← Chapters

မဟာဧကရာဇ်ဆယ့်တစ်ပါး

Vol. 118 Ch. 1793

မဟာဧကရာဇ်ဆယ့်တစ်ပါး

Vol. 118 Ch. 1793

ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားပြီး မိုးခြိမ်းသံထက် သာလွန်သော အသံကို ထုတ်လွှတ်လိုက်သည်။

ထိုအသံက ဝမ်ကူးကုန်းမြေတစ်လျှောက်သို့ ပဲ့တင်ထပ်သွားသည်။ ယင်းက ဧရာမသားရဲတစ်ကောင်၏ နှလုံးခုန်သံပမာ သက်ရှိအားလုံး၏ အသိစိတ်ထဲမှာ မြည်ဟိန်းသွားပြီး အသင်္ချေမျိုးနွယ်စုများကို နှလုံးခုန်မြန်သွားစေသည်။

တစ်ချိန်တည်းမှာ ဝမ်ကူးကုန်းမြေ၏ နေရာဒေသအသီးသီး၌ အပြည့်အစုံ မခြောက်သွေ့သေးသော အဆိပ်ပင်များက…

ဤအခိုက်အတန့်မှာ စတင်လှုပ်ယမ်းသွားကြသည်။

ဤသည်မှာ ၎င်းတို့က အရှင်သခင်ကို ကြိုဆိုနေသည့်အလားပင်။

ထို့နောက် ကောင်းကင်ဘုံဝဲကတော့ထဲတွင် မဟူရာခရမ်းရောင်မြူခိုးက လွှမ်းမိုးဖိနှိပ်သော စိတ်ဆန္ဒနှင့်တကွ ပေါ်လျှိုးလာပြီး ကောင်းကင်နှင့် နေလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

မဟူရာခရမ်းရောင်မြူခိုးထဲတွင် သေးသွယ်သော ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။

ထိုပုံရိပ်က မှင်ရည်သဖွယ် မည်းနက်သည်။

သို့သော်လည်း သူထွက်ပေါ်လာသည့်အခိုက် ဝမ်ကူးကုန်းမြေထဲမှ အဆိပ်ပင်အားလုံးက ရှင်သန်ကြီးထွားလာကြပြီး ပန်းပွင့်သွားကြသည်။

အဆိပ်သည် ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ ဥပဒေသများနှင့် နိယာမများ၏ အထွတ်အထိပ်နေရာသို့ ရောက်ရှိသွားသည်။

ယင်းတို့အားလုံး၏ ဇစ်မြစ်သည် မဟူရာခရမ်းရောင်မြူခိုးထဲမှာ ထွက်ပေါ်လာသော ပုံရိပ်ဖြစ်သည်။

သူက အရှေ့သို့ လျှောက်သွားသည်။

သူက အမှောင်ထုရေတံခွန်နှင့် ဆင်တူသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ဝတ်စုံ၏ ချုပ်ရိုးအနားများပေါ်မှာ သူ၏ အဆိပ်အာဏာစက်မှ ဖွဲ့စည်းသွားသော ရေခဲသလင်းကျောက်များက ကပ်တွယ်နေသည်။ သူလမ်းလျှောက်လိုက်သည့်အခါ သလင်းကျောက်များက အမှောင်ထုထဲ၌ တလက်လက် ထွန်းလင်းတောက်ပသွားကြသည်။

ကျီးကန်းငှက်မွှေးများနှင့် ဆင်တူသော သူ၏ အနက်ရောင်ဆံပင်ရှည်ကို စုချည်မထားသောကြောင့် သူ၏ ဆံပင်ရှည်က သူ၏ ကျောနောက်မှာ ရေတံခွန်သဖွယ် ကျဆင်းနေသည်။ ရံဖန်ရံခါ အစိမ်းရောင်တစ္ဆေမီးတောက်က သူ၏ ဆံပင်ထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားလေ့ ရှိသည်။ ဤသည်မှာ မရေမတွက်နိုင်သော အဆိပ်မြွေများက အမှောင်ထုထဲမှာ တရှဲရှဲမြည်သံကို ထုတ်လွှတ်နေသည့်အလားပင်။

အံ့ဖွယ်အကောင်းဆုံးမှာ သူ၏ မျက်ခုံးနှစ်ခုကြားထဲမှ ပွင့်ချပ်ဆယ့်နှစ်ခုအမှတ်သင်္ကေတဖြစ်ပြီး ပွင့်ချပ်တစ်ခုစီထဲမှာ ချောမောလှပသော မျက်နှာတစ်ခု ရှိသည်။

တစ်စုံတစ်ယောက်သည် သူ့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် စိတ်ဝိညာဉ်တုန်လှုပ်သွားလိမ့်မည်။

သူက လီမုန့်တု ဖြစ်သည်။

သူ၏ ထွက်ပေါ်လာမှုက ဤနေရာကို စောင့်ကြည့်နေကြသော ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများနှင့် သူတော်စင်ကုန်းမြေများမှ ကျင့်ကြံသူများကို အံ့ဩထိတ်လန့်သွားစေသည်။

“ ဒုတိယမြောက် ခြေလှမ်းဝက်အင်မော်တယ် ”

လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲတွင် နင်ယန်က ဆွံ့အသွားသည်။

ဖုန်းဟိုင်ဒေသငယ်ထဲတွင် တမူထူးခြားသော နည်းလမ်းများဖြင့် ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသော အမတ်ယောင်နှင့် တခြားလူများသည်လည်း တူညီစွာ အံ့ဩသွားကြသည်။

လပူဇော်ဒေသကြီးထဲမှ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများအပါအဝင် ဝမ်ကူးကုန်းမြေထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက ပရမ်းပတာ နှလုံးတုန်ယင်သွားကြသည်။

ဧကရီ၏ သူငယ်အိမ်များက စူးရှသော အကြည့်နှင့်အတူ ကျုံ့သွားကြသည်။

“ အဲ့ဒီလူလည်းပဲ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးပဲ… သူက ပထမတစ်ယောက်လောက် အစွမ်းမထက်ပေမဲ့ ရီယန်းဇီထက် အများကြီး ပိုသန်မာတယ် ”

စိုးရိမ်ကြောင့်ကြမှုက ဧကရီ၏ နှလုံးသားထဲမှာ ပြည့်နှက်သွားစဉ် လေထဲမှ လီမုန့်တုက သူ၏ ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။

“ ဒီတော့… ဒီနေရာက ဝမ်ကူးကုန်းမြေကို… ”

လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူ့မိသားစု၏ မှတ်တမ်းများအရ သူ၏ ဘိုးဘေးသည် ဝမ်ကူးကုန်းမြေမှ နေရာရွှေ့ပြောင်းလာခဲ့သူ ဖြစ်သည်။

စိတ်ခံစားချက်တစ်မျိုးက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်နှင့် သူက နောက်ထပ် စကားပြောရန် ပြင်လိုက်သည်။

ထိုစဉ် ကြယ်တာရာစက်ဝန်း၏ အေးစက်စက် အသံက သူ၏ အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။

" ဘာလို့ အရှေ့ကနေ ပိတ်နေတာလဲ… မြန်မြန် ဘေးဖယ်ပြီး တခြားလူတွေကို ထွက်လာခိုင်းလိုက်ပါ ”

လီမုန့်တုက နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူက ရိုသေကျိုးနွံစွာ ဘေးသို့ လျှောက်သွားသည်။

သူဘေးဖယ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဘုံဝဲကတော့က နောက်တစ်ကြိမ် မြည်ဟိန်းသွားပြန်သည်။

ဤတစ်ကြိမ်တွင် တောင်တန်းများက အရင်ဦးစွာ ထွက်ပေါ်လာကြသည်။

ပုံရိပ်ယောင်တောင်ထွတ်များက ဝဲကတော့၏ အပြင်ဘက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားကြသည်။ ထိုတောင်များ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဝမ်ကူးကုန်းမြေထဲမှ တောင်အားလုံးက တစ်ပြိုင်နက် တုန်ခါသွားကြသည်။

တောင်အထပ်ထပ် သွယ်တန်းနေသော ပုံရိပ်ကြားထဲတွင် အမျိုးသမီးတစ်ယောက်က ထွက်လျှောက်လာသည်။

သူ၏ မျက်နှာက ပြစ်ချက်မဲ့စွာ ချောမောလှပပြီး သူက အထက်တန်းစား အမျိုးသမီးတစ်ယောက်သဖွယ် မြင့်မြတ်တင့်တယ်သည်။ သူ့မှာ ရှည်လျားသော နှာတံနှင့် ပန်းနုရောင်နှုတ်ခမ်း ရှိသည်။ သို့တိုင် သူက တောင်ထိပ်ပေါ်မှ နှင်းထုသဖွယ် အေးစက်မှုကို ထုတ်လွှတ်နေသည်။

သူက ငွေဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူ၏ ဂါဝန်ပေါ်တွင် စိမ်းလန်းစိုပြည်သော တောင်တန်းပုံရိပ်များကို ဇာပန်းထိုးထားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း မြူခိုးက တောင်ထွတ်များပေါ်မှာ ရစ်ခွေသွားလေ့ ရှိသည်။

သူလမ်းလျှောက်လိုက်သည်နှင့် ကျောက်တုံးလျှောက်လမ်းတစ်ခုက သူ၏ ခြေဖဝါးအောက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။ သူ၏ အနောက်မှ တောင်တန်းပုံရိပ်များသည်တော့ သူ့ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည့်အလား တသိမ့်သိမ့်တုန်သွားကြသည်။

ထိုမိန်းကလေးက ယွင်ရှန်းစု ဖြစ်သည်။

သူတစ်ယောက်တည်း မဟုတ်ပေ။

သူ့အနောက်မှ တောင်တန်းပုံရိပ်များထဲတွင် သွေးနီရောင်ပုံရိပ်တစ်ခုက ငရဲဂိတ်တံခါး၏ အက်ကွဲကြောင်းများထဲမှ တိုးထွက်လာသည့်အလား ထွက်ပေါ်လာသည်။ သူ၏ ကျောထက်တွင် ဓားကျိုးတစ်လက်ကို သယ်ဆောင်ထားသည်။

သူက အပိုင်းပိုင်း စုတ်ပြဲနေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မီးခိုးရောင်ဆံပင်ရှည်ထဲမှာ အနီရောင်တစ်စွန်းတစ်စ စွန်းထင်နေသည်။ သူက ဆံပင်ရှည်ကို သွေးစွန်းနေသော အရိုးဆံထိုးတစ်ချောင်းဖြင့် ဦးခေါင်းအနောက်ဘက်မှာ ဖြစ်ကတတ်ဆန်း စုချည်ထားသည်။

သူ၏ အမူအရာက အေးတိအေးစက်ရှိပြီး သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြည့်နှက်နေသည်။ သူက တခြားလူများကို အဆုံးမဲ့အမှောင်ထုထဲသို့ ဆွဲချသွားမည့် သွေးဆာနေသော နတ်ဆိုးတစ်ကောင်နှင့် ဆင်တူသည်။

သူနှင့်ပတ်သက်ပြီး အံ့ဖွယ်အကောင်းဆုံးမှာ သူ၏ နောက်ကျောမှ ဓားကျိုးဖြစ်သည်။ ယင်း၏ ဓားရိုးကို တစ်ဝက်ပုပ်သိုးနေသော လူသားအရေပြားဖြင့် ရစ်ပတ်ထားစဉ် မဟူရာခရမ်းရောင်မိစ္ဆာစွမ်းအင်က ဓားကိုယ်ထည်ပေါ်ရှိ အက်ကွဲရာများထံမှ စိမ့်ထွက်နေသည်။

မဟူရာခရမ်းရောင်မိစ္ဆာစွမ်းအင်က အပြင်သို့ ပျံ့နှံ့သွားသည့်အခါ ဝေဝါးသော တစ္ဆေအော်ညည်းသံများက ပဲ့တင်ထပ်လာသည်။ ထို့ပြင် သေခြင်းရှင်ခြင်းကျိန်စာရွတ်ဆိုသံများက မသဲမကွဲ ထွက်ပေါ်လာသည်။

သွေးနီရောင်ပုံရိပ်သည် ရှဲလင်းဇီမှလွဲ၍ တခြားလူမဟုတ်ပေ။

ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများက ထပ်မံ နှလုံးတုန်သွားကြသည်။

ဧကရီသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ချက်ချင်း ဆုတ်သွားသည်။ သူ၏ မျက်လုံးထဲတွင် ပထမတစ်ယောက်က ကြီးကျယ်မြင့်မြတ်ပြီး ဒုတိယတစ်ယောက်က ပထမတစ်ယောက်နှင့် အများကြီး မကွာခြားပေ။ ထို့ပြင် တတိယတစ်ယောက်က ထွန်းလင်းတောက်ပသည်။

သို့သော်လည်း ဤစတုတ္ထတစ်ယောက်က ပြန်လည်မွေးဖွားလာသော နတ်ဆိုးတစ်ကောင်နှင့် ဆင်တူသည်။

ထို့ပြင် သူတို့အားလုံးက ခြေလှမ်းဝက်အင်မော်တယ်များ သို့မဟုတ် မဟာဧကရာဇ်များ ဖြစ်ကြသည်။

အရေးကြီးဆုံးမှာ ကောင်းကင်ဘုံဝဲကတော့ထံမှ အရှိန်အဝါက ဆက်လက် ပေါ်လျှိုးလာနေဆဲပင်။

ဝဲကတော့က ဝုန်းခနဲ မြည်ဟိန်းသွားပြီး ကောင်းကင်နှင့်မြေပြင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ယင်းက ဝမ်ကူးကုန်းမြေထဲမှ ကျင့်ကြံသူများနှင့် အသင်္ချေမျိုးနွယ်စုများကို အလိုအလျောက် ကြောက်ရွံ့ရိုသေသွားစေသည်။

အစောနက ဆင်းသက်လာခဲ့သော သူတော်စင်ကုန်းမြေများမှ ကျင့်ကြံသူများသည်ပင် အပြင်းအထန် နှလုံးတုန်သွားကြသည်။

အထူးသဖြင့် ဝမ်ကူးကုန်းမြေ၏ ဒေသကြီးများဆီသို့ ပြန့်ကျဲသွားကြသော ခြေလှမ်းဝက်အင်မော်တယ်များ ဖြစ်ကြသည်။ ဝဲကတော့ထဲမှ အသစ်ထွက်ပေါ်လာသော လူတိုင်း၏ အရှိန်အဝါက ရီယန်းဇီထက် သာလွန်ကြောင်း ရှင်းလင်းစွာ သူတို့အာရုံခံနိုင်ကြသည်။

ထို့ပြင်…

ဆင်းသက်လာမှုက ဆက်လက် ဖြစ်ပွားနေဆဲပင်။

ဝမ်ကူးကုန်းမြေတစ်ခုလုံးက ဤအခိုက်အတန့်မှာ တုန်ယင်သွားသည်။

ထိတ်လန့်ချောက်ချားမှုနှင့် အံ့ဩမှုက ဤလောက၏ အဓိကတေးသွားဖြစ်လာစဉ် အလွန်ကျယ်လောင်သော ဓားဟိန်းသံက ဝဲကတော့ထဲမှ ပဲ့တင်ထပ်လာသည်။

ချမ်ကျွင်းနှင့် ပိုင်ရီသည် အင်မော်တယ်ဓားနှစ်လက်အဖြစ် အသွင်ပြောင်းလဲလျက် ဝဲကတော့ထဲမှ ပျံသန်းထွက်လာကြသည်။

ထိုဓားနှစ်လက် ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်နှင့်မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ ဤသည်မှာ နေနှင့် လက ကောင်းကင်ပေါ်မှာ အတူတကွ ထွန်းလင်းတောက်ပသွားသည့်အလားပင်။

ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေထဲမှ ဓားအားလုံးက တစ်ညီတစ်ညာတည်း တုန်ခါသွားကြသည်။

မရေမတွက်နိုင်သော စောင့်ကြည့်နေသူများက ထိုဓားနှစ်လက်ကို ချက်ချင်း အာရုံစိုက်လိုက်ကြသည်။ ဤနေရာမှ နတ်ဘုရားများသည်ပင် ယခု ၎င်းတို့၏ နတ်ဘုရားစိတ်အာရုံများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။

ထိုဓားနှစ်လက်က အံ့ဖွယ်ကောင်းသော အင်မော်တယ်စွမ်းအင်ကို ထုတ်လွှတ်နေပြီး ၎င်းတို့၏ စိတ်ဝိညာဉ်က လက်ရှိဝမ်ကူးခေတ်၏ ဓမ္မရတနာအများစုထက် သာလွန်ပေသည်။

ချမ်ကျွင်းသည် သုံးပေနှင့်သုံးလက်မ ရှည်လျားသည်။ ၎င်း၏ ဓားသွားက နှင်းသလင်းကျောက်ပမာ တောက်ပပြီး အထဲမှာ ကြယ်အလင်းရောင်က စီးဆင်းနေသည်။ ၎င်း၏ ဓားကိုယ်ထည်ပေါ်မှာ ငွေရောင်တိမ်တိုက်ပုံများနှင့် မိုးကြိုးသွားပုံများကို ရေးထွင်းထားသည်။

ပိုင်ရီသည် အနည်းငယ် ပိုတိုသည်။ ၎င်းက ကျောက်စိမ်းဓားတစ်လက်ဖြစ်ပြီး ၎င်း၏ ဓားကိုယ်ထည်ပေါ်မှာ တောင်တန်းများနှင့် ရေတံခွန်ပုံများကို ရေးထွင်းထားသည်။ ၎င်း၏ ဓားသွားသည်တော့ ပုစဉ်းရင်ကွဲ၏ အတောင်ပံသဖွယ် ပါးလွှာပြီး အလွန်အမင်း ထက်ရှသည်။

ဤအခိုက်အတန့်မှာ ဓားနှစ်လက်က ကောင်းကင်ပေါ်မှာ အချင်းချင်း လှည့်ပတ်လိုက်ကြသည်။ ၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်ပေါ်မှာ အပြာရောင်အလင်းစီးကြောင်းများ ကျန်နေခဲ့သည်။

၎င်းတို့က ကောင်းကင်၏ အမြင့်ဆုံးနေရာဆီသို့ ရောက်ရှိသွားသည့်အခါ ချမ်ကျွင်းနှင့် ပိုင်ရီက စိတ်ဓာတ်ပြတ်သားစွာ ကြေညာလိုက်ကြသည်။

“ ချမ်ကျွင်း… သတ်ဖြတ်ခြင်းကို ကိုယ်စားပြုတယ် ”

“ ပိုင်ရီ… ကာကွယ်ခြင်းကို အထူးပြုတယ် ”

“ ငါတို့အတူ ပူးပေါင်းလိုက်တဲ့အခါ လောကတစ်သောင်းရဲ့ အကာအကွယ်တွေက ကျိုးပျက်သွားလိမ့်မယ် ”

“ ငါတို့ ခွဲခွာလိုက်တဲ့အခါ လူသားတွေကို နတ်ဘုရားကပ်ဘေးကနေ ကာကွယ်ပေးလိမ့်မယ် ”

ထိုစကားများ လောကတစ်ခွင် ပဲ့တင်ထပ်သွားစဉ် ယင်းကို ကြားလိုက်ရသူတိုင်းက တုန်လှုပ်ချောက်ချားသွားကြသည်။

ထိုစဉ် ဝဲကတော့က နောက်တစ်ကြိမ် မြည်ဟိန်းသွားပြန်သည်။ ဤတစ်ကြိမ်တွင် ပုံရိပ်လေးခုက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြသည်။

သူတို့ထဲမှ တစ်ယောက်က ဧရာမဆေဘာဓားကို သယ်ဆောင်ထားသော လူထွားကြီးတစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က သံမဏိမျှော်စင်တစ်ခုနှင့် ဆင်တူသည်။ သူ့မှာ ကျယ်ပြောသော ပခုံးနှင့် သားရဲတစ်ကောင် ဝင်ပုန်းအောင်းနိုင်သော ဆံပင်ထူထူများ ရှိသည်။

သူ၏ ခါးတစ်ဝိုက်တွင် နတ်ဘုရားအစွယ်(၁၉)ချောင်းရှိပြီး အစွယ်တစ်ချောင်းစီမှာ သူသတ်ဖြတ်ခဲ့သော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး၏ နာမည်ကို ရေးထွင်းထားသည်။

သူ၏ နာမည်က ဝမ်ဖန်းဖြစ်သည်။

သူ၏ ဘေးတွင် ပိန်ပါးသေးသွယ်သော ခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး ရှိသည်။ သူက ခါးတွင် အလွန်ပါးလွှာသော ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။ ဓားက အဆုံးမဲ့သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

သူ၏ နာမည်က လီဟန်ဖုန်းဖြစ်သည်။

သူ၏ အာဏာစက်က ဓားဖြစ်သည်။

တတိယတစ်ယောက်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျောင်းတော်သားတစ်ဦး ဖြစ်သည်။ သူက လေထဲမှာ ဖြူဖပ်ဖြူရော်မျက်နှာဖြင့် မတ်တတ်ရပ်နေသော်လည်း စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။

သူ၏ လက်ထဲတွင် မရေမတွက်နိုင်သော စာလုံးများ ပါဝင်သည့် ဝါးပေလွှာတစ်ခုကို ဆုပ်ကိုင်ထားသည်။

သူ၏ အာဏာစက်က စကားလုံးများ ဖြစ်သည်။

သူ၏ နာမည်က လီရွှင်းဖြစ်သည်။

စတုတ္ထမြောက်လူက တာအိုရောင်းရင်းသွေးတိမ်တိုက် ဖြစ်သည်။

သူ၏ သွေးနီရောင်ဆံပင်က ကြက်သွေးရောင်မီးတောက်နှင့် ဆင်တူပြီး ဖရိုဖရဲဖြစ်နေသည်။ သူ၏ မျက်နှာက အလောင်းကောင်မျက်နှာသဖွယ် ပိန်ချုံးပြီး ရုပ်ဆိုးအကျည်းတန်သည်။

အရှေ့သို့ သူလျှောက်သွားနေစဉ် သွေးမြူခိုးက သူ၏ ဘေးပတ်ပတ်လည်မှာ ရစ်ပတ်သွားသည်။ သူ၏ သွေးဆာလောင်သော စိတ်ဆန္ဒက အလွန်အမင်း အားကောင်းလေရာ သူ့အရှေ့မှ အရာအားလုံးက ဝါးမျိုခံရတော့မည့်အလားပင်။

ထိုလေးယောက်သည်လည်း ခြေလှမ်းဝက်အင်မော်တယ်များ ဖြစ်ကြသည်။

ယခု ခြေလှမ်းဝက်အင်မော်တယ်ဆယ်ပါးက ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။

ကုန်းမြေတစ်ခုလုံးက ပရမ်းပတာ လှုပ်ခါသွားပြီး ကောင်းကင်က ဖရိုဖရဲဖြစ်သွားသည်။ ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများက ထိုမြင်ကွင်းကို မြင်သွားသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

မယုံကြည်နိုင်မှုနှင့် အံ့ဩထိတ်လန့်မှုက သက်ရှိအားလုံး၏ နှလုံးသားထဲမှာ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။

နတ်ဘုရားများသည်ပင် ချွင်းချက်မဟုတ်ပေ။

သူတော်စင်ကုန်းမြေများမှ ခြေလှမ်းဝက်အင်မော်တယ်များသည်တော့ ၎င်းတို့၏ အသိစိတ်ထဲမှာ အလွန်ကျယ်လောင်သော မိုးထစ်ချုန်းသံက မြည်ဟိန်းသွားဟန် ရ၏။ ထိတ်လန့်ချောက်ချားမှုက ဒီရေလှိုင်းများသဖွယ် ၎င်းတို့၏ အသိစိတ်ကို ဝါးမျိုသွားသည်။

ပထမတစ်ယောက်၏ အနောက်မှ ထွက်ပေါ်လာကြသော ပုဂ္ဂိုလ်အားလုံးသည် ခြေလှမ်းဝက်အင်မော်တယ်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့တစ်ယောက်စီ၏ ထွက်ပေါ်လာမှုက ဝမ်ကူးကုန်းမြေ၏ ဥပဒေသများနှင့် နိယာမများကို ဖရိုဖရဲဖြစ်သွားစေပြီး တည်ရှိမှုအားလုံးအပေါ်မှာ သက်ရောက်မှုရှိသည်။

သူတော်စင်ကုန်းမြေများမှ ခြေလှမ်းဝက်အင်မော်တယ်များသည် ယင်းကို ဝမ်ကူးကုန်းမြေမှ ကျင့်ကြံသူများထက် ပိုပြီးနားလည်ကြသည်။ ထိုသို့စွမ်းအားက နွေဦးအင်မော်တယ်အဆင့်နှင့် အလွန်နီးကပ်ပြီး သူတို့တစ်ယောက်စီက ရီယန်းဇီထက် သာလွန်ကြသည်။

အရေးကြီးဆုံးမှာ ၎င်းတို့က အာဏာစက်ကို တစ်ခါမှ ကိုယ်တိုင်မပိုင်ဆိုင်ဖူးသော်လည်း အာဏာစက်၏ တည်ရှိမှုအကြောင်းကို ရှေးခေတ်အင်မော်တယ်နှင့် ရီယန်းဇီထံမှ ကြားဖူးနားဝရှိကြသည်။

ထို့ကြောင့် ယခု ရောက်ရှိလာကြသော ခြေလှမ်းဝက်အင်မော်တယ်ဆယ်ပါးထံမှာ ကိုယ်ပိုင်အာဏာစက်များရှိကြောင်း ၎င်းတို့ပြောနိုင်ကြသည်။

ယင်းက မည်မျှချောက်ချားစရာကောင်းလိုက်လဲ။

ထို့ပြင် ၎င်းတို့ကို အဓိက အံ့ဩထိတ်လန့်စေခဲ့သည်မှာ သူတို့အားလုံး၏ အသက်အရွယ် ဖြစ်သည်။

ထိုခြေလှမ်းဝက်အင်မော်တယ်ဆယ်ပါးသည် ငယ်ရွယ်ကြသည်။ ရှင်းလင်းစွာပင် သူတို့က ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်ကြသည်။

သူတို့တစ်ယောက်စီက လောကကို တုန်လှုပ်ပစ်နိုင်စွမ်း ရှိကြသည်။

သို့တိုင် ယခု ဤနေရာမှာ စုစုပေါင်းဆယ်ယောက်ရှိကြသည်။

မဟာဧကရာဇ်ဆယ်ပါး…

ထို့ကြောင့် ဝမ်ကူးကုန်းမြေက ဆွံ့အသွားပြီး အသင်္ချေမျိုးနွယ်စုများက အံ့ဩသွားကြသည်။ သူတော်စင်ကုန်းမြေများက ထိတ်လန့်ချောက်ချားသွားကြစဉ် နတ်ဘုရားများက သုန်မှုန်သွားကြသည်။

သို့တိုင် ထိုမဟာဧကရာဇ်ဆယ်ပါးက မည်သည့်နေရာမှ ရောက်ရှိလာကြောင်း သို့မဟုတ် သူတို့၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း မည်သူမှ မသိကြချေ။

ဧကရီသည်ပင် မတည်ငြိမ်နိုင်တော့ပေ။ သူ၏ နှလုံးသားထဲမှ စိုးရိမ်ကြောင့်ကြမှုက ပိုပြီးအားကောင်းလာသည်နှင့် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုစဉ် ချောင်းဟန့်သံက ဝဲကတော့ထဲမှ ပဲ့တင်ထပ်လာသည်။

ထိုချောင်းဟန့်သံက လေမုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်၏ အမြင့်တစ်နေရာဆီသို့ မြှောက်တတ်သွားသည်။

" နောက်တစ်ယောက်လား "

သူတော်စင်ကုန်းမြေများက တုန်လှုပ်ချောက်ချားသွားကြစဉ် အသင်္ချေမျိုးနွယ်စုများ၏ အသိစိတ်က ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဧကရီ၏ သူငယ်အိမ်များက ပိုပြီးကျုံ့သွားကြသည်။

ထိုအခိုက်အတန့်မှာ ဆယ့်တစ်ယောက်မြောက်ပုံရိပ်က ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။

ထိုသူက မီးခိုးရောင်ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူက ခါးထိ ရှည်လျားသော သူ၏ အနက်ရောင်ဆံပင်ကို ကျောက်စိမ်းဆံထိုးဖြင့် သေသပ်စွာ စုစည်းထားသည်။

သူ၏ မျက်နှာက တည်ကြည်ခန့်ညားပြီး သူ့မှာ နွေးထွေးကြင်နာသော အမူအရာရှိသည်။ ဤသည်မှာ သူက လူတိုင်း၏ စိုးရိမ်ပူပန်မှုမှန်သမျှကို ဖြေရှင်းပေးနိုင်သော မြင့်မြတ်သားတော်တစ်ပါး ဖြစ်သည့်အလားပင်။

လူငယ်သည် ကျိုးကျန်းလီဖြစ်သည်။

သူက ရိုသေကျိုးနွံစွာ ပြုံးထားလျက် အရှေ့သို့ ထွက်လျှောက်လာသည်။ သူထွက်ပေါ်လာသည်နှင့်ချက်ချင်း လီမုန့်တုနှင့် တခြားလူများ၏ အကြည့်က သူ့အပေါ်မှာ အလိုအလျောက် စုဝေးသွားကြသည်။

ထိုအသေးစိတ်ကျသော အပြုအမူသည် သူတော်စင်ကုန်းမြေများနှင့် အသင်္ချေမျိုးနွယ်စုများ၏ စောင့်ကြည့်မှုအောက်မှ မလွတ်မြောက်သွားခဲ့ပေ။

ဧကရီသည်လည်း နောက်ဆုံးမှ ထွက်ပေါ်လာသော ကျိုးကျန်းလီကို စူးစမ်းလေ့လာလိုက်သည်။ သူ၏ အမြင်မှာ တစ်ဖက်လူသည် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်နိုင်လောက်၏။

ထိုစဉ် ကျိုးကျန်းလီက နွေးထွေးကြင်နာစွာ ပြုံးလိုက်ပြီး ပြောသည်။

“ အားလုံးပဲ… ကျုပ်တို့တွေ နည်းနည်း နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်… နတ်ဘုရားအရှင်သခင်တချို့က ရှေးဦးပင်လယ်ထဲမှာ ငါတို့ရဲ့ သခင်ကို လာရောက်ဟန့်တားခဲ့ကြတယ် ”

“ ငါတို့သခင်က ဝမ်ကူးကုန်းမြေရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ပူတာကြောင့် ငါတို့ကို အရင်ဆုံး စေလွှတ်လိုက်တာပါ… အဲ့ဒါကြောင့် နည်းနည်း နောက်ကျသွားတယ် ”

“ ငါတို့သခင်ကတော့ ဒီကို လာနေတဲ့ လမ်းမှာပါ… မကြာခင် သူရောက်လာပါလိမ့်မယ် ”

All Chapters