လုမတတ်ပြုံးလိုက်ပြီး

“ဒါဖြင့် ငါတို့နှစ်ယောက်လုံးကို ဒိုင်မေးရှင်းအတုနဲ့အစစ်နှစ်ခုကြားထဲထည့်ပြီး ကိုယ်​ယောက်ပျောက်နေလောက် လုပ်ပေးလို့ရမလား။”

ဒါလီယာက စကားမပြောဘဲ ချက်ချင်းပဲ အယ်မာ့အမိန့်အတိုင်းလိုက်နာဖို့ ကြိုးစားလိုက်ပါတယ်။ နောက်စက္ကန့်ပိုင်းအကြာမှာ အယ်မာသူ့ကိုယ်သူ ငုံကြည့်လိုက်တော့ ဘာမှမမြင်ရတော့ဘူး။ တခြားကိုယ်ဖျောက်မှော်တွေလည်းရှိပေမဲ့ ဒါလီယာရဲ့စွမ်းအားက ပိုပြီးပြည့်စုံပါတယ်။

“ကောင်းတယ်၊ ဒီနည်းလမ်းနဲ့ဆိုရင် ညမင်းသားတို့ကို နောက်ယောင်ခံလိုက်ဖို့ အကောင်းဆုံးပဲ။ ခုတော့ စွမ်းအားခြွေတာတဲ့အနေနဲ့ ပြန်ပယ်ဖျက်လိုက်ဦး။”

ဒါလီယာက သူ့မှော်အစွမ်းကို ပယ်ဖျက်လိုက်တာနဲ့ သူတို့နှစ်ယောက်လုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့မသိခဲ့တာက သူတို့အခုလိုမျိုး လျှောက်စမ်းသပ်နေတာကို မြင်သွားတဲ့တတိယလူတစ်ယောက် ရှိနေတယ်ဆိုတာပါပဲ။

...

ဦးလေးကြီးလူကာက သူအွန်လိုင်းကနေမှာထားပြီး အိမ်တံခါးရှေ့မှာ ရောက်​နေပြီဖြစ်တဲ့ ဟင်းအမယ်ပစ္စည်းတွေကို ကောက်ဖို့အတွက် အိမ်တံခါးကိုဖွင့်ကာ အပြင်ကိုထွက်လာတယ်။ အိမ်အပြင် ခပ်လှမ်းလှမ်း လူရှင်းတဲ့သစ်ပင်တစ်ပင်အောက်မှာတော့ အယ်မာနဲ့ဒါလီယာတို့ရှိနေပြီး လူကာက အယ်မာရဲ့တက်ကြွတဲ့ပုံစံကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ ခဏအနေမှာတဲ့ သူ့အပြုံးက မနက်ခင်းကျဆင်းနေတဲ့ နှင်းတွေလိုပဲ အေးခဲသွားရော။

အကြောင်းကတော့ သူ့မျက်စိရှေ့မှာတင် အယ်မာတို့နှစ်ယောက် ပျောက်သွားလို့ပါ။

“ဘယ်လိုဘယ်လို....” ဦးလေးကြီးလူကာက သူ့မျက်လုံးကို လက်နဲ့ပွတ်ပြီး ပြန်ကြည့်လိုက်တော့ အယ်မာနဲ့ဒါလီယာတို့က မူလနေရာမှာပြန်ရောက်နေပြီဖြစ်ပြီး တစ်နေရာကိုသွားနေကြပြီ။

“ငါပဲ စိတ်ထင်နေတာများလား... နောက်ကျတဲ့အထိ အလုပ်မလုပ်ဘဲ စောစောအိပ်သင့်ပြီထင်တယ်။”

ဦးလေးကြီးက စိုးရိမ်စိတ်အပြည့်နဲ့ သူ့အိတ်ထဲ ထည့်ဆောင်ထားတဲ့ ဗီတာမင်စီပုလင်းဖုံးကိုဖွင့်ပြီး ဆေးလုံးနှစ်လုံးဆင့်သောက်ရင်း သူ့ဘာသာ ရေရွတ်လိုက်တယ်။

....

နက်ဆန်တို့အိမ်မှာတော့ အရာရာတိုင်းက ပုံမှန်လိုပဲ လည်ပတ်နေပါတယ်။ အိမ်တစ်ခုလုံးကို လိုက်ကာတွေနဲ့အမှောင်ချထားပြီး မော်လီက မနက်စာချက်နေပါတယ်။ နာတာရှာက ကူညီပေးဖို့ကြိုးစားနေပေမဲ့ ဆူပူအိုးထဲ ရေတွေလောင်းထည့်မိပြီး တစ်မနက်အတွင်း တတိယအကြိမ်မြောက်အဖြစ် အိမ်ထဲက မီးခိုးအာရုံခံဆင်ဆာကို ထမြည်အောင်လုပ်လိုက်မိတယ်။

ဆယ်ဗီကတော့ စားပွဲဝိုင်းမှာထိုင်ကာ ဇွန်းနဲ့ခက်ရင်းကို အသင့်ကိုင်ထားပြီး စားစရာတွေ အသင့်ရောက်လာမှာကို စောင့်​နေပါတယ်။

အိုလီရာနာကတော့ ထူးထူးဆန်းဆန်း အိမ်အပြင်မှာရှိနေပြီးတော့ နှင်းတွေကို အကြီးကြီးဖြစ်အောင်လုံးကာ နှင်းလူရုပ်ကြီးတစ်ရုပ်ဖြစ်အောင် ဖန်တီးနေတယ်။ အားလုံးပြီးသွားတဲ့နောက်တော့ မီးဖိုချောင်ထဲကနေ အလစ်သုတ်လာတဲ့ မုန်လာဥနီခပ်ကြီးကြီးကို နှင်းလူရုပ်ရဲ့နှာခေါင်းနေရာမှာ တပ်ပေးလိုက်တယ်။ နောက်တော့ သူ့ကိုယ်သူချီးကျူးတဲ့အနေနဲ့

“ဒီအရှင်မက အတော်ဆုံးပဲ။” လို့တောင် ကြောင်စီစီနဲ့ ပြောလိုက်သေးတယ်။

ဒါပေမဲ့ တစ်အိမ်လုံးမှာ ကြောင်စီစီအနိုင်ဆုံးသူက အိုလီရာနာမဟုတ်ဘဲ အဲဒီဆုကို ရသွားတဲ့သူက မိုနီကာပါ။ စကူးဘတ်မင်းသမီးလေးက အိမ်ဒုတိယထပ်အပေါ်မှာရှိတဲ့ ထပ်ခိုးပေါ်ခိုးတက်ပြီး သံသယဖြစ်စရာကောင်းတဲ့ ဆေးရည်တွေကိုရောစပ်ရင်း အရူးမကြီးလိုမျိုး ရယ်မောနေတယ်။ မျက်လုံးတွေကတော့ ကြောက်စရာကောင်းလောက်အောင် ရဲရဲနီလို့။

အဲဒီဖြစ်စဥ်တွေအားလုံးကို စောင့်ကြည့်​နေတဲ့သူတွေလည်းရှိနေပြီး တခြားသူတွေမဟုတ်ဘဲ အယ်မာနဲ့ဒါလီယာတို့ပါ။ အယ်မာက စပိုင်မှန်ဘီဘူးကို မျက်လုံးကနေခွာကာ ဒါလီယာကိုကြည့်လိုက်တယ်။ ဒါလီယာ့နှုတ်ခမ်းမှာ ပေါင်မုန့်ကြက်ဥကြော်တချို့ကပ်နေပေမဲ့ အယ်မာဂရုမစိုက်နိုင်သေးဘူး။

“ငါတို့ရန်သူတွေက အတော်ပေါ့ဆတာပဲ ဒါလီယာ။ ကင်းလှည့်နေတဲ့သူဆိုလို့ အိမ်အပြင်ဘက်မှာကစားနေတဲ့ ကလေးမလေးတစ်ယောက်ပဲရှိတယ်။ အဲဲဒီတစ်ယောက်ကိုတော့ နင်အနိုင်တိုက်နိုင်တယ်မဟုတ်လား။ သူ့အစွမ်းကိုပုံတူပွားပြီး အနိုင်ရိုက်လာခဲ့။”

အယ်မာက ပြောလိုက်တော့ ဒါလီယာက ခေါင်းညိတ်လိုက်ပြီး သူတို့ပုန်းနေတဲ့ ခြုံပုတ်ထဲကနေ ဖြည်းဖြည်းချင်းထွက်ပြီး အိုလီရာနာရှိရာဆီ ဦးတည်သွားတယ်။ အယ်မာကတော့ ဒါလီယာကိုကြည့်ရင်း

“ငါ့ရာထူးပြန်ရဖို့အတွက် ဒီစမ်းသပ်ချက်က အရေးပါတယ်ဆိုတာ မမေ့လိုက်နဲ့ ရဲဘော်ဒါလီယာ။”

All Chapters