ဆရာ… ကျွန်တော် ပြန်ရောက်လာပါပြီ
Vol. 118 Ch. 1796
ရင်းနှီးကျွမ်းဝင်သော အသံက လူသားမျိုးနွယ်၏ နန်းမြို့တော်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ ထိုအသံက အချိန်မှတ်တမ်းများထဲမှ ပဲ့တင်ထပ်လာသော မိုးခြိမ်းသံသဖွယ် လူသားအားလုံးကို တုန်ယင်သွားစေသည်။
လျှပ်တစ်ပြက်အတွင်းမှာ အံ့အားသင့်သော ဒီရေလှိုင်းက လူသားမျိုးနွယ်၏ ကျင့်ကြံသူများကြားထဲမှာ ထွက်ပေါ်လာသည်။
စောင့်ကြည့်မျှော်စင်ပေါ်မှာ မတ်တတ်ရပ်နေသော နင်ယန်က နှလုံးတင်းကျပ်သွားပြီး ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ ရှေးဟောင်းကပ်ဘေးမှ အရိပ်ဆိုးက သူ့ကို စိတ်မသက်မသာခံစားရစေခဲ့သည်။ ပြင်ပကျင့်ကြံသူများ၏ ရောက်ရှိလာမှုက သူ၏ စိတ်မသက်မသာဖြစ်မှုကို ပိုပြီးနက်ရှိုင်းစေခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ ထိုစကားများကို သူကြားသွားသောအခါ သူက ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူ၏ အမူအရာပြောင်းလဲမှုက ယခင်အခေါက်များထက် ပိုပြီးသိသာသွားသည်။ သူ၏ မျက်နှာနှင့် မျက်လုံးထဲမှာ တစ်ခါမှမဖြစ်ဖူးသော အံ့ဩထိတ်လန့်မှုက ထွက်ပေါ်လာသည်။
ဝဲကတော့ထဲမှ ဝေဝါးသော ပုံရိပ်၏ အရှေ့မှာ စောစီးစွာ ထွက်ပေါ်လာသော ပုံရိပ်ကို ကြည့်နေရင်း နင်ယန်က မယုံကြည်နိုင်ဖြစ်သွားပြီး ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိသည်။
“ ခေါင်းဆောင် ”
ချက်ချင်းဆိုသလို မြို့တော်တစ်ခုလုံးက ဆူပူအုံကြွသွားသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက နေရာမှာ ကျောက်ရုပ်ဖြစ်သွားကြပြီး သူတို့၏ အသိစိတ်က တဝီဝီမြည်သွားကြသည်။
အားညိုကို မှတ်မိသွားကြသော မည်သူမဆို မိုးကြိုးသွားက သူတို့၏ အသိစိတ်ထဲမှာ ပေါက်ကွဲသွားသည့်အလား ခံစားမိသွားကြသည်။ မယုံကြည်နိုင်မှုက သူတို့၏ တခြားအတွေးအားလုံးကို ဖုံးလွှမ်းသွားသည်။ သို့ဖြစ်၍ စက္ကန့်ပိုင်းလေးအတွင်းမှာ သူတို့၏ အမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားကြသည်။
စောစောက ထွက်ပေါ်လာခဲ့သော ကပ်ဘေးနှင့် လေထုတင်းမာမှုနှင့် နှိုင်းယှဉ်လျှင် အားညို၏ ထွက်ပေါ်လာမှုက အလွန်ရုတ်တရက်ဆန်သည်။
သူနှင့် မဟာဧကရာဇ်ဆယ့်တစ်ပါးကို မည်သို့မှ ဆက်စပ်၍ မရပေ။
ရှင်းလင်းစွာပင် ထိုနှစ်ခုက လုံးဝမသက်ဆိုင်ပေ။
ယင်းကို မြင်သွားသောအခါ လေထဲမှာ မတ်တတ်ရပ်နေသော အားညိုက ဂုဏ်ယူဝင့်ကြွားမှုဖြင့် ပြည့်နှက်သွားသည်။ သူ၏ ဝမ်းသာပျော်ရွှင်မှုက ဤအခိုက်အတန့်မှာ တစ်ခါမှမဖြစ်စဖူး အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ထိုသို့ခံစားချင်သောကြောင့် ဝဲကတော့ထဲမှ အရင်ဦးစွာ တမင်ပြေးထွက်လာခဲ့ခြင်း ဖြစ်သည်။
သူက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး သူ၏ လက်နှစ်ဖက်ကို အနောက်ပို့လိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး နောက်ထပ် စကားပြောရန် ပြင်လိုက်စဉ်…
သို့သော်လည်း ထိုအချိန်မှာ ကျိုးကျန်းလီက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ သူ၏ အမူအရာက တည်ကြည်လေးနက်နေပြီး သူ၏ မျက်လုံးထဲမှာ တုနှိုင်းမဲ့သော ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။ သူက ကောင်းကင်ကို နောက်တစ်ကြိမ် လေးလေးနက်နက် အရိုအသေပေးလိုက်ပြီး စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်။
“ ကျိုးကျန်းလီက အစစ်အမှန်ဦးသျှောင်ကို နှုတ်ဆက်ပါတယ် ”
သူက ထိုစကားကို သူ၏ အစွမ်းအကုန်ကို ထည့်သွင်း၍ ပြောလိုက်ခြင်း ဖြစ်သည်။ သူ၏ မျက်လုံးသည်ပင် အစွန်းရောက် ယုံကြည်ကိုးကွယ်သူတစ်ယောက်ကဲ့သို့ မီးဟုန်းဟုန်းတောက်နေသည်။
လီမုန့်တုသည်လည်း သူ့အနောက်မှ အမြန်လိုက်သွားပြီး လေးနက်စွာ ဦးညွတ်လိုက်သည်။
“ လီမုန့်တုက အစစ်အမှန်ဦးသျှောင်ကို နှုတ်ဆက်ပါတယ် ”
ရှဲလင်းဇီသည်လည်း နောက်ကျမကျန်ခဲ့ချင်သောကြောင့် သူ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ဖိနှိပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။ သူက ကျင့်ကြံခြင်းစွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည့်အခါ မီးတောက်မီးလျှံက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ သူ၏ ဘေးပတ်ပတ်လည်မှ ဟင်းလင်းပြင်သည်ပင် ပုံပျက်တွန့်လိမ်သွားသည်။
“ ရှဲလင်းဇီက အစစ်အမှန်ဦးသျှောင်ကို နှုတ်ဆက်ပါတယ် ”
ယွင်ရှန်းစုက တိတ်ဆိတ်ငြိမ်သက်စွာ ဦးညွတ်လိုက်သည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
နောက်ဆုံးမှာ ကြယ်တာရာစက်ဝန်း ဖြစ်သည်။ မောက်မာထောင်လွှားမှုတစ်စွန်းတစ်စက သူ၏ နှလုံးသားထဲမှာ ကျန်ရှိနေသေးသော်လည်း ရွှီချင်း၏ တစ်ဟုန်ထိုး တိုးတတ်မှုက သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေခဲ့သည်။ သူ့မှာ သူကိုယ်တိုင်ဝန်မခံချင်သော ရွှီချင်းအပေါ် ရိုသေလေးစားမှု ရှိသည်။
ထို့ပြင် ဤနေရာက ရွှီချင်း၏ ဇာတိမြေဖြစ်ကြောင်း သူအမှတ်ရသွားသောအခါ ကြယ်တာရာစက်ဝန်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရိုအသေပေးလိုက်သည်။
“ ကြယ်တာရာစက်ဝန်းက… အစစ်အမှန်ဦးသျှောင်ကို နှုတ်ဆက်ပါတယ် ”
သူတို့၏ အသံများက ကောင်းကင်နှင့်မြေပြင်ကို တုန်လှုပ်သွားစေပြီး ကြားရသူတိုင်းကို အံ့ဩမင်သက်သွားစေသည်။
သို့သော်လည်း သူတို့ချည်းသာ မဟုတ်ပေ။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ အရပ်လေးမျက်နှာတွင် သူတော်စင်ကုန်းမြေများမှ ခြေလှမ်းဝက်အင်မော်တယ်များကို သုတ်သင်ရှင်းလင်းနေကြသော တခြားကောင်းကင်အရွေးချယ်ခံများသည်လည်း လူသားမျိုးနွယ်၏ နန်းမြို့တော်ဆီသို့ ဦးညွတ်လိုက်ကြသည်။ သူတို့၏ နက်ရှိုင်းသော အသံများက ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ အစစ်အမှန်ဦးသျှောင်ကို ကျုပ်တို့နှုတ်ဆက်ပါတယ် ”
ထို့အတူ အင်မော်တယ်ဓားနှစ်လက်ထဲမှ ချမ်ကျွင်းနှင့် ပိုင်ရီသည်လည်း တုန်ယင်သွားကြပြီး သူတို့၏ အော်သံများက ဖော်မပြနိုင်သော ကြောက်ရွံ့ရိုသေမှုနှင့်အတူ ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ အစစ်အမှန်ဦးသျှောင်ကျိချင်းရဲ့ ဂုဏ်ကျက်သရေက ရှေးခေတ်ကို မှေးမှိန်စေတယ်… သူ့ရဲ့ စွမ်းအားက စကြာဝဠာထဲမှာ တုနှိုင်းမဲ့တယ်… သူက သေမျိုးလောကပေါ် ဆင်းသက်လာတဲ့ ပြိုင်ဘက်ကင်းအင်မော်တယ်တစ်ပါး… ”
“ အစစ်အမှန်ဦးသျှောင်က ကောင်းကင်နဲ့ မြေပြင်ကို အုပ်စိုးလိမ့်မယ်… ဒီခေတ်မှာ သူက ပြိုင်ဘက်ကင်း… သူ့ရဲ့ အကြည့်ထဲမှာ ကြယ်တွေက ပုံရိပ်ပြန်နေပြီး သူ့ရဲ့ ဓားက ကောင်းကင်ဘုံကို အမိန့်ပေးနိုင်တယ်… ”
သူတို့၏ ချီးမွမ်းသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်နှင့် သူတို့၏ ဓားများက အင်မော်တယ်အလင်းရောင်ကို ထုတ်လွှတ်လိုက်ကြသည်။ ယင်းက လေထဲမှာ ငါးရောင်ခြယ်ကောင်းချီးတိမ်တိုက်များအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ဆန်တတ်သွားကြသည်။
ချက်ချင်းဆိုသလို ဝမ်ကူးကုန်းမြေတစ်ခုလုံးက အုတ်အော်သောင်းတင်းဖြစ်သွားသည်။
မဟာဧကရာဇ်ဆယ့်တစ်ပါး၏ ထွက်ပေါ်လာမှုက ကမ္ဘာတုန်ဟီးသွားစေသည်အထိ အံ့ဩထိတ်လန့်ဖွယ်ကောင်းသည်။ သို့တိုင် ယခု သူတို့အားလုံးက ဝဲကတော့ထံသို့ တစ်ယောက်ပြီးတစ်ယောက် ဦးညွတ်အရိုအသေပေးလိုက်ကြသည်။ ယင်းက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားသည်။
သို့ဖြစ်၍ ဝမ်ကူးကုန်းမြေမှ မရေမတွက်နိုင်သော မျိုးနွယ်စုများနှင့် သူတော်စင်ကုန်းမြေများမှ ကျင့်ကြံသူများသည် သူတို့၏ နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များကို မဟာဧကရာဇ်များ အရိုအသေပေးနေကြသော ပုံရိပ်ထံသို့ ရွှေ့ပြောင်းလိုက်ကြသည်။
နောက်အခိုက်အတန့်မှာ…
သူတို့က မြင်တွေ့သွားကြသည်။
အားညို၏ အနောက်တွင် ပုံရိပ်တစ်ခုက ဝဲကတော့ထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာနေသည်။
သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပုံရိပ်က တဖြည်းဖြည်း ပိုကြည်လင်လာသည်။
နောက်ဆုံးမှာတော့…
အလင်းရောင်က လောကတစ်ခွင့် ဖြန့်ကြက်သွားသည်။
သူ့ကို မြင်သွားသော ကျင့်ကြံသူအားလုံးက အံ့ဩမင်သက်သွားကြသည်။
ထိုပုံရိပ်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက နိယာမအားလုံးကို ချက်ချင်း ကပြောင်းကပြန်ဖြစ်သွားစေသည်။
သူ့ကို အာရုံခံမိသွားကြသော နတ်ဘုရားများသည်ပင် တုန်ယင်သွားကြသည်။
လူတချို့က အားညိုကို သိကြသော်လည် တခြားလူများက အားညိုကို မသိကြချေ။
သို့သော်လည်း ယခု ဝဲကတော့ထဲမှ ထွက်လျှောက်လာနေပြီး မဟာဧကရာဇ်ဆယ့်တစ်ပါး၏ ဦးညွတ်ခံနေရသော ပုဂ္ဂိုလ်ကိုတော့ ဝမ်ကူးကုန်းမြေထဲမှာ မသိသူမရှိပေ။
ယင်းက တစ်လောကလုံး သိထားကြသော နာမည်ဖြစ်သည်။
ဤသည်မှာ အားညို၏ ထွက်ပေါ်လာမှုက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည့် မဟာပြဇာတ်ကြီး၏ နိဒါန်းပျိုးမှုသာ ဖြစ်သည့်အလားပင်။
နတ်ဘုရားတစ်ပါးဖြစ်သော ဧကရီသည်ပင် ဝဲကတော့ထဲမှ ထွက်ပေါ်လာသော ထိုပုံရိပ်ကို မြင်သွားသည့်အခိုက် သူ၏ အသိစိတ်က တဝီဝီမြည်သွားသည်။ သူက ပါးစပ်မှ မယုံနိုင်ကြည်နိုင်စွာ လွှတ်ခနဲ ပြောလိုက်မိသည်။
“ ရွှီချင်း ”
ဤအခိုက်အတန့်မှာ လောကက တုန်လှုပ်သွားသည်။
ကောင်းကင်ထက်တွင် သတ္တမသခင်ကြီးက ပြုံးလိုက်သည်။
အောက်ဘက်မှ စောင့်ကြည့်မျှော်စင်ပေါ်တွင် နင်ယန်က ကျောက်ရုပ်ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ အစောနက အားညို၏ ရောက်ရှိလာမှုက သူ၏ အသိစိတ်ကို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။ ယခု ယုံမှားသံသယဖြစ်ဖွယ်မရှိသော ထိုပုံရိပ်ကို သူမြင်သွားသောအခါ သူ၏ အတွေးအားလုံးက ဟာလာဟင်းလင်း ဖြစ်သွားသည်။
“ အဲ့ဒါက… အဲ့ဒါက… ”
လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှ ယခင်ကောင်းကင်ဘုရင်များနှင့် အမတ်များသည်လည်း သူ့နည်းတူပင်။ သူတို့အားလုံးက မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားကြသည်။
တူညီသော မြင်ကွင်းက ဖုန်းဟိုင်ဒေသငယ်မှာလည်း ဖြစ်ပွားနေသည်။
အမတ်ယောင်၏ ဦးဆောင်မှုအောက်မှာ ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး၏ စုပေါင်းစွမ်းအားက ကောင်းကင်ထက်မှာ ဧရာမကြေးမုံတစ်ချပ်ကို ဖွဲ့စည်းထားပြီး လူသားမျိုးနွယ်၏ နန်းမြို့တော်ထဲမှ အဖြစ်အပျက်များကို ဖော်ပြနေသည်။
သို့ဖြစ်၍ ကြေးမုံထဲမှ ဝေဝါးသော ပုံရိပ်က ကြည်လင်ရှင်းလင်းသွားသည့်အခိုက်…
အမတ်ယောင်က အေးခဲသွားသည်။
သူ၏ ဘေးမှ သူ့ညီမတော်သည်လည်း သူ့နည်းတူ ဆွံ့အသွားသည်။
ရွှီချင်း၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသော ခုန်းရှန်းလုံ၊ ဝူကျန်းဝူနှင့် တခြားလူများသည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဤအခိုက်အတန့်မှာ မည်သည့်စကားလုံးကမှ သူတို့၏ စိတ်ခံစားချက်များကို အပြည့်အဝ မဖော်ပြနိုင်ချေ။
ကျန်းစန်း၊ ထင်းရွှယ်နှင့် ကျောက်ကျုံးဟမ့် အစရှိကြသော ရွှီချင်း၏ မိတ်ဆွေဟောင်းများသည်လည်း အံ့ဩမင်သက်သွားကြသည်။ ယခု သူတို့က သူတို့၏ စိတ်အာရုံများအပေါ် မေးခွန်းထုတ်လိုက်ကြသည်။
“ အဲ့ဒါက ”
“ သူက အရမ်းရင်းနှီးတယ်… ”
“ အဲ့ဒါက… အဲ့ဒါက… ”
ဖုန်းဟိုင်ဒေသငယ်အောက်မှ ဖီးနစ်နန်းဆောင်ထဲတွင် နူးညံ့သော အာမေဋိတ်သံက မြေအောက်နန်းတော်ထဲမှာ တိတ်တဆိတ် ပဲ့တင်ထပ်သွားသည်။
သံချောင်းတစ်ချောင်းက အပြင်သို့ ပျံသန်းထွက်လာပြီး ကျင်းကန်းဂိုဏ်းဘိုးဘေးအဖြစ် အသွင်ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ သူက အကြိမ်ကြိမ် မျက်လုံးပွတ်သပ်၍ တစ်စုံတစ်ခုကို အတည်ပြုလိုက်သည်။
လပူဇော်ဒေသကြီးထဲမှာပင်…
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက ဆွံ့အသွားကြသည်။ ထိုစဉ် လင်းအာက အိမ်ရှေ့စံမင်းသား ဖန်တီးထားသော ဧရာမကြေးမုံထဲမှ ပုံရိပ်ပြန်မှုကို မြင်သွားသောအခါ မျက်လုံးဝင်းလက်သွားသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
“ အကိုရွှီချင်း… ”
ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများက ဆူပူအုံကြွသွားကြသည်။ ထိုထဲမှာ နတ်ဘုရားများသည်လည်း ပါဝင်ကြသည်။
နေနတ်ဘုရား၊ လနတ်ဘုရားနှင့် မျိုးနွယ်စုအများအပြား၏ ကိုးကွယ်ပူဇော်ခြင်းခံရသော နတ်ဘုရားများအပါအဝင်၊ တားမြစ်ပင်လယ်ထဲမှာ ပုန်းအောင်းနေကြသော နတ်ဘုရားများသည်လည်း ဤအခိုက်အတန့်မှာ တုန်လှုပ်ချောက်ချားသွားကြသည်။
ထို့ကြောင့် နတ်ဘုရားစိတ်အာရုံအားလုံးနှင့် အကြည့်အားလုံးက ဝဲကတော့ထဲမှ ထွက်လျှောက်လာနေသော ပုံရိပ်ထံသို့ စုဝေးကျရောက်သွားကြသည်။
သူ၏ ခြေလှမ်းတိုင်းက တောင်တန်းများ၏ အလေးချိန်ကို သယ်ဆောင်ထားသည့်အလား သူ၏ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အက်ကွဲသွားသည်။ သူ၏ ခြေဖဝါးက ဟင်းလင်းပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါတိုင်း ကောင်းကင်ဘုံမိုးခြိမ်းသံက ပဲ့တင်ထပ်သွားလေ့ရှိသည်။ ကောင်းကင်ဘုံတာအိုသည်ပင် သူ့အရှေ့မှာ ဝပ်တွားလိုက်ရသည်။
ဤသည်မှာ ဘုရင်တစ်ပါးက တိုင်းခန်းလှည့်လည်နေသည့်အလားပင်။
သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါက မရေမတွက်နိုင်သော လောကဓံမုန်တိုင်းများကို ဖြတ်ကျော်ခဲ့ဖူးသော တစ်စုံတစ်ယောက်၏ အရှိန်အဝါဖြစ်သည်။ သူက သက်ရှိအားလုံးမှာ အထွတ်အထိပ်မှာ ရပ်နေသူ ဖြစ်သည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း ဝိညာဉ်စွမ်းအင်နှင့် ဒြပ်နှောများက သူ့အား အညံ့ခံလိုက်ကြသည်။ ယင်းတို့က သူ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။
အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ အနက်ရောင်ဆံပင်ရှည်က မှင်ရေတံခွန်ပမာ သူ၏ နောက်ကျောမှာ ကျဆင်းနေသည်။ ဆံခြည်မျှင်တချို့က သူ၏ နဖူးပေါ်မှာ တွဲလောင်းကျနေသည်။ ယင်းက သူ့အား မရှုပ်ပွစေသည့်အပြင် တမူထူးခြားသော ဆွဲဆောင်မှုကို ထပ်လောင်းဖြစ်ပေါ်စေသည်။
သူက ဤလောက၏ အထွန်းလင်းဆုံး တည်ရှိမှုဖြစ်လာသည်။ ထိုသို့တည်ရှိမှုသည် တစ်ခါမြင်ရုံဖြင့် ဘယ်သောအခါမှ မမေ့ပျောက်သွားနိုင်မည့်အရာ ဖြစ်သည်။
သူ၏ မျက်လုံးများက အသူရာချောက်နက်သဖွယ် နက်ရှိုင်းပြီး အေးစက်မှုကို ထုတ်လွှတ်နေသည်။ သို့တိုင် သူ၏ မျက်လုံးများထဲမှာ မရေမတွက်နိုင်သော ကြယ်များ၏ ထွန်းလင်းတောက်ပမှုဖြင့် ပြည့်နှက်နေသည်။
သူ့ထံမှ အကြည့်တစ်ချက်က ဝိညာဉ်ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည်။ ယင်းက သူ၏ အကြည့်ဖြင့် တွေ့ဆုံသွားသူတိုင်းကို အလိုအလျောက် ခေါင်းငုံ့သွားစေလိမ့်မည်။ မည်သည့်သက်ရှိကမှ သူ့အား မော်ကြည့်ဝံ့လိမ့်မည် မဟုတ်ချေ။
ဤသည်မှာ သူက သက်ရှိအားလုံး၏ ကံကြမ္မာကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားသည့်အလားပင်။ သူ၏ အတွေးတစ်ချက်က လူတိုင်း၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်ဟန် ရ၏။
လေပြင်းမုန်တိုင်းက သူ၏ ဘေးပတ်ပတ်လည်မှာ ဒေါသတကြီး ဟိန်းဟောက်နေသည်။ ယင်းက သူ၏ အနက်ရောင်ဝတ်စုံကို လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်သွားစေပြီး ကြီးကျယ်မြင့်မြတ်သော ဩဇာအာဏာကို ဖြစ်ပေါ်လာစေသည်။
သူ၏ တာအိုဝတ်စုံသည်လည်း အနုပညာလက်ရာမြောက်သော ဖန်တီးမှုတစ်ခုဖြစ်ပြီး ယင်းပေါ်မှ အနက်ရောင်ပိုးထည်သားက တလက်လက် ထွန်းလင်းနေသည်။ ဤသည်မှာ သူ၏ ဝတ်စုံပေါ်မှာ အကန့်အသတ်မဲ့သော လျှို့ဝှက်ဆန်းကြယ်မှုများကို ဖုံးကွယ်ထားသည့်အလားပင်။
အမှောင်ထုသည်ပင် သူ၏ နောက်ခံပုံရိပ်ဖြစ်လာဟန် ရသည်။ အမှောင်ထု၏ နက်နဲမှုနှင့် ပဟေဠိက သူ၏ တည်ရှိမှုအတွက် အထောက်အပံ့များ ဖြစ်ကြသည်။
သူ၏ မျက်နှာသည်တော့ ပြိုင်ဘက်ကင်းစွာ ချောမောခန့်ညားပြီး ယင်းက သူ၏ အရှိန်အဝါနှင့် လိုက်ဖက်တင့်တယ်သည်။
ထို့နောက် မရေမတွက်နိုင်သော စောင့်ကြည့်နေသူများ၏ အကြည့်များအောက်မှာ ထိုပုံရိပ်က အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး သတ္တသခင်ကြီးနှင့် မျက်နှာတည်ကြည်နေသော ရှေးခေတ်အင်မော်တယ်၏ အရှေ့မှာ ရပ်လိုက်သည်။
သူ၏ ခြေထောက်ရပ်မှုက အသင်္ချေမျိုးနွယ်စုများကို တုန်လှုပ်သွားစေပြီး သက်ရှိအားလုံးကို ချောက်ချားသွားစေသည်။ တောင်တန်းများနှင့် ပင်လယ်များက ပရမ်းပတာ လှုပ်ခါသွားကြသည်။ အချိန်သည်ပင် ဤအခိုက်အတန့်မှာ ရပ်တန့်သွားဟန် ရ၏။
ထို့နောက် အရာအားလုံးက အကြွင်းမဲ့ တိတ်ဆိတ်ခြင်းနယ်မြေထဲသို့ ကျရောက်သွားသည်။
ဤသည်မှာ ဤအခိုက်အတန့်တွင် သူ၏ ပြန်ရောက်လာမှုက ကောင်းကင်နှင့် မြေပြင်၏ တစ်ခုတည်းသောအမှန်တရား ဖြစ်သည့်အလားပင်။
သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသူ… သက်ရှိအားလုံး၏ အထက်မှာ ရပ်နေသူ…
သူက ရွှီချင်း ဖြစ်သည်။
သူ၏ အကြည့်က တခြားလူများအပေါ်သို့ မကျရောက်သွားချေ။ သူက ဤနေရာသို့ ရောက်လာပြီးနောက် သတ္တမသခင်ကြီးကို အရင်ဦးစွာ ကြည့်လိုက်သည်။
သူက လေးလေးနက်နက် အရိုအသေပေးလိုက်ပြီးနောက် နူးညံ့စွာ ပြောသည်။
“ ဆရာ… ကျွန်တော် ပြန်ရောက်လာပါပြီ ”
“ ကျွန်တော့်ကို တပည့်အဖြစ် ဆရာလက်ခံခဲ့ချိန်တုန်းက… ဒီဘဝမှာ အသက်နဲ့ရင်းပြီး တပည့်ကို ကာကွယ်စောင့်ရှောက်ပေးမယ်လို့ ဆရာကျိန်ဆိုခဲ့ပါတယ်… ဒီနေ့ ဆရာရဲ့ တပည့်က… ဆရာ့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ပြန်ရောက်လာပါပြီ ”
‘ ကျွန်တော် ပြန်ရောက်လာပါပြီ ’ဟူသော ကြေညာချက်နှင့် ထိုစကားများက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ ယင်းက အသင်္ချေမျိုးနွယ်စုများနှင့် ဝမ်ကူးကုန်းမြေထဲမှ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
ယင်းက ဝမ်ကူးကုန်းမြေ၏ မရေမတွက်နိုင်သော ဒေသကြီးများထဲမှ သက်ရှိများ၏ မျှော်လင့်ချက်ကို တဖန်နိုးထလာစေသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ မရေမတွက်နိုင်သော အာမေဋိတ်သံများနှင့် စိတ်လှုပ်ရှားသော အော်သံများက ဝမ်ကူးကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ အဲ့ဒါ ရွှီချင်းပဲ”
“ မဟာဧကရာဇ်ဆယ့်တစ်ပါးက သူ့ကို ဦးညွတ်နေကြတယ် ”
“ မဟာဧကရာဇ်တွေကတောင် သူ့ကို ဦးသျှောင်လို့ ခေါ်တယ်ဆိုတော့… သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်ထိ ရောက်သွားတာလဲ ”
“ ဖြစ်နိုင်တာက… ”
“ ဖြစ်နိုင်တာက… ”
“ နွေဦးအင်မော်တယ်… ”
သတ္တမသခင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ယခုအချိန်က ဤဘဝမှာ သူ့အတွက် အပျော်ရွှင်ဆုံးအချိန်ပင် ဖြစ်နိုင်သည်။
ထိုစဉ် ရွှီချင်း၏ အကြည့်က ဤကပ်ဘေးကို ဆောင်ကြဉ်းလာသော ရှေးခေတ်အင်မော်တယ်ထံသို့ ရွှေ့ပြောင်းသွားသည်။ တစ်ဖက်လူက ဤအခိုက်အတန့်မှာ တည်ကြည်လေးနက်နေသည်။
ရွှီချင်း၏ တည်ငြိမ်သော အသံက လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။
“ ခင်ဗျားကတော့… ခင်ဗျားကို ကျုပ်စောင့်နေတာ အတော်ကြာပြီ ”
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ရွှီချင်း၏ မျက်လုံးများက အမွှာကြယ်များကဲ့သို့ ရုတ်တရက် ထွန်းလင်းတောက်ပသွားသည်။ အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်က ဆည်ကျိုးသွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲမှ ဒလဟော တိုးထွက်လာပြီး အပြင်ဘက်မှာ စုဝေးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ရွှီချင်း၏ ဧရာမအင်မော်တယ်အသွင်သဏ္ဍာန်ကို ဖွဲ့စည်းသွားသည်။
အင်မော်တယ်အသွင်သဏ္ဍာန် ထွက်ပေါ်လာသည့်အခိုက်…
မဟာဧကရာဇ်များက ဦးညွတ်လိုက်ကြသည်။
သေမျိုးများက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဟင်းလင်းပြင်ကိုယ်၌က ဖုန်မှုန့်ဖြစ်သွားသည်။
ဝမ်ကူးကုန်းမြေတစ်ခုလုံးက အပြင်းအထန် တုန်ခါသွားပြီး အက်ကွဲကြောင်းများက အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားထဲမှာ ပျံ့နှံ့သွားကြသည်။
မိုးကောင်းကင်က ချက်ချင်း မည်းမှောင်သွားပြီး မိုးခြိမ်းသံများက ကောင်းကင်ထက်မှာ မရပ်မစဲ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ ယင်းတို့က သူ၏ တည်ရှိမှုကို ကြေညာနေသည့်အလားပင်။
ထို့နောက် သူ၏ အာဏာစက်က ဝမ်ကူးကုန်းမြေ၏ ဥပဒေသအသစ် ဖြစ်လာသည်။
အချိန်၊ လေဟာနယ်၊ ဥပဒေသအားလုံး၊ တာအိုအားလုံးနှင့် အပြိုင်စကြာဝဠာအားလုံးက…
ယခု သူ၏ ဒိုင်မန်းရှင်းထဲမှ အရာရာ ဖြစ်လာကြသည်။